ခေါင်းမာနေတဲ့ AA ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်

    Freelance Journalist သက်ထွေးနိုင် စီစဉ်တင်ဆက်ထားတဲ့ 'နွေဦးတော်လှန်ရေး အနိုင်ရမလား'ဆိုတဲ့ ABSDF က ဆလိုင်းယောအောင်၊ တပ်မတော် သားဟောင်း ဒေါက်တာအောင်မျိုးနဲ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးတို့ ပါဝင်တဲ့ ဆွေးနွေးပွဲမှာ ဆလိုင်းယောအောင်က တပ်မတော် ပြုတ်ကျတဲ့အထိ စစ်ကို အနိုင်တိုက်မှ သားစဉ်မြေးဆက် စစ်ကျွန်ဘဝက လွတ်မယ်လို့ ဆိုပါတယ်။ သူ့အမြင်၊ သူ့ခံစားချက်အရပြောတာ မဝေဖန်လိုပေမယ့် ဒီခေတ်၊ ဒီကာလမှာ သခင်တွေ၊ ကျွန်တွေဆိုတာ ရှိသေး လို့လားဆိုတာ အရင်နားလည်ဖို့ လိုပါတယ်။  
    စစ်ကျွန်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိတယ်။ ဘာကိုဆိုလိုတယ်ဆိုတာ တိတိပပမေးရင် သူဘယ်လိုဖြေမလဲမသိပေမယ့် လူအမြင်ကပ်အောင်၊ လူမုန်းအောင် ဝါဒဖြန့်တဲ့ နေရာမှာတော့ မင်းကိုနိုင်တို့ထက် မညံ့ဘူးဆိုတာတော့ ထင်ရှားတယ်။ သူလည်း ၈၈ ထွက်တစ်ယောက်ဆိုတော့ ဒီလောက်တော့ရှိမှာပါပဲ။ တပ်မတော်က တိုင်းသူပြည်သားတွေကို ဘယ်တုန်းကမှ ကျွန်လို့သတ်မှတ်ခဲ့တာ မရှိသလို ပြည်သူတွေ အပေါ်မှာလည်း နိုင်လိုမင်းထက် လုပ်ခဲ့တာ မူဝါဒအရမရှိခဲ့ဘူး။ တချို့တွေ ပုဂ္ဂိုလ်ရေးအရ ပြည်သူအပေါ်မှာ အနိုင်ကျင့်တာ ရှိကောင်း ရှိနိုင်ပေမယ့် တပ်မတော်က ခွင့်လွှတ်ခွင့်ပြုထားတာ မရှိဘူး။ အဲဒီလို ကိစ္စတွေအပေါ် ခေတ်အဆက်ဆက် ထိထိရောက်ရောက် အရေးယူခဲ့တာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 
    စစ်ကျွန် စစ်ကျွန်နဲ့သာ ပြောနေတာ။ စစ်တပ်က တိုင်းရင်းသားတွေနဲ့ ပြည်သူတွေအပေါ် ဘာလုပ်ပေးခဲ့သလဲဆိုတာ မသိချင်ယောင် ဆောင်နေတာလား။ တကယ်မသိတာလားတော့မသိ။ မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်က အကြွင်းအကျန်အငွေ့အသက်တွေ အင်္ဂလိပ်လက်ထက်မှာ ရှိနေပါသေးတယ်။ အထူးသဖြင့် ပြည်မမှာသာ ဒီမိုကရေစီလိုလို ဘာလိုလိုနဲ့ သူတို့စိတ်ကြိုက်အုပ်ချုပ်ခဲ့ကြသလို တိုင်းရင်းသားတောင် တန်းဒေသတွေမှာ ပဒေသရာဇ်စနစ်ကို အသက်သွင်း ထားပေးခဲ့တာတွေ့ ရမှာ ဖြစ်ပါတယ်။ ရှမ်းစော်ဘွားဟော်နန်းထဲကို တိုင်းရင်းသားလူမျိုးစုငယ်တွေ ဝင်မရသလို၊ စော်ဘွားကို မော်ဖူးခွင့်မရခင် ကြမ်းပျဉ်မှာ ဦးခေါင်းချ ကျုံ့ကျုံ့လေးခစားရတာတွေ ရှိခဲ့ပါတယ်။ အင်္ဂလိပ်ကုမ္ပဏီကြီးတွေ၊  အထူးသဖြင့် BOC ရေနံကုမ္ပဏီအနေနဲ့ မြန်မာတွေကို ဘယ်လို ဆက်ဆံခဲ့သလဲ။ သခင်ကြီးလို့ အခေါ်ခိုင်းပြီး ဗမာလုပ်သားတွေကို သခင်နဲ့ကျွန်လို ခွဲခြားဆက်ဆံခဲ့တာ သတိရကြမှာပါ။ ဒီအငွေ့အသက်တွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးပြီးနောက် ပိုင်းအထိ ကျန်ရှိနေပါသေးတယ်။ လူမျိုးကြီး၊ လူမျိုးငယ်ဆိုတာတွေလည်း မပျောက်သေးပါ။ 
    ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အိမ်စောင့် အစိုးရကာလရောက်မှ စော်ဘွားအာဏာ စွန့်စေပြီး ကျွန်စနစ် ဖျက်သိမ်းပေးခဲ့ပါတယ်။ အဲဒီချိန်ကစပြီး လူမျိုးကြီးငယ်မရှိဘဲ အားလုံးတန်းတူ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုကူးစက်စေလိုမှုတွေအရ တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပ္ပံကို စတင်ပေးခဲ့တာ တပ်မတော်တစ်ဖြစ်လဲ အစိုးရလက်ထက်မှာပါ။ နောက် ပိုင်း နဝတ၊ နယက အစိုးရလက်ထက်မှာ တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ္ပံကို တက္ကသိုလ်အဆင့်ထိ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 
    နိုင်ငံတော်အာဏာကိုရယူတာ စစ်ကျွန်ဘ၀ ရောက်ရတယ်လို့သတ်မှတ်ရင် အတော် ညံ့ဖျင်း အောက်တန်းကျတဲ့အတွေးအခေါ်လို့သာ ဆိုရမယ်။ အစိုးရမှန် သမျှဟာ နိုင်ငံရဲ့ အရှင်သခင် မဟုတ်ဘူး။ နိုင်ငံကိုအ လုပ်အကျွေးပြုနေသူတွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရမှသာ ပြည်သူ့အစိုးရလို့ ဆိုရတာ မဟုတ်ပါဘူး။ သူ့ခေတ်၊ သူ့စနစ် အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်တည်လာခဲ့တာတွေကို ကိုယ်မကြိုက် တာနဲ့ မှိုချိုးမျှစ်ချိုးပြောရမှာမဟုတ်ပါဘူး။ စစ်ကျွန်လို့ ပြောမယ့်အစား စစ်အုပ်ချုပ်ရေး၊ စစ်အစိုးရဆိုတာ လက်ခံလို့ရတဲ့စကားပါ။အခြေအနေမှန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ် ပါဝင်ပတ်သက်မှု မကြိုက်လို့ မပါအောင်လုပ်တာ အပြစ်မဆိုသာပါ။ သို့သော် ဥပဒေနဲ့အညီဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကဖြစ်ဖြစ် လုပ်လို့ရပါတယ်။ လက်နက်ကိုင်ပြီး လုပ်နေတဲ့ ကိုယ့်လုပ်ရပ်ကို အတင်းအကျပ် လူထုထောက် ခံအောင် တိုင်းပြည်ရဲ့ တပ်မတော်ကို အပုတ်ချစော်ကားတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ 
    နိုင်ငံရေးမှာ တပ်မတော်ပါနေရတာ၊ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း ပါရှိနေရတာ လက်မခံသူတွေ၊ မကျေနပ်သူတွေရှိတာ လက်ခံပါတယ်။ နိုင်ငံရေးမှာ ပါသင့်သလားလို့မေးရင် အခြေအနေအပေါ်မှာ မူတည်နေတယ်လို့ပဲ နားလည်ရမှာပါ။ ပါဖို့မလိုတဲ့ အခြေအနေရောက်ရင် လိုကို မလိုတော့တဲ့အတွက် မြင်တောင် မြင်ရမှာမဟုတ်ပါ။ အပြုတ်တိုက်မှ စစ်ကျွန်ဘဝက လွတ်မယ်ဆို တာမျိုး မဟုတ်ဘူး။ အဲဒီလိုလုပ်လေ တပ်မတော်က နိုင်ငံရေးမှာ ပိုလိုလေဖြစ်မှာ သေချာတယ်။ အပြုတ်တိုက်ဖို့ဆိုတာ ပြောရတာ အရမ်းလွယ်ပါတယ်။ လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင် ချိန်ဆဖို့လိုသလို ပေးရတဲ့ အရင်းအနှီးနဲ့ ရလာမယ့် Result က မတန်မဆဆို လုပ်ကို မလုပ်သင့်တဲ့ ကိစ္စပါ။ 
    ကိုယ်မှန်တယ်ထင်လို့ လုပ်တဲ့ကိစ္စ၊ အမှားအမှန် မဝေဖန်သလို တားလည်းမတားပါ။ သို့သော် ပြည် သူကို အမုန်းတရား ရိုက်သွင်းပြီး ကိုယ့်လမ်းကြောင်းထဲ ဆွဲခေါ်တဲ့ လုပ်ရပ်တော့ လက်ခံလို့မရပါ။ ဆန့်ကျင်ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ 
    နောက်တစ်ခုက ကြောင်တောင်တောင်အ တွေးအခေါ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမရှိရင်  နေပြည်တော်ကို သိမ်းပိုက်ပြီးလောက်ပြီ၊ သတ္တိရှိရင် ခြေလျင်တပ်ချင်း ယှဉ်တိုက်ပါလား ဆိုတဲ့စကားပါ။ ပြောတာကလည်း ဆလိုင်းယောအောင်ပါပဲ။ အရင်ဆုံးမေးလိုတာက ၁၉၈၈ ခုနှစ်အရေးအခင်းရဲ့ အကျိုးဆက်အရ ပေါ်လာတဲ့ ABSDF အနေနဲ့ တပ်မတော်အပေါ် လောက်လောက်လားလား တိုက်ခဲ့တဲ့ တိုက်ပွဲ တစ်ပွဲလောက်ရှိရင် ပြောပြပါလား ဆိုတာပါ။ စကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ဆွဲ အဖြစ်နေလာခဲ့တာပဲ တွေ့ခဲ့ရတာ။ NCA ကျမှ နည်းနည်းလူရာဝင်လာပြီး ၂၀၂၁ အခင်းအကျင်းမှာ တပ်မတော်ကိုခြေရာတိုင်းတာကတော့ အတော်ရယ်စရာကောင်းပါတယ်။ စစ်တိုက်တာ စီးချင်းထိုးတာ မဟုတ်ဘူးဆိုတာ နားမလည်တာလား၊ နားအလည်လွန်တာလားမသိ။ ခြေလျင်တပ်ချင်းယှဉ်လည်း နေပြည်တော်ကို မသိမ်းနိုင်ပါဘူး။ ထောက်ပြစရာအချက်တွေ အများကြီးရှိပေမယ့် လူအထင်ကြီး အောင်လျှောက်ပြောနေတယ်လို့ပဲ မြင်ပါတယ်။ ရေရှည်စစ် မဆင်နွှဲချင်ရင် တိုက်ပွဲအမြန်ပြတ်ဖို့ အင်အားသုံးရမှာ ဖြစ်ပါတယ်။ 
    စစ်မှုထမ်းဥပဒေ အတည်ပြုပြီး စစ်မှုထမ်းစေတာ ပြည်ပစစ်မဟုတ်ဘဲ လိုလို့လားဆိုတာကလည်း ပါသေးတယ်။ ရိုးရိုးလေးပါ။ ပြည်ဖျက်တဲ့ အန္တရာယ်ဟာ ပြည်တွင်း၊ ပြည်ပနဲ့ မဆိုင်ပါ။ တိုင်းပြည်အချုပ်အခြာနဲ့ ပြည်ထောင်စုပြိုကွဲမယ့် အရေးအတွက်ဆိုရင် ပြည်ထောင်စုသားအားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်း တိုင်းရင်းသား အချင်းချင်း ဖြစ်တယ်ဆိုပေမယ့် ပြည်ပ ပယောဂ ထိုက်သင့်သလောက်ပါနေတာ ငြင်းမရတဲ့ အခြေအနေလေးတွေ ရှိနေတာ အများအသိပါ။ တပ်မတော်ကို လက်နက်ကိုင်ရင်ဆိုင်တိုက်နေတဲ့ ဘက်ကကြည့်ရင် အတော်မကျေမချမ်းဖြစ်မယ့်ကိစ္စဆိုတာ လူတိုင်းနားလည်တယ်။ ဒီကိစ္စအပေါ်မှာ အခုမှမပြောနဲ့၊ NUG အပါအဝင် အားလုံးက နည်းမျိုးစုံနဲ့ ပျက်အောင် တိုက်နေတာဖြစ်တဲ့အတွက် အကျိုးမရှိတဲ့ ပုတ်ခတ်တိုက် ခိုက်မှုတစ်ခုသာ ဖြစ်ပါတယ်။ 
    တပ်မတော်က အရပ်သားပစ်မှတ်တွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတယ်လို့ ပြောဆိုတာကိုလည်း တွေ့ရတယ်။ စစ်ယှဉ်မတိုက်နိုင်လို့ ပြည်သူကိုဗုံး ကြဲတာ၊ မြောက်ဦးဆေးရုံဆိုရင် AA တွေနေလို့၊ ဆေးရုံတက်နေလို့ ကြဲတာလားလို့လည်း ဆိုပါတယ်။ သဘောက နိုင်ငံတကာကို လူသားချင်းမစာ နာတဲ့စစ်တပ်၊ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်အဖြစ် ပုံဖော်နေတာ၊ ပြည်သူနဲ့တပ်မတော်ကို ရန်တိုက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုမပြုခင်မှာ လေကြောင်း ကင်းထောက်တတ်တဲ့ သဘာဝအရ တိုက်ခိုက်တဲ့နေရာတွေဟာ ရန်သူနဲ့ပတ်သက်တဲ့ နေရာတွေသာ ဖြစ်ပါတယ်။ ပြည်သူထိခိုက်မှု ရှိကောင်းရှိနိုင်ပေမယ့် သူပုန်နဲ့ ယှဉ်တွဲနေတာမျိုး၊ သူပုန်စခန်းချတဲ့နေရာရဲ့ အနီးဝန်းကျင်နေ ရာမျိုးဆို ရှောင်လွှဲလို့မရတဲ့ အခြေအနေမျိုးလို့သာ ဆိုရမှာပါ။ ဒီနေရာမှာ သတိထားကြည့်ရင်သိနိုင်တာ ရှိပါ တယ်။ တိုက်ပွဲတွေပြီးဆုံးပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့နေရာတွေမှာ တပ်မတော်က ဗုံးမကြဲပါ။ အပြင်းအ ထန်တိုက်ခဲ့ကြတဲ့ ကိုးကန့် MNDAA နေရာတွေကိုတပ်က ဗုံးကြဲတာ တွေ့ပါသလား။ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ဗုံးကြဲလို့ ထိခိုက်သွားတဲ့အပေါ် ပြည်သူကိုသက်သက် ဗုံးကြဲတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ရန်သူအထိနာလို့ နိုင်ငံရေးအရ တုံ့ပြန်မှုသက်သက်လို့သာ မြင်ပါတယ်။ 
    မြောက်ဦးဆေးရုံဆိုတာ နိုင်ငံတော်ကတည်ဆောက်ပေးထားတဲ့ ပြည်သူ့ဆေးရုံပါ။ AA တို့သိမ်းပိုက်ပြီးကတည်းက ပြည်သူ့ဆေးရုံမဟုတ်တော့ပါ။ နိုင်ငံတော်က ခန့်အပ်ထားတဲ့ ဆေးရုံဝန်ထမ်းတွေ၊ ဆရာဝန်တွေလည်း မရှိတော့ပါ။ သူပုန်သိမ်းပိုက်ထားတဲ့နေရာ တစ်ခုသာ ဖြစ်ပါတယ်။ လေကြောင်း ဓာတ်ပုံသတင်းတွေ၊ ကင်းထောက်ဒရုန်းတွေရဲ့ သတင်းပို့ချက်တွေအရ AA ရဲ့ကွပ်ကဲမှု၊ ဝင်ထွက်သွားလာ မှုတွေအရ AA အခြေ ပြုရာနေရာတစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့အခြေအနေ ရှိလို့ပဲဖြစ်ပါတယ်။ ဗုံးကြဲ တိုက်ခိုက်စဉ်မှာ AA က ရင်းမှူးနဲ့ အထက်အဆင့်ရှိသူတွေ ထိခိုက်ဒဏ်ရာရ သေဆုံး သွားတယ်ဆိုတဲ့ သတင်းတွေအရ ဆေးကုသတဲ့နေရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဆေးရုံအဖြစ်တရားဝင်သတ် မှတ်လို့ မရပါ။ 
    စစ်တပ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခြင်းမရှိဘဲ လက်နက်နဲ့ ဖြေရှင်းနေကြောင်း၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်မယ်ပြောနေသော်လည်း နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြောသွားတာလည်း တွေ့ရတယ်။ ဒီစကားရဲ့ အသွားအလာ အပြော အဆိုကို ကြည့်ခြင်းအားဖြင့် တကယ်ငြိမ်းချမ်းရေးလိုချင်နေကြတာလား၊ တပ်မတော်အပေါ် အပြစ်ပုံချနေကြတာလားဆိုတာ ရှင်းပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့တာဝန်က  တပ်မတော်ထက် တည်ဆဲအစိုးရနဲ့ လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေမှာ ပိုတာဝန်ရှိပါတယ်။ 
    တပ်မတော်အပိုင်းကတော့ ရှင်းတယ်။ သူ့တာဝန် သူ့အလုပ်သူလုပ်နေမှာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ နိုင်ငံရေးအတိုးအလျှော့၊ အာဏာခွဲဝေမှု၊ နေရာဒေသသတ်မှတ်မှုတွေဟာ တပ်မတော်က ပေးလို့လည်း မရသလို၊ ပေးပိုင်ခွင့်လည်း မရှိပါ။ သူ့တာဝန်က အခြေခံဥပဒေအရ သတ်မှတ်ခွဲဝေပေးထားတဲ့ အာဏာအတွင်းမှာနေရမှာ၊ အဲ့ဒီအခြေခံဥပဒေကို စောင့် ရှောက်ရမှာဖြစ်ပါတယ်။ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးရဲ့အဓိကက အာဏာခွဲဝေမှုပါ။ အာဏာခွဲဝေမှုကို ချဉ်းကပ်ရင် အခြေခံဥပဒေကသာ မဏ္ဍိုင်ပါ။ ဒီမဏ္ဍိုင်ကို လေးစားဖို့လိုပါတယ်။ ကိုယ်မကြိုက်တဲ့အချက်၊ ကိုယ်လိုချင်တာမရတာတွေနဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ပြဿနာကိုညင်သာစွာ ဖြေရှင်း တာကို နိုင်ငံရေးနည်းအရ ဖြေရှင်းတာလို့ ခေါ်ပါတယ်။ 
    လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုကြည့်ရင် လက်နက်ကိုင်တိုက်ပွဲတွေကို ဘယ်သူကစခဲ့သလဲဆိုတာ အများအသိပါ။ တပ်မတော်က နိုင်ငံတော် အာဏာသိမ်း လိုက်လို့ဆိုပြီး ဆင်ခြေပေးလို့မရပါ။ အာဏာရနိုင်ငံရေးပါတီနဲ့ ကျန်ပါတီတွေကြားမှာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ မတရားမှုတွေကို တပ်မတော်က တည့်ပေးတာ၊ အဲဒီတည့်မတ်မှုကို နိုင်ငံရေးအရ ဆွေးနွေးအဖြေမရှာခဲ့တာ ဘယ်သူလဲ။ သူမကျေနပ်လို့ သူ့အင်အားတွေ လက်နက် ကိုင်တာနဲ့ နဂိုလက်နက်ကိုင်ပြီးသားအဖွဲ့တွေ ပြန်လည် သူပုန်ထတာ ဆိုင်လို့လား။ အကြောင်းပြချက်သက်သက်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း တပ်မတော်က အနည်းဆုံး အင်အားနဲ့သာ ပြန်လည်တုံ့ပြန်ခဲ့တာ၊ အဲဒီတုံ့ ပြန်မှုမှာ အားသာပြီထင်ပြီး ဖိအားပေး တိုက်ခိုက်ခဲ့ကြတာ  ဘယ်သူတွေလဲ။
    တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်မှာ တာဝန်အရှိဆုံးက အခြေခံဥပဒေကပေးထားတဲ့ နယ်မြေအတိုင်း ပြန်လည်ရောက်ရှိရေး ဖြစ်ပါတယ်။ လက်ရှိနယ်မြေသိမ်းထားတဲ့ အဖွဲ့တွေအနေနဲ့ အခြေခံဥပဒေက အတည်မပြုသမျှ၊ မပေးသမျှ တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရမယ့် တာဝန်ရှိတာကို မမေ့ကြဖို့လိုပါတယ်။ ရောက်တဲ့နေရာမှာရပ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုတာ မျိုးက မျှတမှု ရှိ၊ မရှိ ကလေးသွားမေးရင်တောင် သိနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တိုက်ပွဲအားသာချက်အရ နယ်မြေသိမ်းထားပြီး ရထားတဲ့နယ်မြေကို အပိုင်လိုချင်လို့တော့ မရပါဘူး။ သူတို့မှန်း ထားသလို တပ်မ တော်ရှုံးလို့ ဖက်ဒရယ်ဖွဲ့ရင်တောင် ဒီပြဿနာတွေကို ဘယ်သူကဘယ်လိုဖြေရှင်းကြ မှာလဲ။ အခုပြောနေတဲ့ ABSDF ကလူရော၊ NUG က သမ္မတဆိုသူတွေရော သြဇာရှိရှိ မျှတစွာဖြေရှင်းပေးနိုင် ပါ့မလား။ 
    AA က ရခိုင်သိမ်း၊ မင်းနယ်မင်းယူဆိုတာ ပြည်ထောင်စုအမြင်နဲ့ မကြည့်ဘဲ သာမန်အားဖြင့် လက် ခံလို့ရကောင်းရမှာ မှန်ပေမယ့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲကမြေတွေ သိမ်းထားပြီး သူတို့နယ်မြေအဖြစ် လိုချင်ရင်ပေးမလား။ အရင်ဖြေ ကြည့်ပါ။ ဒီလိုပဲ၊ MNDAA သိမ်းထား တဲ့နယ်မြေတွေ၊ KIA သိမ်းထားတဲ့နယ်မြေတွေ အစရှိသဖြင့် ပြည်ထောင်စုနယ်မြေခွဲဝေမှုနဲ့ အခြေခံ ဥပဒေအရ အတည်ပြုထားတဲ့ နယ်မြေတွေကို ပြန်လည်တည့်မတ်ပေးဖို့ လိုပါတယ်။ ဒီလိုအခြေအနေမှာ တပ်မတော်က နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ မဆိုင်ပါ။ သို့သော် စစ်ပွဲတွေ ပြီးဆုံးသွားစေဖို့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရဲ့ လုပ်ဆောင်ချက်ဟာ သင်ခန်း စာတစ်ခုဖြစ်စေခဲ့တာကိုတော့ သတိချပ်ဖို့လိုပါတယ်။ 
    စစ်ကိုခေါ်တဲ့အတွက် စစ်ရဲ့အနိဋ္ဌာရုံတွေ ခံစားနေရတာ စစ်ကိုခေါ်တဲ့သူမှာသာ တာဝန်ရှိပါလိမ့်မယ်။ အခုရေးသားခဲ့တဲ့ အချက်အလက်တွေဟာ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့ 'နွေဦးတော်လှန်ရေး အနိုင်ရမလား' ခေါင်းစဉ်ထက်ကျော်လွန်ပြီး တပ်မတော်အပေါ် ပုတ်ခတ်နေတဲ့အတွက် ဖြစ်နေတဲ့ အခြေအနေနဲ့ ဖြစ် သင့်တဲ့အခြေအနေကို ရှုထောင့်တစ်မျိုးက သုံးသပ်တဲ့သ ဘောပဲဖြစ်ပါတယ်။ မိမိအမြင်အရ 'နွေဦးတော်လှန်ရေး အနိုင်ရမလား' ဆိုရင် သူ့ရဲအန္တိမရည်ရွယ်ချက်က ဘာလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါမယ်။ ရည်ရွယ်ချက်အောင်မြင်ဖို့ လက်နက်ကိုင်နည်းကို သုံးနေသမျှ အောင်မြင်စရာမရှိပါ။ တဖြည်းဖြည်းချင်း NUG တွေ ပျောက်ကွယ်သွားမှာဖြစ်သလို ပြည်သူတွေ ဒုက္ခပေါင်းစုံကို အချိန်တစ်ခုအထိ ခါးစည်းခံနေရဦးမှာပဲ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနိုင်ရချင်ရင်တော့ လက်နက်စွန့်ပြီး ဥပဒေဘောင် အတွင်းကိုသာ ပြန်ဝင်လာလိုက်ပါ။ 
ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66874

© 2022 - 2026 News. All Rights Reserved.