ညံ့လိုက်တာ အနဲတို့ရာ

၂၀၂၆ ၊ ဇူလိုင် ၃၁

    အနဲတို့ ပိုးဟပ်ပါတီအကြောင်းကတော့ ခုရက်ပိုင်း သတင်းမီဒီယာတွေမှာ ပလူပျံသွားခဲ့သည်။ ဒီတော့ အနဲတို့ အိန္ဒိယမှာ ဖြစ်ပွားခဲ့သည့် ပိုးဟပ်လှုပ်ရှားမှုသတင်းတွေကို ရှာဖွေဖတ်ရှုမိသည်။ တချို့ သတင်းဌာနကြီးတွေကလည်း သတင်းကို သတင်းလို ရေးကြသည်။ အိန္ဒိယတရားသူကြီးချုပ်က လူငယ်တွေကို ပိုးဟပ်တွေလို့ ခေါ်ဆိုလိုက်ရာမှစတဲ့ ဇာတ်လမ်းဖြစ်ကြောင်းနှင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားရာမှ ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး ဆန္ဒပြရင်း ပိုးဟပ်ပါတီ CJP က တစ်ကမ္ဘာလုံး စိတ်ဝင်စားကြကုန်ကြသည်။ ပညာရေးဝန်ကြီးကလည်း နုတ်ထွက်ပေးသွားတာကြောင့် CJP တို့ လမ်းပေါ် ဆန္ဒပြပွဲများ ရပ်တန့်သွားသော်လည်း စာမေးပွဲကျလို့ သေကြောင်းကြံစည်သွားကြသူတွေ လျော်ကြေးရဖို့ ဆက်လက်တောင်းဆိုကြမည်ဟု ဆိုကြပြန်သည်။ တချို့ သတင်းဌာနတွေ ကြပြန်တော့လည်း လူငယ်တွေ ဆန္ဒပြတာဟာ အိန္ဒိယအစိုးရတစ်ရပ်လုံးပဲ တုန်လှုပ်သွားသယောင် ရေးကြသားကြ မီးစထိုးပေးကြသေးသည်။ အဆိုးဆုံးက ဘီရုမာလို ရေးကြသည့် ပြည်ပသတင်းဌာနကြီးများ ဖြစ်သည်။
    အနဲတို့ လူငယ်တွေစုပြီး ဆန္ဒပြကြတာကြည့်ပြီး  ထူးမြတ်တို့ နွေဦးကာလ မြူထတဲ့အချိန်တောင် ပြန်လည်အမှတ်ရမိသေးသည်။ အနဲတို့ လုပ်ပုံတွေက ထူးမြတ်တို့ နိုင်ငံက တော်လှန်ရေးခေါင်းဆောင်ကြီးတွေလောက် ဉာဏ်ရည်မမီတာ တွေ့ရသည်။ ပညာရေးတက် ကြွလှုပ်ရှားသူ ဆရာသမား Sonam Wangchuk ဆိုရင် အစာငတ်ခံတောင် ဆန္ဒပြလိုက်သေးသည်။ ဒီတော့ ရဲတွေက ဖမ်းပြီး ဆေးရုံတင်ပေးလိုက်ရသည်။ အနဲတို့များ အစာငတ်ခံရတာကို အတော်လေး သဘောတွေ့ ကြပုံရသည်။ အိန္ဒိယ လွတ်လပ်ရေးကြိုး ပမ်းစဉ်ကတည်းက အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ ရှေးရိုးစွဲကြီး ဖြစ်နေသည်။ အနဲတို့ လူငယ်ထုကြီး ပါလီမန်ကို ချီတက်ဆန္ဒပြကြတော့ ရဲတွေနဲ့ ထိပ်တိုက်တွေခဲ့ပြီး နံပါတ်တုတ်စာတွေ မိကာ ထိခိုက်ဒဏ်ရာ တွေရကုန်ကြသည်။ အနဲတို့က ဆန္ဒစောပြီး ပါလီမန်အထိ ချီတက်ကြတော့ခုလို ဝရုန်းသုန်းကားတွေ ဖြစ်ကုန်ကြတာ ဖြစ်သည်။ ထူးမြတ်တို့ ရွှေပြည်ကြီးမှာဆိုရင် ၇၂ နာရီတောင် စောင့်ကြည့်ရတာ ဖြစ်သည်။ ထူးမြတ်တို့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေဆိုရင် တစ်ယောက်မှ အစာငတ်ခံဆန္ဒပြတာ မလုပ်ကြဘဲ အရင်ဆုံး နယ်စပ်လောက်ကို အရင်လစ်ကြတာ ဖြစ်သည်။ ဟိုရောက်တော့မှ UN တပ်တွေ ဝင်လာရင် ပန်းကုံးစွပ်ကြိုတာတွေ မလုပ်ဖို့၊ အော်ဟစ်အားပေးတာတွေမလုပ်ဖို့ အသိပေးကြတာ ဖြစ်သည်။ နောက်ပြီး ကုလသမဂ္ဂ၏ တံခါးပိတ်သလို၊ ပွင့်သလိုလို အစည်းအဝေးတွေကိုလည်း စောင့်ကြည့်ခဲ့ရသည်။
    အနဲတို့က လူငယ်တွေကို ရဲနဲ့ ထိပ်တိုက်ခိုင်းတာ မြန်သွားတာကြောင့် အစိုးရက ရိပ်မိသွားတာ ဖြစ်သည်။ ဒါကြောင့်လည်း အတိုက်အခံတွေက နိုင်ငံရေးမှာ အသာစီးရဖို့ လူငယ်တွေကို ထိုးကျွေးတယ်ဆိုပြီး အစိုးရက ထုတ်ပြန်လိုက်တာ ဖြစ်သည်။ နောက်ပြီး အနဲတို့ အတိုက် အခံပုဂ္ဂိုလ်တွေက လူအုပ်ကြီးထဲ ထွက်ထွက်ပြီး အားပေးတာကြောင့် အစိုးရက အနဲတို့ အတိုက်အခံတွေလက်ချက်ဆိုတာ သိသွားတာ ဖြစ်သည်။ ထူးမြတ်တို့ဆီက တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် လူအုပ်ကြားထဲ တိုးတာထက် ဖေ့စ်ဘုတ်ပေါ်မှာ ဖြတ်ညှပ်ကပ်ရုပ်သံလေးတွေ ဖန်တီးပြီး မြှောက်ပေးကြတာ ဖြစ်သည်။ နည်းပညာလေးအသုံးချပြီး မြှောက်ပေးတာဆိုတော့ ချွေးမထွက်ဘဲ တော်လှန်သွားတာ ဖြစ်သည်။ နောက်ပြီး အနဲတို့ က အော်ဟစ်ဆန္ဒပြတာမျိုးလောက်ပဲ လုပ်တတ်ကြပြီး သီချင်းမဆိုတတ်တာကလည်း တစ်ပန်းရှုံးရပြန် သည်။ ထူးမြတ်တို့ ရွှေပြည်ကြီးမှာဆိုရင် 'အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ'ဆိုပြီး လမ်းဘေးမှာ သီချင်းတွေ ပျော်ပျော်ပါးပါး ထိုင်ဆိုကြသည်။ ဒီတော့ ဦးရဲကြီးတွေလည်း ထိုင်နားထောင် လိုက်ရုံပင်ဖြစ်သည်။ အမှန်ဆိုရင် အနဲတို့လည်း 'အမှန်တရား ကိုရရင်ရ ပြန်မရရင် မွမ်ဘိုင်းသွားမှာပါ'၊ 'သံပုံးတွေတို့ အတူတီး အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ'ဆိုပြီး ဘောလီးဝုဒ် အနုပညာနဲ့ မပေါင်းစပ်တတ်တာကြောင့် နံပါတ်တုတ်စာ မိတာဖြစ်သည်။
    အနဲတို့ဆန္ဒပြတာက လူအုပ်ကြီးအားကိုးနဲ့ ဆန္ဒပြတာဆိုတော့ ထိခိုက်ဒဏ်ရာရကြတာ ဖြစ်သည်။ ထူးမြတ်တို့ ရွှေပြည်ကြီးမှာဆိုရင် ည ၈နာရီတိုင်း သံပုံးတီးကြသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေက အလွန်အမြော်အမြင်ရှိတာကြောင့် သံပုံးတီးတာက တော်တော်လေး အလုပ်ဖြစ်ခဲ့သည်။ ညဆိုရင် သံပုံးလေးတီးလိုက်၊ မနက်ဆိုရင် မြို့လယ်ကောင်သွားပြီး အော်ဟစ်လိုက်ကြနဲ့ ပျော်စရာတောင် ကောင်းသေးသည်။ ထူးမြတ်တို့ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် ပရိုဖိုင်းလေးချိန်ပြီး ဆန္ဒပြပွဲတွေကို အရှိန်မြှင့်တင်ပေးတတ်ကြသည်။ အစာ ငတ်ခံစရာလည်းမလို သာသာယာယာပင် ဖြစ်သည်။ အနဲတို့သာ ရွှေပြည်ကြီးက ဆန္ဒပြပွဲတွေကို ကြိုတင်မလေ့လာထားလို့ ခုလို ထိပ်ပေါက်ခေါင်းကွဲဖြစ်ရတာ ဖြစ်သည်။ ထူးမြတ်တို့ ရွှေပြည်ကြီးက 'ဆိုရှယ်မီဒီယာ တော်လှန်ရေးနည်းဗျူဟာ'ကို အနဲတို့များ နည်းနည်းလေးမှ မလေ့ လာခဲ့ကြဘူး ထင်သည်။ ကားပျက်တဲ့ သပိတ်၊ ဟော့ပေါ့ချက်စားတဲ့ သပိတ်၊ လမ်းပေါ်မှာ ဆန်စေ့တွေ လိုက်ကောက်တဲ့သပိတ်၊ ထဘီတွေ အလံထူတဲ့သပိတ်၊ သဲအိတ်တွေနဲ့ လမ်းပိတ်တဲ့ သပိတ် စတဲ့ သပိတ်မှောက်နည်းတွေသာ ကြိုလေ့လာထားရင် အနဲတို့ ရဲနံပါတ်တုတ်စာလည်း မခံရသလို မျက်ရည်ယိုဗုံး စာတွေလည်းခံရမှာ မဟုတ်ချေ။ ခုတော့ အလဲအလဲအကွဲကွဲဖြစ်တာပဲ အဖတ်တင်ကြသည်။
    အနဲတို့များ အစာငတ်ခံ ဆန္ဒပြတဲ့ ခေတ်ဟောင်းနည်းကြီးကို အဟုတ်ထင်နေကြသေးသည်။ ထူးမြတ်တို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေလို အမေရိကားကို မသွားနိုင်သ၍ကတော့ ပိုးဟပ်ပါတီကို ကုလသမဂ္ဂကလည်း စိတ်ဝင်စားမှာ မဟုတ်ချေ။ ခုတော့ ရက်ပိုင်းလေးနဲ့ ဆန္ဒပြပွဲတွေက ပြီးသွားခဲ့ရ သည်။ အမှန်ဆိုရင် ပိုးဟပ်ပါတီ CJP ဦးဆောင်သူတွေက အမေရိကားကို ပြေးပြီး တော်လှန်ရေးကို ခပ်ရှည်ရှည်လေး ဆွဲဆန့်ထားရမှာဖြစ်သည်။ ရဲတွေနဲ့ ပိုးဟပ်လူငယ်တွေ ဆော်ပလော်တီးနေတာကို အခွင့်ကောင်းယူပြီး နယ်စပ်ကနေ အမေ ရိကားကို သွားရမှာဖြစ်သည်။ ဟိုရောက်တော့မှ ပိုးဟပ်အစိုးရဆိုပြီး ဖေ့စ်ဘုတ်မှာ ခပ်တည်တည်နဲ့ နာမည်ပြောင်းပြီး အလှူခံရမှာ ဖြစ်သည်။ 'သွေး ကြွေးမှာ ဆွေး နွေးစရာမရှိဘူး'၊ ]ဒေလီမှာ ပြန်ဆုံမယ်'၊ 'အနဲတို့မှာ အနဲ တို့ပဲရှိတယ်'၊ 'လမ်းအားလုံး မွမ်ဘိုင်းဆီသို့' စတဲ့ စကားလုံးတွေနဲ့ လုပ်စားရမှာ ဖြစ်သည်။ အနဲတို့ဆီက ဘောလီးဝုဒ်အနုပညာရှင်တွေလည်း ရုပ်ရှင်ထဲမှာသာ အစိုးရကို ဝေဖန်ရဲကြသည်။ အပြင်မှာတော့ တစ်ယောက်မှ လမ်းပေါ် ထွက်မလာကြပေ။ အမှန်ဆိုရင် ဘောလီးဝုဒ် အနုပညာရှင်တွေ လမ်းပေါ်ထွက်လာပြီး 'သွေးစည်းပြီး ညီနောင်အပေါင်းတို့ အပနားတို့ရဲ့ သမိုင်းသစ်ကို အပနားသွေးနဲ့ရေးခဲ့ပြီ သွေးသစ္စာလည်း ပြုခဲ့ပြီ'ဆိုပြီး သီချင်းလေးတစ်ပုဒ်တောင် ထွက်မဆိုတာ စိတ်မကောင်း ဖြစ်မိသည်။ ဘောလီးဝုဒ်အနုပညာရှင်တွေကို ဘွိုင်းကော့လုပ်ရမှာ ဖြစ်သည်။
    ခုတော့ အနဲတို့ ပိုးဟပ်ပါတီ CJP ထိပ်ပေါက်ခေါင်းကွဲနဲ့ အဆုံးသတ်ခဲ့ရသည်။ နောက်များ ဆန္ဒပြကြမယ်ဟေ့ဆိုရင် ထူးမြတ်ကို သတိရစေလိုသည်။ အကြံကောင်းဉာဏ်ကောင်းတွေပေးမှာ ဖြစ်သည်။ အနဲတို့များ ပညာရေးအကြောင်းပြု လမ်းပေါ်မှာ နံပါတ်တုတ်နဲ့ ရင်ဆိုင်ရသည်။ ထူးမြတ်တို့ တော်လှန် ရေးခေါင်းဆောင် ကြီးတွေဆိုရင် ပညာရေးအရ စာမေးပွဲတွေ ရှိလာပြီး ပိုးဟပ်တွေလို အဖြစ်မျိုး ဖြစ်မှာစိုး လို့ စိုးရိမ်တာကြောင့် အမြော်အမြင်ကြီးစွာ ကျောင်းမတက်နဲ့ ကျောင်းထွက်ခိုင်းခဲ့ကြသည်။ ပိုးဟပ်ခေါင်းဆောင်တွေ ဆန္ဒပြပွဲအပြန် အိမ်မှာချက်ထားသည့် အာလူးပဲဟင်းနဲ့ ချာပါတီပူရီစား နေရချိန် ရွှေပြည်ကြီးက တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဒေါ်လာသန်းချီ ပိုက်ပြီး အမေရိကားမှာ သာသာယာယာထိုင် တော်လှန်နေကြသည်။ အနဲတို့ လေ့လာမှု အားနည်းတာကြောင့် ဆန္ဒပြပွဲက ရက်တိုတိုနဲ့ ပြီးသွားသလို ဦးဆောင်သူတွေလည်း ဘာအကျိုးအမြတ်မှ မရတာဖြစ်သည်။
    တတိယနိုင်ငံတောင် မသွားတတ်တဲ့ ပိုးဟပ်ခေါင်းဆောင်တွေကိုကြည့်ပြီး ရွှေပြည်ကြီးက တော်လှန်ရေးခေါင်းဆောင်တွေက 'ညံ့လိုက်တာ အနဲတို့ရာ'ဆိုပြီး မချိတင်ကဲ ညည်းညူနေမှာ မြင်ယောင်မိ သေးသည်။ ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 108

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.