တော်လှန်ရေးကို ပြည်သူမထောက်ခံကြောင်း ပြသနေသည့် အညာရေဘေး

သူတို့စကားဝိုင်း
    တစ်ခုသော လက်ဖက်ရည်ဆိုင်တွင် တစ်ယောက်တည်း ထိုင်ရင်းဘေးစားပွဲဝိုင်းက ပြောစကားများကို နားထောင်မိရာက ရယ်ချင်ပက်ကျိ ဖြစ်မိသွား၏။ အိမ်အပြန်လမ်း မိုးရိပ်မိုးငွေ့များ သန်းနေသဖြင့် မိုးခိုမည့်သဘော Tea ဆိုင်တွင် ခဏခိုနေချိန် ဖြစ်သည်။ စကားပြောဖော်မရှိ၊ ဖုန်းလည်း မသုံးချင်သည့် အချိန်လက်ဖက်ရည်ဆိုင် ဘေးစားပွဲဝိုင်းက ပြောသည့်စကားက "ဟိုကောင် ဘယ်ဘက်လက်ကြီးနဲ့ ထမင်းစားတာကွာ"ဟု တစ်ယောက်က ဆိုလိုက်ရာ ကျန်လူများက "ဘယ်သူလဲ"ဟု မေးကြ၏။ ထိုအချိန်ကျမှ TikTok ပေါ်က အစားအသောက် ဘလော့များရိုက်၍ နာမည်ကြီး နေသူအကြောင်းကို ပြော နေခြင်းဖြစ်ကြောင်း သူတို့ စကားထဲက သိလိုက်ရသည်။
    အစားအသောက်ဘလော့များရိုက်၍ နာမည်ကြီးနေသူတို့ကို ကြည့်ရသည်မှာ အားရဖွယ်၊ ပျော်ရွှင်ဖွယ် ကောင်းကြောင်း ပြောနေလေသည်။ ထိုမှတစ်ဆင့် ကွမ်းယာကို သူ့ထက်ငါ အပြိုင်အဆိုင် စားပြရင်း လူသိများထင်ရှားအောင် ပြုလုပ်နေသူတို့အကြောင်း ရောက်သွား၏။
    ကွမ်းယာကို တစ်ရက်လျှင် တစ်သိန်းဖိုးစားနိုင်သူ၏အကြောင်း၊ ကွမ်းယာကို ကြိုက်လွန်းသဖြင့် ကွမ်းစိုက်ပြီး စားသူများအကြောင်းအပြင် ကွမ်းယာကို မည်မျှ ကြိုက်သနည်းဟုဆိုလျှင် ထမင်းနှင့်ပါ ကွမ်းရွက်ကို တို့စားပြသည့် ဧရာဝတီတိုင်းက ထင်ရှားကျော်ကြားသည့် စပယ်ရှယ်လစ် ကွမ်းသမား ကြီးများအကြောင်းကို ပြောနေကြ၏။
    ထိုကဲ့သို့ ဧရာဝတီတိုင်းက ထင်ရှားကျော်ကြားသည့် ကွမ်းသမားများအကြောင်း ပြောနေရာမှ ထိုဧရာဝတီက ကွမ်းသမားတစ်ဦးသည် 'မသိဦးဟ'အောင်ခန့်ပိုင် ကောင်းမှုဖြင့် သီချင်းဆိုသည့်လိုင်းဘက်သို့ ကူးသွားသည့်အကြောင်း အားပါးတရ ပြောနေလေ၏။ မအူပင်နေထူးနိုင်က စပြီး ဧရာဝတီတိုင်းတွင် တေးသံရှင်များ ဒယ်အိုးကင်းပူပူတွင် ထည့်လှော်သည့် ပြောင်းဖူးပေါက်ပေါက်များကဲ့သို့ တေးသံရှင်များ တဖြောင်းဖြောင်း ပေါ်နေကြောင်း ပြောနေကြ၏။
    ထိုအချိန်တွင် "ပေါက်ကရတွေပါကွာ"ဟု တစ်ဦးက ဝင်၍ဆွေးနွေးရာ "အဲဒီပေါက်ကရတွေက နာမည်ကြီးနေတာဟ"ဟု အာပေါင်အာရင်း သန်သန်ဖြင့် ဝင်၍ပြောသည်။ ဧရာဝတီတိုင်းက တေးသံရှင်များ အပြားအများ ပေါ်ပေါက်နေသည်မှာ ဂုဏ်ယူစရာကောင်း ကြောင်း တစ်ယောက်ကဝင်၍ ထောက်ခံဆွေးနွေးလေသည်။ "ဧရာဝတီတိုင်းက အဆိုတော်တွေများတယ်။ တို့နတ်မောက်က ဘာတွေပေါလဲသိလား" ဟု ထောက်ခံဆွေးနွေးရင်း မေးခွန်းထုတ်လိုက်လေသည်။ ကျန်သည့်သူများက နတ်မောက်တွင် မည်သည့်အရာများ ပေါသနည်းဆိုသည့်အဖြေကို ငံ့လင့်နေချိန် "တို့နတ်မောက်က PDF တွေ ပေါတာဗျာ။ ဘာကောင်တွေမှန်းကို မသိဘူး။ ပေးလိုက်တဲ့ နာမည်တွေကလည်း တိရစ္ဆာန်နာမည်တွေ ချည်းပဲ"ဟု သူ့စကားသူ သဘောကျပြီး ရယ်နေလေသည်။
    အဆိုတော်များစွာထွက်သည့် ဧရာဝတီတိုင်း က အေးချမ်းပြီး PDF ပေါသည့် အညာက မအေးချမ်းကြောင်း ရောက်တတ်ရာရာ ပြောနေရင်း သူတို့စကားဝိုင်းက လက်စသိမ်းပြီး လက်ဖက်ရည်ဖိုးရှင်းရန် ဆိုင်ရှင်ကို ခေါ်လိုက်သည်။ "ဘယ်လောက်ကျလဲ"ဟု အမေးအပေါ် ဆိုင်ရှင်က မဆိုင်းမတွပင် "တစ်သောင်း"ဟု အော်လိုက်ရာ "အသာပြောပါ ကိုယ့်ဆရာရယ် ဘယ်တုန်းကတည်းက တွက်ချက်ထားတာလဲ။ ဒီမှာ နှလုံးရောဂါရှိလို့ ဖြည်းဖြည်းပြောလည်း ရပါတယ်"ဟုဆိုင်ရှင်ကို ပြောနေလေသည်။ လူသုံးယောက် လက်ဖက်ရည်သုံးခွက်၊ လေးလိပ်နှစ်ပွဲနှင့် မုန့်အနည်းငယ်ကို စားလိုက်ခြင်းအတွက် ကျပ်တစ်သောင်း ရှင်းရမည်ဆိုခြင်းအပေါ် လန့်သွားဟန် ဖြစ်နေလေသည်။ သူတို့က ပန်းရန်လုပ်သားများ ဖြစ်ကြပြီး မိုးခိုသည့်အနေဖြင့် လက်ဖက်ရည်ဆိုင် ခဏဝင်ထိုင်ခြင်းဖြစ်ပြီး လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်သည်မှာ ကြာပြီဖြစ်၍ ဈေးနှုန်းများ မသိကြောင်း အချင်းချင်း ပြောပြနေလေသည်။
    ဆိုင်ရှင်က ကုန်ဈေးနှုန်း ကြီးမြင့်နေသောကြောင့် လက်ဖက်ရည်ဆိုင်ကို လည်ပတ်ရုံသာ ဖွင့်ထားရပြီး အမြတ်ထင်သလောက်မကျန်ဟု ကုန်ဈေးနှုန်းအ ကြောင်းကို ပြောပြနေလေသည်။ ကုန်ဈေးနှုန်းအ ကြောင်းပြောသောအခါ "အရင်က သုံးမိနစ် ရေနွေးအိုး ငါးထောင်၊ ခြောက်ထောင်နဲ့ အာမခံလည်း တစ်နှစ်ပါသေးတယ်။ အခု သွားဝယ်တာ လေးသောင်းတဲ့။ ဝယ်ပြီး တစ်ပတ်မကြာဘူး အောက်အထိုင်က ကျွမ်းသွားလို့ ပြန်ဝယ်တာ အထိုင်လေးတင် တစ်သောင်းခွဲတဲ့"ဟု ကုန်ဈေးနှုန်း ကြီးမြင့်ကြောင်းကို ဝင်၍ ပြောနေလေသည်။ "အဲဒီကုန်ဈေးနှုန်းကြောင့် လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တာ ကြာပါပြီဗျာ"ဟု လက်ဖက်ရည်ဖိုးတစ်သောင်းရှင်းပြီး သူတို့အဖွဲ့သည် လုပ်ငန်းခွင်ရှိရာသို့ ထွက်ခွာသွား ကြလေသည်။

သဘာဝဘေးအပေါ် အမြတ်ထုတ်နေသည့် PDF များ
    ပြည်သူ့အတွက်ဟု ဆိုခဲ့ကြသည့် လက်နက်ကိုင်တော်လှန်ရေးသမား PDF များသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ချိန်၌ပင် ပြည်သူ၏ အခက်အခဲဒုက္ခများကို ကူညီရန် စိတ်မဝင်စား၊ မည်သို့ ဒုက္ခပေးရမည်ကိုပဲ စဉ်းစားနေသည်လားမသိပေ။ မကူညီလျှင်နေ မနှောင့်ယှက်နှင့်ဟု ဆိုရမလား အကူအညီကို မျှော်လင့်ခြင်းထက် မနှောင့်ယှက်လျှင်ပင် ကျေးဇူးတင်ရမည့်အခြေအနေ ဖြစ်နေလေသည်။ မိုးနည်းရေရှားသည့် အညာဒေသတွင် ယခုသြဂုတ်လအတွင်း၌ မိုးများ လွန်လွန်ကျူးကျူး ရွာနေခဲ့သည်။ မိုးသည်းခြင်း၏ နောက်ဆက်တွဲအဖြစ် အညာကနေရာအချို့တို့တွင် ရေဘေးဒုက္ခရောက် ကုန်ကြရသည်။
    ယခင်က စစ်ဘေးဒဏ်သင့်နေသော အညာအတွက် ရေဘေးက ကြီးလေးသည့် ထိုးနှက်ချက်ဖြစ်နေလေသည်။ လက်နက်ကိုင်များ များပြားခြင်း၊ အသက်အန္တရာယ် လုံခြုံမှုမရှိခြင်းများကြောင့် အညာရေဘေးကို  ကူညီကယ်ဆယ်မည့်သူ ရှားပါးနေလေသည်။ ကူညီ ကယ်ဆယ်မည့်သူ ရှားပါးခြင်းကြောင့် အကူအညီမပေး သူတို့ကိုလည်း အပြစ်တင်စရာမရှိ ကိုယ့်လုပ်ရပ်နှင့်ထိုက် တန်သည့်ဘဝကို ရကြသည်ဟုသာ လူအများက လက်ခံထားကြသည်။ လက်နက်ကိုင်များ ကြီးစိုးရာအရပ်က ကူညီချင်စရာ အတော်ကောင်း မည့်လုပ်ရပ်ကို ရွှေဘိုဝန်းကျင်က PDF တို့လုပ်ရပ်ကိုကြည့်လျှင် သိနိုင်ပါသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး "ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် ကွင်းလမ်းနဲ့ ဝင်ခိုင်းတယ်၊ အခုကွင်းလမ်းမှာ ရေကြီးလို့ ထပ်ပိတ်တယ်၊ ဒီလိုနဲ့ပဲ ခရီးသည်တွေ၊ ကားဆရာတွေ ဒုက္ခပေါင်းစုံ ခါးစည်းခံနေကြရတယ်။ ဒီတိုင်း သာ လမ်းပိတ်နေရင် ခရီးသည်တွေ လမ်းခုလတ်မှာ ပိတ်မိပြီး ထမင်းငတ်၊ ရေငတ် ဒုက္ခရောက်နေမှာ အလွန်စိုးရိမ်မိပါတယ်။ ဒီတိုင်းသာ လမ်းပိတ်နေရင် အမြင့်ကားလည်း ဆင်နဲ့ဆွဲ၊ ထမင်းငတ်၊ ရေငတ်ဒုက္ခဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး"ဟု ပစ္စက္ခအခြေအနေကို ကားသမားတစ်ဦးက ရှင်းပြထားလေသည်။
    မိုးများသဖြင့် ရွှံ့နွံဗွက်တောထဲကကားကို မောင်းခိုင်းပြီး ဆက်ကြေးကောက်နေသည့် PDF တို့ သည် ပြည်သူများ ဒုက္ခရောက်နေသည်၊ ဒုက္ခတွေ့နိုင် သည်ဆိုသည်ကို မတွေးဘဲ ဆက်ကြေးရလိုမှုတစ်ခုတည်းသာ တစ်ဘို့တည်း ဦးစားပေးနေလေသည်။ မင်းကုန်းရွာနှင့် ငါးပြည့်အင်းရွာကြားရောက်လျှင် ရွှံ့နွံဗွက်များ အလွန်ဆိုးရွားကြောင်း ကားသမားတို့ ညည်းတွားကြ၏။ ထိုကဲ့သို့ ဆိုးရွားသောလမ်းပိုင်းကွင်း၍ သွားလာရခြင်းကြောင့် အချို့သောကားများသည် ယခုမိုးတွင်းတွင် မြစ် ကြီးနားအတက်အဆင်း တစ်ကြောင်းတည်းကို နှစ်လကြာသည်အထိ အိမ်ကို မရောက်သေးကြောင်း ဆိုနေကြသည်။ ထိုလမ်းပိုင်း တစ်လျှောက်ရှိ ကွင်းလမ်းများက မည်မျှ ဆိုးရွားသနည်းဟုဆိုလျှင် ကားများတိမ်းချော်ခြင်း၊ လဲကျခြင်း၊ မှောက်ခြင်းများဖြစ်ရာ ကုန်ကားကြီးအချို့သည် ကားဘီးက မိုးပေါ်ရောက် ပက်လက်လန်သည်အထိ ဖြစ်ကုန်ကြရသည်။ 
    ထိုကဲ့သို့ ဒုက္ခအဖုံဖုံကို လက်နက်ကိုင် PDF များက သိရှိကြသော်လည်း နိုင်ငံတော်က ဖောက်ထားသည့် လမ်းပိုင်းက မဖြတ်သန်းစေဘဲ PDF တို့ဆက်ကြေးကောက်၊ ဈေးဆိုင်ဖွင့်၊ ဗွက်နစ်သည့်ကား ဆွဲခရရန်အတွက် ကွင်းလမ်းက သွားခိုင်းကြသည်။ ပြည်သူ့ဒုက္ခအပေါ် လက်နက်ကိုင်ကာ အခွင့်အရေးယူနေ ကြသည့် PDF များ ဖြစ်နေလေတော့သည်။

အညာတွင် ရေကြီးနေသည်
    စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနှင့် မုံရွာဝန်းကျင်က ကျေးရွာများနှင့် မြို့နယ်အချို့တို့တွင် မကြုံစဖူး ရေများကြီးနေသည်။ ရွှေဘို၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည် စသည့် နေရာများတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးနေခြင်း ဖြစ်သည်။ 
    မည်သို့ပင်ဆိုစေ ထိုနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဒေသခံများအတွက် အကူအညီများ လိုအပ်နေကြောင်း အသံမျိုးစုံ ထွက်လာသော်လည်း သဘာဝဘေးတွင် လက်မနှေးသည့် မြန်မာပြည်သူများသည် အညာရေဘေးအတွက် နှုတ်ဆိတ်နေသည်ဟု ပြောရလောက်အောင် ငြိမ်သက်နေခဲ့ သည်။ သဘာ၀ ဘေးသင့်တိုင်း လက်မနှေးတတ်သည့် ပြည်သူက အညာရေဘေးအတွက် 'ဟရို့'ဟုပင် အသံမထွက်ပေး၊ ကူညီပေးမှုမရှိသည်က အံ့သြထူးဆန်းဖွယ် ဖြစ်နေလေသည်။
    ရေဘေးဒဏ်သင့်နေသော အညာသူအညာသားများက အကူအညီများ ရောက်မလာကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ဖွင့်ဟလာချိန်တွင် အညာသူအညာသားများကို အသက်စွန့်၍ မည်သူမျှ မကယ်ချင်ကြောင်း ပြည်သူများဘက်က တညီတညွတ်တည်း တုံ့ပြန်ပုံက အံ့သြစရာ ကောင်းလှသည်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးအတွက် ပရဟိတသမားများ၊ ကူညီကယ်ဆယ်ရေးသမားများ ခြေချင်းလိမ်နေအောင် အကူအညီပေးကြသော်လည်း အညာက ရေကြီးမှုအတွက် အကူအညီမဲ့နေလေသည်။
    ထိုမြင်ကွင်းကိုကြည့်ပြီး အညာက တော်လှန်ရေးသမားဆိုသူတို့ သဘောပေါက်သင့်သလောက် သဘောပေါက်လိမ့်မည်ဟု ယုံကြည်မိပါသည်။ တော်လှန်ရေးကို လူထုထောက်ခံပါသည်ဟု တော်လှန်ရေး သမားအချင်းချင်း မည်မျှကြွေးကြော်ခဲ့ပါစေ တကယ့်အရေးနှင့် အရေးကြုံလာသည့်အခါ တော်လှန်ရေးသမားတို့ ကြီးစိုးရာနယ်မြေ ရေဘေးသင့်သောအခါ လက်ဖက်တစ်ရိုး၊ ကွမ်းရိုးတစ်ညှာပင် ထောက်ပံ့မည့်သူ မရှိတော့ပေ။ တော်လှန်ရေးကို ပြည်သူက ထောက်ခံလျှင် တော်လှန်ရေး ရပ်ဝန်းတွင် ရေဘေးသင့်သည့်အချိန် ထိုရေဘေးကို ပြည်သူက အင်နှင့်အားနှင့် ဝိုင်းဝန်းကူညီကြလိမ့်မည်ဟု အညာက တော်လှန်ရေးသမားတို့က မျှော်လင့်ထားကြသည်။
    သို့သော်လည်း သူတို့တွေးထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်နေပြီး ပြည်သူက အညာရေဘေးအတွက် လှူမည့်၊ ကူမည့်အကြောင်း မပြောသည့်အပြင် တိုင်း ပြည်တည်ငြိမ်ရေး ဖျက်ဆီးသူများ သူ့ဒုက္ခ နှင့်သူ ရှိစေတော့ဟု သဘောထားကာ မျက်နှာလွှဲထားသည်ကို အထင်အရှား တွေ့လိုက်ရသည်။ တော် လှန်ရေးကို ပြည်သူထောက်ခံခြင်း၊ မခံခြင်းဆိုသည်ကို လေးမျက်နှာရေဘေးနှင့် အညာကရေဘေး နှစ်ခု နှိုင်းယှဉ်ကြည့်လျှင် ကွဲကွဲပြားပြား သိမည်ဟုသာ ပြောချင်ပါသည်။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.