၂၀၂၆ ၊ ဇွန် ၂၃
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအား ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ လာရောက်၍ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ အဆိုပါ ဖိတ်ခေါ်ချက်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ထားပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ NCA လက်မှတ်မရေးထိုး ရသေးသည့် အဖွဲ့များနှင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် အဖွဲ့များအားလုံးကို နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည်။
ရက်ပေါင်း ၁၀၀ ဆိုသည့် အချိန်ကာလအတွင်း နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် ငြိမ်းချမ်းရေးကို အပြီးသတ် ဖော်ဆောင်နိုင်မည် မဟုတ်သေးသော်လည်း ယင်းကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အစပျိုးခြေလှမ်း ကောင်းများနှင့် တိုးတက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများက သုံးသပ်ထားသည်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၄၀ ခန့်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ အဖွဲ့များက မိမိတို့၏ ရပ်တည်ချက်များ၊ လိုလားချက်များနှင့် အမြင်သဘော ထားများကို ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအခြေအနေသည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ပြန်လည်အသက်ဝင်လာရေးအတွက် အပြုသဘောဆောင်သည့် အရွေ့တစ်ခုအဖြစ် ၎င်းင်းတို့က ရှုမြင်ထားသည်။
ဇွန် ၄ ရက်တွင် NSPNC နှင့် ရှမ်းနီအမျိုး သားများညီညွတ်ရေးအဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ နိုင်ငံတော်အစိုးရက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးကမ်းလှမ်းဖိတ်ခေါ်ချက် အပြီးတွင် ရှမ်းနီအဖွဲ့သည် ပထမဆုံး လာရောက်ဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု ဆိုရမည်။ ဆွေးနွေးပွဲတွင် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့က ဒေသတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ ရှမ်းနီတိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ မျှော်မှန်းချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသားများ၏ လူမျိုးအမည် အသိအမှတ်ပြုရေးကိစ္စရပ် များကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းတင်ပြခဲ့သည်။
တစ်ဖက်တွင်လည်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေးနှင့် 'ရှမ်းနီ'အမည်ကို တရားဝင် အသိအမှတ်ပြုနိုင်ရေးအတွက် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော်အတွင်း တင်ပြဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခု NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမှုတွင်လည်း ရှမ်းနီအဖွဲ့က မိမိတို့၏ လူမျိုးရေးနှင့် နိုင်ငံရေးဆိုင်ရာတောင်းဆိုချက်များကို ငြိမ်းချမ်းရေးဆွေး နွေးပွဲ စားပွဲဝိုင်းပေါ်သို့ တရားဝင် ယူဆောင်လာခဲ့ပြီ ဖြစ်သည်။ ယင်းကဲ့သို့ တင်ပြဆွေးနွေးလာခြင်းသည် ရှမ်းနီတိုင်းရင်းသားများ၏ အရေးကိစ္စများကို နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းမှတစ်ဆင့် အဖြေရှာရန် ကြိုးပမ်းလာမှုအဖြစ် မြင်တွေ့ရသည်။ NSPNC က ဖွဲ့စည်းပုံအခြေခံဥ ပဒေဘောင် အတွင်းမှ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှင်း လင်းဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလေ့လာသူများက ထိုတွေ့ဆုံ ဆွေးနွေးမှုနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးရေး ဆိုင်ရာတောင်းဆိုချက်များ၊ ဒေသဆိုင်ရာ အရေးကိစ္စများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး အစပြုခြေလှမ်းကောင်းတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက NSPNC နှင့် ရှမ်းနီအမျိုးသားများညီ ညွတ်ရေးအဖွဲ့တို့၏ တွေ့ဆုံ ဆွေးနွေးမှု သည် ဒေသတွင်း လုံခြုံရေးနှင့် လူမျိုးရေးဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်နေကြောင်း သုံးသပ်ထားသည်။ ရှမ်းနီအဖွဲ့အနေဖြင့် ကချင်ဒေသအတွင်း လှုပ်ရှားနေသည့် KIA နှင့် နှစ်ပေါင်းများစွာ ပဋိပက္ခများ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် နိုင်ငံရေးဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
"ကချင်လက်နက်ကိုင်အဖွဲ့အစည်း KIA နဲ့ ရှမ်းနီအကြားမှာ ပဋိပက္ခတွေ အများကြီးရှိတယ်။ အဲဒါကြောင့် အခု ရှမ်းနီဘက်က ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားဖို့ဆုံးဖြတ်လာတာလို့ မြင်တယ်။ ကချင် ဒေသနဲ့ ရှမ်းနီအခြေစိုက်ဒေသတွေမှာ အခက်အခဲတွေ၊ ပဋိပက္ခတွေ အတော်များများ ရှိခဲ့တယ်။ ဒါကြောင့် အစိုးရနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ စဉ်းစားလာတဲ့သဘောမျိုး တွေ့ရတယ်"ဟု စောမြရာဇာလင်းက သုံးသပ်သည်။
ထို့ပြင် ရှမ်းနီအဖွဲ့အနေဖြင့် KIA ၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်လိုခြင်းမရှိဘဲ မိမိတို့ဒေသနှင့် လူမျိုးရေးအခွင့်အရေးများကို သီးခြားကာကွယ်လိုသည့် ဆန္ဒရှိနေကြောင်းလည်း ၎င်းကရှုမြင် သည်။
"ရှင်းရှင်းပြောရရင် KIA ရဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့မနေချင်ဘူးဆိုတဲ့ သဘောမျိုးကို တွေ့ရတယ်။ အရင်နှစ်တွေကလည်း နှစ်ဖက်အကြား ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းကနေ အစိုးရနဲ့ လက်တွဲပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်သွားဖို့ စဉ်းစားချက်ရှိနေသလို၊ ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးကိုလည်း ဆက်လက်တောင်းဆိုသွား မယ့်သဘော တွေ့ရတယ်"ဟု စောမြရာဇာလင်းက သုံးသပ်သည်။
NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs)တို့ ဇွန် ၉ ရက် ၊ ၁၀ ရက်က နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအဖွင့် ဇွန် ၉ ရက်တွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် NCA-S EAOs အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့နောက် NSPNC ၏ ရှေ့ဆက်ဖော်ဆောင်မည့် ငြိမ်းချမ်းရေးအစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ပြီး NCA-S EAOs ဘက်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ၎င်းတို့၏ သဘောထားများနှင့် အဆိုပြုချက်များကို တင်ပြဆွေးနွေးခဲ့သည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ ပြုလုပ်နိုင်ရေး၊ ငြိမ်းချမ်းရေးမူဝါဒများနှင့် ယန္တရားများ အဆင့်ဆင့် ချမှတ်ဆောင် ရွက်ရေး၊ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် NCA ၏ အနှစ်သာရကို အခြေခံသည့် အားလုံးပါဝင် နိုင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရေး၊ ပဋိပက္ခဒေသများရှိ ပြည်သူများ ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များကို လက်တွေ့ ခံစားနိုင်စေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာအကူအညီနှင့် ပံ့ပိုးမှုများရရှိနိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်နိုင်မည့် ဆွေးနွေးပွဲများကို ပြည်တွင်းပြည်ပ နှစ်မျိုးလုံးတွင် ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဇွန် ၁၀ ရက်တွင် ကျင်းပသည့် ဒုတိယနေ့ ဆွေးနွေးပွဲ၌ ယခင်နေ့မှ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း(ငြိမ်း) ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်၊ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်အား လွှတ်တော်တွင် တင်သွင်းဆောင်ရွက်မည့် အခြေအနေများကို ထပ်မံရှင်းလင်းခဲ့သည်။ ယင်းအချက် ၄၃ ချက်အနက် ၂၁ ချက်မှာ EAOs များနှင့် ညှိနှိုင်းရရှိထားသည့် အချက်များဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် EAO များ၏ သဘောတူညီချက်များကို လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် တွေ့မြင်မည်ဖြစ်သည်။
နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆက်လက်အ ကောင်အထည်ဖော်ရေးကိစ္စများကို အဓိကထား မှတ်တမ်းတင်ခဲ့ကြသည်။ ထို့ပြင် NCA ပါ သဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ရေး၊ NCA လမ်းကြောင်းမှ ထွက်ခွာသွားသည့် အဖွဲ့အစည်းများ ပြန်လည်ပါဝင်လာနိုင်ရေး၊ ရွေးကောက်ခံ အစိုးရ သစ်လက်ထက်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ အလားတူ ပြောင်းလွယ်ပြင်လွယ်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးမူဝါဒနှင့် ယန္တရားများ၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပြည်သူများထံ ထိရောက်စွာ ရောက်ရှိစေရေးတို့ကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့အပြင် ကြို တင်စည်းကမ်းသတ်မှတ်ချက်များမပါသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက်ထုတ်ပြန်နိုင်ရေး၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နှင့် ထာဝရငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒလေးရပ်အပေါ် အခြေခံ၍ ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက် ဖျက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း (Peace Process Review) နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ယခု တွေ့ဆုံမှုအတွင်း နှစ်ဖက် ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းနှင့် အသေးစိတ်ကျကျ အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ နှစ်ဖက်ရဲ့ ရပ်တည်ချက်၊ သဘောထား၊ အစီအစဉ်နဲ့ အစီအမံတွေကို သိရှိခဲ့ရတဲ့အတွက် ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ များစွာ အထောက် အကူ ဖြစ်စေပါတယ်"ဟုဆိုသည်။
ထို့ပြင် NSPNC ၏ ငြိမ်းချမ်းရေးမူဝါဒများနှင့် 7 EAO Alliance ၏ ငြိမ်းချမ်းရေး ရည်မှန်းချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် "နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ ပိုမိုရရှိစေခဲ့ တယ်လို့ မြင်ပါတယ်"ဟုလည်း စဝ်စိုင်းငင်းက ပြောကြားခဲ့သည်။ အဆိုပါတွေ့ ဆုံဆွေးနွေးပွဲမှ ရလဒ်များကို မကြာမီကျင်းပမည့် 7 EAO Alliance ဦးဆောင်အစည်းအဝေးသို့ တင်ပြပြီး ယင်းအစည်းအဝေး၏ လမ်း ညွှန်ချက်များနှင့် အညီ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရ သည်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနဲ့အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်စေရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွား မှာဖြစ်ပါတယ်"ဟူ၍လည်း RCSS အတွင်းရေးမှူး (၁)စဝ်စိုင်းငင်းက NSPNC နှင့် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲအပြီး နိဂုံးချုပ်ပြောကြားခဲ့သည်။
အလားတူ ဇွန် ၁၂ ရက်က NSPNC နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ တွေ့ဆုံဆွေး နွေးမှုတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်လာရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် ရွေးကောက်ခံ အစိုးရသစ်လက်ထက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရေးအတွက် NCA Plus ကဲ့သို့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် လျာထားကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့် လုပ်ငန်းများ မဖြစ်ပွားစေရေးအတွက် ကာကွယ်စောင့်ကြည့်ရေး ယန္တရားတစ်ရပ် တည်ဆောက်၍ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အစိုးရက ဆောင်ရွက်နေသည့် သက်ဆိုင်ရာ လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက် နိုင်ရန် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံလိုကြောင်း ပြောကြားခဲ့သလို SSPP အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ရှေ့ ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။
SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်ကလည်း 'ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ကြောင်း' နှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းသွားရန် အစဉ်တစိုက် တောင်းဆိုခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပြီး အတိတ်က သင်ခန်းစာများအပေါ် အခြေခံ၍ အပြန်အလှန်ယုံကြည်မှု တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် SSPP မှ တင်ပြသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခင် Bilateral တွေ့ဆုံ ဆွေးနွေးမှု အခြေအနေများနှင့်မြေပြင်နှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို NSPNC က ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူ နှစ်ဖက်ကိုယ်စားလှယ်များကလည်း တန်းတူရေးကို အခြေခံသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့်ပြည် ထောင်စုတည်ဆောက်ရေးကို အလေးထားဆွေးနွေးခဲ့ကြပြီး ယုံကြည်မှုထိခိုက်စေသည့် ဖြစ်စဉ်များကို သင်ခန်းစာယူ၍ ထပ်မံမဖြစ်ပွား စေရန်၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေး နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန်၊ အငြင်းပွားမှုများကို တွေ့ဆုံညှိ နှိုင်းခြင်းဖြင့် ဖြေရှင်းရန်၊ အပစ်အခတ် ရပ်စဲမှုနှင့် သဘောတူညီချက်များကို လေ့လာစောင့်ကြည့်နိုင်မည့် အဖွဲ့စုံပါဝင်သည့် ယန္တရားတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ရှမ်းနှင့် တိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဗဟိုအတွင်းရေးမှူး ဦးစောသန်းမြင့် က "တန်းတူညီမျှ အခွင့်အရေးရဖို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆို တာက တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ ဆန္ဒလို့ နားလည်ပါတယ်။ အားလုံးလိုလို ဒီအချက်ကို တောင်းဆိုကြတာလို့ မြင်တယ်။ ဒါကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။ ဒီလို တွေ့ဆုံဆွေးနွေးကြပြီးတော့ အဆင်ပြေသွားမယ်ဆိုရင် အာလုံးက လက်နက် ကိုင်တဲ့လုပ်ငန်းကို စွန့်ခွာမယ့်သဘော ရှိပါတယ်။ တိုင်းရင်းသားတွေ လိုလားချက်အတိုင်း၊ တောင်းဆိုတဲ့အတိုင်း ညှိနှိုင်းလို့ အဆင်ပြေတယ်ဆိုရင် သူတို့က လက်နက်စွန့်မယ့် အနေအထား ဖြစ်လာ နိုင်တယ်လို့ မြင်ပါတယ်"ဟု မှတ်ချက်ပြုသည်။
SSPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးမထိုးရသေးပေ။ ယခင်အစိုးရလက်ထက်များက တိုင်း ရင်းသား အများစုကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC)တို့တွင်လည်း SSPP ပါဝင်ခဲ့သည်။
SSPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံမှု၊ SSPP ဒုတိယဥက္ကဋ္ဌ ပြောကြားချက်များအပါအဝင် အတိတ်က နိုင်ငံတော်အစိုးရနှင့် ယုံကြည်မှု ထိခိုက်စေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ " NCCT ခေတ်က SSPP က ပါခဲ့တယ်၊ ကျွန်မတို့နဲ့ အတူတူ။ နောက်ပိုင်းမှာဆိုလို့ရှိရင် SSPP တွေက ဒီ UNFC ဘက်မှာရပ်ပြီးတော့မှ သူတို့က ဒီငြိမ်းချမ်းရေးဘက်က ငြိမ်းချမ်းရေး လက်မှတ်မထိုးခဲ့ဘူး။ အဲဒီလို အနေအထားမျိုးတွေ ရှိခဲ့တော့ အဲဒီ တုန်းက SSPP နဲ့ အစိုးရကြားမှာ ယုံကြည်မှုတွေ ကင်းမဲ့သွားတယ်။ ဒါပေမဲ့ အခုလို တွေ့ဆုံဆွေးနွေးပွဲကို SSPP လာတယ်ဆိုတော့ ယုံကြည်မှုကို ပြန်လည်တည် ဆောက်ဖြစ်တယ်လို့ မြင်တယ်။ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့်ကတော့ အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက စားပွဲဝိုင်းကို လိုလိုလားလားရောက် လာပြီဆိုလို့ရှိရင် အစိုးရဘက်က ငြိမ်းချမ်းရေး လမ်းကြောင်းကို ဘယ်လိုပီပြင်အောင် သွားပြီးတော့မှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ဘယ်လို တည်ဆောက်မလဲဆိုတာကို နိုင်ငံတော် အစိုးရဘက်က စဉ်းစားရမှာ ဖြစ်တယ်"ဟု စောမြရာဇာလင်းက မှတ်ချက်ပြုသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်း ဖြင့်သာ ဖြေရှင်းရန် အထူးလိုအပ်ကြောင်း ယုံကြည်ထားပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြု လုပ်နိုင်ရန် ကမ်းလှမ်း ဖိတ်ခေါ်ထားသည်။ ယင်းကဲ့သို့ NSPNC နှင့် NCA-S EAOs များအပြင် SSPP တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ပါဝင်သင့်သည့် အဖွဲ့အစည်း များ ပိုမိုပါဝင်လာနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်ပေးသည့် အရွေ့တစ်ခုအဖြစ် လေ့လာသူများက ရှုမြင် သုံးသပ်ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဝိုင်းအတွင်း ပါဝင်သူများ ပိုမိုကျယ်ပြန့်လာခြင်း၊ ယခင်က မပါဝင်ခဲ့သည့် အဖွဲ့အစည်းများ တဖြည်းဖြည်း ပါဝင်လာခြင်း၊ NCA မှ သွေဖည်နေသည့်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေး ပြန်လည်ဆွဲဆောင်နိုင်ခြင်းနှင့် ဆွေးနွေးရေးယန္တရားအားကောင်းလာခြင်းတို့သည် မြန်မာ့ငြိမ်းချမ်း ရေးအတွက် အပြုသဘောဆောင်သည့် အလားအလာ တစ်ရပ်ဖြစ်သည်ဟူ၍ စောမြရာဇာလင်းက သုံးသပ် သည်။ မြန်မာ့ငြိမ်းချမ်းရေးခရီးအတွက် အားတက်ဖွယ် လက္ခဏာများဖြစ်သည်ဟု ဆိုသည်။
၎င်းင်းက "အခုဆို SSPP လို အဖွဲ့အစည်းတွေပါ ဆွေးနွေးရေးလမ်းကြောင်းထဲ ဝင်လာတဲ့ သဘောတွေ တွေ့ရတယ်။ နောက်ပြီး NCA ကနေ ထွက်သွားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြန်လည် ပူးပေါင်းပါဝင်လာဖို့ ကြိုးစားနေကြတယ်။ အဲဒီလို ဆွေးနွေးပွဲဝိုင်းက ပိုပြီးကျယ် ပြန့်လာမယ်၊ ပိုပြီး အားကောင်းလာမယ်ဆိုရင် မြန်မာ့ ငြိမ်းချမ်းရေးဟာလည်း ရှေ့ကိုဆက်သွားနိုင်မယ့် အလားအလာကောင်းတွေ ပိုပြီး ပေါ်ထွက်လာ မှာ ဖြစ်ပါတယ်"ဟူ၍ မှတ်ချက်ပြုခဲ့သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )