၂၀၂၆ ၊ မတ် ၁၃
ခုတလော ထူးမြတ်တို့ ရွှေပြည်ကြီးမှာတော့ ကားအထီး၊ ကားအမ ကိစ္စတွေက လူပြော သူပြော များနေသည်။ ငပွကြီး အမေရိကန်က အစ္စရေးကို မြှောက်ပင့်ပေးပြီး အီရန်ကို ဝင်တိုက်တာဆိုတော့ ကမ္ဘာ့လောင်စာဆီ ပင်ရင်းဆိုင်ကြီး ဓားပြတိုက်ခံရသလိုဖြစ်ပြီး နိုင်ငံအသီးသီး လောင်စာဆီပြဿနာတွေ တက်လေတော့သည်။
ဒီတော့ ထူးမြတ်တို့ ရွှေပြည်ကြီးလည်း လောင်စာဆီတွေ အခက်မတွေ့အောင်ဆိုပြီး အစိုးရက အရန်ဆီ လက်ကျန်တွေ ဘယ်နှရက်စာရှိကြောင်း ချွေချွေတာတာ သုံးစွဲဖို့ ယာဉ်နံပါတ်အလိုက် 'စုံ' အက္ခရာဆို ရင် 'စုံ'ရက်ထွက်၊ 'မ'အက္ခရာဆိုရင် 'မ'ရက်တွေထွက်ဖို့ အစီအမံတွေ ချပေးလိုက်သည်။ ကိုယ့်နိုင်ငံတစ်နိုင်ငံတည်း ဒီပြဿနာက ရင်ဆိုင်ရတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ရင်ဆိုင်ရတာ ဆိုတော့လည်း အစိုးရအစီ အမံက လတ်တလော အဆင်ပြေတာကတော့ အမှန်ပင်ဖြစ်သည်။ အစိုးရက စက်သုံး ဆီတွေရှိပါတယ်၊ အလုအယက် ဝယ်စရာမလိုဘူးလို့ ပြောထားတာတောင် တချို့ပြည်သူတွေက တန်းစီရတာ ဝါသနာပါတာကြောင့် ခေတ်နောက်မကျစေဖို့ ရက်ပိုင်းလောက်တော့ တန်းစီကာ ဓာတ်ဆီ ဝယ်လိုက်ကြသေးသည်။ ဒီနောက်တော့ အစိုးရက 'စုံ'၊ 'မ' တွေခွဲပြီး ရက်အလိုက်ယာဉ်တွေ မောင်းနှင် ကြဖို့ အမိန့်ထုတ်လိုက်တော့ ရန်ကုန်လို နေရာမျိုးမှာတောင် ယာဉ်ကြောကျပ်တည်းမှု မရှိသလောက် နည်းပါးသွားလေသည်။ သတ်မှတ်ရက်မဟုတ်ဘဲ လမ်းပေါ်ရောက်လာ တဲ့ယာဉ်တွေကို အရေးယူမယ်ဆိုတော့ မထွက်ရဲကြတာလည်း ပါသည်။ တချို့ကလည်း လကုန်ရက်နှင့် လဆန်းရက်ဖြစ်သော ၃၁ ရက်နှင့် ၁ ရက်နေ့တွေမှာ 'မ'အက္ခ ရာကားတွေပဲ ထွက်ရမှာလား မတရားဘူး ဆိုတာတွေ ဖြစ်ကုန်ကြသည်။ ဒါကလည်း ပြက္ခဒိန် ပွတ်တိုက်မှုဆိုတော့လည်း သီးခြား အစီအမံတစ်ခုတော့ ရှိမည်ထင်သည်။
အမေရိကန်နဲ့ အီရန်ကစတဲ့ ပြဿနာက ထူးမြတ်တို့ ရွှေပြည်ကြီးမှာ ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုရင် ဖေ့စ်ဘုတ်ပေါ်မှာ အပြိုင်အဆိုင် ကြွားကြတဲ့အထိ ဖြစ်ကုန်ကြသည်။ တချို့ကလည်း ငါတို့အိမ်မှာ ကားဘယ်နှစီးရှိတယ်။ ရှိတဲ့ကားတွေက ကားအထီးတွေ ဖြစ်နေတာ စိတ်ညစ်တယ် ဆိုတာကတစ်မျိုး၊ တချို့ကလည်း ကားအမတွေချည်းပဲ ဝယ်ထားမိတယ် ဆိုတာက တစ်ဖုံ ကြွားစရာ ဖြစ်နေကြသည်။ ထူးမြတ်တို့လို လိုင်းကားတိုးစီးတဲ့သူတွေကတော့ ကိစ္စမရှိချေ။ လာတဲ့ YBS ပေါ်တက် လိုရာခရီး သာသာယာယာ သွားလိုက်ရုံပင် ဖြစ်သည်။ ဒီတော့လည်း ကားများရင် ဒုက္ခများမယ်၊ ကားနည်းရင် ဒုက္ခနည်းမယ်၊ ကားမရှိ ဒုက္ခမရှိပါဟု နှလုံးသွင်းလိုက်တော့လည်း စိတ်ချမ်းသာရပြန်သည်။ ဒီကာလကတော့ လျှပ်စစ်ကား ဝယ်စီးကြသူတွေကတော့ ခေတ်ကောင်းရောက်ပြီ ဖြစ်သည်။ စစ်ပွဲဆိုတာက ထူးမြတ်တို့ တော်လှန်ရေးကြီးလို 'အမေရိကန်နိဂုံး ၂၀၂၃ တို့'၊ 'အီရန်ထွက်ပြေး ၂၀၂၄'တို့ဆိုပြီး အတိအကျမရှိတာကြောင့် စက်သုံးဆီပြဿနာက ဘယ်တော့ပြေလည်မလဲဆိုတာ မသိကြချေ။
ဒီတော့ရွှေပြည်ကြီးမှာ လျှပ်စစ်မီး ပြဿနာက ပြေလည်နေပြီဆိုတော့ ပလပ်ပေါက်လေး ထိုးရုံဖြင့် လမ်းပေါ်မှာ လှစ်ခနဲပြေးလို့ရသည့် လျှပ်စစ်ကားတွေက ကမ္ဘာစစ်ဖြစ်ရင်တောင် သာသာယာယာပင် ဖြစ်သည်။ ထူးမြတ်တောင် လျှပ်စစ်ကားလေး တစ်စီးလောက်များ ရနိုင်မလားဆိုပြီး လျှပ်စစ်ကား ကံစမ်းမဲပေးသည့် အချိုရည်ကို ခုတလော စွဲစွဲမြဲမြဲ သောက်ရင်း ချောင်းတောင် ဆိုးလာပြီ ဖြစ်သည်။
ရွှေပြည်ကြီး အစိုးရကတော့ လောင်စာဆီ ပြဿနာမဖြစ်စေရေး တတ်စွမ်းသမျှ စီမံပေးနေတာကြောင့် စိတ်အေးလက်အေးနေကြဖို့ လိုသည်။ ဒီတော့ အမေရိကားက တော်လှန်အဆိုးရကြီး ပြည်သူတွေအတွက် ဘာများ စီမံပေးနေသလဲဆိုတာ ငဲ့ကြည့်ရပြန်သည်။ တော်လှန်အဆိုးရကြီးကလည်း တော်တော်လေး အလုပ်လုပ်နေတာ တွေ့ရသည်။ ရန်ကုန်မှာ လေထုတွေညစ်ညမ်း နေတယ်ဆိုတာကြားရတော့ အမေရိကားကနေ ပြည်သူတွေကို လှမ်းပြီး စိတ်ပူပေးပြန်သည်။ ပြည်သူတွေ ရန်ကုန်ကလေတွေ များများမရှူဖို့ သတိပေးသလို အိမ်မှာနေပြီး လေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားလေသည်။ အင်မတန် ချစ်ဖို့ကောင်းလှသော အဆိုးရကြီးဖြစ်သည်။ ကိုဗစ်ကာလတုန်းကလည်း အွန်လိုင်းပေါ်ကနေ ကာကွယ်ဆေးတွေ လှမ်းထိုးပေးပြီး ခုလည်း လေထုညစ်ညမ်းနေတော့ အမေရိကားက လေတွေကို အွန်လိုင်းပေါ်ကနေ ပြည်သူတွေ တစ်ဝကြီး ရှူနိုင်ဖို့ ပို့လွှတ်ပေးနေကြပြန်သည်။ ဒီကြားထဲ တော်လှန်ရေးက ငါးနှစ် ကြာညောင်းလာပြီဆိုတော့ ပြည်သူတွေ အညောင်းပြေ အညာပြေ လမ်းလျှောက်ကြဖို့ တိုက်တွန်းထား သေးသည်။
ဒါတင်ပဲလားဆိုတော့ တော်လှန်အဆိုးရကြီး ပြည်သူတွေကို စိတ်ပူကြပုံများ သြချယူရသည် အထိပင် ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေက နေ့လား၊ ညလား ဖြစ်နေသည့်အချိန် နိုင်ငံခြား ရေးဝန်ချီးမကြီးက အရှေ့အလယ်ပိုင်းရောက် ပြည်သူတွေကို ကယ်တင်မယ်ဟေ့ဆိုပြီး အွန်လိုင်းကနေ တွေ့ဆုံလေတော့သည်။ စစ်မက်ဖြစ်ပွားရာ ဒေသက ပြည်သူတွေ နှစ်ဖက်စစ်ပွဲအကြားပစ်လွှတ်နေသော ဒုံးကျည်တွေကို လိုက်မကြည့်ဖို့၊ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့၊ အချက်ပေးသံတွေ နားထောင်ပြီး အခြေအနေမကောင်းရင် ထွက်ပြေးနိုင်ဖို့ ကြိုတင် အပြေး လေ့ကျင့်ထားဖို့ မှာကြားပြန်သည်။ လိုအပ်ရင် တော်လှန်အဆိုးရကြီး ဝယ်ယူထားသော လေယာဉ်ပစ်လက်နက်ကြီးကို အရှေ့အလယ်ပိုင်းကို ပို့ပြီး မြန်မာပြည်သူတွေကို ကယ်တင်မည်ဟု ရဲရဲတောက် မိန့်ခွန်းတွေ ပြောကြားထားသည်။ တော်လှန်အဆိုးရ ကြီး ဆိုတာကလည်း အမေရိကားက အသိအမှတ်ပြုထားသလို တစ်ကမ္ဘာလုံးက ထောက်ခံထားတာကြောင့် အီရန်၊ အစ္စရေး၊ အမေရိကန်စစ်ပွဲကြီးကိုတောင် 'ခုရပ်'ဟုပြောရင် စစ်ပွဲကြီး ပြီးသွားနိုင်သည်။ နှစ်ဖက်ပြည်သူတွေကို နှစ်ပတ်ပဲ တောင့်ခံတို့၊ UN တပ်ကြီး လာတော့မယ်တို့၊ သပြေပန်းနဲ့မကြိုနဲ့တို့ဆိုပြီး လှုံ့ဆော်လိုက်ရင်လည်း စစ်ပွဲကြီးက ပြီးသွားနိုင်သည်။ တော်လှန်အဆိုးရကြီးဆိုတာကလည်း UN တပ်ကို ခါးပိုက်ဆောင်တပ်လို သဘောထားတာကြောင့် စစ်ပွဲကြီး ပြီးစေချင်သည့် အချိန်တွင် လှမ်းခေါ်လိုက်လို့ရ သည်။
တော်လှန်အဆိုးရကြီးက ပြည်သူကို ဦးထိပ်ထားတာဆိုတော့ ရွှေပြည်က လောင်စာဆီပြဿနာကို တစ်နည်းနည်း ဖြေရှင်းပေးမည် ထင်သည်။
ကုလသမဂ္ဂက ပျောက်ဆုံးနေသော ရန်ပုံငွေတွေက ပြည်သူတွေ အံ့သြဝမ်းသာသွားအောင် လောင်စာဆီတင် သင်္ဘောကြီးတွေ ဝယ်ထားပြီး မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံး အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်မှာ ကျောက်ချထားတာလည်း ဖြစ်နိုင်သည်။ ပြည်သူတွေ လောင်စာဆီ အခက်အခဲတွေ့ပြီဟေ့ဆိုတာနဲ့ တော်လှန်အဆိုးရကြီး၏ ဆီတင်သင်္ဘောကြီးတွေ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာနိုင်သည်။ ငါးနှစ်လုံးလုံး အလှူခံလို့ ပြည်သူတွေ လှူရကျိုးကတော့ နပ်တော့မည် ထင်သည်။တွဲတိုင်းမှာ စက်ခေါင်း ပါတဲ့ အဆိုးရကြီး ခုတစ်ကြိမ်မှာတော့ သင်္ဘောတိုင်းမှာ ဆီအပြည့်ပါတယ် ဆိုပြီး ရောက်လာနိုင်သည်။
သီလဝါဆိပ်ကမ်းမှာ ကားတွေ၊ ဆိုင်ကယ်တွေ ဖင်ထိုးလိုက်ရုံဖြင့် အမေရိကားက တော်လှန်အဆိုးရကြီး ပို့ပေးမည့် တော်လှန်ဓာတ်ဆီတွေ အပြည့် ဖြည့်ပေးမည် ဖြစ်သည်။ ဒီလိုဆိုရင် တော်လှန်အလှူငွေတွေ စာရင်စစ်ချင်သူတွေ နှုတ်ပိတ်သွားနိုင်သည်။ ကုလရန်ပုံငွေ ပျောက်ဆုံးမှုကြီးကလည်း အဆိုးရကြီးက ပြည်သူတွေအတွက် ကျိတ်ကြံနေတာပဲဆိုပြီး ဝမ်းနည်းမျက်ရည်တွေ ကျကြပေလိမ့်မည်။ အင်္ကျီ အသစ်တစ်ထည်ပင် ဝယ်ဖို့ စဉ်းစားနေရသည့် အဆိုးရကြီး ပြည်သူအတွက်ဆိုရင် ဆီဂါလန် သန်းချီ မနှမြောဘဲ အလကားပေးသည်ဟု ချီးကျူးကြပေလိမ့်မည်။ အမေရိကားက တော်လှန်အဆိုးရ လူကြီး တွေ ကိုယ်ပိုင်ကားမရှိသည့်အတွက် လောင်စာဆီ ဒုက္ခကင်းဝေးကြပါစေကြောင်း တော်လှန်မောင်ထူးမြတ်လေး မေတ္တာပို့သအပ်ပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )