ငါတို့သည် ဒီမိုကရေစီ နိုင်ငံသူ၊ နိုင်ငံသားများသာ ဖြစ်သည်

၂၀၂၆ ၊ မေ ၁၇

    အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းများကို ထောက်ပံ့ကူညီရမည့်အစား နိုင်ငံရေးအရ မလိုလားအပ်သည့် ဖိအားများကို ပေးနေခြင်းက မိတ်ဆွေစစ်၊ မိတ်ဆွေ ကောင်းနိုင်ငံများ၏ လုပ်ရပ်ဟုတ်ခြင်း၊ မဟုတ်ခြင်းလားဟု မေးခွန်းထုတ်လိုသည်။ လူမှုကွန်ရက်သတင်းတု  သတင်းမှားများအပေါ် အခြေခံကာ မြန်မာနိုင်ငံ အစိုးရအပေါ် ဖိအားပေးသယောင် ထုတ်ပြန်ချက်များ၊ တောင်းဆိုချက်များ ပြုလုပ်နေခြင်းက နောက်ကွယ်နိုင်ငံကြီးများ၏ ဖိအားကြောင့်ဟု အကြမ်းဖျင်း သုံးသပ်ရမည် ဖြစ်သည်။ မြန်မာနိုင် ငံသည် ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေသလို အခြားမိတ်ဖက်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက် ခြင်း အလျဉ်းမပြုသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း အာဆီယံကဲ့သို့သော အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအစုအဖွဲ့၌ ပါဝင်သော နိုင်ငံအချို့အနေဖြင့် မြန်မာ့နိုင်ငံရေးအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များနှင့် ဖိအားပေးနေခြင်းအပေါ် မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် တိတိပပ ဆန့်ကျင်ရှုတ်ချမိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ ပြည်တွင်း နိုင်ငံရေးအရ အစွန်းအထင်း အဖြစ်မခံဘဲ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ့သဘောထားတစ်ရပ် တစ်သားတည်း ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၂၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် အတိုင်းထက်အလွန် အောင်မြင်ခဲ့ပြီး ပြည်သူတင် မြှောက်ခဲ့သည့် အစိုးရတစ်ရပ် ပီပီပြင်ပြင် ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
    ဤနေရာတွင် ဒီမိုကရေစီကို လိုလားပါသည်ဟူသော နိုင်ငံကြီးအချို့နှင့် အာဆီယံဒေသတွင်း နိုင်ငံအချို့၏ မသိကျိုးကျွန်ပြုခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသော နိုင်ငံဖြစ်သည်နှင့်အညီ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သည်။ ထို့နောက် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြင့် ရွေးကောက်ပွဲ အနိုင်ရပါတီလက်အတွင်းသို့ တိုင်းပြည်၏အာဏာကို အပြည့်အ၀ အပ်နှင်းခဲ့သည်။ ယင်းကာလများ၌ မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု တစ်စုံတစ်ရာ မပြုခဲ့ဘဲ တပ်မတော်အကြီးအကဲ တာဝန်ယူသူကိုယ်တိုင်က ဒီမိုကရေစီနိုင်ငံ ဦးဆောင်ခဲ့ကြသည့်ခေါင်းဆောင်များကို ပံ့ပိုး ကူညီပေးခဲ့သည်။ ယင်းနောက် ဒီမိုကရေစီ တတိယအစိုးရသက်တမ်းသို့ ကူးပြောင်းရန် အရေးကြီးသည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန်တွင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအသီးသီး ဒီမိုကရေစီအ နိုင်ကျင့်မှုကို ခံစားခဲ့ရသည်။ ရွေးကောက်ပွဲကြိုကာလ ကိုဗစ်ရောဂါကပ်ဆိုး တစ်ကမ္ဘာလုံး ခံစားနေရချိန်တွင် အာဏာရပါတီသည် ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်ကို လက်ကိုင်တုတ်သဖွယ်ပြု၍ မဲဆွယ်စည်းရုံးမှုကို ပြိုင် ဘက်ပါတီများထက် သာသောအခွင့်အရေးများ ရယူခဲ့သည်။ လူစုလူဝေးများဖြင့် မဲဆွယ်စည်းရုံးမှုကို ပြောင် ပြောင်တင်းတင်း ကျူးလွန်ခဲ့ပြီး ကိုဗစ်ရောဂါ မပြန့်ပွားစေရေးအတွက် ကျန်းမာရေးအရ တားမြစ်ချက်များကို ချိုးဖောက်ခဲ့ သည်။ အဆိုးရွားဆုံးအနေဖြင့် ၎င်းတို့  တိုင်းပြည်အာဏာကို ဆက်လက်ရရှိစေလိုသော စိတ်ဆန္ဒ တစ်ခုတည်းဖြင့် ဒီမိုကရေစီ၏ စံချိန်စံညွှန်းများကို ချိုးဖောက်၍ အရုပ်ဆိုးအကျည်းတန်သော မဲမသမာမှုကို ပြုလုပ်ခဲ့သည်။ ယင်းလုပ်ရပ်အပေါ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ကန့်ကွက်ခဲ့ကြပြီး မဲမသမာမှုများကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုအချိန်က အာဏာရပါတီခေါင်း ဆောင်များ ယင်းတို့၏ လုပ်ရပ်အပေါ် တစ်စုံတစ်ရာ ဖြေရှင်းချက် မပေးဘဲ ဒီမိုကရေစီ၏ ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ကျူး လွန်ခဲ့ကြသည်။ ထိုသို့သော မရိုးသားသည့် နိုင်ငံရေးနည်းလမ်းဖြင့် တိုင်းပြည်အာဏာ ကို ရယူရန် ကြိုးပမ်းမှုကို လက်မခံနိုင်သည့်အတွက် နိုင်ငံရေးပါတီများ၏ တောင်းဆိုချက်များအတိုင်း တပ်မတော်က ရွေးကောက်ပွဲမဲရလဒ်များကို ပြန်လည်စိစစ်ရာတွင် မဲမသမာမှုပြု လုပ်ခဲ့ကြောင်း ထင်ရှား ပေါ်လွင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ တပ်မတော်က တိုင်းပြည်တာဝန်ကို မလွှဲမရှောင်သာ တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။
    အထက်ပါ ဖြစ်ရပ်များကို အခြေခံ၍ ဒီမိုကရေစီကို လိုလားတောင့်တပါသည်ဟူသော ဒီမိုကရေစီ အပြောင်းအလဲကို ထောက်ခံ ကြိုဆိုပါသည်ဟူသော နိုင်ငံကြီးများနှင့် အာဆီယံဒေသတွင်း နိုင်ငံအချို့က ထိုစဉ်က အာဏာရပါတီ၏ လုပ်ရပ်အပေါ် တစ်စုံတစ်ရာ ဝေဖန်မှုမရှိဘဲ တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။
    ထိုစဉ်က ၂၀၂၀ ရွေးကောက်ပွဲ၏ မဲမသမာမှုများကို အထောက်အထား ခိုင်လုံစွာဖြင့် တပ်မတော်က  နိုင်ငံတကာသံတမန်များကို ဖိတ်ခေါ်ကာ ရှင်းလင်းပြောကြားခဲ့သည်အထိ နိုင်ငံတကာ ဆက်ဆံရေးတွင် တာဝန်ကျေခဲ့သည်။ ထိုသို့ မှားယွင်းသော ရွေးကောက်ပွဲဆိုင် ရာ အချက် အလက်များကို နိုင်ငံတ ကာသိ ရှင်းလင်းပြော ကြားခဲ့သော်လည်း နိုင်ငံအချို့ အမှန်တရားဘက်မှ ရပ်တည်ရေး ပျက်ကွက်ခဲ့ကြသည်။ သတင်းအချက်အလက် အမှားများကိုသာ ယူ၍တပ်မတော်က တိုင်းပြည်အာဏာကို သိမ်းသ ယောင် ပုံဖော်၍ နိုင်ငံရေးအရ အကွက်ရှာ ဖိအားများကိုသာ မြန်မာနိုင်ငံအပေါ် ဖိအားပေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်၍ ဒေသတွင်းနိုင်ငံအချို့၏ နိုင်ငံရေးအရ ဖိအားပေးမှုကို လုပ်ရပ်များဖြင့် သက်သေပြခဲ့ကြသည်။နိုင်ငံရေး အာဏာရမ္မက်ကြောင့် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုင်းပြည်မတည်မငြိမ် ဖြစ်စေရေး ကြိုးပမ်းခဲ့သော အကြမ်းဖက်မှုပေါင်းများစွာကို တပ်မတော်နှင့် နိုင်ငံသူ နိုင်ငံသားပေါင်းများစွာ အချိန်ယူကျော်ဖြတ်ခဲ့ရသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကတစ်ဆင့် ပြန် လည်ရောက်ရှိစေရမည်ဟူသော ငါးနှစ်တာကာလတာ ဝန်ယူခဲ့သော အစိုးရနှင့်ပြည်သူများ၏ သဘောထားဆန္ဒ တူညီမှုကြောင့် ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ပြည်သူများ၏ မှန်ကန်သော ဆန္ဒမဲများဖြင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
    ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ဖော်ပြရလျှင် ရွေး ကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်  ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်း ရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့ပြီး ဆန္ဒမဲ ပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ရွေး ကောက်ပွဲတွင် ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီခြောက်ပါတီရှိခဲ့သည်။ ယှဉ်ပြိုင်မှုအရ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံခဲ့ရပြီး ပြည်သူကိုယ်စားပြုသူများ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ ဒီမိုကရေစီနည်းအရ ပြည်သူ့ဆန္ဒမဲများဖြင့် ရွေးချယ်တင်မြှောက် လိုက်ကြသည့် ပြည်သူ့ကိုယ်စားလှယ်များမှတစ်ဆင့် နိုင်ငံတော်ကို ဦးဆောင်မည့် နိုင်ငံတော်သမ္မတကြီးအပါအဝင် ဒုတိယ သမ္မတနှစ်ဦးနှင့် ပြည်ထောင်စုအစိုးရ တစ်ရပ်လုံးကို ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ဒီမိုကရေ စီခရီးလမ်းကို မျှော်မှန်းထားသည့် အချိန်ကာလတစ်ခုအရောက်တွင် အောင်အောင်မြင်မြင် လျှောက်လှမ်း နိုင်ခဲ့သည်။
    ထိုသို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ၏ ဆန္ဒမဲများအရ  နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ အခမ်းအနားတွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ "နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး  အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်တည် ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက် သွားပါ မယ်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေ နိုင်ငံများနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီး သီးမှာ ပူးပေါင်းဆောင်ရွက်သွားပြီး နိုင်ငံတကာဆက် ဆံရေးကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နဲ့အညီ ခိုင်မာအောင် တည်ဆောက်သွား မှာဖြစ်ပါတယ်"ဟု ထည့်သွင်းပြောကြားခဲ့ သည်။
    ထို့အပြင် ဧပြီ ၂၁က ကျင်းပသည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင်လည်း နိုင်ငံတော် သမ္မတကြီးက "အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိမိသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် အချိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားပြီး ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ပါ အချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအချက်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှားယွင်းသော သတင်းအချက် အလက်များကို အခြေခံပြီး မိမိတို့ အပေါ် ဖိအားပေး လုပ်ဆောင်နေခြင်းများလည်း ရှိကြောင်း၊ အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြင်ဆင် လိုကြသည်များလည်း ရှိကြောင်း၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရမည် ဖြစ်ကြောင်း"ထပ်မံပြောကြားခဲ့သည်။
    အထက်ပါ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောကြားချက်သည် နိုင်ငံသူနိုင်ငံသားများ၏ သဘောထားဆန္ဒများနှင့် ထပ်တူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိပြည်တွင်းရေးအခြေအနေကို ရင်ဆိုင်ခံစားရသူများက နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူနိုင်ငံသားများသာ ဖြစ်သည်။ ဤနေရာတွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ မေ ၈ ရက်က ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များကို လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန်ကြေညာသည်။
    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အပြုသဘောဆောင်သည့် ထုတ်ပြန်ကြေညာချက် မဟုတ်ကြောင်း ပေါ်လွင်နေသည်ကို တွေ့မြင်ရသည်။ ၎င်းတို့၏ ကြေညာချက်တွင် အရပ်သားပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသည့် အကျဉ်းသားတွေကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ ဒါ့အပြင် အကျဉ်းသားများ လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအကြား အားလုံးပါဝင်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ပါကြောင်းနှင့် ကျန်ရှိနေသည့် အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုချက်များကို ထပ်လောင်းအတည်ပြု လိုက်ကြောင်း ဖော်ပြ ထားသည်ကို တွေ့မြင်ရသည်။
    အာဆီယံကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများကို ကိုယ်စားပြုသည့်အဖွဲ့အစည်းကြီးတစ်ခုအနေဖြင့် လူမှုကွန်ရက်မှ သတင်းမှား၊ သတင်းတုများကို  ကိုးကားကာ မြန်မာနိုင်ငံတွင် အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်သယောင် မရှင်းလင်းသော ရေးသားချက်ကို တွေ့မြင်ရသည်။ အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကာလတွင် အာဏာလက်လွှတ်ခဲ့ရသည့် ပါတီကို ထောက်ခံကြသူများမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည့် အကြမ်းဖက်အဖွဲ့ အစည်းများ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုကျူးလွန်သည့် ဖြစ်စဉ်များ၊ ယနေ့ချိန်ထိ လက်နက်အားကိုးဖြင့် ပြည်သူ လူထုကို အနိုင်ကျင့်နေမှုများ၊ ပြည်ပမှနေ၍ ပြည်တွင်းရေး မတည်မငြိမ် ဖြစ်စေရေးနှင့် အကြမ်းဖက်လုပ် ရပ်များကို အားပေးထောက်ခံ နေသည့် NUG အမည်ခံ အကြမ်းဖက်ခေါင်းဆောင်အဖွဲ့ကို တစ်စုံတစ်ရာ ပြစ်တင်ပြောဆိုမှုမရှိသည်ကိုတွေ့ မြင်ရသည်။ ထို့အပြင် နိုင်ငံရေးအခြေအနေများကို အခွင့်ကောင်းယူကာ တိုင်းရင်းသားလက် လနက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကြောင့် ဖြစ်ပေါ် လာခဲ့ရသည့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးရသည့် ဖြစ်စဉ်များကို ဖန်တီးခဲ့ကြသူများ အပေါ် ပြစ်တင် ဝေဖန်ခြင်း မပြုလုပ်သည်ကလည်း အံ့သြဖွယ်ရာ အချက်ပင်ဖြစ်သည်။
    အာဆီယံ၏ ထုတ်ပြန်ချက်တွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများကို ပြန်လည်လွတ်မြောက်ခွင့်ပေးရန်နှင့် အကျဉ်းသားများ လွတ်မြောက်ခွင့်ပေးခြင်းဖြင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဟု ရှုမြင်ကြောင်း၊ ထုတ်ပြန် ချက်က မည်သူ့ကို ရည်ညွှန်းကြောင်း သိသာထင်ရှားစေသည်။ နိုင်ငံကြီးအချို့နှင့် အာဆီယံ သိထားသင့်သည်မှာ   ၂၀၂၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံနေရသူများမှာ ဥပဒေအရ ထင်ရှားသော ပြစ်မှုများကျူး လွန်ခဲ့ကြသည့်အတွက် အပြစ်ဒဏ် ကျခံနေရခြင်းဖြစ် သည်။ ထို့ကြောင့် ၂၀၂၀မှနေ၍ ၂၀၂၅ အထိ နိုင်ငံ့တာ ဝန်ယူခဲ့သည် အစိုးရကလည်း ပြစ်မှုပြစ်ဒဏ်များကို သဘောထားကြီးစွာ ဖြေလျှော့ပေးခဲ့သည်။ ထပ်မံ၍ ထွက်ပေါ်လာသော ရွေး ကောက်ခံအစိုးရ၏ နိုင်ငံ့ခေါင်း ဆောင်ကိုယ်တိုင်ကလည်း သဘောထားကြီးစွာ ယခင် အစိုးရအကြီး အကဲအဖြစ် ဆောင်ရွက်ခဲ့သူကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သလို ၎င်းတို့၏ ခေါင်းဆောင်ကိုလည်း ပြစ်ဒဏ်ကျခံရမည့် နေရာအား ပြောင်းလဲသတ်မှတ်ပေးခြင်းဖြင့် များစွာသော ဖြေလျှော့မှုကို လူသားချင်း စာနာထောက်ထားမှုကို ပြသခဲ့သည်။ အာဆီယံအနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သော အလားတူပြစ်မှုမျိုးကို သက်ဆိုင်ရာ ဒေသတွင်း နိုင်ငံအသီးသီးတွင် ကျူးလွန်သူရှိလာပါက  ယခုကဲ့သို့ မြန်မာနိုင်ငံ အစိုးရနည်း တူ သဘောထားကြီး နိုင်မည်လောဟု မေးခွန်းထုတ်လိုသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် အရေးပါသည့် ရွေးကောက်ပွဲတစ်ရပ်လုံးကို ရုပ်ဆိုးအကျည်းတန်စွာ မဲမသမာမှုပြုလုပ်ခဲ့ခြင်းသည် မည်သူ့ အပေါ် တာဝန်ရှိသနည်း၊ ထို့အပြင် အဂတိတရားများကြောင့် နိုင်ငံပိုင်ငွေကြေးမြောက်မြား စွာ နစ်နာဆုံး ရှုံးရခြင်းသည် မည်သူတို့အပေါ် တာဝန်ရှိသနည်းဟူသော မေးခွန်းများကို ဘက်မလိုက်ဘဲ ဖြေဆို ရန်လို အပ်သည်။ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့် ပြည်ထောင်စုအဆင့် တာဝန် ရှိသူများ၏ မဆင်မခြင် ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့်  အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ ဆုံးရှုံးခဲ့ ရခြင်းအပေါ် တာဝန်ယူ တာဝန်ခံရမည်သူများမှာ မည်သူတို့ ဖြစ်သည်ကို ထပ်မံမေးခွန်းထုတ်ရမည် ဖြစ်သည်။
    ထိုသို့ တစ်ဖက်သတ်ဖိအားများနှင့်ပတ်သက်၍ မေလ ၆ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးကို နိုင်ငံတော်သမ္မတက "ပြည်သူများက ရွေးချယ်ထားသည့် အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့ သော နိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်း ဆောင်နေသည့် မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေး ကြသူများကို ဒီမိုကရေစီ နိုင်ငံများမှ တန်ဖိုးထားရန် လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက် အကောင်အထည် ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း"ပြောကြားခဲ့သည်။
    အထက်ပါ နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အတိုင်း နိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်း အလဲအပေါ် လိုလားထောက်ခံပါက ဒီမိုကရေစီနည်းအရ တရား မျှ တသောရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည့် မြန်မာနိုင်ငံသူနိုင်ငံသားများကို တန်ဖိုးထားလေးစား ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတော် အစိုးရနှင့်ပြည်သူများ၏သည် ဒီမိုကရေစီကို မည်မျှလိုလားတောင့် တကြောင်းကို ဖြတ်သန်းခဲ့ရသည့် ငါးနှစ်တာကာလတွင် အကြမ်းဖက်မှုပေါင်းများစွာဖြင့် တိုင်းပြည်မ တည်မငြိမ်ဖြစ်စေ ရေးလုပ်ဆောင်ခဲ့ကြသည့် အခြေအနေများမှ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့သည်ကို ကမ္ဘာသိ ဖော်ထုတ်ပြထားသည့် သမိုင်းသက်သေပင်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင် မြှောက်ထားသည့် အစိုးရ၏ အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီ နိုင်ငံသူ၊ နိုင်ငံသားများပင် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၇  ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 56

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62220

© 2022 - 2026 News. All Rights Reserved.