ယုံရဲကြသူများ
လူလိမ်များအကြောင်းပြောလျှင် အလိမ်ခံမည့်သူရှိ၍ လိမ်ကြသည့်သူရှိခြင်း ဖြစ်သည်။ လွယ်လွယ်လိမ်၍ ရလောက်စေရန် အလွန် 'အ' ကြသောသူများ ရှိသောကြောင့်ဟု ဆိုရပါမည်။ တစ်နည်း ပြောရလျှင် တစ်ခါသေဖူး ပျဉ်ဖိုးနားမလည်ဆိုသည့် လူများရှိသောကြောင့် လိမ်သည့်သူများက ပန်းပန် လျက်ရှိနေခြင်းပင် ဖြစ်သည်။ လိမ်လည်လှည့်ဖြားခြင်းနှင့်ပတ်သက်၍ ကိုယ်ယုံကြည် ရပါသည်ဆိုသည့် အဖွဲ့ကြီးက လူလိမ်အကြီးစားအဖွဲ့ကြီး ဖြစ်နေပြီဆိုလျှင် အလိမ်ခံရသူဖို့ ဘဝနှင့်ရင်း၍ယုံကြည်မှုကို အစော်ကားခံရခြင်းနှင့်အတူ မျှော်လင့်ချက်မဲ့ ယူကျုံးမရ အခြေအနေသို့ ဆိုက်ရောက်ကုန်လေသည်။ ထိုယူကျုံးမရ ခံစားချက်ကို ဖော်ကြူးထားသူက နွေဦးဘက် တော်သားထဲက NUG ကို ဘုန်းကြီးပျံတွင် ဧယင်ကျူးသကဲ့သို့ မေးခွန်းထုတ်လိုက်၊ မျက်ရည်သုတ်လိုက်ဖြင့် ယူကျုံးမရသည်များကို ဖော်ပြထားလေသည်။ 'ငါးနှစ်အတွင်း ပြည်သူလှူငွေ ပရောဂျက်အစုံ၊ လေလံ၊ ထီအားလုံးက ဝင်ငွေဒေါ်လာ သန်း ၁၀၀၀ ကျော်ရခဲ့တာ၊ PDF တွေအတွက် ဒေါ်လာ ၃၁ သန်းပဲသုံးခဲ့ပြီး ကျန်တာကို တော်လှန်ရေးနဲ့ မဆိုင်တဲ့ ဝန်ကြီးဌာနသုံးငွေ၊ ကိုယ်ရေး ကိုယ်တာသုံးငွေ၊ ဗုန်းငွေတွေနဲ့ ပြည်သူ့လှူငွေကူငွေတွေ ကို အလွဲသုံးစား ပြုခဲ့ကြတယ်"ဟု ဆိုနေလေသည်။ နွေဦးဘက်တော်သားများက ကိုယ့်အဖွဲ့အစည်းကလူများကို လိမ်ရန် ကမ္ဘာပတ်၍ လိမ်ပြခဲ့သည်မှာ ငါးနှစ်ကျော်ကြာမှ လူလိမ်အဖွဲ့အစည်းမှန်း လူအချို့က အခုမှ သဘော ပေါက်ရုံ ရှိကြပါသေးသည်။ "အစိုးရငွေစာရင်း ဥပဒေဆိုတာ အလွဲသုံးစားပြုမရအောင် အင်မတန် တင်း ကျပ်ထားပါတယ်။ ဥပမာ အဆောက်အအုံအတွက် သုံးလို့ ငွေစာရင်း ခေါင်းစဉ်အောက်က ငွေကို ကား ပြင်တဲ့နေရာကို ငွေစာရင်းခေါင်းစဉ် ပြောင်းပြီး ယူသုံးမရအောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ မိမိကိုယ်ကျိုး မသုံးရင်တောင် ငွေစာရင်းဥပဒေ ချိုးဖောက်လို့ အရေးယူခံရပါတယ်။ အဂတိကျူး လွန်ရာလည်း ရောက်ပါတယ်။
ဒီတော့ ငွေစာရင်းဥပဒေမရှိ၊ စာရင်းစစ်မရှိ၊ ငါဒီလောက်ယူမယ်၊ မင်းဒီလောက်ယူဆိုပြီး ပြည်သူက တော်လှန်ရေးအတွက် ရည်ရွယ်လှူတဲ့ အလှူငွေတွေကို မိမိသဘောနဲ့မိမိ တခြားကိစ္စတွေမှာ ခွဲဝေသုံးစွဲနေတဲ့ NUG ဟာ ငွေစာရင်း ဥပဒေချိုးဖောက်မှု၊ အလွဲသုံးစားမှု မြောက်၊ မမြောက် လူကြီးမင်းတို့ တွေးကြည့်တာနဲ့ မြင်သာပါတယ်။ ဒီငွေစာရင်းဥပဒေတွေကို ရှင်းပြပေးဖို့ တောင်းဆိုပါတယ်။ NUG ဟာ ဆီးသီးပန်းမှောက် ဝိုင်းလုတာမဟုတ်ပါ။ ဆီးသီးလှည်းကြီးကို မှောက်ချပြီး ဝိုင်းကျုံးယူကြတာပါ။ အခုလည်း ဆီးပင်ကြီးကို လှုပ်ခါပြီး ရသမျှ ယူဖို့လုပ်ကြရင်း ဘာမှမရနိုင်တော့ရင်တော့ ဆီးပင်ကြီးကို မီးတိုက်ထားခဲ့မှာ"ဟု ဆိုထားလေသည်။
ဆိုခဲ့သည့်အတိုင်း ပြောတိုင်းယုံခဲ့ကြသမျှ နွေဦးဆိုသည့် အဖွဲ့က သူတို့အမှား သူတို့မြင်ကာ ထပ်၍ ပြောသည့်စကားက '၂၀၂၅က အထွေ ထွေထိုးစစ်တဲ့၊ ၂၀၂၆ မှာ တပ်မှူးများညီလာခံက ခံစစ်မှ ထိုးစစ် ပြောင်းမယ်ပြော ခွက်ခေါက်၊ ကျည်ကာဦးထုပ် အလှူခံလိုက်၊ စားစရာမရှိလို့ ဆန်အိတ် ၁၀၀ အလှူခံ လိုက်၊ အခုလည်း ဖိနပ်တွေပေါက်လို့ ဖိနပ်ဖိုး သိန်း ၁၀၀ အလှူခံ ကမ်ပိန်းတဲ့၊ တိုက်ပွဲအတွက် ဖိနပ် တောင်မရှိလို့ အလှူခံနေရတဲ့ MoD က သန်းထောင်ပေါင်းများစွာကုန်မယ့် ထိုးစစ်အတွက် ဘာမှမပြင် ဆင်ထားဘူးဆိုတာသည် ဖိနပ်အလှူခံနဲ့တင် သိသာနေပြီ။ အရင်ကလည်း ဘာမှမပြင်ဆင်ထားဘဲ D-day ခေါ်ခဲ့ပြီးပြီ။ အဲဒီတုန်းက လူငယ်တွေ လက်နက် မရှိ၊ ကျည်မရှိလို့ သေကုန်ရင် D-day ခေါ်သူရဲ့ တာဝန်လို့ အဲဒီတုန်းက ပြောတော့ ဝိုင်းဆဲကြတယ်"ဟု သူကိုယ်တိုင် အားကိုးသည့် အဖွဲ့ကြီး၏ စွမ်းဆောင်ရည် ကို အစွမ်းကုန် အမွှမ်းတင်နေလေသည်။ နွေဦးတို့အဖွဲ့က ထိုကဲ့သို့ ဝေဖန်ရဲသူ ရှိသေးသဖြင့် အံ့ပင်အံ့သြမိ ပါ၏။ ရှေ့တွင် သူ့ကဲ့သို့ ဝေဖန်ကြသူများသည် နွေဦးအဖွဲ့တော်သားများ၏ ကောင်းမှုဖြင့် အုတ်ဂူနီ အောက်တွင် စောစော ဇာတ်သိမ်းသွားကြသောကြောင့်ပင် ဖြစ်သည်။
သူတို့ စွန့်ခွာသွားကြလေသည်
တော်လှန်ရေး၏ အဓိကမောင်းနှင်အားတွင် ပါဝင်နေသည့် မယ်ပန်ဂိုဏ်းဝင် ထောက်ပို့တပ်သားများ အနားယူသွားသည့် ပမာဏက ကြောက်ခမန်းလိလိပင် ဖြစ်သည်။ နွေဦးထောက်ပို့ တပ်သားများအဖွဲ့က သြဂုတ်လ စတုတ္ထအပတ်ထဲတွင် ကြေညာလိုက်သည့် နွေဦးတော်လှန်ရေးကို စွန့်ခွာသွားသည့် ထောက်ပို့တပ်သားဦးရေသည် ငါးသောင်းကျော်သွားကြောင်း ကြေညာထားလေသည်။
သူတို့ကြေညာချက်တွင် 'ငါတို့ တကယ်ပဲ နားလို့ ရပြီလား'ဟု နွေဦးထောက်ပို့အဖွဲ့မှ ထောက်ပို့ တပ်သား နားသွားသူများကို မေးခွန်းထုတ်ထားလေသည်။ PRF မှာ ပုံမှန် ထောက်ပို့တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့ Retired ရဲဘော်ပမာဏ ငါးသောင်းကျော် ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သားအရေအတွက် ဖြစ်ပါတယ်။ တာဝန်တွေကို ခေတ္တလွှတ်ချပြီး အနားယူလိုက်တဲ့ခဏမှာ မြေပြင်က ရဲဘော်တွေဆီကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်သွား မလဲဆိုတာ မမေ့မလျော့ သတိပြုမိဖို့လိုပါတယ်"ဟု ထောက်ပို့တပ်သားအဖြစ်က အနားယူသွားသူများကို အနားမယူစေရန် သတိပေးသလိုလိုနှင့် ပြောထားလေသည်။ "ငါတို့တကယ်ပဲနား လိုက်ရပြီလား"ဆို သည့် မေးခွန်းနှင့် ထောက်ပို့တာဝန်က ရပ်နားသွားသူ နှစ်လအတွင်း ၅၄၉၂၇ ဦးအထိရှိသည်ဟု ထုတ်ပြန် ထားသည်။ နှစ်လအတွင်း ထောက်ပို့ငါး သောင်းခွဲခန့် ရပ်နားသွားသောကြောင့် ရှေ့တန်းက ရဲဘော်များ အတွက် အင်အားများစွာ ယုတ်လျော့သွားပြီး ထောက်ပို့ဆိုသည်မှာ တော်လှန်ရေး၏ အရန်အင်အား မဟုတ်ဘဲ အဓိကအစိတ်အပိုင်းဖြစ်သည်ဟု ဆိုထားလေသည်။
တော်လှန်ရေး၏ အရန်အင်အားမဟုတ်ဘဲ အဓိက အစိတ်အပိုင်းဖြစ်သည့် ထောက်ပို့များသည် အချို့ကလည်း ရှာသမျှအိတ်ကပ်ထဲထည့်၍ စွန့်ခွာသွား သူများရှိသဲ့သို့ အချို့ကလည်း တော်လှန်ရေး၏ သန္ဓေမမှန်သည့် လုပ်ရပ်များ၊ အချင်းချင်းသတ်ဖြတ်မှုများပြည် သူလူထုအပေါ် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုများကို မြင်တွေ့ကြားသိနေရသောကြောင့် ထောက်ပို့တပ်သားဘဝကို စွန့်လွှတ်သွားခြင်း ဖြစ်သည် ဟု ထောက်ပို့အချင်းချင်း ပြောနေသည်ကိုလည်း တွေ့မြင်နေရသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်လခန့်အတွင်း တော်လှန်ရေး၏ အဓိကအစိတ်အပိုင်းဟုဆိုသည့် ထောက်ပို့တပ်သား ပေါင်း ငါးသောင်းခွဲခန့် သည် တော်လှန်ရေးကို စွန့်ခွာသွားကြပြီဖြစ်သည်။
တော်လှန်ရေးမှ စွန့်ခွာသွားရသည့်အကြောင်း
တော်လှန်ရေး၏ အဓိကအစိတ်အပိုင်းတွင် ပါဝင်သည့် ထောက်ပို့တပ်သားဆိုသူ ငါးသောင်းခွဲခန့် တော်လှန်ရေးကို စွန့်ခွာသွားသဖြင့် တော်လှန်ရေးဘက် အခြမ်းက မခြိမ်းခြောက်ရုံတမယ် တာဝန်ပြန်လည် ထမ်းဆောင်ရန် သတိပေးနေလေသည်။ ထိုအခြေအနေများထဲမှ တော်လှန်ရေးကိုအဘယ့်ကြောင့် စွန့်ခွာသွားရသနည်းဆိုသည်ကို ထောက်ပို့ဆိုသူက သူတို့တော်လှန်ရေး၏ အောက်ဖဲများကို လှန်ပြထားလေသည်။
"တော်လှန်ရေးထဲမှာ အညွန့်ခူးစားချင်တဲ့သူတွေနဲ့ ရဲဘော်ရဲဘက်စိတ် မရှိတဲ့သူတွေကြောင့် အစော ပိုင်းကတည်းက အရာရာ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ကောင်းတွေ တဖြည်းဖြည်း ပျောက်ကွယ် တိမ်းရှောင် သွားကြတာကို ထိပ်ပိုင်းက လူကြီးမင်းတွေရော တကယ်သိပါရဲ့လား"ဟုဆိုထားလေသည်။
တော်လှန်ရေးအစဦးပိုင်းတွင် ပါဝင်ခဲ့သူများထက် နောက်ပိုင်းတွင် လူတွင်ကျယ်လုပ် နေရာလုလာသူများကို ဦးစားပေးလာခြင်းများကြောင့်အပြင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် အချင်းချင်း ဖိနှိပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပြီး တော်လှန်စီးပွားရေး ဈေးကွက်ကြီး ဖြစ်လာသောကြောင့် စွန့်ခွာသူများလာ ခြင်း ဖြစ်သည်ဟု ဆိုထားလေသည်။
မတရားမှုကို တော်လှန်မည်ဟုဆိုသည့် အဖွဲ့ကိုယ်၌က မတရားသော အဖွဲ့ကြီးဖြစ်လာနေသည်ကို ထိုင်ကြည့်နေရကြောင်းကို "ဒီလိုနာကျင်မှုတွေ ပေါင်းစုလာတဲ့အခါ စိတ်ထဲမှာ မေးခွန်းတွေ မေးလာမိတယ်။ ငါက ဘာအတွက် ဒီလောက်ထိ ပေးဆပ်နေရတာလဲ။ ငါ့ရဲ့ကြိုးစားမှုကိုရော သူတို့က တကယ် တန်ဖိုးထားလို့လား။ ငါသာ မလုပ်တော့ရင်ရော ဘာဖြစ်သွားမှာ မို့လို့လဲ။ ဒီလိုနဲ့ ရဲဘော်တွေ တိတ်တဆိတ် ထွက်ခွာသွားကြတယ်။ အဲဒါဟာ တော်လှန်ရေးကို မုန်းသွားတာ မဟုတ်ပါဘူး။ မတရားမှုတွေ၊ နေရာလုမှုတွေနဲ့ ရဲဘော်ရဲဘက် မဆန်တဲ့ အပြုအမူတွေကြားမှာ စိတ်ရောကိုယ်ပါ အဆမတန် နွမ်းနယ် သွားလို့ပါ"ဟု ထောက်ပို့ဆိုသည့်သူများက သူတို့ ကြုံတွေ့နေရသည့် အဖွဲ့အကြောင်း ပြောထားလေသည်။ ထောက်ပို့များက တော်လှန်ရေးကိုစွန့်ခွာကြောင်း ဖော်ထုတ်လာကြချိန်တွင် သူတို့သည်သာ အရေးပါကြောင်း ပြောနေသည်ကို တွေ့ရချိန် သူတို့ကတော်လှန်ရေးကို ဖုတ်ဖက်ခါ၍ အေးအေးဆေးဆေး ထွက်ခွာသွား၍ ရပါသေးသည်။ တော်လှန်ရေးကိုစွန့်ခွာချင်လျက် စွန့်ခွာ၍ မရသူတို့အကြောင်းသည် လည်း အများအပြား ရှိပါသည်။
ဟင်္သာကိုးသောင်းဇာတ် (သို့) ခေတ်သစ်ပါဂျောင်လူသတ်ပွဲ
ရှစ်လေးလုံးအကြောင်းပြောလျှင် ပါဂျောင် လူသတ်မှုအကြောင်း မပါမဖြစ် ပြောကြရသည်။ တော်လှန်ရေးအတွက်ဟုဆိုကာ နိုင်ငံရေးသမားတို့က ကျောင်းသားလူငယ်လူရွယ်များကို တောထဲပို့ခဲ့ကြပြီး တော်လှန်ရေး အရေးနိမ့်လာချိန်တွင် အချင်းချင်းလက်ညှိုးထိုးမှုများစွာဖြင့် အချင်းချင်း သူလျှိုဒလန်စွပ်စွဲ၍ တကယ့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်မှာ ဝေးကွာလွန်းသော ကာလများ မဟုတ်ပေ။
သတ်ဖြတ်ရာတွင် အဓိကတာဝန်ခံရမည့် သူများသည်လည်း ယနေ့အထိ သက်ရှိထင်ရှား ရှိနေသေးသကဲ့သို့ ပါဂျောင် လူသတ်ပွဲကြီးတွင် အသတ်ခံရ သူတို့၏ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများ ယနေ့အထိ ရှိပါသေးသည်။ ယခုပြောလိုသည်က ပါဂျောင် လူသတ်မှုအကြောင်း မဟုတ်ဘဲ ထောက်ပို့ဆိုသူတို့က တော်လှန်ရေးကို စွန့်ခွာလိုလျှင် ဖုတ်ဖက်ခါ၍ ထသွားရုံမျှသာဖြစ်ပြီး လူမှုအဖွဲ့အစည်းထဲ မသိမသာ ကိုယ်ယောင်ဖျောက်လိုက်လျှင်ပြီး၏။ သို့သော်လည်း နိုင်ငံရေးသမားဆိုသူတို့၏ ဝါဒမှိုင်း ကြောင့် တောထဲရောက်၍ လက်နက်ကိုင်ရသည့် လူငယ်လူရွယ်တို့မှာ လက်နက်စွန့်၍ တော်လှန်ရေးက နားချင်လျှင် ထောက်ပို့များကဲ့သို့ မလွယ်ကူပေ။ မလွယ်ကူ၍လည်း ယခုကဲ့သို့ ပြဿနာများ ပေါ်လာခဲ့ရ ခြင်းပင် ဖြစ်သည်။
လတ်တလောတွင် 'မန္တလေး PDF ရင်း (၅)မှ နုတ်ထွက်လိုသူများ စာရင်းပေးဆိုပြီး တောင်းပ တယ်။ အဲဒီမှာ PDF တွေရဲ့ လုပ်ရပ်ကို ရွံရှာလာလို့ PDF ထဲက ထွက်ချင်သူ ၁၅ ဦးက နုတ်ထွက်ဖို့ စာရင်းပေးပါတယ်။ ၁၅ ဦး အမည်စာရင်းပေးခဲ့ရာမှာ ငါးဦးကို မြောင်မြို့နယ် နဂါးပေါက်ရွာ မြစ်ကမ်းစပ်သို့ ခေါ်ဆောင်ကာ စစ်တပ် သူလျှိုစွပ်စွဲချက်ဖြင့် ပစ်သတ်ခဲ့ကြတယ်တဲ့"ဆိုသည့် PDF အချင်းချင်း သတ်ဖြတ်သည့်သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် ပန်ဆယ်လိုတို့မှအစ အိုင်းရင်းတို့အထိ အသာအယာ ထွက်ခွာသွားလျှင် ငွေထုပ်ပိုက်၍ ထွက်ခွာသွားနိုင်သော်လည်း PDF တို့အတွက် မနေချင် ၍ထွက်လျှင်ပင် အရှင်ထွက်ခွင့်မပေးသည်က တော်လှန်ရေးအဖွဲ့အစည်းဘက်က ဖြစ်နေလေတော့သည်။ PDF အချင်း ချင်းသတ်ဖြတ်လျှင်လည်း သတင်းပေးခေါင်းစဉ် တပ်လိုက်လျှင် မည်သူမျှ အရေးတယူလုပ်မည်မဟုတ်ဘဲ တောထဲတွင် နေပြန်လျှင်လည်း ကိုယ့်အလှည့်ဘယ်နေ့ ကျမလဲဆိုသည့် စိတ်ကြီးဖြင့် နေနေကြရတော့မည် ဖြစ်သည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )