ဆြာထူးတစ်ယောက် သတင်းထောက်လုပ်လာတာ ဆယ်စုနှစ် မကတော့ချေ။ ဒီလိုဆိုတော့လည်း နယ်ပယ်စုံက သတင်းမျိုးစုံ လိုက်ဖူးသည်။ ဆြာထူးတို့ မြန်မာမီဒီယာလောကက အထူးပြုသတင်း ထောက်ဆိုတာ ခပ်ရှားရှားပင် ဖြစ်သည်။ နိုင်ငံတကာမှာတော့ နိုင်ငံရေးသတင်းထောက်၊ စစ်ရေးသတင်းထောက်၊ စီးပွားရေးသတင်းထောက်၊ အားကစားသတင်းထောက်စသဖြင့် ကိုယ်အားသန်ရာ သတင်းရပ်ဝန်း၌ ကျင်လည်ကြသည်။ ဆြာထူးတို့နိုင်ငံမှာတော့ အဲဒီလို တစ်လိုင်း ကျွမ်းကျင်ရုံဖြင့် မရတော့၊ သတင်းစုံ လိုက်နိုင်အောင် ကြိုးစားပြီး သတင်းစုံ ရေးတတ်မှလည်း စားဝတ်နေရေး ပြေလည်မည် ဖြစ်သည်။ သတင်းဌာနတွေကလည်း သတင်းမျိုးစုံ ရေးသားတတ်သည့် သတင်းသမားမျိုးကို သဘောကျ ခန့်ထားလေ့ရှိသည်။ ဒီတော့ ဆြာထူးတစ်ယောက် စီးပွားရေး သတင်းစာရှင်းလင်းပွဲတွေလည်း တက်ဖူးသည်။ ရန်ကုန်မြို့လယ်ကောင်မှာ မကြာခဏ ဆိုင်းဘုတ်ကိုင်ကြသည့်ပွဲတွေလည်း သတင်းယူဖူးသည်။ အလုပ်သမားတွေ၊ လယ်သမားတွေ ဆန္ဒပြတဲ့ သတင်းတွေလည်း လိုက်ဖူးသလို “လတ်တလော အနုပညာ လှုပ်ရှားမှုလေး သိပါရစေ”ဆိုပြီး နာမည်ကြီးအနုပညာရှင်တွေနဲ့လည်း အင်တာဗျူးဖူး သည်။ ဘက်စုံရသော သတင်းထောက်တစ်ယောက်ဟု ခပ်တည်တည် ကိုယ့်ဟာကိုယ် သတ်မှတ်ထားသည်။
ဆြာထူးက နှယ်နှယ်ရရ သတင်းထောက် မဟုတ်ချေ။ သရဲသတင်းထောက်လည်း လုပ်ဖူးသည်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က နာမည်ကြီး ဖုန်းနံပါတ်တစ်လုံး ရှိခဲ့ဖူးသည်။ နည်းပညာနဲ့ လုပ်ထားတဲ့ဖုန်းလား သေချာမသိသော်လည်း ထိုခေတ်သရဲကိုင်သည့်ဖုန်းဟူပြီး နာမည်ကြီးသည်။ ဒီတော့ ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးနေတဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်သည်။ တစ်ဖက်က ဖုန်းလိုင်းပြတ်တောင်း ပြတ်တောင်းနဲ့ ချောက်ချားဖွယ်ရာအသံနဲ့ ဟယ်လိုဟု ပြန်ထူးသည်။ ဒီတော့ သတင်းထောက် ဆြာထူး တစ်ယောက် “လူတွေစိတ်ဝင်စားတဲ့ သရဲဖုန်းနံပါတ်”ဆိုပြီး ခပ်တည်တည်ရေးတော့ ဂျာနယ်ရောင်းကောင်းသည်။ ဒါတင်မကသေးတောင် ဒဂုံစက်မှုဇုန်မှာ သရဲပူးသည့် မြမြဆိုတဲ့ သတင်းကိုလည်း ဆြာထူး စတာဖြစ်သည်။ အဲဒီသတင်းမဖြစ်ခင်ကတည်းက ထိုစက်ရုံက မန်နေဂျာကြီးက ဆြာထူးမိတ်ဆွေဖြစ် သည်။ သင်္ကြန်တွင်း ပရိတ်တရားနာရာမှ မြမြဝင်ပူးသည်ဟူသော သတင်းက ပျံ့နှံ့ခဲ့ပြီးနောက် ဝင်ရောက် ပူးကပ်ခံရသော အလုပ်သမလေးက ဂျာကြီးတို့စက်ရုံက ဖြစ်သည်။ ဒီတော့ ဂျာကြီး အကူအညီနဲ့ မြမြအကြောင်းကို သတင်းတွေလုပ်တော့သည်။ မြမြပူးကပ်ခံရသော ဗီဒီယိုဖိုင်တွေ ဆြာထူးတစ်ယောက် တည်း မူပိုင်ရသည်။ ဗီဒီယိုတစ်ဖိုင်ချင်း လူစိတ်ဝင်စားအောင် လူမှုကွန်ရက်မှ သတင်းအဖြစ် တင်သည်။ ဒီလိုဆိုတော့ ဆြာထူးကို မိတ်ဆွေ သတင်းထောက်တွေက သရဲသတင်းထောက်ဟု ခေါ်ကြသည်။ နောက်တော့လည်း ဒါရိုက်တာကြီးတစ်ဦးက ခပ်တည်တည်နဲ့ မြမြဆိုပြီး ဇာတ်ကားရိုက်ကာ ရုံတင်ပြသသည်။ မသိရင် ဒီဇာတ်လမ်းကို သူပဲခရေစေ့ တွင်းကျသိသလိုလို ရုပ်တည်ကြီးနဲ့ ဖြစ်သည်။
ထားပါတော့လေ မြန်မာပြည်က သတင်းထောက်တွေ ဘက်စုံတော်ကြသည်။ သတင်းထောက်ထဲမှာတောင် ဘာမှု၊ ညာမှုနဲ့ အထဲရောက်ဖူးသူက ဆရာဖြစ်သည်။ နိုင်ငံတကာက သတင်းအဖွဲ့အစည်းတွေကလည်း အထဲရောက်ဖူးတဲ့ သတင်းထောက်ဆိုရင် ဘာသတင်းဆု၊ ညာသတင်းဆုဆိုပြီး ပေးတတ်ကြသည်။ ဒီတော့ သတင်းသမားထဲမှာ အထဲရောက်ဖူးတဲ့ကောင်က ဆရာကြီး ဖြစ်သည်။ ဆြာထူးကတော့ သွေးတိုးရှိတော့ ငါးပိကျော်နဲ့ မတည့်သဖြင့် အထဲ မရောက်ဖူးတော့ မသိချေ။ ထားပါတော့လေ။ ပြောချင်တာက နိုင်ငံတကာမှာ အထဲရောက်ဖူးတဲ့သူဆိုရင် ထောင်ကျမှတ်တမ်းတွေ၊ ဘာတွေနဲ့ လူရာဝင်ဖို့ ကြိုးစားရသည်။ ဒီမှာတော့ မဟုတ်ချေ။ အထဲရောက်ဖူးတဲ့သူက ဆရာကြီးဖြစ်သည်။ ဒါကလည်း သတင်းသမားအတွေ့အကြုံအရ ပြောရတာ ဖြစ်သည်။ ဆြာထူးသတင်းသမားဘဝက ရုံးချိန်းတွေ၊ အကျဉ်းထောင်ရှေ့တွေ သတင်းလိုက်ဖူးသည်။ တချို့ကလည်း တည်ဆဲဥပဒေကို ချိုးဖောက်လို့အထဲ ရောက်တာကို သူရဲကောင်းကြီးသဖွယ် ဂုဏ်ယူကြသည်။ စံပယ်ပန်း ကုံးတွေနဲ့ ကြိုကြသည်။ သပြေခက်တွေ ကမ်းပေးကြသည်။ ထောင်ကျ၊ အချုပ်ကျတဲ့သူကို စံပယ်ပန်းကုံးတွေပေး၊ သပြေခက်တွေ ကမ်းတာ ဆြာထူးတို့ နိုင်ငံ၌ပင် တွေ့ရသော ကမ္ဘာ့အံ့ဖွယ်ရာ ဖြစ်ရပ်များသည်။ တချို့က တည်ဆဲဥပဒေအရ အရေးယူခံရတာကို ကြံဖန်ဂုဏ်ယူကြသေးသည်။ သံခြေကျင်းကြီးတွေနဲ့ သတင်းမီဒီယာ တွေရဲ့ ကင်မရာတဖျတ်ဖျတ်ကြားမှာ ရဲရဲတောက် မိန့်ခွန်းတွေ ပြောကြသည်။
တချို့ကလည်း အထဲရောက်ဖူးပြီးရင် နောက် တစ်ခေါက်ထပ်သွားကြဖို့ ပြင်ကြသည်။ နိုင်ငံရေးသမားလုပ်ရင်လည်း အထဲရောက်ဖူးမှ တင့်တယ်သည်ဟူသော အတွေးအခေါ်ကလည်း ‘ကမ္ဘာမှာ မြန်မာပဲရှိဟေ့’လို့သာ ကြွေးကြော်လိုက်ချင်သည်။ မြန်မာပြည်က တကယ်အံ့ သြဖွယ်ရာဖြစ်သည်။ TikTok မှာဆိုရင်လည်း ပလေကပ် ရောင်းသည့် လူမိုက်ကြီးများက ဆယ်လီ ဖြစ်သည်။ ထို လူမိုက်ကြီးများက လည်း အခါအခွင့်သင့်ရင် သူတို့အထဲမှာ နေခဲ့ရတာတွေကို ဂုဏ်ယူစွာ ပြောပြတတ်သည်။ ဒီလိုဆိုရင် TikTok မှာ လူငယ်တွေက လူမိုက်ကြီးတွေကို အားကျကြသည်။ ထောင်ထဲမှာနေရတဲ့ အတွေ့အကြုံတွေကို မေးကြသည်။ လူမိုက်ကြီးတွေကလည်း တက်တူးအပြည့်နဲ့ ငါတို့အထဲမှာ ဘယ်လိုနေခဲ့တာဆိုပြီး ထောင် တွင်းအတွေ့အကြုံတွေ နားထောင်ကောင်းအောင် ပြောပြကြသည်။ ပြီးရင် လူမိုက်ကြီးများ၏ ဝတ် စားဆင်ယင်မှုဖြစ်သော ပလေကပ်ဆိုင်ဖွင့်ပြီး စီးပွားဖြစ်ကြသည်။ တချို့ဆိုရင် ထောင်တွင်းအတွေ့ အကြုံစာအုပ် တွေထုတ်ရေးပြီး အောင်မြင်ကြသည်။ တချို့ကလည်း ငါတို့က နိုင်ငံရေးလုပ်ရင်း ထောင်ကျ တာဆိုပြီး နိုင်/ကျဉ်းဟူသော လူတန်းစားတစ်ရပ် ပေါ်ထွန်းလာကာ နေရာယူတတ်ကြပြန်သည်။
ဆြာထူးတို့နိုင်ငံကလူအချို့က နေသားဘယ် နှနှစ်ရှိခဲ့တာဆိုပြီး ကြံဖန်ဂုဏ်ယူကြသည်။ တချို့ကလည်း အထဲရောက်ဖူးပြီး ထွက်လာကြတဲ့ သူတွေကို အထင်ကြီးကြသည်။ ဒါကြောင့်လည်း အထဲရောက် ဖူးတဲ့သူတွေ ကိုယ်စားလှယ်ဖြစ်သည့် တစ်ခေတ် ရှိခဲ့ဖူးတာ ဖြစ်သည်။ လူမှုကွန်ရက်မှာလည်း တချို့ ပုဂ္ဂိုလ်ကြီးတွေကို ထူးဆန်းစွာ မြင်ဖူးသည်။ မလွတ်မကင်းကိစ္စတွေပြောဆိုပြီး အထဲသွားကာ သိဒ္ဓိတင ကြသည်။ ဆြာထူးတို့ နိုင်ငံကလူတွေ ထောင်သိပ်ကြိုက်ကြသည်။ ထောင်ထဲက အကြောင်းအရာတွေဆိုရင် အရမ်းနားထောင်ချင်ကြသည်။ တချို့ကလည်း ထောင်တွင်းအတွေ့အကြုံတွေမျှ ဝေကြသည်။ ထောင်များ အလည်အပတ်သွားသည့် နေရာတစ်ခုသဖွယ် သဘောထားကြပုံရသည်။ တစ်ခေါက်ရောက်ဖူးရင် ထပ်ထပ်သွားချင်သည့် နေရာလား မပြောတတ်ချေ။ မထိခလုတ် ထိခလုတ်လေးတွေရေးပြီး ထောင်ကို မျက်စောင်း ထိုးတတ်ကြသည်။ ဆြာထူးကတော့ သွေးတိုးရှိသဖြင့် အငန်လျှော့စားနေရသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )