တော်လှန်ရေး၏ ဦးစားပေးရန်သူ (သို့မဟုတ်) NUG ကို ပြန်လည်တော်လှန်ရေး

၂၀၂၆ ၊ ဖေဖော်ဝါရီ ၂၇

ပညာရေးသည် ဒုတိယ

            'တော်လှန်ရေးကြီး ပြီးသွားရင် ပညာမတတ်တဲ့ လူတွေကို ဘယ်လိုအုပ်ချုပ်ကြမလဲ'။ သည်မေး ခွန်းကို မေးခဲ့သည့်သူက တော်လှန်ရေးကို ထောက်ခံနေသူ မဟုတ်သကဲ့သို့ တော်လှန်ရေးကို ပြက်ရယ်ပြုနေသူလည်း  မဟုတ်ပေ။ တော်လှန်ရေးဘက်အခြမ်းတွင် ရှိသူတို့၏အမြော်အမြင်နှင့်ပတ်သက်၍ ရိုးရိုး ရှင်းရှင်း မေးခွန်းထုတ်ထားခြင်း ဖြစ်သည်။ မေးခွန်းထုတ်ရခြင်းအကြောင်း အရင်းအဖြစ် တော်လှန်ရေး ဘက်အခြမ်း ရှိသူတို့က ပညာရေးနှင့်ပတ်သက်၍ သူတို့၏ အမြင်ကို ကျောက်ထက်အက္ခရာ တင်မထားသော်လည်း ကျောက်ထက် အက္ခရာကဲ့သို့ ခိုင်မာသည့် သစ်သားပြားပေါ်တွင် 'ပညာရေးသည် ဒုတိယ'ဟု ရဲရဲဝံ့ဝံ့ ရေးသားထားသည်ကို မြင်တွေ့ပြီး အထက်ပါမေးခွန်းကို ရိုးရိုးလေး မေးထားခြင်း ဖြစ်သည်။ ထိုမေး ခွန်း၏အဖြေကို တော်လှန်ရေးဘက် အခြမ်းကလူများ မည်ကဲ့သို့ ဖြေခဲ့ကြောင်း မကြာခင် ပြောပြပါမည်။ ထိုကဲ့သို့ စာကြောင်းများကို သစ်သားနံရံတွင် ဂုဏ်ယူစွာ ထွင်းထုမှတ်တမ်းတင်ထားသည့် တော်လှန်ရေး ဘက်အခြမ်းက သူများ၏ အကြောင်း အနည်းငယ် ဦးစွာ မိတ်ဆက်ပါရစေ။

            လက်နက်ကိုင်များသာ ရှိနေသည့် တောတွင်းတစ်နေရာတွင် ဖြစ်သည်။ လူနေထူထပ်သည့် ကျေးရွာများနှင့်မနီး၊ မြို့ပြနှင့် အလှမ်းဝေးသည့်နေရာ လက်နက်ကိုင်များသာ ရှိနေသည့်နေရာတွင် သူတို့ တော်လှန်ရေး၏ မြင့်မြတ်မှုအကြောင်းကို ခမ်းခမ်းနားနား ဖော်ပြထားသည့်စာသားများကို နံရံထက်က သစ်သားပြားပေါ်တွင် ရေးထွင်းထားလေသည်။ သူတို့က 'တော်လှန်ရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ စစ်ကျွန်ပညာရေးကို တိုက်ဖျက်ကြ'ဟူသည့် စာသားကို ရေးထွင်းထားလေသည်။

            ထို့အပြင် သဘာဝရဲ့ရင်သွေးငယ် သီချင်းထဲက စာသားများဖြစ်သည့် 'ဒီကမ္ဘာ စစ် စစ် စစ်မဖြစ်ရာမြေ တစ်နေရာ ရှိ ရှိ ရှိရမယ်လေ၊ ထာဝရ ငြိမ်းချမ်းဖို့ ရှာကာ ပျော်ရွှင်နေ၊ သဘာဝရဲ့ ရင်သွေးငယ်တွေ၊ ပိုင်ဆိုင်တာ အားလုံးစွန့်ကာလေ မနာလိုစရာများလည်း မရှိတော့လေ၊ ဘယ်သူမဆို အားလုံးတန်းတူနေ၊ ညီအစ်ကိုလို ကြင်နာမှုနဲ့လေ လောကအသစ်တစ်ခုတည်နေ' ဟုဆိုကာ We Love Amay Daw Aung San Su Kyi ဟု ခပ်တည်တည်ပင် ရေးထားလေသည်။

            နိုင်ငံကျော်တေးရေးဆရာ စိုင်းခမ်းလိတ်၏သီချင်းစာသားကို ကူးယူရေးထွင်းထားပြီး တစ်နိုင်ငံလုံးသိသည့် သီချင်းကိုပင် အထားအသို စာသားမှန်အောင် မရေးနိုင်သည့်အပြင် တေးရေးဆရာအကြောင်း တစ်ကြောင်းတစ်ပါဒမျှ မထည့်ဘဲ စာသားအပြီး ဒေါ်စုအမည်ကို ခပ်တည်တည် ရေးထိုးထားလေသည်။ သည်လောက်ဆိုလျှင် တော်လှန်ရေးဘက်အခြမ်းက သူတို့၏ အခြေခံစိတ်နေသဘောထားနှင့် ပညာရေးအပေါ်ထားသည့်စေတနာကို အနည်းငယ် ရိပ်မိနိုင်လိမ့်မည်ဟု ထင်ပါသည်။

            'ပါးပိန်ရာ နံ့သာဖို့မရ'ဆိုသကဲ့သို့ သူတို့၏ လွဲနေသောလမ်းကို ဖုံးကွယ်လိုစိတ်ဖြင့် တော်လှန်ရေးကြီးသည်သာ မြင့်မြတ်ကြောင်း တတ်စွမ်းသမျှ မှီငြမ်းပြီး ရေးထိုးထားသည့် စာသားသာ ဖြစ်သည်။ သူတို့ ကိုယ်တိုင်လည်း ပညာမတတ်သကဲ့သို့ နောက်လာမည့် မျိုးဆက် အတွက်လည်း ပညာရေးသည် 'ဦးစားပေးနေရာတွင် မရှိကြောင်း ထိုတော်လှန်ရေးဘက်အခြမ်းက သူတို့၏ စိတ်ထဲတွင် ရှိနေကြလေသည်။

            သို့မို့ကြောင့် တော်လှန်ရေးဘက်အခြမ်းက သူများသည် ပညာရေးနှင့်ပတ်သက်သမျှကို သိသိသာသာ တိုက်ခိုက်လာခဲ့သည်မှာ ငါးနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ တိုက်ခိုက်လာခဲ့သည်များ ကိုလည်း ဖုံးကွယ်လိုဟန်ဖြင့် မျိုးစုံအကြောင်းပြလာခဲ့ပြီး ဆင်ခြင်တုံ တရားရှိသူများ၏ ကဲ့ရဲ့ပြစ်တင်ရှုတ် ချခြင်းကို ခံနေရခြင်းဖြစ်သည်။ ထိုသို့ ပြစ်တင်ရှုတ်ချ ဝေဖန်နေသူများကြားထဲက 'တော်လှန်ရေးပြီးသွားရင် ပညာမတတ်တဲ့လူတွေကို ဘယ်လို အုပ်ချုပ်ကြမလဲ'ဆိုသည့် တော်လှန်ရေးကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိသည့်မေးခွန်းကို မည် ကဲ့သို့ ဖြေဆိုထားသည် ထင်သနည်း။ 'Bro ပြောတဲ့တော် လှန်ရေးကြီး ပြီးတဲ့နေ့ကြမှ ပြန်ပြောကြတာပေါ့}ဟူ၍ NUG ကလူကြီးများနှင့် ဇော်ဝေစိုး တို့ကဲ့သို့ ထမင်းရည်ပူလာ လျှာလွှဲပုံစံမျိုးဖြင့်သာ ဖြေကြားထားလေသည်။

            ထိုမေးခွန်းနှင့်အဖြေက ပြည့်စုံသည်ဟု ထင်ပါသလား။ မပြည့်စုံဟု ထင်သောကြောင့် ကြားက ဝင်၍ ခါးနာသည့်သဘောဖြင့် ဝင်၍ ဖြေပေးလိုက်ချင်ပါသည်။ဤဘဒ္ဒကမ္ဘာမှာ ထိုမေးခွန်းအတွက် အဖြေ ပေးနိုင်မည့်နေ့ ရောက်လာနိုင်ဖွယ်မရှိ ဟူ၍သာ ဖြေကြားပေးချင် မိပါ၏။ ထပ်မံဖြည့်စွက်၍ ပြောရလျှင် ပညာမဲ့ကျွန်များကိုသာ တိုက်ရိုက် မွေးထုတ်ခြင်းဟူ၍လည်း ဖြည့်စွက်ပြောချင်မိပါသည်။

NUG ၏ ဗိုလ်နဂါးအရေးတော်ပုံ

            တော်လှန်ရေးဆိုသူတို့က တော်လှန်ရေးဘက် တော်သားထဲက တစ်ယောက် သို့မဟုတ် တော်လှန်ရေးအဖွဲ့အစည်းထဲက အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဇာတ်တူသားစား ပြန်လည်တော်လှန်သည့် ဖြစ်စဉ်ကလည်း ပြိုလဲနေသည့် တော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်လာနေလေသည်။ တော်လှန်ရေးပြိုလဲနေပြီဟု အဘယ်ကြောင့် ပြောဆိုနိုင်သနည်းဟုဆိုလျှင် တော်လှန်ရေးသမားချင်း အတူတူကိုပင် စည်းရုံးနိုင်စွမ်းမရှိဘဲ တော်လှန်ရေးသ မားအချင်းချင်း တော်လှန်ရသည်ဆိုသည်ကိုက ကျဆုံးရ ခြင်းများစွာထဲက အရေးကြီး အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခြင်း ဖြစ်သည်။

            သည်နေရာတွင် NUG ၏ ဗိုလ်နဂါးအပေါ် စစ်ရေးအသုံးပြု၍ တိုက်ခိုက်ရခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို ဖတ်ရှုရပြီး မေးခွန်းထုတ်ချင်လာသည့် အချက်များ ပေါ်လာမိပါသည်။ NUG ၏ ထုတ်ပြန်ချက် တွင်ပါရှိသည့် အချက်လေးချက်အနက်မှ အချက်သုံးချက်ကို မေးခွန်းထုတ်လိုရင်း ဖြစ်ပါသည်။ (၁) ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှု စသည့် ရာဇဝတ် ကျူးလွန်ခြင်း၊ (၂) တရားမဝင် အခွန်ဂိတ်များ ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နှင့်အတူ အများပြည်သူသုံး  လမ်းများတွင် လူအင်အား ၅၀-၁၀၀ ဝန်းကျင်ဖြင့် အထိုင်စခန်းချခြင်း၊ မိုင်းများ ထောင်ခြင်း၊ အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပြုခြင်း၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့် ကျန်းမာ ရေးကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ (၃)မိမိတို့၏ ဂိတ်စခန်းများကို စီးနင်း ခြင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကိုပင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခြင်း၊ ၎င်းတို့၏ ပြစ်မှုများနှင့်ပတ်သက်၍ အတွင်းကျကျ သိရှိနိုင်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဆက်လက် ဆောင်ရွက်လာနိုင်ခြေရှိခြင်းဆိုသည့် အချက်သုံးချက်ကို NUG ထံ ပြန်၍ မေးခွန်းထုတ်လိုပါ သည်။

            မေးလိုသည့်မေးခွန်းက များများစားစားမဟုတ် တစ်ချက်တည်းပင် ဖြစ်ပါသည်။ 'အဲဒီကြေညာချက်ထဲပါတဲ့ လုပ်ရပ်တွေကို NUG အောက်က PDF တွေက လုံး၀မလုပ်ဘူးလား'ဆိုသည့် မေးခွန်းပင်ဖြစ် သည်။ NUG ၏ ဗိုလ်နဂါးအရေးတော်ပုံမှ BNRA ကို တော်လှန်ရသည့် အကြောင်းပြချက်တွင် သူများကို ထိုး သည့် လက်ညှိုးအတွက် NUG ကိုယ်၌က တိတိကျကျ အဖြေပေးရဲလားဟူ၍လည်း သိချင်မိပါသည်။

            သည်နေရာတွင် ကျွန်တော်တစ်ယောက်တည်း မေးခွန်းထုတ်ခြင်း မဟုတ်သည့်အပြင် တော်လှန်ရေးဘက်တော်သား၊ တစ်နည်းအားဖြင့် NUG ဘက်တော်သား မီဒီယာသမားတစ်ဦးကလည်း 'NUG လက် အောက်ခံ ဗိုလ်သံမဏိတို့က တော်လှန်ရေးအဖွဲ့က လူ ၂၁ယောက် ကို သတ်ထားတဲ့အမှုအတွက် NUG က အရေးယူပြီးပါပြီလား။ NUG လက်အောက်ခံ ဝက်လက် ပ.က.ဖက ဗိုလ်ကျားကြီးတို့ကို စီးနင်း တိုက်ခိုက် ပြီး လူသတ်တဲ့အမှုအတွက် အရေးယူပြီးပါပြီလား၊ အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ ပလဖတွေက မုဒိမ်းကျင့်တဲ့ အမှုအတွက် အရေးယူထားပါတယ်လို့ ပြောပေမယ့် ပလဖရုံးထဲမှာ မုဒိမ်းကျင့်တဲ့သူ တွေ လွတ်လွတ်လပ်လပ် သွားလာနေကြတာက ဘာသဘောပါလဲ။ မင်းကင်း ပ.က .ဖ ခေါင်းဆောင် ကိုညိုမောင်က SRF အဖွဲ့ဝင် အမျိုးသမီးရဲဘော် မငြိမ်းကို မုဒိမ်းကျင့်တဲ့အမှုအတွက် အရေးယူပြီးပါပြီ လား၊ ထောက်ပို့တစ်ယောက်ရဲ့လက်ထဲမှာ  ပြောင်းတိုသေနတ်တစ်လက် တွေ့လို့ဆိုပြီးတော့ သူ့အဖေနဲ့ လူမမယ်သားလေးကို ပြန်ပေးဆွဲပြီးတော့ ငွေနဲ့ အရွေးခိုင်းတဲ့အမှုကိုရော ဖြေရှင်းပြီးပါပြီလား။ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကိုးပင်သာဂရ လယ်ပြင်မရွာက ဒေါ်စန်းမြင့်ကို ပဲခူးတိုင်းစစ်ဒေသတပ်ရင်း-၃၅၀၁ တပ်ခွဲက ဗိုလ်ကြက်သွန်တို့အဖွဲ့က သတ်ဖြတ်ပြီး ကားတွေ၊ ရွှေတွေ၊ ဆန်အိတ်တွေ၊ စပါးအိတ်တွေ ယူသွားတဲ့အမှုကိုရော အရေးယူပြီးပါပြီလား။ ဒါက လူသိများ ထင်ရှားတဲ့ အမှုအနည်းငယ်ကိုသာ ပြော ပြရခြင်း ဖြစ်ပါတယ်။ အဲဒီလို အမှုပေါင်းမြောက်မြားစွာကို NUG လက်အောက်ခံ ပ.က.ဖ တွေက ကျူးလွန်ထားတယ် ဆိုတာတွေဟာ လူသိရှင်ကြားပါ။ သက်ဆိုင်သူမိသားစုတွေ၊ ခံရတဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပြောပြထားလို့ မီဒီယာပေါ်မှာ သတင်းတွေ တက်ထားပြီးသားပါ။ အဲဒီလိုအမှုမျိုးတွေအတွက် တခြား တော်လှန် ရေးအဖွဲ့တွေက ပ.က.ဖ တွေ၊ PDF တွေကို ဝင်တိုက် ပြီးတော့ ဖမ်းဆီးအရေးယူတာတွေ လုပ်မယ်ဆိုရင်ရော NUG က လက်ခံမှာလား၊ ဒီလိုမေးလို့ရှိရင် သူတို့က အစိုးရဖြစ်တဲ့အတွက် သူတို့က အရေးယူခွင့် ရှိတယ်။ ကျန်တဲ့အဖွဲ့တွေက အရေးယူခွင့် မရှိဘူးလို့ NUG ပြန်ဖြေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုသာ ဖြေခဲ့ရင်တော့ NUG ဟာ အာဏာရှင်ဖြစ်နေပြီလို့ ဆိုရတော့မှာပါ"ဟု အလားတူ မေးခွန်း မေးမြန်းထားပါသည်။

            NUG ၏ ဗိုလ်နဂါးတော်လှန်ရေးတွင် 'အဝတ်မရှိသူက လုံအောင်ထိုင်ပြောပါ' ဆိုသကဲ့သို့ ဖြစ်နေ သည်ဟုသာ ဆိုချင်ပါတော့သည်။

NUG ကို တော်လှန်ကြ

            NUG ကို တော်လှန်ကြဆိုသည့် စကားကို တော်လှန်ရေးသမား ဆိုသူတို့ဘက်က ခပ်စိပ်စိပ် ထွက်လာနေသည်ကို မအံ့သြနှင့်ဟုသာ ဆိုရမည်ဖြစ်သည်။အထက်တွင် ဆိုခဲ့သည့် အမှုကဲ့သို့ အကြောင်းအရာ အများအပြားကို NUG နှင့် NUG လက်အောက်ခံ PDF တို့က နိုင်ငံတကာသိ၊ ကမ္ဘာသိ ကျူးလွန်ခဲ့ကြသည်မှာ အထူးပြောစရာ မလိုတော့ပေ။ ထိုကဲ့သို့ ကျူးလွန်ခဲ့ကြသူများ အချင်းချင်း NUG လက်အောက် MOD မဝင်သဖြင့် တော်လှန်ရေးသမားအချင်းချင်း လက်စဖျောက်သည့် အမှုမျိုးသည် တော်လှန်ရေးသမားတို့ ဘက်က လက်မခံနိုင်သည့် အကြောင်းအရာများ ဖြစ်နေလေသည်။

            တော်လှန်ရေးသမားတို့ ဆိုလိုသည်က NUG ၏လက်အောက် MOD သို့ဝင်လျှင်ရော NUG က မည်သည့်ထောက်ပံ့မှုမျိုးကို လုပ်ပေးနိုင်သနည်းဆိုသည့်မေးခွန်းတွင် NUG ဘက်က တိတိပပအဖြေ ဟိုးယခင် ကတည်းက မရှိခဲ့သကဲ့သို့ ယခုလည်း မရှိ၊ အနာဂတ်တွင်လည်း အဖြေမရှိ ဖြစ်နေလေသည်။ သဘောက တော်လှန်ရေးလုပ်လိုလျှင် NUG လက်အောက် ဝင်ရမည်ဖြစ် ပြီး တပ်ရင်းတပ်ဖွဲ့များ၏ ရပ်တည်ရှင်သန် စားသောက် ရေးအပါအဝင် လက်နက်ခဲယမ်းလိုအပ်ချက်နှင့် ဒဏ်ရာရ ရဲဘော်များအတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ငွေကြေးရှာကာ တော်လှန်ရေးလုပ်ကြဆိုသည့်သဘော သက်ရောက်နေလေသည်။

            သည်တော့ သူကြီးဘုရား ရွာသားကောင်းမှု လုပ်နေသည့် NUG လက်အောက်သို့ အသက်ပေး၍ တော်လှန်ရမည်ဆိုသော တော်လှန်ရေးသမားတိုင်းက NUG လက်အောက်သို့ မဝင်လိုကြခြင်းဖြစ်သည်။ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကျောင်းပုံစံနှင့် တော်လှန်ရေးသမားတို့သည်လည်း NUG လက်အောက် ဝင်ကြသူတို့သည် မည်သည့်အကျိုးအမြတ်ရရှိ၍ ဝင်ကြသည်ထင်သနည်း။ တော်လှန်ရေး သမားဆိုသူတို့တွင် လက်နက်ကိုင်ခွင့်ရရှိပြီး တော်လှန်ရေးခေါင်းစဉ်အောက်က လူသတ်ခွင့်၊ ဆက်ကြေးကောက်ခွင့်၊ ဖျက်ဆီးခွင့်များအတွက် NUG ခေါင်းအောက်က ထင်ရာလုပ်၍ရခြင်း ဖြစ်နေရာ အပြန်အလှန် အကျိုးပြုသည့်သဘော ဖြစ်နေလေသည်။ ထို့ကြောင့် NUG လက်အောက်က PDF တို့၏ အထက်တွင် ဆိုခဲ့သော ပြစ်မှုများအတွက် NUG က အရေးယူ၍မရ ဖြစ်နေလေသည်။ သူတို့ အပြန်အလှန် အကျိုးပြု ခြင်းက တော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားပြီး  အမှန်တကယ်တွင် ထင်ရာစိုင်းခွင့်အတွက် အပြန်အလှန် မှီခိုနေခြင်းသာ ဖြစ်နေပြီး ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်သည့်လုပ်ရပ် တစ်ခုမျှမယ်မယ်ရရ ပြစရာ မရှိခဲ့ပေ။ နောက်ဆုံး သိသာထင်ရှားသည့်အချက်အဖြစ် လက်ရှိ ဒေါ်ကြည်ပြာအမှုကိုကြည့်လျှင် သိနိုင်ပေသည်။

            တော်လှန်ရေးသမားတို့၏ လက်သုံးစကားအဖြစ် တရားမျှတမှုအတွက် တော်လှန်ကြပါသည်ဆိုသော တော်လှန်အဖွဲ့အစည်းများက NUG ကို ပြန်တော် လှန်မှ ဖြစ်တော့မည်ဟု အသံထွက်လာသည်။ သို့မို့ ကြောင့် NUG အဖွဲ့ကြီးကိုယ်တိုင်က တရားမျှတစွာ ဆုံးဖြတ်ခဲ့ခြင်း မရှိသည့်အတွက် CDM ဝန်ထမ်းများက NUG ကို ထပ်မံ၍ နှစ်ထပ်ကွမ်း CDM ပြန်လုပ်နေကြလေသည်။

            တော်လှန်ရေးငါးနှစ်တာ ပြည့်ချိန်တွင် တော်လှန်ရေးလုပ်သည့် အဖွဲ့အစည်းများက တော်လှန်ရေး အဓွန့်ရှည်စေရန် NUG ကို အရင် တော်လှန်ပြီးမှ တော်လှန်ရေး ဆက်လုပ်ရတော့မည်ဟု ကြွေးကြော် လာကြလေသည်။  (ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.