ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် Sky Cable မကြာမီဖွင့်လှစ်နိုင်တော့မည်


 ၂၀၂၂ ဒီဇင်ဘာ ၃ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လားရှိုး - မန္တလေးသွားကားလမ်း နံဘေးတွင် တည်ရှိသည့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ရှိ Sky Cable တည် ဆောက်နေမှု  မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင် ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတား အောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည့်အပြင် ရေတံခွန်အတွင်း ရေသန့်စင်စေရေးသဘာဝ ရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှု ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပန်းမြို့တော်၊ ခရီးသွားမြို့တော် ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကို လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကိုလည်း တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒီဇင်ဘာ ၂ ရက်နေ့က ပြင်ဦးလွင် ခရီးစဉ်တွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့ သွားရောက်ခဲ့ပြီး  Sky Cable တည်ဆောက်နေမှုနှင့် Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည်ရှုစစ်ဆေးခြင်း၊ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပများကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုခြင်းများပြုလုပ်ခဲ့ပြီးနောက်ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာကျွေးကြပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43003

© 2022 - 2025 News. All Rights Reserved.