တော်လှန်စီးပွားရေးသမားတို့၏ လှည့်ဖြား လိမ်ညာသံသရာ

၂၀၂၆ ၊ ဇူလိုင် ၁၇

PDF နှင့် ထောက်ပို့ဇာတ်လမ်း
    သူတို့နှင့်ပတ်သက်၍ နှုတ်ဆက်ရမည်ကိုပင် လန့်မိပါ၏။ သူတို့ ဆိုသည်မှာ တော်လှန်ရေးဘက်အခြမ်းက လူမှုကွန်ရက်တွင် အာပေါင်အာရင်းသန်သန်ဖြင့် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောနေသည့် တော်လှန်ရေးသမားဆိုသူတို့ ဖြစ်သည်။ သို့သော် သူတို့အကြောင်းအရာကို စိတ်ဝင်စားသော်လည်းဆိုခဲ့သည့်အတိုင်း နှုတ်ဆက်ရမည်ကို လန့်မိနေ၏။ အဘယ်ကြောင့် နှုတ်ဆက်ရမည်ကို လန့်သနည်းဟုဆိုလျှင် တော်လှန်ရေးဘက်အခြမ်းက သူတို့သည် သူတို့ကို နှုတ်ဆက်သည်နှင့် လာနှုတ်ဆက်သူကို ဦးစွာ အလှူငွေ ခေါင်းစဉ်တပ်၍ တောင်းသောကြောင့်ပင် ဖြစ်သည်။
    ယခုလည်း ကြည့်ဦး ကရင်ပြည်နယ် ထိုင်းနယ်စပ် တိုင်းရင်းသား ကရင်လက်နက်ကိုင်ထံတွင် ရောက်နေသည့် LGBT တစ်ဦးအကြောင်း ပြောချင်မိပါသည်။ ယခင်က သူ့ကို LGBT တစ်ဦးဟု မထင်ဘဲသာ မန်ယောကျ်ားလေးတစ်ဦး၊ လက်နက်ကိုင် PDF တစ်ဦးအဖြစ်သာ ထင်ထားမိ၏။ တစ်ရက်သော အခါတွင် တော်လှန်ရေးထဲက အတန်အသင့် လူသိထင်ရှားသည့် ကလေးမလေးတစ်ဦးက သူ့ထံက ငွေကြေးအများ အပြား လိမ်လည်သွားကြောင်း ဖွင့်ချထားသည့်အကြောင်းကို နားထောင်မိလိုက်သည်။ လိမ်လည်သွား သည့် အမျိုးသမီးက မကွေးတိုင်း ရေစကြို၊ ပေါက်၊ မြိုင်ဝန်းကျင်က တော်လှန်ရေးလုပ်နေသူ ဖြစ်သည်။ တော်လှန်ရေးနှင့်ပတ်သက်၍ စစ်ဘေးရှောင် ကလေးသူငယ်များကို ဦးစားပေးကူညီသည့် ပုံစံမျိုးအပြင် စစ်ကြောင်းများလှုပ်ရှားမှုကို လူမှုကွန်ရက်က တင်နေသူဖြစ်သောကြောင့်  ထိုနယ်ဝန်းကျင်နှင့် တော် လှန်ရေးဘက်အခြမ်းက လူသိအတန်အသင့်များသည့် ပေါက်မိဒါဆိုသည့် အမျိုးသမီးဖြစ်သည်။ မိဒါဆို သည့် အမျိုးသမီးက တော်လှန်ရေးသက် တမ်းငါးနှစ်ကျော်ခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း လူမှုကွန်ရက်တွင် သူ၏ပုံရိပ်အစစ် မျက်နှာကိုပြ၍ တော်လှန်ရေးလုပ်သူ မဟုတ်ခဲ့ပေ။ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူနယ်ဘက်က သတင်းများကို တင်ဆက်ရင်း လူသိများလာသည့် ပေါက်မိဒါကို ကရင်ပြည်နယ်စပ် ရောက်နေသည့် တော်လှန်ရေးသမား LGBT တစ်ယောက်က အွန်လိုင်းပေါ်မှတစ်ဆင့် မေတ္တာမျှသွားကြသည်ဟု အလိမ်ခံရသည့် LGBT က ဖွင့်ချထားသည်။ သတိထား၍ ကြည့်ကြပါကုန်။ NUG ၏ နောက်လိုက်နောက်ပါ လက်နက်ကိုင်ထားသည့် LGBT ထဲက PDF သည် ပရဟိတ ယောင်ယောင်၊ သတင်း သမားယောင်ယောင်အမျိုးသမီးတစ်ဦးနှင့် အွန်လိုင်းမှမေတ္တာမျှပြီး အဆင်မပြေဖြစ်သည့်အခါ ဖွင့်ချမှ သိကြရခြင်းဖြစ်သည်။ သူဖွင့်ချသည် ကိုကြည့်ဦး။ "ပေါက်နယ်က မိဒါမသိစေရန်ပါ။ ကျွန်တော် တော်လှန်ရေးမှာ ဒဏ်ရာရလို့ ဆေးကုဖို့ စားဝတ်နေရေးအတွက် ငွေလိုအပ်လို့ ပေါက်မိဒါဆီကိုချေးထားတဲ့ငွေ ပြန်တောင်းရင် တောင်းတဲ့ အကောင့်တွေကို Block သွားတယ်၊ ဆက်တဲ့ဖုန်းတွေကို Block သွားတယ်၊ ဘယ်လိုမှ ဆက်သွယ်လို့မှ မရဘူး"ဟု ဖွင့်ချထားလေသည်။ ပေါက်နယ်က မိဒါဆိုသည်မှာလည်း သူ့နယ် ပယ်၊ သူ့ရပ်ဝန်းတွင် လူသိများ ထင်ရှားသူ ဖြစ်သောကြောင့် မိဒါဆိုသူက ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု မထင်သည့်သူက များကြသည်။ 'သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့' ဆိုသည့်အတိုင်း တစ်ယောက်က လက်နက်ကိုင်ပြီး မည်သည်ကရသည့်ငွေမှန်းမသိ ပရဟိတယောင်ယောင်၊ ထောက်ပို့ယောင်ယောင်၊ သတင်းသမားယောင်ယောင်နှင့် မိန်းမအချင်းချင်း (LGBTနှင့်)အွန်လိုင်း ပေါ်က သမီးရည်းစားများဖြစ်ကြပြီး ငွေအပေးအယူလုပ်ကြကာ အချင်းချင်း လိမ်လည်ရင်း ပြဿနာ ဖြစ်ကြလေသည်။ ပြဿနာဖြစ်သူတို့၏ ထုံးစံအတိုင်း အကြင်နာစကားနှင့်မဆိုကြဘဲ 'နီးလျှင် ဓားကြီး ကြီးဖြင့် ထိုးမည့်'အကွက်နှင့် ငါးစိမ်းတန်းက ငါးစိမ်းသည်များ ရန်တွေ့သည့်ပမာ အောက်ဖဲလှန်ဆဲဆိုကုန်၏။ အလိမ်ခံရသည့် PDF, LGBT က မိဒါထံ မျိုးစုံဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ဖြတ်ခံရသဖြင့် ပေါက်၊ ရေစကြို၊ မြိုင်နယ်က လူအတန်အသင့် ထင်ရှားသည့် တော်လှန်ရေးသမားများ၏ အမည်ပါတပ်ပြီး ထိုနယ်တွင် လူလိမ်တစ်ယောက်ရှိနေခြင်းကို သည်အတိုင်း ကြည့်နေတော့မည်လားဟု နယ်မြေတူ တော်လှန်ရေးသမားများနှင့်ပါ ပွဲတည်ပေးလေသည်။ နယ်မြေခံတော်လှန်ရေး သမားတို့သည်လည်း မိဒါနှင့် လူချင်းမသိကြောင်း ထွက် ရှင်းရလင်းရနှင့် ပွဲဆူကုန်ကြလေသည်။ ထိုကဲ့သို့ ပွဲဆူနေသော် လည်း ငွေလိမ်သွားပါသည်ဆိုသည့် မိဒါက ဘာတွေများ လုပ်နေသနည်းဟု မေးခွန်းထုတ်စရာရှိပြီ မဟုတ် လား။ ငွေလိမ်သွားသည်ဆိုသော ထိုမိဒါက သူအသုံးပြုနေသည့် အကောင့်များ ပျက်သွားသဖြင့် အကောင့် အသစ်ဖွင့်ကာ တော်လှန်ရေးလုပ်နေလေသည်။ မိဒါက တော်လှန်ရေး ခေါင်းစဉ်အောက်တွင် ငွေရပေါက် ရလမ်းချောင်သဖြင့် အကောင့်သစ်ဖြင့် တော်လှန်ရေး အဓွန့်ရှည်ပါစေကြောင်းများ ဆုတောင်း နေပြီလား မသိပေ။

သူခိုးပေါ် သူဝှက်လု
    အမရာမောင်ဆိုသည့် PDF အမျိုးသမီးတစ်ယောက် ပေါက်ကွဲ ဒေါသထွက်နေလေသည်။ အမရာ မောင်ဆိုသည့် အမျိုးသမီးက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဘက် အညာဒေသက PDF အမျိုးသမီး တစ်ဦးဖြစ်သည်။ ထိုအမရာမောင်ကို ကြည့်လိုက်လျှင် တော်လှန်ရေးလုပ်နေသည်ထက် ဂိတ်ဖွင့်ဆက် ကြေးကောက်နေသည့် Movie များရိုက်၍လူမှုကွန်ရက်တွင် တင်ခြင်း၊ ဂိတ်ဖွင့်ဆက်ကြေးကောက်ရာမှ ရရှိသည့် ငွေကြေးများဖြင့် အစားအသောက်များ စားသောက်နေခြင်း၊ ကားအကောင်းစားများကို စီးပြခြင်း၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ တော်လှန်ရေးခေါင်းစဉ်အောက်က အနေအစားချောင်နေကြောင်း ပြသနေလေသည်။ သူနှင့်ပတ်သက်၍လည်း မရိုးသားမှုများအကြောင်း တော်လှန်ရေး ဗန်းပြလုပ် စားနေကြောင်း အလျဉ်းသင့်တိုင်း ရေးခဲ့ဖူး၏။ 
    သူတို့တော်လှန်ရေးက လူမှုကွန်ရက်ကနေ လူသိများ ထင်ရှားအောင် ရုပ်သံရိုက်တင်ရုံအဆင့်သာဖြစ်ပြီး စကားပြောလျှင် ကြီးကြီးကျယ်ကျယ်နှင့် ပြောနေကြသည်။ တပ်မတော်လုံခြုံရေးစစ်ကြောင်းများလာလျှင် ဖွင့်ထားသည့်ဂိတ်ကိုထားပြီး ထွက်ပြေးကြကာ လုံခြုံရေးတပ်ဖွဲ့များ ပြန်သွားချိန်တွင် သနားခါး လိမ်း၊ ပန်းပန်ပြီး ပြန်ထွက်လာကြပြန်၏။ ထိုသို့ထွက်လာမှ ဆက်ကြေးကောက်၊ အလှူခံရမည်ဖြစ်ပြီး အနေအစားချောင်မည် မဟုတ်လား။ ထိုအမရာမောင်သည် ဇူလိုင်လ ဒုတိယအပတ် နောက်ဆုံးရက် ထဲတွင် ဒေါသထွက်နေလေ၏။သူဒေါသထွက်သည့်အကြောင်းကို 'တော်လှန်ရေးငွေ သိန်းငါဆယ် ခိုးယူ ထွက်ပြေးသွားတဲ့ရဲမေ -----(ခ)----အမြန်ဆုံး ဆက်သွယ်ပါ"ဟု အမျိုးသမီးတစ်ယောက်၏ ပုံနှင့် လူမှုကွန် ရက်တွင် ကြေညာထားလေသည်။ (တော်လှန်ရေးလုပ်ပြီး စာလည်း သိပ်တတ်ဟန် ရှိပုံမရ၊ ရေးထားသည်ကိုက မူရင်းစာလုံးပေါင်းတွင် သိန်းငါဆယ်ဟု ငါးဆယ်ကို ငါဆယ်ရေးထားလေသည်။) လူပါးပုလင်း ထိ၊ လည်လွန်းသည့်ဘီး ချေးသင့်၊ မြွေပွေး ပိုးထိဆိုသည်မှာ ဤကဲ့သို့ အကြောင်းကို ပြော ခြင်းဖြစ်မည် ဟုထင်ပါသည်။ငါးနှစ်ကျော်ကြာ လက်ကြောတင်းအောင် လုပ်မစားခဲ့သည့် မေမေ့သမီးဘွဲ့ခံ အနီဘက် ခြမ်း NUG တပည့် အမရာမောင်တို့ခမျာ သူများပေးစာကမ်းစာ စားလိုက်၊ ဆက်ကြေးကောက်လိုက်၊ တောင်းရမ်းစားလိုက်နှင့် အနေစားချောင်ခဲ့သမျှ သူ့ထက်လည်သည့်သူက သူတို့၏ ငွေကျပ် သိန်း ၅၀ ခန့်ကိုယူ၍ ထွက်ပြေးသွားမှ တော်လှန်ရေးငွေဟုဆိုကာ လူမှုကွန်ရက်က ကြေညာနေလေသည်။
    ထိုအမရာမောင်က ထပ်၍ ကြေညာသည်က  သူတို့၏ ငွေသိန်း ၅၀ ကျော် ယူသွားသူတို့သည့် တောင်သာ PDF ထဲကအမျိုးသမီးနှင့် အမျိုးသားတို့ဖြစ်ကြပြီး ငွေသိန်း ၅၀ ကျော် ယူဆောင်ကာ ရှမ်းပြည် ဘက်ထွက်ပြေးမည်ဟု သတင်းကြားနေရကြောင်း ကြော်ငြာထားလေသည်။ သူခိုးလက်က သူဝှက်လု တော်လှန်ရေးဘက်က လူများသည် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား နောက်ဆုံး ဇာတ်တူသားပါ စားကြသည့် လူ့ကျင့်ဝတ်နှုန်းစံပျက်နေသည့် အဖွဲ့အစည်းကြီးအဖြစ် သူတို့ အချင်းချင်း ဖော်ကောင်လုပ်နေကြလေသည်။

တော်လှန်ရေးသမား လူလိမ်များ၏ တွဲဆိုင်းများ
    ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် တော်လှန်ရေးဆိုသည့် လုပ်ရပ်ကြောင့် အိတ်ဖောင်းသွားသူ၊ ဘဝပြောင်းသွားသူ စသဖြင့် မျိုးစုံဖြစ်ကုန်ကြလေသည်။ ထိုအထဲက အိတ်ဖောင်းသွားသူတို့သည် တော်လှန်ရေးခေါင်းစဉ်အောက်တွင် ထောက်ပို့တာဝန်ယူကာ အလှူငွေများကို လူသိအောင်တစ်မျိုး၊ လူမသိအောင်တစ်ဖုံ ခိုးယူသူများက အများဆုံး အိတ်ဖောင်းကုန်ကြ၏။ အထက်တွင်ဆိုခဲ့သည့် တော်လှန်ရေးသမားများထဲက လိမ်လည်ကြသူများနှင့် အလိမ်ခံရသူများက တော်လှန်ရေးလောကတွင် သားပေါက်အ ဆင့်သာ ရှိသေးသည့် အကောင်သေးသေးမွှားမွှားများ ဖြစ်ကြသူများဟု ဆိုနိုင်ပါသည်။ 
    ဆိုလိုချင်သည်က တော်လှန်ရေးတွင် သား ပေါက်အဆင့်ရှိသူများသည် သားပေါက်အဆင့်ရှိသူ အချင်းချင်း လိမ်လည် လှည့်ဖြားကြပြီး အကောင်ကြီးလျှင် ကြီးသလောက် အဆင့်မြင့်မြင့် လိမ်လည်လှည့်ဖြားကာ တော်လှန်ရေးကို မှီခိုစားသောက်နေကြသူများ ဖြစ်ကြသည်။ တော်လှန်ရေးလောကတွင် အလိမ်နိုင်ဆုံး တော်လှန်ရေးဖြင့် အချမ်းသာသွားဆုံးသောသူကို ပြပါဆိုလျှင် ပန်ဆယ်လိုကို ပြရမည်ဖြစ်သည်။ ယောင်ပြလုပ်ငန်းအနည်းငယ် တို့တိတို့တိပြ၍ ထောက်ပို့အမည်ခံကာ တော်လှန်ရေး အရေးတော်ပုံ စသည့် ခေါင်းစဉ်များဖြင့် ထောက်ပို့ထည့်ဝင်ရန် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။ သူနှင့်သူ၏ ဆွေမျိုးဉာတိ အစွန်အဖျားအထိပါ ပြည်ပသို့ ခေါ်ဆောင်သွားပြီး လုပ်ငန်းမယ်မယ်ရရမရှိဘဲ နေနိုင်စားနိုင်နေသည်ကိုက သူတို့တော်လှန်ရေး၏ အသီးအပွင့်ဟု ဆိုနိုင်မလားမသိ။ ပြည်တွင်းက လူငယ်လူရွယ်အများအပြား စစ်ပွဲထဲသို့ မရောက်ရောက်အောင် ပို့ဆောင်ပေးပြီး စစ်ပွဲစစ်ဒဏ်ကြောင့် ထိခိုက်သေကျေမှု များအတွက်လည်း PDF အလောင်းများကိုပြ မျက်ရည်ခြူကာ 'ငါတို့မှာ ငါတို့ပဲရှိတယ်'ဆိုပြီး ညာဘက်လက်ဖြင့် အလှူခံပြီး ဘယ်ဘက်လက်ဖြင့် အိတ်ထဲထည့်သွားကြ သူများသာ ဖြစ်သည်။
    သူတို့ ပြည်ပသို့ထွက်ပြေးပြီး ဆွေမျိုးဉာတိပါမကျန် နေနိုင်စားနိုင်ကြောင်း ထောက်ပြဝေဖန်ကာမှ လုပ်ငန်းအနည်းငယ် လုပ်ကိုင်နေကြောင်းပြသရင်း လုပ်ငန်းတစ်ခုပြီးတစ်ခု လုပ်ကိုင်နိုင်ကာ တော်လှန်ရေးအပေါ်က အကျိုးအမြတ်များစွာ ရရှိသွားကြသည်။ သူနှင့်အကျိုး စီးပွား အတူတူ ခံစားရသူများက ပြည်ပထွက် ပြေးပြီး သူနှင့် တပူးတွဲတွဲ ပေါင်းသင်းနေကြသည့် အနုပညာ အသိုင်းအဝိုင်းက လင်းလင်းတို့ မိသားစု၊ ဖြူဖြူ ကျော်သိန်း၊ မင်းမော်ကွန်း၊ R ဇာနည်၊ မောင်မောင်အေး စသည်တို့အပြင် NUG ခေါင်း ဆောင်ပိုင်းများအထိပါ ပန်ဆယ်လိုနှင့် အလိုတူအလိုပါ တော်လှန်ရေးခေါင်းစဉ်အောက်က လိမ်လည်လှည့်ဖြား စားသောက်ရသူများ ဖြစ်ကြကုန်သည်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသည့်အတိုင်း မည်မျှပင် လိမ်လည်လှည့်ဖြားပါသည်ဟု ဆိုစေကာမူ ဝေစားမျှစားလုပ်ကြရင်း ပိုစားသူနှင့်ထိုထက် ပိုစားကြသူများဖြစ်သဖြင့် ဝေဖန်ထောက်ပြသူများကိုပင် တော်လှန်ရေးအဖျက်သမား၊ ဘောမ စသဖြင့် ခေါင်းစဉ်မျိုးစုံတပ်၍ ပြန်လည်တိုက်ခိုက်ကြသည်။ အထူးသဖြင့် တော်လှန်ရေးလုပ်ငန်းစုကြီးမှ ငွေရင်း ငွေနှီးမစိုက်ရဘဲ အမြတ်အစွန်းရနေသောကြောင့် စာရင်းမရှိ၊ အင်းမရှိ အတူ တကွ လူလိမ်များ အချင်းချင်း ညီညွတ်နေကြခြင်းဖြစ်သည်။ 
    သူတို့နှင့် အဓိကဖော်ကောင်ဖြစ်ကြသည့်တွဲ ဆိုင်းများအဖြစ် ဥက္ကာမင်းမောင်၊ သက္ကမိုးညိုတို့ကဲ့သို့သော တော်လှန်ရေးနှင့် ပတ်သက်သည့် ဖော်ကောင်များကိုမူ NUG နှင့် ပန်ဆယ်လိုတို့က ပြန်လည်မတုံ့ပြန်နိုင်တော့ဘဲ မသိချင်ယောင်ဆောင်ကာနေကြ၏။ ပြန်လည် တုံ့ပြန်မှသာ သူတို့၏ အပုပ်များ ပို၍ပေါ်မည် စိုးရိမ်သောကြောင့် မတုံ့ပြန်ဘဲ နေကြခြင်းဖြစ်သည်။ NUG နှင့် ပန်ဆယ်လိုတို့လောက် သူများကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနိုင်သူမရှိဘဲ သူတို့ကို အချက်အလက်နှင့် လူ လိမ်အဖြစ် ပြောနေသူများကို ပြန်၍မတုံ့ပြန်နိုင်သည်က အံ့သြစရာဖြစ်နေလေသည်။ သူတို့ထက် တစ်ဆင့်နိမ့်၍ တော်လှန်ရေးအမည်ခံကာ လုပ်စား၊ လိမ်စားနေသူတို့က တောထဲတွင် လက်နက်မျိုးစုံပြကာ တိုက်ပွဲဖော် ဆောင်ခြင်းထက် ထမင်းချက်ပြုတ် စားသောက်ပြနေသည့် ငဇွဲတို့ကဲ့သို့သူများ၊ တောထဲတောင်ထဲ လျှောက်သွားပြနေသည့် ဒါရိုက်တာကိုပေါက်၊ ကျော်သက်လင်း၊ အနုပညာအမည်ခံကာဆဲဆို မိုက်ရိုင်းနေသည့် လူရွှင်တော်တစ်သိုက်တို့ ဖြစ်သည်။ သူတို့သည်လည်းတော် လှန်ဗန်းပြပြီး လိမ်စားနေကြသူများဖြစ်ပြီး သူတို့ကိုဝေဖန်လျှင် ပြည်သူကချစ်၍ ကျွေးမွေးလှူဒါန်းသည်များကို စားသောက်ပါသည်ဟုလည်း အရှက်မရှိ ပြောကြ၏။ သန်သန်မာမာကြီးများ ဖြစ်ကြပြီ လက်ကြောတင်းအောင် လုပ်မစားချင်သည့်အခါ တော်လှန်ရေးခေါင်းစဉ်အောက်တွင် ဆဲဆိုမိုက်ရိုင်းပြီး သူများပေးစာကမ်းစာကို ပေါ်တင်တစ်မျိုး၊ လိမ်၍တစ်သွယ် စားသောက်ကြကုန်၏။ သူတို့ကို အဓိကဖော်ကောင်လုပ်သူများက တော်လှန်ရေး ဘက်အခြမ်းကို စိတ်ကုန်၍ စွန့်ခွာသူတို့က တော်လှန်ရေးဗန်းပြ လုပ်စားကြောင်းကို ဖွင့်ဟကြပြီး တစ်ခါဖွင့်ဟတိုင်း တစ်ခါ လူမှုကွန်ရက်ပေါ်တွင် အဆဲအဆိုမျိုးစုံ အသံကြားရတတ်၏။ သူတို့ထက် တစ်ဆင့်နိမ့်သည့် သူများက ထိုင်းနိုင်ငံရောက် စိုးလွင်တို့၊ ငစည်ဆို သူတို့ကဲ့သို့ ထောက်ပို့အမည်ခံကာ အလုပ်အကိုင်မယ်မယ်ရရ မရှိဘဲ အဆင်ပြေနေကြသူများ ဖြစ်သည်။ တော်လှန်ရေးထောက်ပို့ ခေါင်းစဉ်အောက်တွင် ငွေ ကြေးစုမိဆောင်းမိ ရှိလာသောအခါ စိုးလွင်ဆိုသူက နောက်မိန်းမယူကာ စီးပွားရေးလုပ်ပြီး သာယာသွား၏။
    လက်ရှိ မည်သည့်တော်လှန်ရေးနှင့်မျှ ပတ်သက်လိုခြင်း မရှိတော့ကြောင်းကိုလည်း အတိအလင်း ကြေညာသွားပြီး တော်လှန်ရေးမှ စား၍ဝသွားကြောင်း တစ်ဖက်လှည့်ဖြင့် သူတို့၏ ဆရာမကြီး ပန်ဆယ်လိုအတိုင်း ကြေညာထားလေသည်။ ငစည်ဆိုသူသည်လည်း  တော်လှန်ရေးက နားတော့မည်ဖြစ်ကြောင်း ပြောနေပြီး ငစည်ထိုသို့ ပြောနေခြင်းကိုပင် စိုးလွင်က ထောက်ခံပါကြောင်း အတိုင်အဖောက် ညီနေကြ၏။ သူတို့နှင့်အဓိက တွဲဆိုင်းဖော်ကောင်က သြဇီရောက် မမိုးဆိုသူ ဖြစ်ပြီး တော်လှန်ရေးခေါင်းစဉ်အောက်က စားထားမျိုထားသည်များကို မိုက်မိုက်ရိုင်းရိုင် ဖော်ထုတ်ထားကြ၏။ မမိုးက တော်လှန်ရေးတွင် ထိုကဲ့သို့ ဖော်ကောင်လုပ်သဖြင့် အရမ်းရိုးသားဖြူစင်နေသည် ထင်လျှင်လည်း မှားသွားနိုင်ပါသည်။ အဘယ့် ကြောင့်ဆိုသော် တော်လှန်ရေး ခေါင်းစဉ်အောက်တွင် မမိုးတို့ လိမ်လည်လှည့်ဖြားခိုးဝှက် စားကြောင်း ကိုလည်း ငစည်တို့က အားကျမခံ ပြန်၍ ဖော်ထုတ်ထားခြင်းကြောင့်ပင် ဖြစ်သည်။ သူတို့ထက် အဆင့်နိမ့်ကြသူများက ထိုင်းနိုင်ငံတွင် စနေ၊ တနင်္ဂနွေ နေ့များတွင် 'ကလောက် ကလောက်၊ ဂျလောက် ဂျလောက်'ဟု ဒန်ဖလားများဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူလိုက်ခံသည့် ထောက်ပို့အမည်ခံ  မစို့မပို့စား သောက်ရသည့် အလှူခံသူများဖြစ်ကြသည်။ သူတို့သည်ကာ အဆင့်နိမ့်လွန်းသောကြောင့် အချင်းချင်းဖြစ်ကြသည့် ပြဿနာများသည် လူမသိ သူမသိ ရှိတတ်ကြပြီး တော်လှန်ရေးခေါင်းစဉ် အောက်တွင် ရရစားစား၊ ဝါးဝါး မျိုမျို၊ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားနှင့် စားပေါက် ချောင်သောကြောင့် လှည့်ဖြားလိမ်ညာ သံသရာကို ရတတ်သရွေ့ ဆွဲဆန့်နေကြလိုလေသည်။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63726

© 2022 - 2026 News. All Rights Reserved.