၂၀၂၆ ၊ မေ ၈
လူငယ်များ၏ အနာဂတ်ကို ချနင်းနေသူများ
Rangoon Warriors PDF အဖွဲ့က ဒုတပ်ခွဲမှူး စတစ်ဆိုသူသည်ခေါင်းကို ကျည်ဆန်ထိမှန်၍ ကျဆုံးသွားသည်ဆိုသည့် သတင်းတစ်ပုဒ်ကို မတ်လ ဆန်းဆန်းခြင်း စ၍ ဖတ်လိုက်ရသည်။ PDF ခေါင်းဆောင်ပိုင်းထဲက စစ်မြေပြင်တွင် စစ်တိုက်၍ ကျဆုံးသွားရခြင်းသည် ထူးဆန်းသည့် အကြောင်းအရာ မဟုတ်ပေ။ သို့သော်လည်း ထူးဆန်းသည်က ထိုဒုတပ်ခွဲမှူး စတစ်ဆိုသူသည် သေဆုံးချိန်တွင် အသက် (၂၂) သာ ရှိသေးပြီး ထိုအရွယ် လူ ငယ်လေးတစ်ဦးက နိုင်ငံ့အရေး၊ စစ်ရေး၊ တိုင်းပြည်အရေးကို အဘယ်မျှ သိရှိဦး မည်နည်းဟု အတွေးပေါ်မိပြီး ထိုကဲ့သို့ အသက်အရွယ် နုနယ်သည့် ကလေးသူငယ်များ၏ အနာဂတ်ကို ချနင်းပြီး မိမိကောင်းစားလျှင် ပြီးရောဆိုသည့် အဖွဲ့အစည်း၊ တစ်နည်းအားဖြင့် NUG ၏အကြောင်းကို ပြောလိုရင်း ဖြစ်သည်။ ၂၀၂၀ရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ထိုမဲမသမာမှုကို စနစ်တကျ ဖြေရှင်းရမည့်အစား NLD ထိပ်ပိုင်း ခေါင်းဆောင်များနှင့် NLD နောက်လိုက်အပေါင်းတို့သည် မသမာမှု ကျူးလွန်ခဲ့သည်များကို ဖုံးကွယ်ရန်နှင့် အာဏာ လက်မလွတ်ချင်သည့် ဆန္ဒများကို အခြေခံကာ လူထုကို လမ်းပေါ်တွန်းတင်ခဲ့သည်။ ထိုကဲ့သို့ လမ်းပေါ် တွန်းတင်ခဲ့မှုကြောင့် ဘဝပျက်ခဲ့သူများစွာ ရှိခဲ့ပြီး တိုင်းပြည်သည်လည်း အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး သမားတို့သည် နိုင်ငံရေး လုပ်စားဖန်များလာခဲ့သဖြင့် ဤကဲ့သို့ အရေးအခင်းကြီးတစ်ခု ဖန်တီးပြီး ပြည်သူ ကို ဒုက္ခဆင်းရဲတွင်းထဲ တွန်းချကာ သူတို့က ကိုယ်လွတ်ရုန်းထွက် သွားကြပြီး ဤအရေးအခင်းကြီးပေါ်က မည်ကဲ့သို့ အမြတ်ထုတ်ရမည်ကို စားနေကြကြောင်ဖားများကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် သိနေကြသည်။ သူတို့၏ အဓိကပစ်မှတ်က အသိမကြွယ်သေးသည့် လူငယ်လူရွယ်များကို ဦးစားပေးပြီး သူတို့၏ နောက် လိုက်နောက်ပါများအဖြစ် ဝါဒမှိုင်းတိုက်ပြီး စစ်အတွင်းသို့ အရောက်ပို့ခဲ့ကြသည်။ NLD နှင့် နောက်လိုက် နောက်ပါတို့သည် တစ်ချိန်က တပ်မတော်သည် အသက်မပြည့်သေးသည့် လူငယ်များကို စစ်မှုထမ်းခိုင်း သည်ဟု လေဖမ်းဒန်းစီးပြီး မတရားအ ပြစ်ရှာ အပုပ်ချခဲ့သမျှ သူတို့ အာဏာလက်လွှတ်ရချိန်တွင် အသက် ၁၄၊ ၁၅ နှစ်မှစပြီး ၂၀ မပြည့်သေးသည့် ကလေးသူငယ်များကိုပါ ခြိမ်းခြောက်၍တစ်မျိုး၊ ဝါဒမှိုင်း တိုက်၍ တစ်သွယ် မျှော်လင့်ချက်အမှားများပေး၍ တစ်ဖုံနည်းမျိုးစုံ သုံး၍ လူငယ်လူရွယ်များကို အသုံးချခဲ့ကြ သည်။
ထိုသို့ အသုံးချခဲ့ခြင်းအပေါ် ၎င်းတို့ အားကိုး ပါသည်ဆိုသည့် ပြည်ပြေးမီဒီယာများနှင့် UN အပါအဝင် အနောက်နိုင်ငံများက တစ်စွန်းတစ်စမျှ ထောက်ပြပြောဆိုခဲ့ခြင်း မရှိသည်ကိုလည်း သတိထားမိပါစ။
ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးနန်းတွင်းထဲတွင် PDF ၅၁၇ ဦး အလင်းဝင်သည့်အချိန်ကလည်း အသက် (၁၅)၊ (၁၆)နှစ်ခန့် လူငယ်လူရွယ်များပါ ပါဝင်သည်ကို အံ့သြဖွယ် တွေ့မြင်ခဲ့ရသည်။ ထို (၁၅)၊ (၁၆)ဆိုသည့် လူငယ်လူရွယ်တို့သည် ပညာသင်ကြားရမည့် အရွယ်များဖြစ်ကြပြီး လူငယ်လူရွယ်များ ပညာသင်ကြားရေးနှင့်ပတ်သက်ပြီးလည်း NUG ပြည်ပြေးအုပ်စုက စစ်ကျွန်ပညာရေးဟုဆိုကာ ပညာရေး အသိုင်းအ ဝိုင်းကို တိုက်ခိုက်ခဲ့ပြီး လူငယ်လူရွယ်ပေါင်းများစွာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်။ စစ်ကျွန်ပညာရေးဟု ကင်ပွန်းတပ်လိုက်သောအခါ သူတို့လိုချင်သည့် ပညာမဲ့ လူတန်းစားများ ရရှိလာပြီး ထိုပညာ မဲ့လူတန်းစားများအပေါ် အမြတ်ထုတ်၍ ယခုကဲ့သို့ စစ်ပွဲအတွင်းသို့ တွန်းပို့လိုရင်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို တော်လှန်ရေး ငါးနှစ်ပြည့်ချိန်တွင် ပြည်သူတို့ ကောင်းစွာ သဘောပေါက် လာကြပြီ ဖြစ်သည်။ ပြည်သူတို့က ကောင်းစွာ သဘောပေါက်သော်လည်း စစ်အတွင်း ခြေတစ်ဖက် မကကျွံပြီး စစ်နွံအတွင်း ရောက်နေသည့် ဝါဒမှိုင်းမိ လူငယ်လူရွယ်များစွာက NUG ပြည်ပြေးများအတွက် တော်လှန်ရေးဆိုသည့် ခေါင်းစဉ်အောက်က အသက်ပေးနေကြရဆဲ ဖြစ်သည်။
ယခုလည်း ရဲဘော်စတစ်ဆိုသူသည် PDF သို့ စတင်ဝင်ရောက်စဉ်က အသက်(၁၇)နှစ် အထက်တန်း ကျောင်းသားအရွယ်သာ ဖြစ်သေးသည်ဟု ပြည်ပြေးမီဒီယာများကိုယ်တိုင်က ဖွင့်ဟထားလေသည်။ ကိုယ်ဗစ်ကာလကျောင်းများ မတက်ကြသည်နှင့် ပြည်တွင်းရေးပဋိပက္ခ များကြောင့် (၁၇)နှစ်ဆိုသည့် အရွယ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးချိန်ဖြစ်ရမည် ဖြစ်သော်လည်း ထိုအခြေ အနေများကြောင့် PDF တစ်ယောက် ဖြစ်သွားရလေသည်။ မြန်မာနိုင်ငံ၏ သမိုင်းတရားခံများကို တစ်ချိန်ကျ ဖော်ထုတ်မှတ်တမ်း တင်လျှင် NUG နှင့် နောက်လိုက်တို့သည် တိုင်းပြည်၏ သမိုင်းတရားခံများအဖြစ် PDF ထဲ သို့ ရောက်ရှိသွားသော လူငယ်လူရွယ်များ ကိုယ်တိုင်က မှတ်တမ်းတင်ကြလိမ့်မည်ဟုပင် ဆိုနိုင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် လက်ရှိ အလင်းဝင်လာသော လူငယ်လူရွယ်အပေါင်းတို့သည် သူတို့ကိုယ်တိုင် NUG ၏ဝါဒမှိုင်း ကြောင့် လက်နက်စွဲကိုင်၍ တော်လှန်ရေးထဲသို့ ဝင်ရောက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် NUG ၏ အသုံးချခံသက်သက် ဖြစ်သွားသည်ကို PDF များ ကိုယ် တိုင် သိရှိလာ၍ အလင်းဝင်လာကြရင်း NUG ကို သမိုင်းတရားခံအဖြစ် တစ်သက် စွဲစွဲမြဲမြဲ မှတ်သားသွားသောကြောင့်ပင် ဖြစ်သည်။ NUG ကို သမိုင်း တရားခံအဖြစ် လက်နက်ကိုင် PDF များကသာ သတ်မှတ်ကြသည် မဟုတ်တော့ဘဲ NUG အုပ်ချုပ်ပါသည် ဆိုသည့် နေရာ ဒေသက ပြည်သူများကိုယ်တိုင်က NUG ကြောင့် ဘဝပျက် ဒုက္ခရောက်ရသည်များကိုသိပြီး သမိုင်းတရားခံအဖြစ် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေကြောင်း အားလုံး သိကုန်ကြပြီ ဖြစ်သည်။
မှားမှန်းသိသော်လည်း ဇွတ်တိုးမည့်သူ
ကဆုန်လပြည့်နေ့က ဖြစ်သည်။ ကဆုန်လပြည့်သည် ဗုဒ္ဓဘာသာတို့အတွက် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ကုသိုလ်ရေးနှင့် ဆက်စပ်သည်များ ပြုမူဆောင်ရွက်ကြသည်။ ငြိမ်းချမ်းသည့်နေရာက ငြိမ်းချမ်းသည့်အလျောက် ခမ်းခမ်းနားနား ကျင်းပကြသကဲ့သို့ မငြိမ်းချမ်းသည့်နေရာ အချို့တွင်လည်း တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ကြ သည်ကို တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်လုပ်သည့် ကဆုန်လပြည့်နေ့နှင့် ပတ်သက်ပြီး PDF မလေးတစ်ယောက်၏ ကြေကွဲဖွယ် အကြောင်းအရာလေးတစ်ခုကို သိခွင့်ရ လိုက်သည်။
အကြောင်းအရာက ကြေကွယ်ဖွယ်ကောင်းသော်လည်း လှေနံဓားထစ် ဆုံးဖြတ်ချက်က သူ၏ ဘ၀ကို လမ်းမှန်ပေါ်သို့ ရောက်ရန် ခဲယဉ်းနေသေးသည်ဟုလည်း သူပြောသမျှ သူ၏အကြောင်းထဲတွင် ခံစားမိပါသည်။ သူပြောသည့်အထဲက ကျေးဇူးတရားဆိုသည် ကိုလည်းသိသည်။ ထိုကျေးဇူးတရားဆို သည့်အရာနှင့် ဝါဒမှိုင်းကြောင့် ဆုံးဖြတ်ချက်အမှားအပေါ် အမှန်ပြင်ခွင့် လွန်ဆွဲနေသည့် အကြောင်းကို "ကျွန်မတို့ ပေါက်မြို့မှာ ပွဲလမ်းသဘင်ဆိုတာ မရှိဘူးနော်။ ဒါပေမဲ့ ပေါက်မြို့မှာ ဆွမ်းဆန်စိမ်းလောင်းတယ်။ လပြည့်နေ့က ဆွမ်းဆန် စိမ်းလောင်းတယ်ဆိုတော့ ကျွန်မတို့က အဲဒါကို အကုသိုလ်စိတ်နဲ့ ပြောတာ မဟုတ်ဘူး။ ကျွန်မတို့ ဘယ်လောက်ထိ ခံစားရပါသလဲဆိုတာကို ပြောပြတာ။ တော် လှန်ရေး ကြီးက အရမ်းကို သေကွဲရှင်ကွဲ ခွဲတာပဲလို့။ ပြီးတော့ ကျွန်မတို့အမေက၊ ကျွန်မတို့က စစ်မျိုးတွေ၊ ပျူမျိုး တွေပါ။ ကျွန်မတို့အမေက ကျွန်မတို့ကို မွေးရုံပဲမွေးပေး ခဲ့တာလေ။ ကျွန်မတို့ကို မွေးရုံပဲမွေးပေးပြီး ကျွေးတဲ့သူက ပျူသွားဖြစ်နေတာလေ။ ဒါပေမဲ့ ကျွန်မက ပေါက်နယ်က သူတွေကို တစ်ယောက်မှ ဘာစကားမှ မပြောဖူးဘူးနော်။ ဒါက ကယ်ဖို့၊ ကူဖို့၊ စစ်ကိုစစ်လို မတိုက်ဖို့ပြောတာ မဟုတ်ဘူး။ ကျွန်မတို့လည်း တစ်ခါတလေကျရင် ကျွန်မတို့ မိသားစုအရေးတွေ၊ ကျွန်မတို့ ဆွေမျိုးသားချင်းအရေး တွေနဲ့ပတ်သက်ပြီး ကျွန်မတို့လည်း ခံစားရတယ်ဆို တာပြောပြတာ။ တော်လှန်ရေးက ခြောက်နှစ် ရှိပြီလေ။ တစ်ခါမှ စကားမပြောဖူးတော့ စကားလေး တစ်ခါ လောက် ပြောချင်တယ်။ မွေးခဲ့တာမဟုတ်ပေမယ့် ကျွေးခဲ့တဲ့ ကျေးဇူးတွေရှိခဲ့တဲ့အတွက် ဒီဘဝမှာတော့ ဆပ်လို့မရတော့ဘူး။ ကျွေးတဲ့ကျေးဇူးတွေကို နောင်ဘဝကျရင် ဆပ်ချင်တယ်လို့၊ ကျွန်မတို့မိသားစုတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲရလို့ ကျွန်မတို့ ကို မွေးထားတဲ့အမေထက် ကျွေးထားတဲ့ အမေလည်း ရှိသေးတယ်။ အဲဒီလိုကျွေးတဲ့အမေကို ကျေးဇူး ဆပ်ချင်တယ်လို့၊ ဒီအကြောင်းအရာကို သူများမြင်မလား၊ သူ့သားသမီးတွေ မြင်မလား၊ ဘယ်သူပဲမြင်မြင် ကျွန်မတို့ရဲ့ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်မတို့က ကျေးဇူးဆပ်ချင်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မဖြစ်နိုင်တော့ဘူး"ဟု NUG ၏ ဝါဒမှိုင်းကြောင့် ဇွတ်မိုက်တွင်းဆက်နက် တော့မည့်အကြောင်း ရင်နာနာနှင့် ဖွင့်ဟသွားလေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဝါဒမှိုင်းကြောင့် လမ်းမှားသို့ ရောက်သွားသော လူငယ်လူရွယ်တို့သည် လမ်းအမှန်ကို သိသော်လည်း ထိုလမ်းအမှန်ကို လျှောက်ရဲသည့်သတ္တိ မရှိသူများလည်း ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် လမ်းမှန်သို့ လျှောက်လှမ်းကြသူများကို NUG နှင့် နောက်လိုက် အပေါင်းအပါတို့က အုံနှင့်ကျင်းနှင့် ဝိုင်းဝန်းတိုက်ခိုက်ကြခြင်းနှင့်အတူ လမ်းအမှားတွင် အတူတကွ နေထိုင်ကြခြင်းကသာ NUG အ တွက် အကျိုးရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ကျဆုံးတော်လှန်ရေးနောက်ကွယ်က ဖွင့်ဟဝန်ခံချက်များ
တော်လှန်ရေး၏ အမှောင်ဘက်အခြမ်းကို ဖွင့်ဟသွားသူက တော်လှန်ရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည်။ သူမအနေဖြင့် တော်လှန်ရေးငါးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးဘက်အခြမ်းကို ထောက်ခံခဲ့သမျှ ပြည်သူများ သာ နစ်နာခဲ့ကြောင်း သိရှိပြီးချိန် ပြည်သူများကို ဒုက္ခဆင်းရဲတွင်း ဆက်၍မနစ်စေလိုသည့် စိတ်ဖြင့် သူမကြားသိရသမျှ သတင်းစကား များကို ဖွင့်ချခြင်းဖြစ်ပြီး ယုံခြင်း၊ မယုံခြင်းနှင့် ယုတ္တိရှိ၊ မရှိကို ချင့်ယုံဟုသာ ဆိုပါရစေ။ သူမပြောသည့်အကြောင်း အရာများထဲက အချို့အရာများသည် အမှန်တရားနှင့် လွန်စွာနီးစပ်ကြောင်းကို သူမပြောစကား၏ အောက်က မှတ်ချက်များတွင် 'အခုမှ သိတာလား'ဆိုသည့် စကား များကိုလည်း တွေ့မြင်ရသည်။
မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေးအမှောင်ခြမ်းက အချို့ကိစ္စရပ်များကို သိရှိစေရန် ဖောက်သည်ချပါရစေ။ "ကြောက်စရာကောင်းတယ်နော်၊ ငါတို့တော်လှန်ရေးက လူ့အသက်တွေ၊ ဘဝတွေကို ချနင်းပြီးတော့မှ ကိုယ်ကျိုးစီးပွားရှာတာ။ NUG က အစိုးရဖွဲ့တာ ဘယ်သူ့ကို အုပ် ချုပ်တာလဲ၊ ဘယ်သူ့ကို အုပ်ချုပ်တာတုန်း။ ငါတို့က ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ။ သေသွားတဲ့သူတွေရဲ့ အလောင်း တွေကနေ ဘယ်လောက်တောင် ရောင်းစားလိုက်ပြီလဲဆိုတာ နင်တို့ကိုယ် နင်တို့ အသိဆုံး။ ဟိုးတော်လှန်ရေး ဖြစ်ခါစတုန်းကလေ ဝေါလေဘက်မှာ တိုက်ပွဲဖြစ်တာ ဖောကားတွေနဲ့ ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးတဲ့သူတွေကို သယ်လာတယ်။ ငါတို့ ကြားခါစတုန်းက ဟုတ်လို့လားလို့တောင် မေးယူရတယ်။ ဝေါလေ ဘက်ကလူတွေ ပြောကြတာ။ ငါတို့မယုံခဲ့ဘူး။ အခုတော့ ယုံသွားပြီ။ ဘာကြောင့် ဒေါက်တာဇော် ဝေစိုး နွားထိုးကြီးဘက်မှာ သွားပြီးတော့ မြေအောက် ဆေးရုံ ဆောက်တာတုန်း။ အူတွေ၊ ကလီစာတွေ ရောင်းဖို့လား။ ဒေါ်လာ လေးသန်းကုန်တယ်။ ဘာလဲ အဲဒီက လူတွေ သေလို့ရှိရင် ကလီစာတွေ၊ ကျောက်ကပ် တွေ ရောင်းဖို့ သူတို့လုပ်တာ လူတွေသိသွားပြီ။ ကလေးတွေကို ရှေ့တန်းတွေပို့တာ၊ တချို့ဆို သင်တန်းတောင် မတက်ရသေးတဲ့ ကလေးတွေကို ချောင်းနှစ်ခွကို ပို့တာ။ ငါအံ့သြလို့ မဆုံးဘူး။ အခုမှသိတာ။ ရောင်းစားတာ။ တိုက်ပွဲ တွေ ပေးဖြစ်ပြီး၊ ပေးသေပြီးတော့ ကလီစာတွေ၊ ကျောက်ကပ်တွေ နီးစပ်ရာ ရောင်းစားတဲ့ အတန်းအစားတွေ။ တော်တော်ကြောက်စရာကောင်းတယ်နော်။ ငါတို့တော်လှန် ရေးက လူ့အသက်တွေ၊ ဘဝတွေကို ချနင်းပြီးတော့ကို စီးပွားရှာတာ။ နွေဦးထီ တစ်စောင် နှစ်ထောင်ကို မရောင်း ရတော့ဘူး။ ပြည်သူတွေ ချဉ်သွားပြီလေ။ NUG လက်အောက်ခံ PDF တွေ နင်တို့သေအောင် အလှူခံ၊ နင်တို့ငတ်ဖို့သာ ပြင်ထား။ တေဇာဆန်းဆိုရင် မအေနဲ့ကြီးပဲ ကိုင်တုပ်ချင်တာ။ ပြည်တွင်းထဲမှာ ဟိုနေရာလေး ဓာတ်ပုံရိုက်ပြီး တင်လိုက်၊ ဒီနေရာလေး ဓာတ်ပုံရိုက်ပြီး လိမ်လိုက်နဲ့ လူထုကို လိမ်စားတာ။ ငါတို့က သူတို့လိုမျိုး တော်လှန်ရေးသမားတွေကို ထောက်ပံ့စရာလား။ ငါ ပြောထားပြီးပြီ၊ ပုလဲက ပြည်သူ လူထုတွေ သတင်းပေး၊ ဗိုလ်သံမဏိစခန်း ဘယ်နေရာမှာရှိလဲ၊ ဇော်ထက်အိမ် ဘယ်နေရာမှာလဲ မြေပုံပါချပေး၊ Location ပါချပေး။ တပ်ကိုသာ အတိအကျ ချပေးလိုက်တော့။ အဲဒါမှ နင်တို့ ပုလဲပြည်သူလူ ထုဘ၀ အေးအေးဆေးဆေးနေရမှာ။ ဒီကောင်တွေ လုပ်ပိုင်ခွင့်ရှိနေသရွေ့ နင်တို့ အေးအေးဆေးဆေး မနေရဘူး။ အမျိုးယုတ်တွေ။ သူတို့ NUG မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ မပါဘူး။ လူငယ်တွေကသာ သူတို့အောက်မှာနေ၊ သူတို့ ကြိုးဆွဲရာက၊ သူတို့ခိုင်းတာလုပ်၊ သူတို့လူသတ်ဆိုသတ် ခေါင်းဆောင် စိတ်ဓာတ် ဘာတစ်ခုမှမရှိဘူး NUG မှာ ဖာစိတ်ဓာတ်နဲ့၊ ဖာခေါင်းစိတ်ဓာတ်နဲ့ လူယုတ်မာစိတ်ဓာတ်ပဲ ရှိတာ။လူသတ်သမား စိတ်ဓာတ်တွေပဲ ရှိတယ်။ ဘာစိတ်ဓာတ်မှ မရှိဘူး။ NUG လို့၊ အစိုးရလို့ပြောနေတဲ့ အဖွဲ့ရဲ့လူတွေက ဘယ်သူ့ကို အုပ်ချုပ်တာတုန်း၊ ဘယ်နေရာမှာ အစိုးရ လုပ်တာတုန်း။ ဒီမေးခွန်းကို အရှက်ရှိရင် ဖြေပါ။ အရှက်မရှိရင်မဖြေကြနဲ့"ဟု တော်လှန်ရေးအကြောင်းပြ လူငယ်လူရွယ်များ၏ အသက်၊ သွေး၊ ချွေးများကို စတေးပြီး ကိုယ်ကျိုးရှာနေသည့် NUG ၏အကြောင်းကို တော်လှန်ရေးဘက် အခြမ်းကို စိတ်ကုန်သွားသည့် အမျိုးသမီးကြီး တစ်ဦးက ရင်ဖွင့်ထားလေသည်။ ထိုအမျိုးသမီးနှင့် ပတ်သက်၍လည်း တော်လှန်ရေးဘက်အခြမ်းက အငြိုးအတေးများစွားဖြင့် အသက်ကို ရန်ရှာနေကြသည် ဟုလည်း သတင်းများ ထွက်နေလေသည်။ ထိုကဲ့သို့ လူငယ်လူရွယ်တို့၏ အသက်၊ သွေး၊ ချွေးများဖြင့် ကိုယ်ကျိုးရှာ နေသူတို့က တော်လှန်ရေးဆိုသည်ကို နိဂုံးချုပ်သွားမည်ကို လွန်စွာကြောက်ရွံ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးသည် သူတို့၏ အကျိုးအမြတ် တစ်နည်းအားဖြင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း ဖြစ်နေသော ကြောင့်ပင်တည်း။
သို့မို့ကြောင့် ကျရှုံးနေသည့် တော်လှန်ရေးကို အသက်ဆက်စေရန် NUG က မန်းဝင်းခိုင်သန်း၊ လွင်ကိုလတ်၊ မင်းကိုနိုင် အပါအဝင် နိုင်ကောင်းရွက်ဆိုသူ တို့က ပြည်တွင်းတစ်နေရာတွင် လမ်းလျှောက် နေကြောင်း ရုပ်သံဖိုင်တစ်ခု ဧပြီ ၃ ရက်က ထုတ်ပြန်ထားသည်။ဤကဲ့သို့ ရုပ်သံဖိုင်လေး ထုတ်လွှင့်လိုက်၊ ဓာတ်ပုံလေး တင်လိုက်လုပ်နေခြင်းနှင့်ပတ်သက်၍ ပြောရလျှင် အထက်တွင် ဆိုခဲ့သည့် ထိုင်းရောက် ရွှေ့ ပြောင်းအလုပ် သမားတစ်ဦးက တေဇာဆန်းကို ပြောခဲ့သည့်စကားအတိုင်းသာ ပြောရတော့မည် ဖြစ်သည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )