ခဏလေးဖြစ်ဖြစ် ဆွေးနွေးကြည့်ပါ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့ တဲ့ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ သမ္မတ အစိုးရလက်ထက်မှာ နိုင်ငံရေးအရ ပြောင်းလဲလာမယ့် အပြောင်းအလဲတွေ စတင်တွေ့လာရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးကတစ်ဆင့် ပေါ်ထွန်းလာမယ့် ဖက်ဒရယ်အခင်းအကျင်းတွေ များမကြာမီကာလမှာ  တွေ့လာရတော့မှာ ဖြစ်ပါတယ်။ သို့သော် တစ်ပြည်လုံး အတိုင်းအတာအရ ဖြစ်လာနိုင်မလားဆိုတာကတော့ လတ်တလောအခြေအနေအရ ပြောရမှာ စောပါသေးတယ်။  ငြိမ်းချမ်းရေးအရ ဖြစ်တည်လာတဲ့ဒေသတွေမှာ စနစ်လည်း အသက်ဝင်လာမှာဖြစ်သလို တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာမှာလည်း မလွဲလို့ဆိုနိုင်မှာပါ။ နိုင်ငံတစ်ခုလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ နိုင်ငံတစ်ဝန်းလုံး ယမ်းနံ့ကင်းစင်မှသာ ဖြစ်ပါလိမ့်မယ်။ 
    လတ်တလော အခြေအနေအရ တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ရလာမယ့် အကျိုးအမြတ်တွေ ရှမ်းပြည်နယ်မှာ ရောင်ခြည်သန်းလာပြီလို့ မြင်နေရပါတယ်။ အမိုက်မှောင်ဖုံးနေတဲ့ လက်နက်ကိုင်တွေကြောင့် တချို့တိုင်းရင်းသားတွေအတွက်ကတော့ စိတ်မကောင်းစရာအခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။ အထူးသဖြင့် K3C နဲ့ AA တို့ရဲ့ လုပ်ရပ်တွေဟာ  ပြည်ထောင်စုအတွက် အကျိုးရှိရဲ့ လား၊ ကိုယ့်လူမျိုးသား ချင်းတွေအတွက်ရော အေးချမ်းစွာ နေထိုင်နိုင်ရဲ့လား၊ အနာဂတ်မှာရော အကျိုးရှိရှိ ခံ့ညားတင့်တယ်စွာနေ ထိုင်နိုင်ပါ့မလားဆိုတာ လက်နက်ကိုင်အဖွဲ့တွေအပြင် တိုင်းရင်းသားပြည် သူတွေပါ စဉ်းစားသုံးသပ်ကြဖို့လိုပါတယ်။ 
    ငြိမ်းချမ်းရေးကတစ်ဆင့် ဖြစ်တည်လာမယ့် အကျိုးနဲ့ လက်နက်ကိုင်လမ်းစဉ်အရ ဖြစ်တည်လာမယ့်အကျိုးကို နှိုင်းယှဉ်ချိန်ဆကြည့်ပါ။ လတ်တလောမှာ လက်နက်ကိုင်အားကောင်းနေတဲ့အတွက် နယ်မြေတချို့ သိမ်းပိုက်ထားနိုင်တယ်၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင် အကောင် အထည်ဖော်နေတယ်ဆိုတာတွေရဲ့  ခိုင်မာမှုနဲ့  ငြိမ်းချမ်းရေးကတစ်ဆင့် ဖြစ်တည်လာမယ့် အခြေခံဥပဒေကရလာမယ့် အုပ်ချုပ်ရေးနဲ့ အာဏာခွဲဝေရေး ခိုင်မာမှုကို ယှဉ်ထိုးကြည့်ရင် အဖြေတစ်ခုရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ဖြစ်တည်မှုနဲ့ ကမ္ဘာ့အဝန်းအဝိုင်းက လက်ခံထားတဲ့ ပြည်ထောင်စုဖွဲ့စည်းမှုဟာ လက်နက်ကိုင်လမ်းစဉ်အရ နယ်မြေသိမ်းထားရုံနဲ့ ခိုင်မာလာ စရာအကြောင်းမရှိပါ။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်၊ သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ လုံးချာလည်နေမှာသာ ဖြစ်ပါတယ်။ 
    အခု အရူးထနေတဲ့ AA ရဲ့ မြို့နှစ်မြို့ အမည်ပြောင်းတဲ့လုပ်ရပ်က အတော်ရယ်စရာ ကောင်းပါတယ်။ ဟိုးပဝေသနီ သမိုင်းကြောင်းအရ ရှိခဲ့ဖူးတဲ့အမည်ကို ရခိုင်လူမျိုးတွေ ဇာတိမာန်တက်စေဖို့ ဆောင်ရွက်တယ်ဆို တဲ့အမြင်အရလုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခေတ်နောက်ကျနေပါပြီ။  ဘယ်ဥပဒေအရ ဆောင်ရွက်တာလဲ၊ ပြည်သူတွေ သဘောတူရဲ့လားဆိုတာကိုလည်း မေးရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ တစ်ဦးတစ်ဖွဲ့တည်းရဲ့ ဆန္ဒအရ မဖြစ်သင့်တဲ့ကိစ္စပါ။  ၂၀၀၈ အခြေခံဥပဒေမှာ နယ်မြေတစ်ခုရဲ့အမည်ပြောင်းခြင်း၊ နယ်နိမိတ်ပြင်ဆင်ခြင်းကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အတိအလင်း ပါရှိပြီး ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒခံယူပြီးမှ အတည်ပြုထားတာဖြစ်တဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ သဘောထားလည်းပါပြီးသား ဖြစ်ပါ တယ်။ 
    ဒီလုပ်ထုံးလုပ်နည်းအရထက် ကျော်လွန်ဆောင်ရွက်တာဟာ အကျုံးမဝင်တဲ့လုပ်ရပ်ပါ။ အကျုံးဝင်တာ၊ မဝင်တာထက် နိုင်ငံတော်နဲ့ ပြည်ထောင်စုကို စော်ကားတဲ့လုပ်ရပ်၊ ပြည်ထောင်စုနဲ့ ပြည်ထောင်စုသားချင်းတွေကို ထီမထင်တဲ့ လုပ်ရပ်သာဖြစ်ပါတယ်။ ဒီအတွက် အချိန်တစ်ခုရောက်ရင် ပြန်လည်ပေးဆပ်ရမှာ မလွဲပါ။ ဒီလုပ်ရပ်ကိုပဲ သုံးသပ်ကြည့်ပါ။ ရခိုင်လူမျိုးတွေအပါအဝင် ဒေသခံပြည်သူလူထုက အမည်ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။ ဥပဒေအရ ခိုင်မာစွာပြောင်း ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ်ထဲ ကလူတွေကလွဲလို့ ဘယ်သူမှလည်း ထူးပြီး ကန့်ကွက်နေမှာမဟုတ်ပါ။ သို့သော် လက်နက်အင်အား လူအင်အားသာနေချိန်မှာ လုပ်ချင်တာလုပ်တာဟာ လူမိုက်လမ်းစဉ်သာဖြစ်ပါတယ်။  ဒီလုပ်ရပ်က ခိုင်မာ မှု ရှိ၊ မရှိနဲ့ ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေကသွားမယ့် လမ်းကြောင်းက ခိုင်မာမှု ရှိ၊ မရှိ အချိန်တစ်ခုအတွင်းမှာ ထင်ရှားစွာတွေ့ရမှာဖြစ်ပါ တယ်။ 
    AA နဲ့ပတ်သက်ပြီး လက်တွေ့ကျကျ သုံးသပ်ကြည့်ရင် ဒီအချိန်မှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေး နွေးပွဲလမ်းကြောင်းနောက်လိုက်ရင် သူ့အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ အရင်ကအခြေအနေနဲ့ အခု အခြေအနေ မတူတော့ပါ။ အရင် NLD လက်ထက်က AA ကို ရခိုင်ပြည်နယ်မှာ ခြေချခွင့်ပြုမထားပါ။ အခုချိန်မှာ ငြိမ်းချမ်းရေးယူပြီး ဆွေးနွေးပွဲကတစ်ဆင့်သွားရင် ထိုက်သင့်တဲ့ အခွင့်အရေးတစ်ခုရမှာ သေချာသ လောက်ရှိပါတယ်။ လက်ရှိအစိုးရရော တပ်မတော်ကပါ ငြိမ်းချမ်းရေးကတစ်ဆင့် အခြေခံဥပဒေပြောင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီအကျိုးကိုမမြင်ရင် ဒီ့ထက်ပိုဆိုးတဲ့ဆိုး ကျိုးတွေသာ AA တို့ ခံစားသွားရမှာ သေချာတယ်။ 
    နိုင်ငံတော်အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပြန်ဖြစ်ဖို့ တာဝန်ရှိသလို တပ်မတော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့် ရှောက်ဖို့ တာဝန်ပေးထားတဲ့အတွက် သူ့တာဝန် သူထမ်းဆောင် မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကတစ်ဆင့် အခြေခံဥပဒေပြောင်းပြီး လိုချင်တာယူမလား၊ ပြန်မောင်းအထုတ် ခံမလားဆိုတာ AA တို့ ဆုံးဖြတ်ရမှာပါ။ တပ်မတော်အတွက် အချိန်တစ်ခုပဲ လိုပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံး သိမ်းဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အကန်ထုတ်ခံရမှာ သေချာတယ်။ အနိမ့်ဆုံးအဆင့်က တော့ ငြိမ်းချမ်းရေးထဲ မဝင်သရွေ့ ဗုံးဒဏ်ခံနိုင်အောင်သာ ပြင်ထားပါလို့သာ။ 
    ထွန်းမြတ်နိုင်ပြောခဲ့ဖူးတဲ့ စစ်တိုက်တာ နိုင်အောင်တိုက်ဖို့လိုတယ်။ ဘယ်သူပဲဖြစ်ဖြစ် အနိုင်ကိုသာ လိုချင်ကြမှာဆိုတာ လက်ခံပါတယ်။ လူပြိန်းကြိုက်အရ ဆိုရင်ပြောတာပါ။ တိုက်ပွဲတစ်ပွဲကို နိုင်နိုင်ပေမယ့် စစ်ပွဲတစ်ပွဲနိုင်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ စစ်ပွဲတစ်ပွဲထက် တိုက်ပွဲတွေဆင်နွှဲ နယ်မြေ သိမ်းပြီး နိုင်ငံသစ်ထူဖို့ ဆိုတာကတော့ စစ်ပွဲတစ်ပွဲထက် အဆပေါင်းများစွာ ပိုခက်ခဲပါတယ်။ ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်နေတဲ့ အဖွဲ့အစည်းတစ်ခုကို တိုက်မယ်ဆိုရင် ခဏတဖြုတ်ဖြစ်နိုင်ပေမယ့် ရေရှည်မှာ ရခိုင်ပင် မျိုးသုဉ်းသွားနိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ Win-Win Situation ဆိုတာ ငြိမ်း ချမ်းရေး၊ စေ့စပ်ဆွေးနွေးရေးကလွဲလို့ မဖြစ်နိုင်ပါ။ ကိုယ်နိုင် သူရှုံးစဉ်းစားနေရင်တော့ အလုံးစုံ ကိုယ်ရှုံး သွားမှာကို ထည့်တွက်ထားဖို့လိုပါလိမ့်မယ်။ 
    K3C ဖြစ်တဲ့ KIA? KNU? KNPP နဲ့ CNF တို့အနေနဲ့လည်း ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်လည်သုံးသပ်ကြဖို့ လိုပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်ဟာ အခုချိန်မှာ မြောင်းထဲပို့ရမယ့်အချိန် ဖြစ်သွားပါပြီ။ NLD ရဲ့ နိုင်ငံရေးပါးမဝမှု ၊ ကျပ်မပြည့်တဲ့ NLD ပါတီဝင်တွေရဲ့ လှုံ့ဆော်မှု၊ စိတ်ကူးယဉ်ဆန်တဲ့ NUG ? CRPH တို့ရဲ့တော်လှန်ရေးဇာတ်လမ်းတွေအရ ဘုမသိဘမသိနဲ့ လမ်းမှားလိုက်သွားတဲ့ လူငယ်တွေရဲ့အားနဲ့ ဒီတစ်ချည်တော့ သူ့အရိုးနဲ့သူ့ထိုးပြီး ငါတို့တော့ပိုင်ပြီဆိုတဲ့ သုံးသပ်ချက်ဟာ မှားသွားပြီဆိုတာ အခုချိန်မှာ တဖြည်းဖြည်းချင်း ထင် ရှားလာနေပြီ မဟုတ်ပါလား။ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်နယ်မြေ ထူထောင်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို စွန့်လွှတ်ပြီး ပြည် ထောင်စုအတွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးရယူပြီး ပြည်ထောင်စုနဲ့အတူ လျှောက်လှမ်းကြဖို့ စဉ်းစားသင့်ပါပြီ။ ဒီအတွက်  ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲလမ်းက သွားမှသာလျှင် အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ 
    ဒီနေရာမှာတစ်ခုသတိပေးလိုတာက K3C အနေနဲ့ NUG ? CRPH နဲ့ ပေါင်းပြီး လိုတာရချင်လို့ပဲဖြစ် ဖြစ်၊ လတ်တလော အင်အားအရ သူတို့နဲ့ပေါင်း၊ မှန်းထားတဲ့အတိုင်း အနိုင်ရပြီး ဖက်ဒရယ်ဖွဲ့တဲ့အချိန်မှာ ကိုယ်လိုချင်တာမရလို့ ထချဖို့ ကြိုတင် စဉ်းစားထားတာပဲဖြစ်ဖြစ် သေချာစဉ်းစားကြည့်ရင် မရေရာတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ NUG / CRPH ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် သူတို့က ဗဟိုအစိုးရဆိုတဲ့ အဆင့်ကိုယူထားပြီး တိုင်းရင်းသားတွေက ဖက်ဒရယ်ယူနစ်အဖြစ် စဉ်းစားထားတယ်ဆို တာပဲ တွေ့ရမှာဖြစ်ပါတယ်။ ဘယ်တိုင်းရင်းသားတွေပေးမှာလဲ အားလုံးလား၊ သူတို့နဲ့ ပုလဲနံပသင့်တဲ့  လက်နက်ကိုင်အဖွဲ့တွေလား။ 
    ခုချိန်ထိ ဖက်ဒရယ်သာပြောတာ။ ဘယ်လိုဖွဲ့ စည်းမယ်ဆိုတာ မရှိဘူး။ ဒီကြားထဲ ကြားကာလ အခြေခံဥပဒေဆိုတာကပါသေး။ အဲ့ဒီကြားကာလမှာ ညှိနှိုင်းနေတာနဲ့တင် ပြဿနာပေါင်း သောင်း ခြောက်ထောင်နဲ့ ထချကြမှာ သေချာတယ်။ အင်အားကြီးတဲ့သူ စားသွားမယ့်သဘောမှာ ရှိတယ်။ ဥပမာအားဖြင့် MNDAA နဲ့ TNLA တို့ရဲ့ ကွတ်ခိုင်ဇာတ်လမ်းလိုပေါ့။ လက်တွေ့ စဉ်းစားကြည့်ရင် NLD အစိုးရမဖြစ်ခင်က တိုင်းရင်းသား အရေးပြောခဲ့တာတွေနဲ့ တကယ့်လက်တွေ့ အာဏာရလာတဲ့အချိန် ဘယ်လို စဉ်းစားခဲ့သလဲ။ ဒီသဘောပဲ။ ဘယ်သူပဲတက်တက် ခွဲထွက်ခွင့်နဲ့ ကွန်ဖက်ဒရေးရှင်း မပေးဘူးဆိုတာ သေချာတယ်။ NUG / CRPH ပိုတောင် ဆိုးသေး။ ဒါပေမဲ့ အဲဒီအဆင့်ထိလည်း တက်လာစရာ မရှိဘူး ဆိုတာကလည်း သေချာစွာမြင်နေရတယ်။ အဲဒီအတွက် K3C အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဘောင်အတွင်းက ရသင့်ရထိုက်တာရဖို့ ဘယ်လမ်းကြောင်း လိုက်သင့်သလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ 
    ဒီနေရာမှာ ပြည်သူတွေရော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ပါ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ချိန်ဆကြဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတာဖြစ်လို့ NUG နဲ့ ငါတို့ အတူတူပဲလို့ မထင်ကြသင့်ပါ။ တိုင်းရင်းသားအရေးနဲ့ ဗဟိုအရေးမတူပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ့်အဖွဲ့အစည်းအကျိုးကို ဖယ်လိုက်ရင် ကိုယ့်လူမျိုးနဲ့ ကိုယ့်ဒေသဆိုတာ တွေ့ရမယ်။ NUG ? CRPH တို့လုပ်နေတာက ဗဟိုအာဏာကိုအခြေခံတဲ့ တိုင်းပြည်အချုပ် အခြာအာဏာကို ထိပါးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အရေး၊ ဒေသအရေးက ဆွေးနွေးသဘောတူပြီး အခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းက သွားလို့ရနိုင်ပေမယ့် ဗဟိုအရေးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရသာ ရွေးချယ်ဆုံးဖြတ် အာဏာပေးလို့ရမှာပါ။ ဒီလိုမှမဟုတ်ရင် အခြေခံဥပဒေကို ဖျက်မှရမှာဖြစ်ပါ တယ်။ ဒါကြောင့် NUG ? CRPH တို့က အခြေခံဥပဒေပျက်ပြီ၊ အသစ်ပြန်ဆွဲရမယ်ဆိုတဲ့ လမ်းကြောင်းကို ဆွဲတင်နေတာပဲ ဖြစ်ပါတယ်။ 
    'သွေးကြွေးမှာ ဆွေးနွေးစရာမရှိ'၊ 'ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်'ဆိုတဲ့ တရားလွန်ဝါဒ ဖြန့်ထားတာတွေကလည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ရပ်ကို ကြည့်ရင် နိုင်ငံတော်အာဏာကို ချဉ်းကပ်နေတာ ဖြစ်တဲ့အတွက် သူတို့စကားအတိုင်း ဆွေးနွေးစရာအကြောင်းမရှိပါ။ PDF က နိုင်ငံ့တပ်မတော်မဟုတ်ပါ။ ဖြစ်လာစရာလည်းမရှိပါ။ NUG ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဖြစ်တဲ့အတွက် NUG လက်ရုံးတပ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဆွေး နွေးမယ်ဆိုရင် ဘာဆွေးနွေးမှာလဲ။ နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းအရ လိုချင်နေတာ ဖြစ်တဲ့အတွက် လွှဲပေးရမှာလား။ ဒါမှမဟုတ် NUG ကို လက်ခံ၊ရွေးကောက်ပွဲဝင်ခိုင်းမယ်ဆိုရင်လည်း ပါလီမန် ခေတ်ကလို ပါတီနဲ့လက်ကိုင်တုတ်ဇာတ်လမ်းတွေ ပြန်ပေါ်လာမှာ သေချာတယ်။ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီမဖြစ်နိုင်တဲ့ အခြေအနေကို NUG နဲ့ပါ ဆွေးနွေးမှ KIA အနေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ ဂွမ်မော်အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။ KIA အနေနဲ့ ကိုယ်ရမယ့်အခွင့်အရေးကို ဖြစ်သင့်တာ မစဉ်းစားဘဲ ဖက်တွယ်နေမယ်ဆိုရင်တော့ ကြက်သွန်နဲ့အတူ ထောင်းခံရမယ့် ဘဝရောက်သွားမှာကို သတိ ထားဖို့လိုပါမယ်။ 
    မကြာသေးမီက NUG? CRPH အနေနဲ့ သူတို့ဦးဆောင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ဆိုပြီး ဖွဲ့စည်းခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း တွေ့ဆုံဆွေးနွေးရေးဆိုတာ ပိုဝေးသွားမှာဖြစ်ပါတယ်။ ပြည်ပမှာ သူတို့ဘာသာသူတို့ အမည်ခံဖွဲ့ထားတဲ့ NLD အလုပ်ကော်မတီဆိုတာက NLD အနေနဲ့ ဆွေးနွေးရေးလမ်းကြောင်း အတိုင်းသာ ရပ်တည်လျက်ရှိတယ်ဆိုပြီး ထုတ်ခဲ့တဲ့ကြေညာချက်ကလည် လုပ်ရပ်တွေနဲ့ ကပေါက်တိကပေါက်ချာဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ သဘောကတော့ အလုပ်မဖြစ်တော့လို့ အကြံကုန်ဂဠုန်ဆားချက်တဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။ ပြည်ပြေးတွေဖြစ်တဲ့ NLD တစ်ဖြစ်လဲ NUG / CRPH နဲ့ အပေါင်းအပါတစ်စုအနေနဲ့ ဒီလုပ်ရပ်တွေ စွန့်လွှတ်ဖျက်သိမ်းမှသာ မြန်မာပြည်မှာ ရပ်တည်လို့ရမှာပါ။ မဟုတ်ရင် တဖြည်းဖြည်းချင်း NCUB နဲ့ NCGUB တို့လို ဖြစ်သွားမှာမလွဲပါ။ လက်နက်ကိုင်တပ်ဖွဲ့ထားတဲ့ ဗမာလူငယ်လေးတွေအနေနဲ့လည်း လက်နက်အပ် အလင်းဝင်မှသာ ချမ်းသာရာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပြုတ်ပြုတ်ပြုန်းသွားမှာ ဖြစ်သလို လက်နက်မစွန့်ချင်ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ ခိုကပ်နေရတဲ့ အဖြစ်ကိုရောက်သွားမှာ ဖြစ်ပါတယ်။
    တိုင်းရင်းသားတွေအနေနဲ့ သတိထားပြီးမြင်အောင်ကြည့်ရမှာက ကိုယ့်အခွင့်အရေးက ဒီအခြေခံဥပဒေမှာ အပြည့်အဝရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ သမ္မတကိုယ်တိုင်က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဘဝ၊ နစကဥက္ကဋ္ဌဘဝမှာကတည်းကပင် အတိအလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ အခုလည်း သူ့အစိုးရ လက်ထက်မှာ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြွေးကြော်လုပ်ဆောင်နေတဲ့အတွက် ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စွန့်လွှတ်သင့်တာစွန့်လွှတ်ပြီး လျှောက်သင့်တဲ့လမ်းကို လျှောက်လှမ်းကြဖို့ လိုပါတယ်။ လက်နက်ကိုင်လမ်းစဉ် လမ်းကြောင်းက အချိန်မရွေးသွားလို့ရနေ တာဖြစ်တဲ့အတွက် ခဏလေးဖြစ်ဖြစ် ဆွေးနွေးကြည့်ရင် တောင် ခင်ဗျားတို့အတွက် အရှုံးမရှိပါဘူး။ အနိမ့်ဆုံး အဆင့်ပြည်သူတွေ စိတ်ချမ်းသာကြပါလိမ့်မယ်။ ပြည်သူကိုချစ်ရင်၊ ကိုယ့်လူမျိုးကိုချစ်ရင်၊  ပြည်ထောင်စုကိုချစ်ရင် ဒီအချိန်မှာ ငြိမ်းချမ်းရေးနောက် လိုက်သင့်ပါပြီ။ 
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64433

© 2022 - 2026 News. All Rights Reserved.