၂၀၂၆ ၊ မတ် ၁၄
ဒီမိုကရေစီကို အသက်သွင်းခြင်း
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးနောက် ရက်ပေါင်း ၆၀ ပြည့်မြောက်သည့်နေ့မှ စတင်ကာ လွှတ်တော်အစည်းအဝေးများ ကျင်းပတော့ မည်ဖြစ်သည်။ ယခင်အစိုးရနှစ်ဆက်တွင် လွှတ်တော်အစည်းအဝေးများ နှစ်ကြိမ်အထိ ကျင်းပပြီးစီးထားသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပထမအကြိမ်လွှတ်တော်၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဒုတိယအကြိမ် လွှတ်တော်ဟူ၍ ဖြစ်သည်။ ၂၀၂၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာ မည့်လွှတ်တော်မှာ တတိယအကြိမ်ဖြစ်သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၈ ရက် တွင်လည်းကောင်း၊ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် လည်းကောင်း အသီးသီး စတင် ကျင်းပရန်ခေါ်ယူကြောင်း အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာချက်အမှတ် ၁/ ၂၀၂၆၊ ကြေညာချက်အမှတ် ၂^၂၀၂၆ တို့ဖြင့် ထုတ် ပြန်ခဲ့သည်။ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူမှုသည် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော်မှု ကနဦး ခြေလှမ်းဟု ရှုမြင်မိသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ နိုင်ငံအခြေအနေ တည်ငြိမ်အေးချမ်းအောင်၊ နဂိုပုံမှန်အခြေ အနေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာမှုရှိသည့် သမာသမတ်ကျသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးနိုင်ခဲ့သလို နိုင်ငံတကာ အသိအမှတ်ပြုမှုများစွာ ရရှိခဲ့သည်။ လက်ရှိတွင်လည်း လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာမည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေဖြစ်သည်။
၂၀၂၁ နောက်ပိုင်းတွင် နိုင်ငံရေးအပြောင်း အလဲဖြစ်စဉ်များနှင့်အတူ ဒီမိုကရေစီရပ်ဝန်း၊ လွှတ်တော်အခင်းအကျင်း တိတ်ဆိတ်ငြိမ်သက်ခဲ့ရသည်။ နိုင်ငံရေးဘောင် ကျဉ်းမြောင်းသွားခဲ့ပြီး ပဋိပက္ခ ဘောင်လည်း ကျယ်လာခဲ့သည်။ ယခုတွင် နိုင်ငံ့တာဝန်ကို ရယူခဲ့သည့် နိုင်ငံတော်အစိုးရက လွှတ်တော် ခေါ်ယူရေး၊ ရွေးချယ်ခံ အစိုးရအား တိုင်းပြည်တာဝန် လွှဲပြောင်းရေးလုပ်ငန်းစဉ်များအပါအဝင် ဒီမိုကရေစီကို လမ်းစဖွင့်ပေးခဲ့ပြီ ဖြစ်သည်။ မကြာမီကာလ လွှတ်တော်အခင်းအကျင်းများ အသက်ဝင်လှုပ်ရှားလာမှုများ မြင်တွေ့လာရတော့မည်။တိုင်းပြည်အနာဂတ်ကို ထုဆစ်ပုံဖော်မည့် အစိုးရသစ်တစ်ရပ်သည်လည်း မကြာမီ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ရွေးချယ်ခံအစိုးရ Legitamacy ဖြစ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဆိုလျှင် နိုင်ငံတကာ Sanctions များလည်း လျော့ကျသွားမည်ဖြစ်သလို တိုင်းပြည်စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်၍ လွှတ်တော်အခင်းအကျင်း ပေါက်လာမှုအပေါ် ဝမ်းသာကြိုဆိုကြသည်။
တိုင်းပြည်တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည်
ပြီးခဲ့သည့် လွှတ်တော်သက်တမ်းနှစ်ခုတွင် အင်အားကြီးတစ်ပါတီတည်းကပဲ လွှတ်တော်တွင်း လွှမ်းမိုးခဲ့သည်။ အနည်းစု အနိုင်ရပါတီများ၏ မေးခွန်း၊ အဆိုများ အောင်မြင်မှု နည်းပါးခဲ့သည်။ လာမည့် လွှတ်တော်သည် တစ်ပါတီတည်းကသာ လွှတ်တော်နေရာ အများစု ရရှိထားသော်လည်း တိုင်းပြည်အကျိုး၊ လူထုအကျိုး၊ အများနှင့်သက်ဆိုင်သည့်မေးခွန်း၊ အဆိုများ လွှတ်တော်တွင်းတင်ပြမှုတွင် ပါတီကိုယ်စားလှယ်အားလုံး သဘောတူလက်ခံ ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု နိုင်ငံရေးပါတီ တာဝန်ရှိသူများက သုံးသပ်ကြသည်။
၂၀၂၅ ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာမည့် လွှတ်တော်အခင်းအကျင်းသည် ယခင်လွှတ်တော် များနှင့်မတူဘဲ ဆွေးနွေးငြင်းခုံနေခြင်းထက် ပူးပေါင်းဆောင် ရွက်ကြမည့် အခြေအနေဖြစ်လာလိမ့်မည်ဟု ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(UADP)ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ခန့်မှန်း သုံးသပ် သည်။
"Legitamacy အစိုးရ ပေါ်ပေါက်စေချင်လို့ လွှတ်တော်အခင်းအကျင်းတွေ အမြန်ဆုံး ပေါ်ပေါက်စေချင်တာပါ။ အခုက PR စနစ်ကို ကျင့်သုံးခဲ့တာဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အမျိုးသားလွှတ် တော်တို့မှာ ပါတီတော်တော်များများပါတယ်။ ပါတီပေါင်း ၃၂ ပါတီက PR စနစ်နဲ့ ပါလာတယ်။ အဲဒီလို ပါလာတဲ့အခါကျတော့ လက်ရှိအခြေအနေအရ လွှတ်တော်မှာ တစ်ဦးနဲ့တစ်ဦး ငြင်းခုံနေရမယ့်အချိန် မဟုတ်ဘူး။ တိုင်းပြည်တည်ဆောက်ရေးကို လုပ်ဆောင်ရမှာဖြစ်လို့ ပါတီတွေက အားလုံးပူးပေါင်းပြီး ဆောင်ရွက်ရမှာပါ။ အဲဒီလို ပူးပေါင်းဆောင် ရွက်ကြမယ်လို့လည်း ယူဆပါတယ်။ ဒါကြောင့် ယခင်လွှတ် တော်တွေလိုမျိုး ငြင်းခုံနေပြီးတော့ ငါးနှစ်တာ အချိန်ကုန်သွားမယ့် လွှတ်တော်ကြီးတော့ မဟုတ်ဘူး။ တိုင်းပြည် တည်ဆောက်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပါတီတွေက အားလုံး ပူးပေါင်းပြီး ဆောင်ရွက်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကြီးကို အဲဒီလိုမြင်မိပါတယ်"ဟု ဒေါက်တာခင်မောင်ဦးက မှတ်ချက်ပြုသည်။
တိုင်းနှင့်ပြည်နယ်တို့၏ မြို့တော်ဝန် ခန့်အပ်ခြင်း အခင်းအကျင်းသစ်
ပြီးခဲ့သည့် မတ်လ ၄ ရက်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီဥပဒေအမှတ် (၁၁/၂၀၂၆)ဖြင့် ပြဋ္ဌာန်းခဲ့ သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခင်က ရန်ကုန်၊ နေ ပြည်တော်နှင့် မန္တလေးတို့တွင်သာ မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးထားသည်။ ယခုတွင် ထိုဥပဒေအရ အခြားသော တိုင်းနှင့်ပြည်နယ် များတွင် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးမည့်အချက် ပါဝင်လာသည်။ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို အနည်းဆုံး ငါးဦးမှ အများဆုံး ၁၀ ဦးအထိ သတ်မှတ်တာဝန် ပေးရမည်။ ယင်းသို့ သတ်မှတ်သော ဝန်ကြီးဦးရေအတွင်း တိုးခြင်းနှင့် လျှော့ခြင်းများ ပြုနိုင်သည်။ ဝန်ကြီးများ သတ်မှတ်တာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက်နှင့် မန္တလေးတိုင်းဒေသကြီးအတွက် ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန်အဖြစ် တာဝန်ပေးအပ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးအား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်မြို့တော်တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်တာ ဝန်ပေးနိုင်သည်"ဟူ၍ ဥပဒေတွင် ဖော်ပြထားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းသည် ဝန်ကြီးဌာန ဖောင်းပွမှုကို လျှော့ချရန် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသလို အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးမှုကို ကြိုဆိုကြသည်။
"အခုလို မြို့တော်ဝန်တွေခန့်အပ်လိုက်တဲ့အတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များရှိ အစိုးရရုံးစိုက်ရာမြို့တွေကလည်း မြို့တော်ဖြစ်သွားမယ်။ မြို့တော်ဖြစ်သွားပြီး အဆင့်မြင့်သွားတာပေါ့။ နေပြည် တော်၊ မန္တလေး၊ ရန်ကုန် မဟုတ်တဲ့ တိုင်းနဲ့ ပြည်နယ်တချို့မြို့တွေကတော့ စည်း ကမ်းစနစ်ကျမှုအား နည်းတာတွေ၊ သန့်ရှင်းသာယာလှပမှု အားနည်းတာတွေ၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်မှုတွေ ရှိနေသေးတယ်လေ။ အခုတော့ မြို့တော်ဝန် ခန့်အပ်လိုက်တဲ့အတွက်၊ မြို့တော်ဖြစ်တဲ့အတွက် ယခင်ထက်စာရင် ပိုပြီးတော့ မြို့သာယာအောင်၊ မြို့အင်္ဂါရပ်နဲ့ ညီညွတ်အောင်၊ မြို့ဖွံ့ဖြိုးအောင်၊ စည်းကမ်းစနစ်ကျအောင် ပိုလုပ်နိုင်တော့မှာပါ"ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
အရည်အချင်းရှိသူတို့အတွက် နေရာတစ်ခု
ရွေးကောက်ပွဲအလွန်ကာလ လွှတ်တော်အ စည်းအဝေးများမှ အစိုးရတစ်ရပ်ကို ရွေးချယ်တာဝန်ပေးမည်ဖြစ်ပြီး ပုံမှန်အခြေအနေတွင် ရွေးကောက်ပွဲအများစုအနိုင်ရသည့် ပါတီကိုယ်စားလှယ်များ အများစုပါဝင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းလေ့ရှိသည်။ အင်အားကြီး ပါတီဖြစ်သည့် USDP ပါတီမှာ အများ စုအနိုင်ရရှိခဲ့၍ USDP ပါတီကိုယ်စားလှယ်အများစုပါဝင်တဲ့ အစိုးရတစ်ရပ် ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ သို့သော် ယခု ၂၀၂၅ ရွေးကောက်ပွဲသည် တိုင်းရင်းသားပါတီများ၊ တိုင်းနှင့်ပြည်နယ် အခြေစိုက် ပါတီများကိုယ်စားပြုမှု ပိုမိုပါဝင်လာစေရန် အချိုးကျကိုယ်စားပြုမှုစနစ်၊ ရောနှောထားသော ကိုယ်စား လှယ်အချိုးကျ (MMP) စနစ် ကျင့်သုံးခဲ့သည်။
USDP မဟုတ်သည့် အခြားသောပါတီကြီး ငါးခုခန့်နှင့် ဒေသပါတီ၊ တိုင်းရင်းသားပါတီတို့မှာ အချိုးကျကိုယ်စားပြုစနစ် (PR)၊ နိုင်သူအကုန်ယူစနစ်(FPTP)ဖြင့် ဒုတိယ၊ တတိယစသည်ဖြင့် မဲအများစုဖြင့် အနိုင်ရ ရှိထားကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အနည်းစု အနိုင်ရပါတီ ကိုယ်စားလှယ်များ ပါဝင်လာနိုင်သလားဆိုသည့် မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ဒီလို အနိုင် ရထားတဲ့ ဒေသပါတီ၊ တိုင်းရင်းသားပါတီတွေကတော့ တိုင်းနဲ့ပြည်နယ် အစိုးရဖွဲ့တဲ့အခါမှာ တစ်ယောက်စ၊ နှစ်ယောက်စ ပါကောင်းပါလာ နိုင်တယ်။ အခြားအနည်းစု အနိုင်ရထားတဲ့ ပါတီတွေထဲက အရည်အချင်းရှိတဲ့သူ၊ အုပ်ချုပ်ရေးယန္တရားမှာ အတွေ့အကြုံရှိတဲ့၊ လုပ်နိုင်မယ့်ပုဂ္ဂိုလ်တွေ ပါဝင်လာမယ်လို့ မျှော်မှန်းပါတယ်"ဟု လွှတ်တော်အခင်းအကျင်းကို လေ့လာနေသူတစ်ဦးက သုံးသပ်သည်။
လက်ရှိအခြေအနေအရ နိုင်ငံအတွက် အရေးအကြီးဆုံးလိုအပ်နေသည်မှာ ငြိမ်းချမ်းရေးပင်ဖြစ်ပြီး ပဋိပက္ခချုပ်ငြိမ်းရေး၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးတို့မှာလည်း အစိုးရသစ်တစ်ရပ်အတွက် စိန် ခေါ်မှုဖြစ် လာပေမည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ တိုင်းပြည် တည်ဆောက်ရေး၊ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တိုင်းပြည်အ ခြေအနေ ပုံမှန်အနေအထား အပြည့်အ၀ မရောက်ရှိသေးခင် ကာလ၊ ထိလွယ်ရှလွယ်ဖြစ်သည့် ကာလ ဖြစ်၍ နဂိုပုံမှန်အခြေအနေရောက် ရှိရေး၊ တိုင်းပြည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် လုပ်ရဆောင်ကြရ မည်ဖြစ်သည်။ တိုင်းပြည်အပြောင်းအလဲအတွက် အရေးကြီး သည့်ကာလတွင် ပေါ်ပေါက်လာမည့် လွှတ်တော်၊ အစိုးရ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများတွင် လူမှန်နေရာမှန်များ ပါဝင်သင့်ပြီး အုပ်ချုပ်ရေးယန္တရားကို မောင်းနှင်နိုင်မည့် အစိုးရမျိုး ပေါ်ပေါက်စေလိုကြသည်။ အထူး သဖြင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံရှိသူများ အစိုးရသစ်တစ်ရပ်တွင် ပါဝင်စေလိုသည်ဟု နိုင်ငံရေးလေ့လာသူများက ပြောသည်။
"လာမယ့် အစိုးရသစ်က ပထမအကြိမ်၊ ဒုတိယအကြိမ် အစိုးရနှစ်ဆက်ထက်ပိုပြီး အပင်ပန်းခံ ကြိုးစားရမယ်။ ပုံမှန်ကာလတွေထက် နှစ်ဆ ပိုအပင်ပန်းခံပြီး ပိုအလုပ် လုပ်ရမယ်။ ဒါကြောင့် အုပ်ချုပ် ရေးအတွေ့အကြုံရှိသူ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များ လူမှန်နေရာမှန် ပါဝင်သင့်ပါတယ်။ အထူးသဖြင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိတဲ့သူတွေ ပိုပြီး လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသင်တန်းမှတက်မထားဘဲနဲ့၊ အရပ်သားတစ်ဦးက ဘွဲ့ရတာတစ်ခုတည်းနဲ့ ဒီလိုပုံမှန် မဟုတ်တဲ့ကာလကြီးမှာ တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရအဖွဲ့ထဲမှာ ပါလာမယ်ဆိုရင် အတွေ့အကြုံလိုသေးတယ်၊ အချိန်ယူလေ့လာပြီးတော့မှ လုပ်ရမယ့်သဘောရှိတယ်။ တိုင်းပြည်အတွက် အလုပ်တွေက ချက်ချင်း လုပ်ဆောင်ရမှာတွေရှိတယ်။ အားကောင်းမောင်းသန်နဲ့ နေ့မအား ညမအား လုပ်ဆောင်ရမှာလေ။ အဲဒီလို လုပ်ရမှာဖြစ်တော့ လေ့လာသင်ယူနေဖို့ အချိန်မပေးနိုင်ဘူးလေ။ ဒါကြောင့်မို့လို့ အုပ်ချုပ်ရေး အတွေ့အကြုံတွေ၊ ကာကွယ်ရေးအတွေ့အကြုံတွေ၊ စီမံခန့်ခွဲတဲ့ အတွေ့ အကြုံတွေရှိတဲ့၊ ဥပဒေနားလည်တဲ့ ပုဂ္ဂိုလ်တွေများများ ပါဝင်စေချင်ပါတယ်"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ် ချက်ပြု သည်။
အစိုးရနှင့် တပ်မတော် လက်တွဲညီညီ လျှောက်လှမ်းရမည့် အနာဂတ်ခရီး
ကမ္ဘာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်များကို လေ့လာနေသူတစ်ဦးကလည်း နိုင်ငံအတွက်အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုမှာ ပေါ် ပေါက်လာမည့် ရွေးချယ်ခံအစိုးရနှင့် မြန်မာ့တပ်မတော်တို့ တစ်သား တည်း ဖြစ်ရေးပင်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။ လတ်တလော အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ထိုစစ်မက်ဖြစ်ပွားမှုက နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှင့်တပ်မတော် ကျောချင်းကပ်၊ ရင်ချင်းအပ် တစ်သားတည်းရှိသင့်ကြောင်း မီးမောင်းထိုးပြနေ ခြင်းဖြစ်သည်ဟု ၎င်းက ရှုမြင်ထားသည်။ ထိုဖြစ်စဉ်များကို သင်ခန်းစာအဖြစ် မှတ်ယူကာ မြန်မာ့တပ်မတော်ကို ခေတ်မီသည့် တပ်မတော်နည်းပညာ အဆင့်မီအောင် ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဟု အကြံပြု သည်။
"အရင်ဒီမိုကရေစီ သက်တမ်းနှစ်ခုမှာ ပထမသက်တမ်းမှာတော့ ပေါ်ပေါက်လာတဲ့ အစိုးရက တပ်မတော်နဲ့ တစ်သားတည်းဖြစ်ခဲ့ပေမယ့် ဒုတိယသက်တမ်းကတော့ မဖြစ်ခဲ့ဘူး။ အခု ဒါ တတိယ သက်တမ်းကတော့တဲ့ ရွေးကောက်ခံအစိုးရက တပ်မတော်နဲ့ တစ်သားတည်း ဖြစ်နေရမယ်။ တပ်မတော်ကို အင်အားကြီးအောင်၊ နိုင်ငံတကာအဆင့်ထိဖြစ်အောင် ဝိုင်းလုပ်ပေးကြရမှာပါ။ ကမ္ဘာ့အခြေအနေအရ အခု ပူပူနွေးနွေးဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်မီးအခြေအနေက ရှိနေတဲ့အတွက် တပ်မတော်ကို နံပါတ်(၁) အင်အားရှိအောင်၊ နိုင်ငံတော်အဆင့်ဖြစ်အောင်နဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ အရေးကြီး လိုအပ်ပါတယ်။ တပ်မတော်မှာရှိနေတဲ့ လစာတွေ၊ ရိက္ခာတွေ၊ တပ်မတော်ရဲ့ ကာ ကွယ်ရေး ဘတ်ဂျက်တွေအပေါ်မှာလည်း အရင်ထက် ပိုပြီး ပြန်ကြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ဖြစ်လာမယ့် ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေ အနေနဲ့ ဒီဟာကို သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ တပ်မတော် အင်အားရှိအောင် ခေတ်မီတပ်မတော်၊ မျိုးချစ်တပ်မတော်ကနေပြီးတော့ အာရှအဆင့်မီ၊ ကမ္ဘာ့အဆင့်မီ တပ်မတော်ကြီး ဖြစ်လာအောင် လိုအပ်တာတွေ ဝိုင်းပြီး ပံ့ပိုးကြရမှာ ဖြစ်ပါတယ်"ဟု ပဲခူးမြို့က နိုင်ငံရေး လေ့လာသုံး သပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ပွားခဲ့၍ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ၂၀၂၁ ဖေဖော်ဝါရီမှ စတင်ကာ နိုင်ငံတည်ငြိမ်အောင်၊ ပုံမှန်အခြေအနေဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။ ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ကာ တစ်ချက်ချင်းစီ၊ တစ်ဆင့်ချင်းစီ အောင်မြင်အောင် အကောင်အထည်ဖော်ခဲ့ပြီး ရွေးကောက်ပွဲ များကို အောင်အောင်မြင်မြင် ကျင်းပနိုင်သည်အထိ နိုင်ငံအနာဂတ် ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ပုံဖော်ပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အစိုးရအကြီးအကဲများ၊ တပ်မတော်အကြီးများအား စွမ်းဆောင်ရည်ကောင်း ကောင်း၊ စီမံမှုကောင်းကောင်းဖြင့် အုပ်ချုပ်ရေးယန္တရားကို အားကောင်းမောင်းသန် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု နိုင်ငံရေးလေ့လာသူများက ချီးကျုးဂုဏ်ပြုကြသည်။ အရပ်သားများ ထက်စာလျှင် စစ်ရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေးအတွေ့အကြုံ၊ ဥပဒေ၊ စီမံခန့်ခွဲမှုအတွေ့အကြုံတွေ လည်းရှိ၊ လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့အကြီး အကဲ၊ တပ်မတော်အကြီး အကဲများ ရွေး ချယ်ခံအစိုးရအဖွဲ့တွင် ပါဝင်လာမည်ဆိုလျှင် ဝမ်းသာဂုဏ်ယူကြရမည်ဟု မှတ်ချက်ပြုကြသည်။
ဖြတ်ကျော်ခဲ့ရသည့် ခရီးကြမ်းနှင့် အနာဂတ်ခေါင်းဆောင်
လက်ရှိ အစိုးရ၏ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ချက်၊ စွမ်းဆောင်ချက်အချို့ကို လေ့လာမိသည်။ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်တိုင်း နိုင်ငံရေးဖိအားပေးမှု၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေ၊ နိုင်ငံတကာ အသိုက်အဝန်းများ လိုက်လျောညီထွေ ရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ နိုင်ငံ၏ နိုင်ငံရေးအ ပြောင်းအလဲဖြစ်စဉ် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သလို ရုရှား၊ တရုတ် စသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများ တည်ဆောက်ထားနိုင်မှုအပါအဝင် ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင့်ထည်စေသည်မှာလည်း ယာယီသမ္မတကြီး၏ စွမ်းဆောင်ရည်အဖြစ် မြင်တွေ့ခဲ့ရသည်။
နိုင်ငံရေးအခြေအနေ အခက်အခဲစိန်ခေါ်မှု များကြားကလည်း ပြည်သူလူထု အထူးလိုလားတောင့်တ မျှော်လင့်နေသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို စွမ်းဆောင်ရည်မှာလည်း မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆောင်ရွက်ချက် သမိုင်းမှတ်တိုင်တစ် ခုဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဦးတည်ချက် လေးရပ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွောက်းကေပွဲကို ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာ ဝန်ပေးလာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ နိုင်ငံတော် တာဝန်လွှဲပြောင်းမှုအပြီး ပေါ်ပေါက်လာမည့် အရွေးချယ်ခံ အစိုးရတစ်ရပ်သည် တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်မည့်အစိုးရ၊ တိုင်းပြည်အနာဂတ်ကို ထုဆစ်မည့် အစိုးရသစ်တစ်ရပ်ဖြစ် သည်ဟုလည်း ဆိုနိုင်ပါသည်။ ပြောင်းလဲလာမည့် နိုင်ငံရေးအခင်း အကျင်းနှင့် ဘယ်လိုအစိုးရမျိုး ပေါ်ပေါက်လာမလဲ၊ မည်သို့သော ပုဂ္ဂိုလ်များ ပါဝင်လာနိုင်မလဲ မကြာမီကာလအတွင်း သိခွင့်ရရှိတော့မည် ဖြစ်သည်။ "အစိုးရသစ် တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် မြင်တွေ့လိုတယ်"ဟု ပဲခူးမြို့ခံတစ်ဦးက ၎င်း ဆန္ဒကို ထုတ်ဖော်ပြောကြားလာသည်။ ၎င်းမှာ ရွေးကောက်ပွဲဖြစ်စဉ်၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကို စိတ်ဝင်တစား စောင့်ကြည့်နေသူတစ်ဦးဖြစ်ပြီး ယာယီသမ္မတကြီးဟူ၍ ယာယီထည့်၍ ခေါ်ဆိုသုံးနှုန်းနေရသည်ကိုလည်း အားမရဟုဆိုသည်။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ နိုင်ငံ တကာ စွမ်း ဆောင်ချက်များ ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ စွမ်းဆောင်ချက်များအရ နိုင်ငံတော် သမ္မတဖြစ်ထိုက်သူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှတစ်ပါး အခြားမရှိဟူ၍လည်း ၎င်းကယုံကြည်ထား သည်။
၎င်းက "တကယ်တော့ ကျွန်တော်တို့က တိမ်းစောင်းသွားလို့မရတဲ့ကာလတွေ ဖြစ်နေပါတယ်။ ယာယီသမ္မတကြီး ဖောက်ထားတဲ့ လမ်းဖြစ်တယ်၊ သူမောင်းနှင်လာတဲ့ယန္တရားကို သူပဲ ပန်းတိုင်ရောက်အောင် ပို့ဆောင်ပေးနိုင်မှာပါ။ ယာယီသမ္မတကြီးဖောက်ခဲ့တဲ့ သူဦးဆောင်ပြီး လျှောက်လှမ်းမယ်ဆိုရင် ဆူးငြောင့်ခလုတ် မနင်းမိတော့ဘူးပေါ့။ တခြားသူကို လမ်းညွှန်လိုက်ရင် တခြားသူက ဆူးငြောင့်ခလုတ် နင်းမိရင် နင်းမိမှာပါ။ ဒါကြောင့် ကျွန်တော့်ဆန္ဒကို ပြောပြရရင်တော့ လက်ရှိ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပဲ သမ္မတကြီး ဖြစ်စေလိုပါတယ်။ လက်ရှိကလည်း ဖြစ်ကိုဖြစ်ရမယ့်၊ ဖြစ်သင့်တဲ့အချိန်ပါ"ဟူ၍ မှတ်ချက်ပြုခဲ့သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )