ရန်ကုန် ၊ ၂၀၂၂ ဒီဇင်ဘာ ၉
ရန်ကုန်တွင်ပြေးဆွဲနေသော YBS-93 ယာဥ်သည် မဂ်လာဒုံမြို့နယ်ရှိ ရာသက်ပန်မှတ်တိုင် အနီးလမ်းမပေါ်တွင်ရပ်တန့်ကာယာဉ် မောင်းဖြစ်သူဆင်းသွားသဖြင့် ခရီးသည်များ ဒုက္ခ ရောက်ခဲ့ကြရသည့် ဖြစ်စဥ် ယနေ့(ဒီဇင်ဘာ ၉) ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ထိုသို့ ရပ်တန့်ခဲ့သည့် အတွက် YBS 93ပေါ် လိုက်ပါလာကြသော ခရီးသည်များ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပြီး အခြားကားသို့ ပြန်ပြေးစီးခဲ့ရမှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကားမှာ လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ YBS 93 ယာဉ်လိုင်းမှ ယာဉ်အမှတ် 2P-6753 ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ အနောက်ပိုင်းတက္ကသိုလ်သို့ အပြန်ခရီးစဉ်အတွင်း မင်္ဂလာဒုံမြို့နယ် ရာသက်ပန်မှတ်တိုင်အနီး အသက် (၄၀) နှစ်ခန့်ဝန်းကျင်ရှိသူ ယာဉ်မောင်းဖြစ်သူ ဦးအောင်မင်းဦးသည် ရုတ်တရက်သွေးတိုးလာသဖြင့် ယာဉ်အားဆက်လက်မောင်းနှင်ရန် အဆင်မပြေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူထံ ဖုန်းဆက်တင်ပြခဲ့ကြောင်း သိရသည်။
ထိုသို့ဖုန်းဆက်တင်ပြခြင်းကို ယာဉ်မောင်းအနီးရှိ ခရီးသွားပြည်သူတစ်ဦးမှ ကြားသိသဖြင့် နီးစပ်ရာဆေးခန်းသို့ ယာဉ်မောင်းအား ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ထို့နောက် ယာဉ်လိုင်းတာဝန်ရှိသူမှ ဂတ်စ်ထည့်ပြီးပြန်လာသည့် ယာဉ်မောင်း ဦးကျော်မိုးဦးမောင်းနှင်သော YBS 93 မှ ယာဉ်အမှတ် 2P-7341 ဖြင့် ယာဉ်ပေါ်ပါခရီးသွားပြည်သူများအား လိုရာခရီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း ယင်းကုမ္ပဏီက အသိပေးထားသည်။
ယခုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးနှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရခြင်းအတွက် လူထုမိတ်ဆွေယာဉ်လိုင်းမှ လေးစားစွာတောင်းပန်ကြောင်းနှင့်
ယာဉ်မောင်း ဦးအောင်မင်းဦး ရုတ်တရက်သွေးတိုးစဉ် နီးစပ်ရာဆေးခန်းသို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့သော ခရီးသွားပြည်သူများအားလုံးကိုလည်း ကျွန်တော်တို့ လူထုမိတ်ဆွေယာဉ်လိုင်းအနေဖြင့် မှတ်တမ်းတင်ကျေးဇူးအထူးတင်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။