ကမ္ဘာကျော် သူခိုးဆုပေးပွဲကြီး

၂၀၂၆ ၊ မေ ၁၅

    ခမ်းနားထည်ဝါလှသော ခန်းမကြီးတစ်ခုအတွင်း ကမ္ဘာအရပ်ရပ်က သူခိုးတွေ စုရုံးရောက်ရှိနေကြသည်။ အကြောင်းမူကား အပြည်ပြည်ဆိုင်ရာ သူခိုးကြီးများအဖွဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ရန် ဖြစ်သည်။ ထိုအဖွဲ့က နှယ်နှယ်ရရ မဟုတ်ချေ။ တစ်ကမ္ဘာလုံးက သူခိုးတွေစုစည်းကာ ဖွဲ့ စည်းထားပြီး နိုင်ငံတကာက ရဲတပ်ဖွဲ့အားလုံးကလည်း စောင့်ကြည့်နေရသည့်အဖွဲ့ ဖြစ်သည်။ ခုလည်း သူတို့ အဖွဲ့အစည်းတည်ထောင်တာ ငါးနှစ်ပြည့်အထိမ်းအမှတ် ဆိုပြီးတော့ ကမ္ဘာတစ်ဝန်းက လက်စလက်နကောင်းသော သူခိုးတွေထဲက ထင်ရှား သူတွေကို ရွေးချယ်ပြီး သူခိုးဆု တံဆိပ်နှင့် သူခိုးသူရဲ ကောင်းဘွဲ့များ ပေးအပ်မည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားသဖြင့် အပြည်ပြည်ဆိုင်ရာက သူခိုးပေါင်း ထောင်နဲ့ချီ တက်ရောက်လာကြခြင်း ဖြစ်သည်။ ပေးအပ်မည့် ဆုတံဆိပ်တွေကလည်း ပြည်သူ့သူခိုး ဂုဏ်ဆောင်ဘွဲ့၊ ပြည်သူ့သူခိုး သူရဲကောင်းဘွဲ့၊ ပြည်သူ့သူခိုး ဇာနည်ဆုတံဆိပ်၊ ပြည်သူ့သူခိုးကောင်း ဆုတံဆိပ်စသဖြင့် ဆုအမျိုးအစား လေးမျိုး ချီးမြှင့်သွား မည်ဖြစ်သည်။ တချို့သူခိုးတွေကလည်း သူခိုးအချင်းချင်း ခုမှထဖွဲ့တဲ့ ငါးနှစ်သား အပြည်ပြည်ဆိုင်ရာ သူခိုးကြီးများ အဖွဲ့ကပေးတဲ့ဆုကို မလိုချင်ဘူး၊ ငါတို့ခိုးလာတာ မင်းတို့အဖွဲ့ထက် သက်တမ်းရင့်တယ်ဆိုတာမျိုး ပြောကြဆိုကြ၊ ဝေဖန်ကြ တာရှိသည်။ ဘာပဲဖြစ်ဖြစ် ငါးနှစ်သားအ ဖွဲ့ကို ဦးဆောင်ဖွဲ့စည်းတဲ့ သူခိုးတွေက ကမ္ဘာကျော် သူခိုးကြီးတွေထက် ခိုးယူပုံခိုးယူနည်း ပိုကောင်းတာကြောင့် အချိန်တိုလေးအတွင်း အပြည်ပြည်ဆိုင်ရာ သူခိုးကြီးများအဖွဲ့ကို ဖွဲ့နိုင်တာဆိုတော့ စိတ်ဝင်စားဖို့ကောင်းလှသည်။
    ဒီလို ထူးထူးဆန်းဆန်း ကျင်းပတဲ့ပွဲဆိုတော့လည်း ကမ္ဘာအနှံ့အပြားက သူခိုးမီဒီယာတွေ တက်ရောက် သတင်းယူကြသည်။ အချို့ကလည်း မိုက်ကြီးတကားကားနဲ့ ဒီနှစ် ထူးထူးခြားခြား ဆုပေးပွဲမှာ ဘယ်နိုင်ငံကသူခိုးတွေ ဆုရသွားနိုင်သလဲဆိုတာမျိုး ခန့်မှန်း မေးခွန်းတွေမေးကြသည်။ တက်ရောက်လာတဲ့ ကမ္ဘာကျော်သူခိုးကြီးတွေကလည်း စိတ်ရှည်လက်ရှည် အင်တာဗျူး ဖြေပေးကြသည်။ ပထမဆုံး သူခိုးမီဒီယာတွေ ပစ်မှတ်ထား မေးမြန်းခံရသည်က Vincenzo Peruggia ဆိုသူ ဖြစ်သည်။ သူကလည်း ခေသူမဟုတ် ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်သော မိုနာလီဇာ ပန်းချီကားကို ခိုးယူသူဖြစ်သည်။
    ၁၉၁၁ ခုနှစ်တွင် လူဗာပြတိုက် (Louvre Museum) ထဲက မိုနာလီဇာ (Mona Lisa) ပန်းချီကားကို ခိုးယူခဲ့သူဖြစ်သည်။ ပြတိုက်မှာ ကာလရှည်အလုပ်လုပ် ဖူးသူဖြစ်တာကြောင့် ပြတိုက်ထဲမှာ ပြတိုက်ပိတ်ချိန်အထိ ပုန်းအောင်းနေထိုင်ပြီး အသာအယာ ခိုးယူသွားခဲ့သူဖြစ်သည်။ သူရဲ့ ရည်ရွယ်ချက်ကတော့ မိခင်နိုင်ငံ အီတလီကို ပန်းချီကားကြီး ပြန်ပေးချင်တာကြောင့်ဟု အကြောင်းပြထားသည်။ ဒီလိုကမ္ဘာ ကျော် သူခိုးကြီးတစ်ယောက်ကို မီဒီယာတွေ ပစ်မှတ်ထား မေးမြန်းကြလေသည်။
    "ဟေ့ Vincenzo Peruggia မင်း မိုနီလီဇာ ပန်းချီကားကိုတောင် ခိုးယူနိုင်ခဲ့တဲ့အတွက် မင်းဟာ ခုပေးအပ်မယ့်ဆုတွေနဲ့ ထိုက်တန်သူလို့ မြင်လား"ဆိုတဲ့ သူခိုးမီဒီယာတွေရဲ့ မေးခွန်းကို "ငါက မိုနာလီဇာကို မိခင်နိုင်ငံကို ပြန်ပို့ချင်တာကြောင့်ပါ။ ငါခိုးယူထားပြီး နှစ်နှစ်အကြာမှာ ငါရဲ့လုပ်ရပ် မပိရိတာကြောင့် ငါအ ဖမ်းခံခဲ့ရတယ်။ ပန်းချီကားကနေ ငါအကျိုးအမြတ်တစ်ခုမှ မရခဲ့ဘူးဆိုတာ မင်းတို့သိစေချင်တယ်။ ငါ့ထက်ပို တော်တဲ့ သူခိုးတွေရှိပါတယ်။ မိုနာလီဇာလို ရှေးဟောင်း ပန်ချီကားလည်းမဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ပုံတူပန်းချီကားတစ်ချပ်ကို အမြန်ဆုံးရေးဆွဲပြီး လေလံတင်ရောင်းချပြီးရတဲ့ ဒေါ်လာ သိန်းချီကို အချိန်ခဏလေးအတွင်း အပျောက်ဖျောက်ပြနိုင်တဲ့ သူခိုးတွေ ရှိပါတယ်။ သူတို့ကသာ ဆုနဲ့ထိုက်တန်ပါတယ်"ဟု အေးအေးဆေးဆေး ဖြေကြားလိုက်သည်။
    ကမ္ဘာကျော် ပန်းချီကားတစ်ချပ်ကို မရရအောင်ခိုးယူပြီး ဒေါ်လာတစ်ကျပ်တစ်ပြားပင် ရအောင် မစွမ်းဆောင်နိုင်သည့် သူခိုးကို မီဒီယာတွေက "ဒီလူ သတင်းမဖြစ်ပါဘူး"ဟုဆိုကာ လိမ်လည်မှုဘုရင် Frank Abagnale ရှိရာဆီသို့ ပစ်မှတ်ကရောက်သွားလေသည်။ လိမ်လည်ရာမှာ နာမည်ကြီးလို့ သူ့အကြောင်းကို "Catch Me If You Can" ဆိုသည့် ရုပ်ရှင်ကားရိုက်ရသည်အထိ နာမည်ကြီးသော သက်ရှိဇာတ်ကောင်ဖြစ် သည်။ ထိုသူက သူတစ်ပါးပစ္စည်းခိုးတာထက် လိမ်လည်မှုများတွင် နာမည်ကြီးလှသည်။ လေယာဉ်မှူး၊ ဆရာဝန်၊ ရှေ့နေစသဖြင့် အယောင် ဆောင်ပြီး ချက်လက်မှတ်ပေါင်းများ စွာကို အတုလုပ်ကာ ဒေါ်လာ သန်းချီ လိမ်လည်ခဲ့သူဖြစ်သည်။ ထူးခြားသည်က ဖမ်းဆီးခံရသော်လည်း သူ့၏ပါးနပ်မှုကို အသိအမှတ်ပြု ခံရပြီး FBI တွင် ငွေစက္ကူအတု  ဖော်ထုတ်ရေး ပညာရှင်အဖြစ် ပြန်လည်အလုပ်လုပ်ခဲ့ ရသူဖြစ်သည်။
    "ဟိုင်း  Frank Abagnale မင်းငြင်းလို့မရဘူး။ ဒီနေ့ပေးမယ့်ဆုတွေက မင်းအတွက်ပဲဆိုတာ သေချာတယ်။ မင်းရောဘယ်လိုမြင်လဲ"။ သူခိုးမီဒီယာအုပ်စုလိုက်ကြီး ကင်မရာတွေ လှည့်ကာ ရုတ်တရက်မေး လိုက်သောမေးခွန်းကြောင့် Frank Abagnale တစ်ယောက် ရုတ်တရက် ငိုင်သွားသည်။
    "မင်းတို့သိထားဖို့က ငါ့အကြောင်းကို ရုပ်ရှင်တွေရိုက်လို့သာ ကမ္ဘာကျော် လူလိမ်ကြီး ဖြစ်လာတာပါကွာ။ ငါဟာ တကယ်တမ်းတော့ အရည်အချင်းနည်းပါးသူပါ။ ငါက သူများတွေဆီက ပိုက်ဆံတွေရဖို့၊ ငါ ချက်လက်မှတ် အတုတွေလုပ်ဖို့ အချိန်အများကြီး ရင်းနှီး ခဲ့ရတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ သူခိုးအဖွဲ့ကြီးတစ်ဖွဲ့ဆိုရင် ဘာမှမပါတဲ့ စာရွက်တွေကို ငွေတိုက်စာချုပ်ဆိုပြီး ရောင်းတယ်။ လူတွေ အလုအယက် ဝယ်ကြတယ်။ ငါက ဘဏ်တစ်ဘဏ်ကို ငွေလိမ်ထုတ်ဖို့၊ ချက်လက်မှတ် အတုတစ်စောင် ရဖို့ ကြိုးပမ်းနေချိန်မှာ ငါ့ထက်တော်တဲ့ သူခိုးအဖွဲ့ကြီးက အွန်လိုင်းမှာ ဘဏ်တစ်ခုဖွင့်ပြီး ဒေါ်လာတွေ သန်းချီ အလိုလိုဝင်လာအောင် လုပ်တတ်တယ်။ သူတို့နဲ့ယှဉ်ရင် ငါဟာ ရပ်ကွက်ထဲမှာ ထဘီခိုးတဲ့ကောင် အဆင့်ပဲ ရှိပါတယ်"ဟု ဖြေလေတော့သည်။
    နောက်ထပ် သူခိုးမီဒီယာတွေ ပစ်မှတ်ထားခံရ သူက ကမ္ဘာကျော် လက်ဝတ်ရတနာ သူခိုးကြီး Bill Mason ဆိုသူဖြစ်သည်။ အမေရိကန် အထက်တန်းလွှာ လူတန်းစားများဆီက ရတနာများ ခိုးယူရာတွင် ဆရာတစ်ဆူဖြစ်သည်။ သူ၏ သူခိုးသက်တမ်းအတွင်း ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိ ရတနာများကို ခိုးယူခဲ့ပြီး သူကို လူအများက 'စံပြသူခိုး'လို့ ခေါ်ကြသည်။ အကြောင်းက လူကို အန္တရာယ်မပေးဘဲ ပစ္စည်း ကိုပဲ သီးသန့်ခိုးယူတတ် တာကြောင့်ဖြစ်သည်။ သူရဲ့ သူခိုးဘဝက အတွေ့အကြုံကို "Confessions of a Master Jewel Thief" ဆိုတဲ့အမည်နဲ့ စာအုပ်ပင် ထုတ်ဝေခဲ့သေးသည်။ အင်မတန်မျက် နှာပြောင်တိုက်သော ရတနာသူခိုး ကြီးပင်ဖြစ်သည်။
    ကမ္ဘာကျော် ရတနာသူခိုးကြီးအနီးသို့ သူခိုးမီဒီယာများ ဝန်းရံလိုက်ကြပြီး "သူခိုးစာရေးဆရာကြီး Bill Mas ကမ္ဘာကျော် ရတနာသူခိုးကြီးအနီးသို့ သူခိုး မီဒီယာများ ဝန်းရံလိုက်ကြပြီး "သူခိုးစာရေးဆရာကြီး Bill Mason ဆိုတာ အမေရိကန်ထိပ်တန်း သူခိုးကြီးပဲ။ ဒီနေ့ ပေးအပ်မယ့်ဆုတွေကို သိမ်းပိုက်ဖို့ အဆင်သင့်ပဲလား"ဟုမေးလေရာ Bill Mason က "ဟား ဟား ဟား တော်တော်ဉာဏ်တုံးတဲ့မီဒီယာတွေပဲ မင်းတို့ ငါလို ခပ်ညံ့ညံ့ သူခိုးတစ်ယောက်ကို အင်တာဗျူးတယ်ပေါ့။ ငါပြန်မေးမယ် သိရင်သိတယ်ဖြေ၊ မသိရင်မသိဘူးဖြေ ငါက ရတနာသူခိုးပဲ။ ငါ့သူခိုးသက်တမ်းအတွင်းမှာ ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိတဲ့ ရတနာတွေ ခိုးတယ်။ ရတဲ့ပစ္စည်းတွေကို တရားမဝင်ဈေးကွက်မှာပဲ ပြန်ရောင်းတယ်။လူသိမခံရဲ ဘူး။ ဒါပေမဲ့ ခုငါ့ထက်တော်တဲ့ သူခိုးရှိတယ်။ ရတနာ တွေကို ပေါ်တင်ခိုးတယ်။ ရတဲ့ရတနာတွေကို အွန်လိုင်းပေါ်မှာ တိုက်ရိုက် Live လွှင့်ရောင်းတယ်။ ဘယ်သူလဲသိလား 'နိုး' (သူခိုးမီဒီယာများ၏ အသံ) "ထပ်ပြောမယ် ငါက ငါခိုးတဲ့လုပ်ရပ်တွေကို ဝန်ခံပြီး ငါ့ဘဝဇာတ်ကြောင်းကို စာအုပ်တစ်အုပ် ထုတ်ရေးတယ်။ ငါ့ရဲ့ကိုယ်ပိုင် ဉာဏ်နဲ့ရေးတယ်။ အေး စောစောက ငါပြောတဲ့ တစ်ယောက်ကလည်း ငါလို့ရတနာသူခိုးပဲ။ သူလည်းစာအုပ် တွေထုတ်ရေးတယ်။ ဒါပေမဲ့ သူရေးတဲ့စာက သူများစာတွေကို ခိုးပြီး ရေးတယ်။ အဲဒါဘယ်သူလဲ သိလား"။ "နိုး"(သူခိုးမီဒီယာများ၏ အသံ)
    "အေးမင်းတို့ သိအောင် ပြောထားမယ်။ ငါတို့ဟာ ကမ္ဘာကျော်သူခိုးတွေဆိုပေမယ့် ငါတို့ ဉာဏ် ရည် နည်းကြတယ်။ ဟိုမှာကြည့်လိုက်စမ်း"ဟုဆိုတာ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ထိုင်နေသော လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
    "အေးအဲ့ဒီ့လူက ဘဏ်ဖောက်ထွင်းရေးသူခိုး Albert Spaggiari ဆိုသူပဲ။ ပြင်သစ်က Societe Generale ဘဏ်ကိုဖောက်တယ်။ ဒီအရူးက ဒေါ်လာသန်းချီရဖို့  ဘဏ်လုံခြုံရေးခန်းရောက်ဖို့ မြေအောက်လိုဏ်ဂူကို လပေါင်းများစွာ တူးတယ်။ ပြီးလည်းပြီးရော ခိုးပြီးတာတောင် လက်အငြိမ်မနေဘူး ဘဏ်နံရံမှာ 'လက်နက်မပါ၊ အကြမ်းဖက်မှုမရှိ၊ မုန်းတီးမှုမရှိ'ဆိုပြီး ပေါက်ကရစာ တွေလျှောက်ရေးထားတယ်။ ဒီကောင့် လောက်ဉာဏ်ရည်နည်းတဲ့သူက ကမ္ဘာကျော်သူခိုးဖြစ်မလား။ တချို့ဆို မြေကြီးကို လက်နဲ့ကလော်စရာ မလိုဘူး မြေအောက်ဆေးရုံလို့ ပြောလိုက်တာနဲ့ ဒေါ်လာတွေရတယ်။ မင်းတို့ မီဒီယာတွေ သိထားဖို့က ငါတို့ထက်တော်တဲ့ ကမ္ဘာကျော် သူခိုးတွေဆို ချိုမပါဘူး လက်သုံးချောင်းပဲပါတယ်"ဟုဆိုကာ သူခိုးမီဒီယာ တွေကြားက Bill Mason တိုးထွက်လာခဲ့သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 62

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62119

© 2022 - 2026 News. All Rights Reserved.