ထူးမြတ်တို့လူမျိုးက ပွဲ သိပ်ကြိုက်ကြသည်။ ဒါကြောင့်လည်း မြန်မာလ ၁၂ လရှိရင် ၁၂ လရာသီ လုံးပွဲတော်တွေ ရှိကြသည်။ ခေတ်ကာလရွေ့လာတော့ တချို့ မြန်မာ့ရိုးရာပွဲတော်တွေ တိမ်မြုပ်ပျောက်ကွယ်သလို ဖြစ်နေသည်။ ထူးမြတ်တို့ ငယ်ငယ်တုန်းကတော့ လှေသဘင်ပွဲတော်တို့၊ မြင်းခင်းပွဲတော်တို့ တခမ်းတနား ကျင်းပလေ့ရှိသည်။ ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်တာကို စောင့်ကြည့်ရသည်။ ဒီလိုပွဲလမ်းသဘင်မျိုးက အမျိုးသားရေးစိတ်ဓာတ် တက်ကြွစေတာကြောင့် အခါအခွင့်သင့်ရင် အစိုးရတာဝန်ရှိ သူများကျင်းပပေးစေလိုသည်။ ခုခေတ်ကတော့ နည်းပညာခေတ်ဆိုတော့ ပျော်စရာရွှင် စရာတွေပေါသည်။ သို့သော်လည်း မြန်မာတွေ ပွဲကြိုက်ပုံက မပြောင်းလဲသွားချေ။ ဘယ်လောက်ထိ ပွဲကြိုက်သလဲဆိုရင် အွန်လိုင်းပေါ်မှာ နာမည်ကြီးဆယ်လီတွေ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်ပြီး ဆဲရေးတိုင်းထွာ စောင်းမြောင်းပြောဆိုကြသည့် ကိစ္စကိုပင် ]ပွဲဖြစ်နေပြီ}ဟု သုံးနှုန်းလေ့ရှိသည်။ ဒီလိုဆိုရင် ဖေ့စ်ဘုတ်သုံးကြသူတွေအားလုံး သဘောပေါက်ကြသည်။ တစ်ယောက်ကများ 'ပွဲဖြစ်နေပြီဟေ့' လို့တင်လိုက်ရင် ပွဲရှိရာနေရာ၊ ပွဲဖြစ်ရသည့် အကြောင်းအရင်းကို စေ့စေ့ငုငု လေ့လာကြသည်။ ပြီးရင်ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြသည်။
နောက်တစ်ခုက ဖေ့စ်ဘုတ်ပေါ်မှာ ပွဲရှာခံရတယ်ဆိုတာ ရှိသေးသည်။ အလိုလိုနေရင်း ပွဲဖြစ်ချင်သူက ပွဲရှာတာခံရတာကို ဆိုလိုသည်။ ဒီလိုဆိုရင် ဖေ့စ်ဘုတ်သုံးတဲ့ သူတော်ကောင်းအပေါင်းတို့က ပွဲမဖြစ်ဖြစ်အောင် မြှောက်ပေးကြသည်။ ပွဲဖြစ်ရင် ဝိုင်းကြည့်ကြသည်။ ဒါကြောင့် မြန်မာလူမျိုးတွေ ပွဲကြိုက်ကြသည်ဟု ပြောရခြင်းဖြစ်သည်။ ခုလတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ တော်လှန်ရေး ဘက်တော်သားကြီးတွေ ပွဲဖြစ်နေကြသည်။ အကြောင်းက တော်လှန်ရေးရန်ပုံငွေတွေ စာရင်းမရှင်းမရှင်း ဖြစ်ကြရာမှ စတင်တာဖြစ်သည်။ ဒီလိုပွဲမျိုးကလည်း မကြာခဏ ဆိုသလို ကြားနေရတော့ ထူးခြားတဲ့ပွဲမျိုး မဟုတ်သော်လည်း ခုတစ်ခေါက်ဖြစ်ကြတာက နာမည်ကြီး တော်လှန်ဆယ်လီကြီးတွေ ခွက် စောင်းခုတ် ကြတာဆိုတော့ နည်းနည်းတော့ အသံမည်သည်။ တစ်ဖက်ကလည်း စာရင်းရှင်းဖို့တောင်းဆိုသည်။ တစ်ဖက်ကလည်း စာရင်းရှင်းတာတောင် အမေရိကားမှာ ဟိုတယ်အခန်းတစ်ခန်းငှားပြီး ရုံဝင်ကြေးနဲ့ စာရင်းရှင်းမည်ဖြစ်ပြီး ရှုံးတဲ့သူ တော်လှန်ရေးက ထွက်သွားကြေးဆိုပြီး ဇာတ်ရှိန်မြှင့်လိုက်သည်။ အမေရိကားက တော်လှန်ဆယ်လီကြီးကလည်း စာရင်းရှင်းဖို့ တောင်းဆိုလာတိုင်း အမေရိကားအထိ အရောက်လာဖို့ခေါ်ရတာ အမောပင်ဖြစ်သည်။ ဒီလိုအခြေအနေဆိုတော့ ဒါက ဖေ့စ်ဘုတ်အခေါ်အရ ပွဲဖြစ်တာ ဟုခေါ်ကြသည်။
တော်လှန်ရေးစာရင်းစစ်ဖို့ ဒိုင်လူကြီးတွေအ ဖြစ် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကိုလည်း ပင့်ဖိတ်ထားမယ်ဆိုတော့ ဒီတစ်ခါတော့ တော်လှန်ရေးစာ ရင်းတွေက ရှင်းရှင်းလင်းလင်း သိရတော့မည်ဟု ပွဲကြည့်ပရိသတ်ကလည်း တစ်ခဲနက် အားပေးကြလေသည်။တော်လှန်ရေးစာရင်းစစ်တဲ့ကိစ္စကို အပွဲပွဲနွှဲလာပြီး ရှုံးပွဲ မရှိ အမေရိကန်က ချန်ပီယံကြီးကလည်း ငွေနဲ့ပတ်သက်လာရင် အင်မတန် ရိုးသားဖြူစင်ကြောင်း ပြောတတ်ဆို တတ်ဆိုတော့လည်း ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းဟုသတ်မှတ်ထားကြသည်။ ဒီတစ်ခါပွဲကတော့ ဝါရင့်တော် လှန်ရေးခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဒိုင်လုပ်ပြီး ဖြေရှင်းမှာဆိုတော့ တော်လှန်ရေးနယ်ပယ်ကလူတွေကလည်း ငါတို့ ရေစက်သွန်းချ အမျှပေးဝေပြီးလှူထားတဲ့ ငွေတွေ ဘယ်နေရာမှာသုံးလိုက်တာလဲဆိုတာ သိချင်ကြ ပုံရသည်။ အားလုံးက ငြိမ်ပြီး ပွဲကြည့်ဖို့ ပြင်နေကြသည်။
ဒီလိုပွဲမျိုးဆိုရင် နောကျေနေသော ဆရာထူး မြတ်ကတော့ ထူးမြတ်တို့ရွာ ဘုရားပွဲမှာ ထည့်သွင်းကျင်းပဖူးသည့် လက်ဝှေ့ပွဲတစ်ပွဲကို သွားသတိရမိသည်။ထူးမြတ်တို့ ရွာမှာက တစ်နှစ်တစ်ခါ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပသည့် ဘုရားပွဲဆိုရင် တစ်ရွာလုံးက ပျော်ကြသည်။ မြို့ပေါ်က ဇာတ်ပွဲတွေ လာကပြတာကို ညလုံးပေါက် ကြည့်ကြသည်။ ရွာနီးချုပ်စပ်က ဈေးသည်တွေ လာရောင်းသမျှ အစားအသောက်တွေ ဝယ်ယူစား သောက်ကြသည်။
ပွဲတော်ကာလအတွင်း လူတွေ စိတ်ဝင်စားတာက ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ရုံသွင်းပြတာ ဖြစ်သည်။အနယ်နယ်အရပ်ရပ်က လက်ဝှေ့ကျော်တွေ လာထိုးကြတာဆိုတော့ လက်ဝှေ့သမားတွေ အရှင်လတ်လတ်ထိုး ကြနှက်ကြတာကို ကြည့်ရတာကို ရွာကလူတွေ သဘောတွေ့ကြသည်။ ဒီလိုဆိုတော့ မြို့ပေါ်က လက်ဝှေ့ပွဲကန် ထရိုက်ကလည်း ထူးမြတ်တို့ရွာ ဘုရားပွဲဆိုရင် အမိအရ ရုံဆောက်ပြီး လက်ဝှေ့ပွဲမပြတ် သွင်းလေ့ရှိသည်။ အနယ် နယ်အရပ်ရပ်က လက်ဝှေ့ထိုးတဲ့သူတွေကို ထိုကြေးပေးပြီးခေါ်ကာ ရုံသွင်းတာ ဖြစ်သည်။ ရွာဆိုတော့လည်း မြို့ပြနဲ့ အလှမ်းဝေးတော့ နာမည်ကြီး လက်ဝှေ့သမားတွေကို နဖူးတွေ့ဒူးတွေ့ မတွေ့ဖူးသလို၊ မမြင်ဖူးတာကြောင့် ရွာမှာလာထိုးတဲ့သူတွေကို နာမည်ကြီး လက်ဝှေ့သမား တွေဟုသာ ယုံကြည်ထားသည်။ ဒီတော့ ပွဲကန်ထရိုက်ကလည်း ကျားကြီး၊ ယက္ခကြီး၊ ကျွဲကြီးစသဖြင့် လက်ဝှေ့သမားတွေ နာမည်ကြုံရာပေးပြီး တက်ထိုးခိုင်းတော့သည်။
တစ်နှစ်က ဘုရားပွဲမှာတော့ ထူးထူးခြားခြား လက်ဝှေ့သမားနှစ်ယောက်ကိုခေါပြီး အဓိက တွဲဆိုင်းအဖြစ် ထိုးခိုင်းသည်။ လက်ဝှေ့ပွဲ မစခင်ကတည်းက ထောင်ထွက်လူမိုက်လက်ဝှေ့ကျော် မျိုးကြီးနဲ့ စောရန က္ခတ်နဲ့ ယှဉ်မွေးပြီး လူမရွေးတဲ့ ပန်ကြီးတို့ရဲ့ ဘတစ်ပြန် ကျားတစ်ပြန် ထိုးကြမယ့်ပွဲဆိုပြီး ကြေညာထားသည်။ ဒီတော့ ရွာကလူတွေ ဒီလက်ဝှေ့ပွဲကို မလွတ်တမ်းကြည့် မယ်ဟေ့ဆိုပြီး အားတင်းထားကြသည်။ ရွာနီးချုပ်စပ်က ရွာတွေကလည်း လက်ဝှေ့ကျော်မျိုးကြီးနဲ့ ပန်ကြီးတို့ပွဲ ကြည့်မဟေ့ဆိုပြီး လက်ဝှေ့ပွဲရုံဝင်ကြေးတွေကို ကြိုစုထား ကြသည်။ ပွဲကြည့်ပရိသတ်ကလည်း တွဲဆိုင်းကိုသဘော ကျတယ်ဆိုတော့ လက်ဝှေ့ပွဲကန်ထရိုက်က ရုံဝင်ခကို ၅၀၊ ၁၀၀ ပိုကောက်တော့သည်။ လက်ဝှေ့ပွဲငတ်နေတာ ကြောင့် ရွာသူရွာသားတွေကလည်း တောင်းသလောက် ပေးကြသည်။ လက်ဝှေ့ပွဲလက်မှတ်ကလည်း ရောင်းမလောက်ဆိုတော့ ကန်ထရိုက်ကလည်း ပြုံးပြုံးကြီးဖြစ်နေသည်။ ထောင်ထွက်လူမိုက် လက်ဝှေ့ကျော်မျိုးကြီးဆိုတာကလည်း မျက်နှာကြီးကို မာတင်းထားပြီး မေးကြောကြီးတွေ တထောင်ထောင်နဲ့ တကယ်ထိုးမည့် လက်ဝှေ့ သမားရုပ်ပင် ဖြစ်သည်။ တစ်ဖက်ကလည်း စောရနက္ခတ် နဲ့ယှဉ်ပြီးမွေးတဲ့ ပန်ကြီးကလည်း ဘက်တူရင်လူမရွေး ဘူးဆိုတဲ့ ဆိုဒ်နဲ့ဆိုတော့ လက်ဝှေ့ဝါသနာရှင်အပေါင်းအတွက် အထူးပွဲဆိုင်းကြီးကို စိတ်ဝင်စားကြသည်။
လက်ဝှေ့ပွဲရက် ရောက်လာသည်။ အဓိကတွဲ ဆိုင်းဖြစ်သည့် မျိုးကြီးနဲ့ ပန်ကြီးတို့စင်ပေါ်တက်လာကြသည်။ လက်ဝှေ့ဝါသနာရှင်တွေကလည်း လက်ခုပ် လက်ဝါးတီး အားပေးကြသည်။ ပွဲလည်းစရော မျိုးကြီး ကလည်း ဟိုလိုလို ဒီလိုလိုတွေထိုး၊ ပန်ကြီးဆိုတဲ့ကောင် ကလည်း ယောင်နနတွေထိုး၊ နည်းနည်းလေး လူချင်းကပ်သွားရင် ဒိုင်ကလည်းဝင်ခွဲ ပွဲကခဲလေသမျှ သဲရေကျဆိုသလို ဖြစ်ကြသည်။ လက်ဝှေ့ထိုးတဲ့ နှစ်ယောက်က မျက် နှာချင်းဆိုင်ပြီး မိန်းမလိုမိန်းမရတွေပြောဆိုပြီး တကယ် တမ်း တေ့တေ့ဆိုင်ဆိုင်ထိုးတာ မတွေ့ရတော့ ပရိသတ်ကလည်း ဒေါသပုန် ထကုန်တော့သည်။ ဆိုင်းကတော့ ရိုးရာလက်ဝှေ့ဆိုင်းဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သည်။အစီအစဉ် ကြေညာသူကလည်း ဘေးကနေ ]ယောက် ကျားဘသား ဟိုင်းယား ဟိုင်းယား}နဲ့ ညာသံပေးသည်။သို့သော်လည်း လက်ဝှေ့ပွဲက မကောင်းတော့ ပရိသတ်တွေက ပေးထားတဲ့ရုံဝင်ခနဲ့ မတန်ကြချေ။ ဒီလိုနဲ့ပွဲပြီး သွားတော့ ရပ်ထဲရွာထဲက မြို့ပေါ်အသိရှိတဲ့သူတွေ စုံ စမ်းမေးမြန်းတော့မှာ ပန်ကြီးနဲ့မျိုးကြီးဆိုတာ သူခိုးကြမ်း ပိုးတွေဖြစ်ကြောင်း၊ လက်ဝှေ့မပြောနဲ့ လက်ခမောင်းပင် မခတ်တတ်သူများဖြစ်ကြောင်း၊ လက်ဝှေ့ထိုးကြေးကိုတစ် ယောက်တစ်ဝက် ခွဲယူကြကြောင်း၊ ပွဲကန်ထရိုက်ကလည်း မြိုးမြိုးမြက်မြက်လေးရတော့ သူခိုးကြမ်းပိုးတွေကို စင်ပေါ်တင်တာဖြစ်ကြောင်း သိရလေသည်။ အဲဒီက တည်းက ရွာကလူတွေ "ဟိုင်းယား ဟိုင်းယား" ဆိုတဲ့ ညာသံပေးတဲ့ အသံကြားရင် အလိမ်ခံရတော့မယ်ဆိုတာ အလိုလို သိကုန်ကြသည်။ ခုလည်း တော်လှန်ဆယ်လီကြီး တွေပွဲက "ဟိုင်းယား ဟိုင်းယား" နဲ့ ညာသံပေးနေကြပြန် ပြီဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )