စနစ်တကျ ပြင်ဆင်မှုများဖြင့် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရွေးကောက်ပွဲ

၂၀၂၆ ၊ ဇန်နဝါရီ ၁၆

    ရန်ကုန် ရွေးကောက်ပွဲ အခင်းအကျင်း မင်္ဂလာနံနက်ခင်းကို မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် လိုက်လံနှုတ်ဆက်နေသည့် ယာယီသမ္မတကြီး၏ လှုပ်ရှားမှုပုံရိပ်များဖြင့် ကန့်လန့်ကာ ဖွင့်လိုပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၀၀ တွင် ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့ရာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ရန်ကုန်တိုင်း‌ဒေသကြီး လှိုင်၊ အင်းစိန်၊ လသာမြို့နယ်တို့ရှိ  သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ လှည့်လည် ကြည့်ရှုခဲ့သည်။ 
    သက်ဆိုင်ရာ မဲရုံများသို့ရောက်ရှိစဉ် မဲရုံမှ တာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင် ပြည်သူများ၏ တက်ကြွစွာ ပါဝင် ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများအား နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။
    ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လသာမြို့နယ် အမှတ် (၁၀)ရပ်ကွက် မဲရုံအမှတ် (၁) သို့ လာရောက်၍ ဆန္ဒမဲပေးနေမှုအား လိုက်လံကြည့်ရှုခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ "လသာ အ.ထ.က(၁)မှာ ဖွင့်လှစ်ထားတဲ့ မဲရုံအမှတ် (၁) ကို ယာယီသမ္မတကြီး လာကြည့်သွားတယ်။ ဒီကျောင်းက ယာယီသမ္မတကြီး နေခဲ့တဲ့ကျောင်း၊ လသာ အ.ထ.က (၁) ကနေ ၁၀ တန်းအောင်ခဲ့တာ၊ အဲဒီ ကျောင်းထွက်ပေါ့။ ဒီကျောင်းကိုလာပြီး လှည့်လည်ကြည့်ရှုသွားတယ်။ တခြားတော့ ဘာမှပြောမသွားပါဘူး။ မဲပေးတာတွေ အဆင်ပြေကြလား၊ မဲပေးပြီးသွားကြပြီလား ပြည်သူတွေကို မေးပြီးရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ နောက် အဘတစ်ယောက်စီက မဲစလစ်လေး ယူကြည့်တာ တွေ့ရတယ်"ဟု လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက ၎င်းမြင် တွေ့ကြားသိခဲ့ရပုံကို ပြောပြသည်။
    ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပနေခြင်းဖြစ်သည်။ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း ၁၀၂ မြို့တွင် ကျင်းပခဲ့သည်။ အပိုင်း(၁)ကျင်းပပြီး နှစ်ပတ်အကြာ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း(၂)ကို မြို့နယ် ၁၀၀ တွင် ကျင်းပခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ်ဖြစ်သည့် အပိုင်း(၁)ကျင်းပခဲ့သည့် မြိုနယ်ပေါင်း ၁၀၀ တွင် ကချင်ပြည်နယ်မှ သုံးမြို့နယ်၊ ကယားပြည်နယ်မှ နှစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ တနင်္သာရီတိုင်းမှ သုံးမြို့နယ်၊ ပဲခူးတိုင်းမှ ၁၂ မြို့နယ်၊ မကွေးတိုင်းမှ  ၁၁ မြို့နယ်၊ မန္တလေးတိုင်းမှ  ကိုးမြို့နယ်၊ မွန်ပြည်နယ်မှ ငါးမြို့နယ်၊ ရန်ကုန်တိုင်းမှ ၁၆ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၁၇ မြို့နယ်၊ ဧရာဝတီတိုင်းမှ ကိုးမြို့နယ်တို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲများ (ရွေးကောက်ပွဲအပိုင်း ၁၊ ၂၊ ၃) တွင် တစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ ၂၄ ဒသမ ၂၆ သန်းခန့်ရှိကြောင်း UEC မှ ထုတ်ပြန်ထားသည်။ ကျင်းပပြီးစီးခဲ့သည့် အပိုင်း(၁)တွင် မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်း ကျော်ရှိပြီး မဲပေးသူ ၆ ဒသမ ၀၉ သန်း ကျော်ရှိခဲ့၍ ရာခိုင်နှုန်းအားဖြင့် မဲလာပေးသူ ၅၂ ရာခိုင် နှုန်းကျော်ရှိ‌ခဲ့သည်။
    ပထမဦးဆုံး ကျင်းပခဲ့သည့် အပိုင်း(၁)တွင် ကြိုတင်မဲပေးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ပွင့်လင်းမြင် သာမှု မရှိ၊ နိုင်ငံရေးပါတီများအား ဖိတ်ကြားမှုမရှိဟူသော  ဝေဖန်သံတချို့ ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားခဲ့ကြောင်း ပြည်‌ ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရှင်းလင်းထုတ် ပြန်ခဲ့သည်။ ယခုရွေးကောက်ပွဲ အပိုင်း(၂)အတွက် ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိမရှိ၊ ပါတီများအား အသိပေး အကြောင်းကြား ဖိတ်ကြားမှု ရှိ၊ မရှိ၊ မဲဖွင့်ဖောက်စစ်ဆေး ရေတွက်မှု ပါတီများ သိခွင့် ရ၊ မရ ကချင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ နိုင်ငံရေးပါတီမှ တာဝန် ရှိသူများ၏ အမြင်သဘောထားများကို မေးမြန်းဖြစ်ခဲ့ သည်။
    "ပထမအကြိမ်တုန်းက UEC က အကြောင်းကြားတဲ့ ပါတီရှိတယ်။ တချို့ အကြောင်းမကြားတာလား၊ ပါတီတွေကပဲ ဖုန်းလိုင်းတွေ မဖွင့်မိတာလားတော့ မသိဘူး။ အဲဒီလို ဖြစ်စဉ်တွေရှိတယ်။ ပထမအကြိမ်တုန်းကလည်း ကျွန်တော်တို့ပါတီကို အကြောင်းတော့ ကြားတယ်။ ကျွန်တော်တို့ဆီက ဖုန်းလိုင်းကို အမြဲစစ်နေတဲ့ အခါကျတော့ Viber နဲ့ ထည့်ပေးလိုက်တာ အကုန်လုံး ရောက်သွားပါတယ်။ ပထမ အကြိမ်တုန်းကလည်း ကြိုတင်မဲ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သိရပါတယ်။ အခု ဒီ ဒုတိယအကြိမ်အတွက် ကြိုတင်မဲကောက်ယူရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ပါတီကို ဖိတ်ပါတယ်။ ဖိတ်ပြီးတော့မှ အကုန်လုံးပြပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ ကြိုတင်မဲကောက်မယ်ဆိုတာ အသိပေး ဖိတ်ခေါ်တော့ ပထမအကြိမ် ထက် ပိုပြီးလုပ်တာကိုင်တာ စည်းစနစ်ရှိ လာတာတွေ့ရတယ်။ ပထမအကြိမ်တုန်းကတော့ အားနည်းချက်တချို့ ရှိခဲ့တယ်။ အခု ဒုတိယပိုင်းမှာတော့ ကြိုတင်မဲပေးတဲ့နေ့မှာလည်း ပါတီတွေ တော်တော်များ များပါပါတယ်။ မဲတွေ ဖွင့်‌ဖောက် ရေတွက်တဲ့အခါမှာလည်း ပါတီတွေ ပါပါတယ်"ဟု ကချင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေ အတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာက ပြောသည်။
    ဒုတိယအကြိမ်ရွေးကောက်ပွဲ ကျင်းပသည့် မြို့နယ်ပေါင်း ၁၀၀ တွင် ကချင်ပြည်နယ်မှ သုံးမြို့နယ်၊ ကယားပြည်နယ်မှ နှစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ် မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ တနင်္သာ ရီမှ သုံးမြို့နယ်၊ မကွေးတိုင်းမှ ၁၁ မြို့နယ်၊ မန္တလေးတိုင်းမှ ကိုးမြို့နယ်၊ မွန်ပြည်နယ်မှ ငါးမြို့နယ်၊ ရန်ကုန်တိုင်းမှ ၁၆ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၁၇ မြို့နယ်၊ ဧရာဝတီတိုင်းမှ ကိုးမြို့နယ်တို့ အသီးသီးပါဝင်သည်။
    ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလို ဇန်နဝါရီ ၉ ရက်က ရွေးကောက်ပွဲ ဒုတိယအကြိမ်အတွက် ကြိုတင်မဲပေးနေကြသည့် မြင်ကွင်းများ၊ သတင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် အများအပြား ပျံ့နှံ့ခဲ့သည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်ကြမည့် သက်ဆိုင်ရာ မြို့ နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးဝန်ထမ်းများ၊ ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါ အဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေကြသည့် ပုံရိပ်များဖြစ်သည်။ 
    ဒုတိယအကြိမ် ရွေးကောက်ပွဲအတွက် ကြိုတင်မဲ လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများအား ဖိတ်ကြားခဲ့သလို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း ပဲခူးတိုင်းအခြေစိုက်ပါတီ တစ်ခုဖြစ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။ "ကြိုတင်မဲလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ပါတီကို ဖိတ်ပါတယ်။ ကြိုတင်မဲပေးတာကို အနှောင့်အယှက်မဖြစ်စေဘဲ ကြိုတင်မဲလုပ်ငန်းစဉ်ကို ကြည့်ရှုခွင့်ရပါတယ်။ မဲရေတွက်တာလည်း ကြည့်ခွင့်ရခဲ့ပါတယ်။ အခုက ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာတယ်။ ကြိုတင်မဲ လုပ်ငန်းစဉ်က ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်တာ တွေ့ခဲ့ရပါ တယ်"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
    ပြည်သူ့ပါတီအနေဖြင့်လည်း ကြိုတင်မဲပေး ရေးလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြား ချက်အရ ပါတီကိုယ်စားလှယ်လောင်းများက သွားရောက် ကြည့်ရှုခဲ့ကြောင်း ယင်းပါတီ ဗဟိုစည်းရုံးရေးကော်မတီအဖွဲ့ဝင် ဦးလှဌေးက ပြောသည်။ "အပိုင်း(၂) အတွက် ပါတီတွေကို ဖိတ်ပါတယ်။ ဖိတ်တဲ့အတွက် ပါတီကိုယ်စားလှယ်လောင်းတွေလည်း ကြိုတင်မဲပေးတဲ့ကိစ္စတွေကို တောက်လျှောက် သွားကြည့်ခဲ့ကြပါတယ်။ ကြိုတင်မဲပေးလုပ်ငန်းစဉ်မှာ လွှတ်တော် ကိုယ်စားလောင်းတွေကို ဖိတ်တယ်။ ဖိတ်ပြီးတော့ လွှတ်တော်ကိုယ်စားလောင်းတွေကို ကြည့်လို့ရှုလို့ရအောင် စနစ်တကျ စီမံပေးခဲ့တယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေက ပါတီဗဟိုကို ပြန်ပြီး သတင်းပို့ကြပါတယ်။ သူတို့ သွားကြည့်ရတာရော၊ မဲလာပေးတဲ့သူတွေရော၊ ကော်မရှင်အဖွဲ့တွေရော စနစ်တကျ ပြင်ဆင်ထားပြီး‌ တော့ သူတို့ ကြည့်ရှုလို့ရကြောင်း ပြောလာပါတယ်"ဟု ဦးလှဌေးက ဆက်ပြောသည်။
    ကြိုတင်မဲကောက်ယူရေးလုပ်ငန်းစဉ်တွင် မြို့ နယ်ကော်မရှင်က တစ်ရက်ကြိုတင်၍ ဖုန်းဆက်အကြောင်းကြားခဲ့သလို ယင်းလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောတတ်ဆိုတတ်ရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး လသာမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုသည်။ ၎င်းအနေဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းဖြစ်၍ အခြားသောပါတီများ၊ တစ်သီးပုဂ္ဂလများနှင့် ပူးပေါင်းကာ လူခွဲကြိုတင်မဲ ပေးချိန်၊ ကြိုတင်မဲပေးမည့်နေရာများ အချိန်တူညီနေပါက လူခွဲပြီး လိုက်လံကြည့်ရှုခဲ့ပြီး ရရှိလာသည့် ကြိုတင်မဲစာရင်းများကိုလည်း ပြန်ပေါင်းကာ တိုက်ဆိုင်စစ်ဆေးခဲ့သည်ဟုလည်း ဆက်ပြော သည်။
    "လသာမြို့နယ်မှာ ကြိုတင်မဲက Clear ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ ကိုယ်တိုင် လိုက်ပါတယ်။ အိမ်တိုင်ရာရောက်လည်း ကျွန်မတို့ကိုယ်တိုင် လိုက်တယ်။ ရပ်ကွက်ရုံးမှာ လာပေးတဲ့ မဲတွေကိုလည်း ကျွန်မတို့ရှေ့မှာပဲပေးတယ်။ ကိုယ်စားလှယ်လောင်းတစ် ယောက်ယောက်ရှေ့မှာပဲ ပေးတယ်။ ကျွန်မတို့ကိုယ်စား လှယ်လောင်းရှေ့တွေမှာ မပေးတဲ့ ကြိုတင်မဲဆိုရင် Reject လုပ်တယ်။ ဒါကြောင့် မို့လို့ ကြိုတင်မဲတွေကို ကျွန်မတို့ရှေ့မှာပဲ လာပေးရတယ်။ အားလုံးပေါင်း ၄၃၀ တော့ရှိတယ်။ ဒီကြို တင်မဲတွေ အကုန်လုံးကိုလည်း အတည်ပြုပါတယ်"ဟု ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုခဲ့သည်။
    ရွေးကောက်ပွဲ ပထမအကြိမ် ကျင်းပစဉ်ကာလက မဲစာရင်း အခက်အခဲတချို့နှင့် မဲစာရင်းရှာမတွေ့သည့် အခက်အခဲတချို့ ရှိခဲ့သည်။ မဲစာရင်းကို  မဲပေးသည့်နေ့ရောက်မှ မဲရုံတွင် မဲစကြည့်ခဲ့ကြ၍ မဲစာရင်းရှာမရ အခက်အခဲကြောင့် မဲမပေးရဘဲ နိုင်ငံသားအခွင့် အရေး ဆုံးရှုံးခဲ့ရသည့် မဲဆန္ဒရှင် ပြည်သူအချို့ရှိခဲ့ခြင်း ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများက အဆိုပါ သင်ခန်းစာများရယူကာ ရွေးကောက်ပွဲဒုတိယ ပိုင်းအတွက် နိုင်ငံသားတာဝန် ကျေပွန်ဖို့အရေး လုံ့လဝီရိယစိုက်ခဲ့ကြသည်။ကချင်ပြည်နယ်ရှိ မဲဆန္ဒရှင် ပြည်သူများက ရွေးကောက်ပွဲနေ့တွင်  မဲပေးခွင့်ရရေးနှင့် မဲစာရင်းရှာရသည့် အခက်အခဲမကြုံတွေ့ရစေရေး ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ မဲစာရင်းများ ကြည့်ရှုထားကြသည်၊ ရွေး ကောက်ပွဲနီးကပ် လာချိန်တွင် ရပ်^ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများသို့ သွားရောက်‌၍ မဲစာရင်းနံပါတ် စလစ်များ တန်းစီတိုးကာ ထုတ်ယူခဲ့ကြသည့် အခြေအနေဖြစ်သည်။ 
    "ပထမအကြိမ် ရွေးကောက်ပွဲတုန်းက မဲန္ဒရှင်ပြည်သူတွေက မဲပေးတဲ့နေ့ကျမှ မဲရုံတွေမှာ လာပြီး မဲစာရင်းကြည့်ကြတာ။ အဲဒီမှာ ပါတဲ့သူရှိသလို၊ ရှာမတွေ့လို့ မဲမထည့်ဘဲ ပြန်သွားတဲ့သူတချို့ရှိခဲ့တယ်။ အခု ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ တွေ့လိုက်ရတာကတော့ ရပ်/ကျေး ကော်မရှင်ရုံးတွေမှာ မဲစာရင်းကို တန်းစီပြီး တိုးကြည့်ကြတယ်။ ရပ်/ကျေးရုံးတွေမှာက Tablet လေးတွေ ပေးထားတာ တွေ့တယ်။ Tablet မှာ မှတ်ပုံတင် နံပါတ်ရိုက်လိုက်တာနဲ့ မဲပေးသူအမည်ရှာလို့ လွယ်တာပေါ့။ အဲဒီလို ရှာပေးတယ် တချို့ကျ တော့လည်း စလစ်လေးတွေ ကြိုတင် ထုတ်ထားပေးတယ်။ မဲပေးတဲ့နေ့ကျရင် လွယ်လွယ်ကူကူ မဲပေး လို့ရအောင် မဲစာရင်းနံပါတ် ကြိုတင်ပြီးတော့ ထုတ်ပေးထားတာ။ ဒီစလစ်နံပါတ်တွေနဲ့ဆိုတော့ မဲပေးတဲ့နေ့မှာ လွယ်လွယ်ကူကူမဲပေး နိုင်ပြီး အချိန်ကြန့်ကြာမှုမရှိတော့ဘူး"ဟု ဦးမရစ်ကွမ်ဂျာက ရှင်းပြသည်။
    ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအပိုင်း(၂) ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းက မဲရုံအချို့ကို ရောက်ဖြစ်ခဲ့သည်။ မဲဆန္ဒရှင် ပြည်သူများ နိုင်ငံသားတစ်ဦး၏ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရေး ဇန်နဝါရီ ၁၁ ရက်နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်အလိုက်ရှိ မဲရုံများသို့ နိုင်ငံသားကတ် ကိုင်ဆောင်၍ သွားရောက်မဲပေးကြရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုး ဆော်နေသည် ကိုလည်း ကြားခဲ့ရသည်။ မဲရုံအလိုက်တွင် မဲစာရင်းများ ကပ်ထားပေးသည်ကို တွေ့ရပြီး မဲစာရင်း ကြည့်နေကြသည့် မဲဆန္ဒရှင်များကိုလည်း မဲရုံတိုင်းတွင် တွေ့ခဲ့ရသည်။ သက်ကြီးရွယ်အိုများ၊ လူငယ်လူလတ်၊ အလွှာပေါင်းစုံ မဲရုံသို့ လာရောက်ကြသည်။ ၎င်းတို့၏ လက်ထဲတွင် မှတ်ပုံတင်ကိုင် ဆောင်လာကြပြီး အချို့မှာ  မှတ်ပုံတင်ရော၊ စလစ်ပါ တွဲလျက်ကိုင်ထားကြသည်ကို တွေ့ရသည်။ မဲရုံဝင် ပေါက်တိုင်းတွင်လည်း Tablet ကိုင်ဆောင်ထားသည့် မဲရုံတာဝန်ရှိသူများက အသင့်ရှိနေသည်။ ၎င်းတို့က မဲဆန္ဒရှင်ပြည်သူများအား မှတ်ပုံတင်တောင်းကာ Tablet ဖြင့် မဲစာရင်းစစ်ဆေးပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေး၍ ဆန္ဒမဲပေးရေးလုပ်ငန်းစဉ် အချိန်ကြန့်ကြာမှု မဖြစ်တော့ဘဲ မဲပေးသူများ လွယ်ကူမြန် ဆန်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ခဲ့ရသည်။
    လသာနှင့် ပန်းဘဲတန်း မြို့နယ်များအတွင်းရှိ မဲရုံများသို့ သွားရောက်၍ မဲပေးမှုအခြေအနေများကို လေ့လာမိ၏။ ယင်းနှစ်နေရာလုံးတွင် မဲရုံစဖွင့်ချိန်မှစ၍ မဲပေးရန် လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ မဲရုံတိုင်းတွင် မဲဆန္ဒရှင်ပြည်သူများ မပြတ်ရှိနေပြီး တဖွဲဖွဲလာရောက်၍ မဲလာပေးခဲ့ကြသည်ကို တွေ့ရသည်။လသာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မဲရုံတိုင်းတွင် မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော် အသီးသီးရှိနေသည်။ ထိုမဲရုံများအနက် သူနာပြုကျောင်းရှိ မဲရုံအမှတ်(၉)တွင်  နံနက် ၉ နာရီကျော်အထိ မဲပေးသူ ၅၀၀ ကျော်၊ အမှတ် (၇) ရပ်ကွက်ရှိ မဲရုံအမှတ် (၁)တွင် မဲပေးသူ ၃၅၀ ကျော် ရှိနေသည်ကို သိရှိခဲ့ရသည်။ လသာမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ မဲရုံ(၁)သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီ (USDP)ဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စား လှယ်လောင်း များ လာရောက်ကြသည်ကိုလည်း တွေ့ခဲ့ရသလို အမှတ်(၇) ရပ်ကွက်ရှိ မဲရုံအမှတ် (၁)တွင်လည်း  လသာမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါ်စန္ဒာမင်း ဆန္ဒမဲ လာရောက်ပေး ခဲ့သည်။ ၎င်းက လသာမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်ရှိနေပြီး  ၁၀၀၀၀ ခန့် မဲလာပေးကြသည် ဆိုလျှင် ထိုမဲဆန္ဒရှင်ပြည်သူများ ကျေးဇူးတင်နေမည်ဟု ပြောကြားခဲ့သည်။
    ရွေးကောက်ပွဲ ဒုတိယပိုင်း အခင်းအကျင်း လသာမြို့နယ်၏ အခြေအနေများနှင့်ပတ်သက်၍ "အပိုင်း(၁) ရဲ့ အခင်းအကျင်းမှာ ကြိုတင်မဲကိစ္စတွေ အသံထွက်ခဲ့တော့ အပိုင်း(၂) မှာ တော်တော်လေးကို အဆင်ပြေအောင် လုပ်ပေးထားတယ်။ ပွင့်လင်းမြင်သာတယ်၊စနစ်တကျရှိတယ်။ ကျွန်မတို့ကိုယ်စား လှယ်တွေ မသိဘဲနဲ့၊ ကျွန်မတို့ရဲ့ နောက်ကွယ်မှာ ကြိုတင်မဲထည့်လိုက် တယ်ဆိုတာ မရှိဘူး။ ဘာကြောင့် လဲ‌ဆိုရင် ကြိုတင်မဲစာရင်းကို သူတို့စာရင်းနဲ့ ကျွန်မတို့စာရင်း တိုက်ထားပြီးသား။ ဒါကြောင့် ကျွန်မတို့ လသာမြို့နယ်က Clear ဖြစ်တယ်လို့ ပြောနိုင်ပါတယ်"ဟူ၍ ဒေါ်စန္ဒာမင်းက မှတ်ချက်ပြုခဲ့သည်။
    ယခု ရွေးကောက်ပွဲအပိုင်း (၂)အခင်းအကျင်းသည် အပိုင်း(၁)တွင် ကြုံခဲ့ရသည့်အခြေအနေများ၊ အားနည်းချက်များကို သင်ခန်းစာများအဖြစ် အသုံးချကာ စနစ်တကျဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံရေးပါတီတာဝန်ရှိသူများက မှတ်ချက်ပြုကြသည်။ ကရင် ပြည်နယ် ဖာပွန်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မဲရုံများအခင်းအကျင်း၊ ဒုတိယပိုင်း ရွေးကောက်ပွဲနေ့ အခင်းအကျင်း စနစ်ကျမှုရှိကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မှတ်ချက်ပြုခဲ့သလို မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကလည်း စနစ်ကျသည့် ရွေးကောက်ပွဲအခင်းအကျင်းဟု ဆိုသည်။
    "မဲပေးကြတာက ပထမပိုင်းထက် ပိုများတယ်။ မဲရုံတွေကို ခရိုင်ကော်မရှင်ကိုယ်တိုင် ဆင်းကြည့်ပြီး ကြပ်မတ်နေတာ‌ တွေ့ရတယ်။ မဲပေးတဲ့သူတွေ အဆင်ပြေအောင် Tablet တွေနဲ့ စစ်ပေးတယ်။ နောက် စလစ်တွေ ဝေပေးတယ်။ တချို့ စလစ်မပါတဲ့သူတွေကိုလည်း မဲရုံတာဝန်ရှိသူ‌တွေက မှတ်ပုံတင်နဲ့ သေချာစစ်ပေးပါတယ်။ ပြောရရင်တော့ အခုက ပထမပိုင်းအား နည်းချက်ကို သင်ခန်းစာယူပြီးတော့ အဲဒီအားနည်း ချက်တွေ ပြန်ဖြစ်မလာအောင် စနစ်တကျ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်"ဟု နိုင်သန်းရွှေက မှတ်ချက်ပြုသည်။ အလားတူ ရန်ကုန်တိုင်း‌ဒေသကြီး ကျောက်တံတာမြို့နယ် USDP တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း PR ဦးစံကျော်ကလည်း "ရွေး ကောက်ပွဲ ဒုတိယပိုင်းအခင်းအကျင်းက မဲလာပေးမှု အခြေအနေ ကောင်းတယ်။ မဲပေးမှုက ပထမပိုင်းထက် ပိုပြီးတက်တယ်။ ပြီးတော့ ရွေး ကောက်ပွဲ အခင်းအကျင်းကလည်း ရှေ့တုန်းကဖြစ်ခဲ့တဲ့ သင်ခန်းစာကို ယူပြီးတော့ ဆောင်ရွက်တော့ ပိုပြီးတော့ စနစ်ကျသွားတာပေါ့"ဟူ၍ မှတ်ချက်ပြုခဲ့သည်။
    နိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အတွေ့အကြုံ၊ ၎င်းတို့၏ မှတ်ချက်အသီးသီးကို ခြုံငုံကြည့်မည်လျှင် ကြိုတင်မဲပေးမှု လုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများအား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
    ရွေးကောက်ပွဲကျင်းပချိန် မဲမသမာမှုဖြစ်စဉ်များ၊ ထူးခြားဖြစ်စဉ်လည်း မရှိခဲ့။ မဲဆန္ဒရှင် ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံး‌အောင် တာဝန်ရှိသူများက နှိုးဆော်ပေးခဲ့ကြသည်။ လုံခြုံရေးချထား ဆောင်ရွက်ခြင်း၊ မဲရုံတွင် တာဝန်ထမ်းဆောင်နေကြသူများ ရွေးကောက်ပွဲ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဆန္ဒမဲပေးမှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့မြန်ဆန်စေရေး မဲစာရင်း Tablet ဖြင့် ကူညီစစ်ဆေးပေးနိုင်ရန် စီမံခဲ့မှုအပါအဝင်  သက်ဆိုင်ရာ မဲရုံများအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ ၎င်းတို့၏ လွတ်လပ်သည့်သဘော ထားဆန္ဒများအလျောက် မဲပေးနိုင်သည့် အခြေအနေတို့ကို တွေ့ရမည် ဖြစ်သည်။
    ယင်းအခြေအနေ အရပ်ရပ်များအရ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ဖြစ်သည့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည့်အတွက် အထူးသဖြင့် အားနည်းချက်များ မဖြစ်ပေါ်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် စနစ်တကျ ပြင်ဆင်မှုများဖြင့် ကျင်းပခဲ့သော ဒုတိယ အကြိမ်ရွေးကောက်ပွဲ၊ တစ်နည်းအားဖြင့် စနစ်တကျ ပြင်ဆင်ကာ အောင်မြင်စွာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအဖြစ် သုံးသပ်ရေးသားလိုက်ရပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ (၅) ၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59737

© 2022 - 2026 News. All Rights Reserved.