တပ်မတော်ကို ပြည်သူမုန်းအောင် လုပ်ဇာတ်ဆင်နေကြသူများ

    'နွေဦးတော်လှန်ရေး အနိုင်ရမလား' ဆိုတဲ့ခေါင်းစဉ်နဲ့ အထူးဆွေးနွေးခန်း အစီအစဉ်ကို ကြည့်ရှုနားထောင် ဖြစ်တယ်။ ဆွေးနွေးပွဲကို ကိုင်တွယ်ထုတ် လွှင့်ခဲ့တာက Freelance Journalist သက်ထွေးနိုင်ပါ။ ပါဝင်ဆွေးနွေးသူတွေက ABSDF က ဆလိုင်းယောအောင်၊ တပ်မ တော်သားဟောင်း ဒေါက်တာအောင်မျိုး နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးတို့ပဲ ဖြစ်ပါတယ်။ ဆွေးနွေးခန်းသဘာဝကို ကြည့်ရတာ ဆွေးနွေးတာထက် Debate ပုံစံလို့ မြင်ရတယ်။ ပြည်ထောင်စုအရေးထက် နွေဦးတော်လှန်ရေးကို ဟိုက်လိုက်လုပ်တာက အတော်ကသိကအောက် နိုင်ပါတယ်။ နွေဦးတော်လှန်ရေးကတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ဖြစ်လာ မယ်ဆိုတာ ခုချိန်ထိ မြင်ကြည့်လို့မရသေးတဲ့အတွက် မှန်ကန်တဲ့ လမ်းကြောင်းလို့ မဆိုနိုင်ပါ။ 
    သုံးသပ်ချက်တွေကိုကြည့်ရင် ဆလိုင်းယောအောင်ရဲ့ ဆွေးနွေးချက်တွေက တပ်မတော်မုန်းတီးရေးနဲ့ လိုရာဆွဲ သုံးသပ်တာ၊ အခွင့်သင့်တုန်း ပြောခွင့်ရတဲ့ အချိန်မှာ Psychological Warfare သဘောနဲ့ ဝါဒဖြန့်ပြောသွားတာ တွေ့ရတယ်။ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ပညာရှင်ဆန်ဆန် သုံးသပ်ပြတာ တွေ့ရပေမယ့် သူ့ရဲ့ပင်ကိုစိတ်ထဲမှာ တပ်မတော်အပေါ် အပြစ်ပုံချချင်တာက ပိုများနေတာ သတိထားမိတယ်။ ခေတ်အလိုက်ဖြစ်ခဲ့တဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်တာက အမှန်တရားကို လက်ခံဖို့ထက် ကိုယ်လိုချင်တဲ့ အခြေအနေမျိုး မရခဲ့တဲ့အပေါ်မှာ တစ်ဖက်ကို ပိုအပြစ်ဆိုချင်တာ များနေတာ တွေ့ရတယ်။ ဒေါက်တာအောင်မျိုးကတော့ ရှင်းပါတယ်။ တပ်မတော်သားတစ်ယောက်ရဲ့ အမျိုးသားရေးအမြင် ပေါ်မှာ အခြေခံတာ တွေ့ရတယ်။ 
    ဒီဆွေးနွေးခန်းမှာ သတိထားမိတာက ဖက်ဒရယ်ကိစ္စပါ။ ဖက်ဒရယ်ကို ဘယ်လိုတည်ဆောက်ကြ မလဲလို့ဆိုရင် အတော်အငြင်းအခုံဖြစ်မယ်လို့ မြင်တယ်။ မှားနေတဲ့အမြင်က ဖက်ဒရယ်ဆိုတဲ့ အသံကြား ရင် တပ်က တီဆားကြောက်သလို ကြောက်နေတယ်ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ ပြောတာက ဆလိုင်းယောအောင်ပါ။ ခေတ်အဆက်ဆက်က အခြေအနေကိုပဲ ကြည့်ကြည့်၊ လက်တွေ့အခြေအနေကိုပဲ သုံးသပ် သုံးသပ်၊ တပ်မတော်အပိုင်းက ဖက်ဒရယ်ကို မကြောက်ပါဘူး။ ဖက်ဒရယ်ကို အကြောင်းပြ၊ ကွန်ဖက်ဒရေးရှင်းကို အရယူပြီး ပြည်ထောင်စုပြိုကွဲမယ့်အရေးကို စိုးရိမ်တာပဲရှိပါတယ်။ သူ့အမြင် သူ့ရပ်တည်ချက်မှာ အဓိကက  ပြည်ထောင်စုမပြိုကွဲရေးပါ။ ဘယ်စနစ်နဲ့ပဲသွားသွား၊ ဘယ်လိုပဲအာ ဏာဖြန့်ဝေဖြန့်ဝေ ပြည်ထောင်စုတည်တံ့ဖို့သာ ရှေးရှုပါတယ်။ ရှုမြင်ပုံမတူတာကို အပြစ်လို့ဆိုမရပါ။ ရှုမြင်ပုံမတူပေမယ့် အခုချိန်ထိ မြေပုံ မပြောင်းသေးတာ ဘယ်သူတွေကြောင့်ဆိုတာ မြင်ဖို့လိုပါတယ်။ 
    အဓိကပြဿနာက နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအယူအဆ မတူတဲ့အပေါ် ရန်ဖြစ်နေကြတာ၊ သူ့အမြင် ကိုယ့်အမြင်နဲ့ တိုင်းပြည်ကို သရုပ်ဖော်ချင်ကြ တာပဲဖြစ်ပါတယ်။ လက်ဝဲသမား တည်ဆောက်လိုတဲ့ ဖက်ဒရယ်နဲ့ လက်ယာသမား တည်ဆောက်လိုတဲ့ ဖက်ဒရယ် တူနိုင်ပါ့မလား။ အာဏာဖြန့်ဝေမှု ဘယ်လိုပဲခွဲခွဲ မတူနိုင်ပါ။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကို သွားခဲ့တာ အခုချိန်မှာ ဝိုင်းအပြစ်ပြောကြတာ မှန်ကန်ပါ့မလား။ အဲဒီခေတ်က ပြည်တွင်းရေးအခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို ထည့်မတွက်ဘဲ ပြောရင် တစ်ဖက်သတ် ဆန်ပါလိမ့်မယ်။ သူတည်ဆောက်ခဲ့တဲ့ ဆိုရှယ်လစ်စနစ်မှာ သူတစ်ယောက်တည်း သီးသန့်လို့ ဆိုလို့မရပါ။ သူ့ကိုလက်ခံ၊ ထောက်ခံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ပါခဲ့တာကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါ တယ်။
    တိုင်းရင်းသားတွေရဲ့ လိုလားချက်ကိုကြည့်ရင် တစ်မျိုးချင်းစီရဲ့ လိုလားချက်ကမတူပါ။ အဲ့ဒီလို မတူသလို လူမျိုးတစ်မျိုးတည်းမှာကိုက မတူတာတွေအများကြီးရှိပါတယ်။ တိုင်းရင်းသားတိုင်းလိုလို လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့ထားကြတာ တွေ့ရမှာဖြစ်ပါတယ်။ တချို့ဆို တစ်ဖွဲ့တည်းတောင်မကဘဲ အမျိုးမျိုးကွဲနေကြတာပါ။ အဲဒီလက်နက်ကိုင်အဖွဲ့တွေက လူမျိုးကို ကိုယ်စားပြုရဲ့လား။ လူမျိုးအကျိုးကို အမှန်တကယ် လိုလားရဲ့လား။ ကိုယ့်လူမျိုးရဲ့ စိတ်ခံစားချက်၊ လိုလားချက်ကို မှန်မှန်ကန်ကန် မြင်ကြရဲ့လား။ လှုံ့ဆော်ဝါဒဖြန့်၊ လူမျိုးရေးမှိုင်းတိုက်ပြီး ကိုယ်ကျိုးဆောင်ရွက်နေကြသူတွေလည်းအများကြီးပါ။ လက်နက်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လူမျိုးစုခေါင်းဆောင်ဆိုတဲ့ အထင်နဲ့ ရပ်တည်နေကြသူတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တချို့တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ကြီးစိုးထားလို့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတာတွေကို ဘယ်လိုပြောကြမလဲ။ ဆိုလိုချင်တာက တန်းတူအခွင့်အရေးဆိုတာ ပြောရတာ လွယ်သလောက် ဖွင့်ဆိုရတာ၊ လက်တွေ့ဆောင်ရွက်ရတာ အတော်မလွယ်တဲ့ကိစ္စပါ။ ဖက်ဒရယ်မှာ အရေးကြီးတာက ဗဟိုချုပ်ကိုင်မှုနဲ့ ပြည်နယ်အာဏာခွဲဝေမှုက အဓိကပါ။ ဗဟိုမှာ ဒီမိုကရေစီထွန်းကားပြီး ပြည်နယ်မှာ Warlord ဖြစ်နေရင်ရော စစ်မှန်တဲ့ ဖက်ဒရယ် ဖြစ်နိုင်ပါ့မလား။ 
    ဖက်ဒရယ်အစစ်အမှန်ကို လိုချင်ရင် တပ်မတော်တစ်ခုတည်း ရှိရမယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့ကြတာက ပြည်ထောင်စုပါ။ ဖက်ဒရယ်ပြဿနာဆိုတာက အယူအဆမတူ၊ အခွင့်အရေးလိုလားချက်တွေအရ ဖြစ်ခဲ့တဲ့ ပြဿနာတွေပါ။ လက်နက်စွဲကိုင် တိုက်ပွဲဝင်ရတဲ့အထိ နိုင်လိုမင်းထက် ဖိနှိပ်ချုပ်ချယ်ခဲ့တာ မရှိပါ။ ပထမဆုံး ကရင်လက်နက်ကိုင်တော်လှန်ရေးကို ကြည့်ရင်တပ်မတော်နဲ့ ဘာမှမဆိုင်ပါ။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ ဖဆပလကို မကျေနပ်တာထက် သီးခြားနယ်မြေရယူပြီး ဗြိတိသျှ ဓနသဟာယထဲမှာနေလိုတာက ပိုများနေတာ သမိုင်းမှတ်တမ်းတွေအရ သိနိုင်တဲ့ကိစ္စပါ။ ကရင်ကိုပြည်နယ်ပေးမယ်လို့အခြေခံဥပဒေမှာ အတိအလင်း ဆိုထားပြီး ဖြစ်နေတဲ့အပေါ်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲစရာ လိုပါသလား။ နိုင်ငံရေးအရ ဆွေးနွေးပြီး အတိုးအလျှော့ လုပ်လို့ရနေရဲ့သားနဲ့  အစိုးရအားနည်းနေတာကို အကွက်လို့ မြင်ပြီး နယ်မြေ သိမ်းလိုခဲ့တာ မဟုတ်ဘူးလား။ 
    မြန်မာနိုင်ငံဟာ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာကတည်းက ပြည်ထောင်စုအသွင်ဖြစ်လိုက်၊ သီးခြားခွဲထွက်လိုက်၊ လူမျိုးစုအလိုက် တိုက်ပွဲတွေဖြစ်လိုက်နဲ့ ခိုင်မာတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်လို့ မလွယ်ကူတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ခေတ်ပြောင်းလာတဲ့အခါမှာ ဒီအားနည်းချက်ကို စည်းလုံးညီညွတ်ရေး အားသာချက်အဖြစ် ပြောင်းလဲဖို့ လိုပါတယ်။ ခုချိန်ထိ ပြောင်းလဲနိုင်ခြင်း မရှိသေး တာကို လက်ခံရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်အကြောင်းပြပြီး တပ်မတော်ကို ဘုံရန်သူအဖြစ် သတ်မှတ်တာဟာ ကိုယ့်လိုဘ မပြည့်အောင် တားဆီးနှောင့်ယှက်နေတယ်ဆိုတဲ့ အမြင်နဲ့သာ ဖြစ်ပါတယ်။ အဲဒီလိုလူတွေ၊ အဖွဲ့အစည်းတွေကရော ပြည်ထောင်စု စိတ်ဓာတ်တကယ်ပဲရှိပါရဲ့လား။ ပြောသမျှ ကြား နေမြင်နေရတာက သီးခြားနိုင်ငံ၊ သီးခြားနယ်မြေရလိုကြတာတွေချည်းပဲ ဖြစ်ပါတယ်။ တပ်မတော်ကတော့ ရှင်းတယ်။ ဒို့တာဝန်အရေးသုံးပါးပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်။ ဒီအမြင် ဒီအယူအဆတွေ ညီသွားမှသာ စစ်မှန်တဲ့ ဖက်ဒရယ် ဖြစ်လာမှာပါ။ တပ်မတော်က ဖက်ဒရယ်ဆိုတာကိုကြောက်နေတယ် ဆိုတာထက် ဖက်ဒရယ်အကြောင်းပြ လုပ်ချင်ရာ လုပ်နေကြတာတွေ ပြင်ဖို့က ပိုအရေးကြီးပါတယ်။ 
    ပြည်သူ့ထောက်ခံမှုနဲ့ပတ်သက်ပြီး သက်ထွေးနိုင်ရော၊ ဆလိုင်းယောအောင်နဲ့ ဒေါက်တာစိုင်း ကြည်ဇင်စိုးတို့ကပါ တပ်မတော်ဘက်မှာ ပြည်သူမရှိဘဲ တော်လှန်ရေးအုပ်စုတွေဘက်မှာသာ ပြည်သူရှိ တယ်ဆိုတဲ့သဘောပြောသွားတာ တွေ့ရတယ်။ ဒီအမြင်ကို ဒေါက်တာအောင်မျိုးပြောသွားတာ ကောင်းပါတယ်။ ပြည်သူဆိုတာ သူ့ဘက် ကိုယ့်ဘက် ရှိကြစမြဲပါ။ အနည်းအများ ကွာချင်ကွာမှာ ဖြစ်ပါတယ်။ ဒါကိုပဲတပ်မတော်က မတော်မတရားလုပ်လို့ ပြည်သူအားလုံးသူတို့ဘက် ပါတယ်ဆို တာကတော့ အဓိပ္ပာယ်မရှိပါ။ ပြည်ထောင်စုအကျိုးကို မှန်ကန်စွာမြင်မယ်၊ အမျိုးသားရေးကို အားသန်တဲ့အမြင် ရှိမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ရပ်ကို နားလည်ကြပါတယ်။ ဒီလိုလူတွေ တပ်မတော်ကို ထောက်ခံကြ တာ မနည်းပါ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်။ အထင်ကရဆရာတော်တွေ တပ်မတော်ဘက်က ဘာကြောင့် ရပ်တည်ကြ သလဲ။ ဆရာတော်တွေရဲ့ တပည့်ရင်း၊ ဒကာရင်းတွေရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ ကိုယ့်အမြင်နဲ့မတူ ကိုယ့်နောက်မလိုက်တာနဲ့ ဘောမဆိုတဲ့ စကားသုံးပြီး ပြည်သူလို့ မသတ်မှတ်ကြတာ သတိထားကြည့်ရင် သိသာတယ်။ မှားယွင်းတဲ့လုပ်ရပ်ကို မထောက်ခံလို့ ဒလန်အမည်တပ် သတ်ဖြတ်ခံရ သူတွေကရော ပြည်သူတွေ မဟုတ်ကြဘူးလား။ ကြားနေလို့မရဘဲ သူတို့လူမှသူတို့လူ၊ သူတို့ရဲ့ လုပ်ရပ်ကသာ မှန်တယ်ဆိုတာ နိုင်ငံရေးကျပ် မပြည့်တဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ 
    တပ်မတော်အနေနဲ့ စစ်ဦးကျိုးသွားတယ်ဆို တဲ့အမြင်နဲ့ ဆလိုင်းယောအောင် ပြောသွားတာ တွေ့ရတယ်။ စစ်တိုင်းဌာနချုပ်တွေ ကျသွားတာ၊ တချို့နယ်မြေတွေကို သိမ်းထားတာတွေနဲ့ ပတ်သက်ပြီး တပ်မတော်က စွမ်းရည်ကျသွားတယ်၊ လေယာဉ်သာမရှိရင် နေပြည်တော်ကို သိမ်းပြီးလောက်ပြီလို့လည်း ဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲကစပြီး တစ်ကျော့ပြန်ဖြစ်လာတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ရင် အတိုင်းအတာတစ်ခုအထိ တပ်မတော်က ဆုံးရှုံးခဲ့တာ မှန်ပါတယ်။ တိုက်စွမ်းရည် ကျသွားတာထက် မျှော်လင့်မထားတဲ့ အခြေအနေနဲ့ အလစ်အငိုက် မိသွားတာလို့ ဆိုရမှာပါ။ တိုက်ပွဲတွေဖြစ်တဲ့ အချိန်ထိ တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ပေးထားတာပါ။ စတိုက် ခဲ့တာ မဟုတ်ပါ။ 
    နိုင်ငံရေးမကျေနပ်ချက်က စပြီး လက်နက် ကိုင်လမ်းစဉ်နောက်လိုက်အောင် အလွန်အကျွံဝါဒမှိုင်း တိုက်ခဲ့ရာက မတန်တဆ ကြီးထွားလာတဲ့ စစ်အင်အားနဲ့ နည်းပညာအားသာချက်အရ ဖြစ်ခဲ့တဲ့အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်အထိ တပ်မတော်က NCA လမ်းကြောင်းကတစ်ဆင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနေတာပဲ ဖြစ်ပါတယ်။ အလွန်အကျွံ စစ်ရေးအခြေအနေတွေ ဖြစ်လာတဲ့အခါမှာ ခံစစ်အသွင်နဲ့ ပြန်လည်တုံ့ပြန်ခဲ့တာ ပဲဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်အနေနဲ့ TNLA ကို ချေမှုန်းခဲ့တဲ့ တောင်ခမ်းစစ်ဆင် ရေးကိုကြည့်ရင် တပ်မတော်ရဲ့ စစ်စွမ်းရည်ကို အကြမ်းဖျင်း သိနိုင်ပါတယ်။ 
    လက်ရှိဆင်နွှဲနေတဲ့ ၄၉၂၆ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စစ်ဦးကျိုးသွားပြီ၊ စစ်ဦးကျိုးသွားလို့ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတယ်လို့ ဆလိုင်းယောအောင် ပြောသွားတာ တွေ့ရပါတယ်။ ဗန်းမော် ဆန်တက်တဲ့ စစ်သင်္ဘောတွေ အထိနာပြီး KIA နဲ့လည်း စစ်ဦးကျိုးသွားတယ်လို့လည်း ပြောပါတယ်။ ရယ်စရာ တော့ကောင်းတယ်။ အမှန်တကယ် မြေပြင်အခြေအနေနဲ့ ကင်းကွာနေတဲ့ ကွာဟချက် ဖြစ်ပါတယ်။ ၄၉၂၆ စစ်ဆင်ရေးဟာ ဧရိယာ တိုက်စစ်ဖြစ်တဲ့အတွက် နည်းမျိုးစုံသုံးပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို အရယူသွားမှာ ဖြစ်ပါတယ်။ 
    လတ်တလောအရ အပြန်အလှန် ရှိကောင်း ရှိနိုင်မှာဖြစ်ပေမယ့် အားသာချက်က တိုက်စစ်လက် ထဲမှာရှိတဲ့အတွက် အချိန်တစ်ခုအတွင်းမှာ ပြန်လည်သိမ်း ပိုက်သွားနိုင်မှာ ဖြစ်ပါတယ်။ စစ်ဆင်ရေးလို့ ကြေညာထားတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ဆင်ရေး ဧရိယာမှာ ရှိမနေသင့်ပါ။ ရှိနေခြင်းဟာ ရန်သူနဲ့ ပြည်သူခွဲခြားဖို့မလွယ်တဲ့အတွက် ပူးပေါင်းချေမှုန်းခံရမယ့် အနေအထားဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း AA သိမ်းပိုက်ထားတဲ့ နယ်မြေတွေဟာ စစ်ဆင်ရေးဧရိယာထဲမှာ အကျုံးဝင်တဲ့အတွက် ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင် ရမယ့်အခြေအနေပါ။ အထူးသဖြင့် AA စစ်စခန်းတွေနဲ့ ဝေးဝေးနေဖို့ လိုပါတယ်။ AA ကပဲ အကာအကွယ်ရအောင်ပြည်သူတွေကို စစ်ဘေးမရှောင်ခိုင်းတာလား၊ ပြည်သူတွေကပဲ AA ကို ယုံပြီး မရှောင်ကြတာလားတော့ မသိပါ။ ရန်ကုန်၊ ပြည်၊ မကွေး အစရှိတဲ့ မြို့ကြီးတွေကို စစ်ရှောင်လာတဲ့ ရခိုင်တိုင်းရင်းသားတွေ အေးအေးချမ်း ချမ်းဘေးကင်းနေကြတာ မြင်ရမှာပါ။ မြို့ပေါ်စစ်ရှောင် လာတဲ့ထဲမှာ  ဗမာနဲ့တပ်ကို ပြစ်တင် ဝေဖန်ပြီး AA နဲ့ လူမျိုးရေးအမြင်ရှိသူတွေ အများ ကြီး ရှိပါသေးတယ်။ အွန်လိုင်းပေါ်မှာ ဝေဖန်နေကြတာ မမြင်ချင်အဆုံးပါ။ ရန်ကုန်မှာဆိုရင် ထွန်းမြတ် နိုင်ကိုကူနေတဲ့ သူ့အမျိုးတွေတောင် ရှိပါသေးတယ်။ နိုင်ငံတော်ကရော တပ်မတော် ကပါ ဘာမှမလုပ်ပါ။ 
    တပ်မတော်က စစ်စခန်းတွေ တိုက်တာနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးသုံးပြီး တိုက်ခိုက်တယ်လို့ ဆလိုင်းယောအောင်က ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ ဆေးသုံးထားလို့ ကြောင် တောင်တောင် ဖြစ်နေတယ်၊ ယခင်တုန်းက KNU စခန်းတွေကို တိုက်တုန်းက ဖမ်းဆီးရမိတဲ့ စစ်သည် တွေကိုကြည့်ရင် ဆေးသုံးပြီး ကြောင်တောင်တောင် ဖြစ်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ၈၈ အရေးအခင်းတုန်းက အဆိပ်လိုက် ခပ်တဲ့သူတွေလို ကြောင်တောင်တောင် ဖြစ်နေတာလို့လည်း ပြောပါတယ်။ ဒီအပြောတွေကို ကြည့်ခြင်းဖြင့် မဟုတ်မမှန် ချဲ့ကားပြောဆိုနေတယ်ဆိုတာ ထင်ရှားတယ်။
    သူ့အပြောက ဟိုးအရင်ကတည်းက တပ်မတော်က မူးယစ်ဆေးသုံးပြီး စစ်တိုက်ခိုင်းတာလို့စွပ်စွဲ ထားတာပါ။ သူဘာကို ဆိုလိုချင်တာလဲ မသိပေမယ့် တပ်မတော်သိက္ခာနဲ့ ရဲစွမ်းသတ္တိ၊ စိတ်ဓာတ်၊ စည်း ကမ်းကိုစော်ကားထားတာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံ့တပ်မတော်ပါ။ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးမှာလည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ ရိုးရိုးလေးပဲ မြင်ကြည့်။ တပ်မတော်မှာ မူးယစ်ဆေးဝါး ထုတ်တဲ့ စက်ရုံလည်းမရှိဘူး၊ မူးယစ်ဆေးဝါး ကုန်လည်းမကူးဘူး။ ဒါကို ပြည်သူတွေလည်းသိသလို နိုင်ငံတကာကလည်းသိတယ်။ မူးယစ်ဆေးဝါးတိုက်ပြီး စစ်တိုက်ခိုင်းမယ်ဆိုရင် မူးယစ်ဆေးဝါးလိုအပ်ချက် ဘယ်လောက်များမလဲ။ ဘယ်သူက ပံ့ပိုးပေးမှာလဲ။ ဘယ်ကရမလဲ။ ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှု၊ စစ်ဥပဒေ၊ အရပ်ဘက်ဥပဒေကို လိုက်နာရတဲ့အတွက် ဘယ်ခေါင်းဆောင်မှ ဒီလိုမလုပ်ဘူး။ ကိုယ့်ဘဝနဲ့ ရင်းရမှာ ဖြစ်တဲ့အတွက် လုပ်လည်းလုပ်ရဲမှာ မဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ တပ်မတော်ကို မူးယစ်ဆေး ဝါးထုတ်လုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တန်းတည်းမြင်အောင် ဝါဒဖြန့်လုပ်ကြံပြောထားတာ အသည်းနာစရာပါ။ အဲဒီစကား ပြောသွားတဲ့ ဆလိုင်းယောအောင်ကို ခွင့်လွှတ်လို့မရပါ။ ဒီစကားဝိုင်းမှာ ဒီလိုပြောသွားတာ ဘယ်သူမှ ဖြေရှင်းမသွားဘူး။ အခြေအနေမှန် ဟုတ်၊ မဟုတ် တိကျတဲ့ အထောက်အထားပြဖို့လည်း မပြောကြဘူး။ ဒီအတိုင်း လက်ခံလိုက်တဲ့သဘောလို ဖြစ်နေတယ်။ 
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 57

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66573

© 2022 - 2026 News. All Rights Reserved.