ထာဝရငြိမ်းချမ်းရေး မျှော်မှန်းချက်နှင့် မြန်မာ့အနာဂတ်ခရီး

၂၀၂၆ ၊ ဇွန် ၁၄

"လာမည့် ငါးနှစ်ကာလ သက်တမ်းအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း" မေ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်တွင် ပါဝင်သည့် 'ထာဝရငြိမ်းချမ်းရေး'ဟူသော စကားရပ်က နိုင်ငံတော်အစိုးရက မျှော်လင့်ထားသည့် ငြိမ်းချမ်းရေးသည် ထာဝရတည်တံ့စေသည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးလိုခြင်း ဖြစ်သည်။ လွတ်လပ်ရေး မရခင်ကတည်းက စတင်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ရစ်စေခဲ့သည့် အဓိက အချက်တစ်ခုဖြစ်နေပြီး ယင်းအကျိုးဆက်ကို မျိုးဆက်ပေါင်းများစွာ ထပ်မံ လက်ဆင့်ကမ်းနေမည့်အစား 'ထာဝရငြိမ်းချမ်းရေး}ဖြင့် တိုင်းပြည်ကောင်းစားရေးကို ဦးတည်ဆောင်ရွက်ရတော့မည့် အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာတွင် ဝေဖန်သုံးသပ်မှုများက နိုင်ငံ တော်သမ္မတကြီး ရည်မှန်းထားသည့်အတိုင်း ငါးနှစ်တာကာလဖြင့် ထာဝရငြိမ်းချမ်းရေး ရနိုင်၊ မရနိုင် ဟူသည့်အချက်ပင် ဖြစ်သည်။ ငြိမ်းချမ်းရေးဟူသည် ရင်တွင်းဆန္ဒမှန်၊ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာမှန်ကန်ပါက ကာလတိုအတွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည် ဖြစ်သည်။ အဓိကလိုအပ်ချက်မှာ တိုင်းပြည်ငြိမ်းချမ်းစေလိုသည့် တူညီသော သဘောထားဆန္ဒပင် ဖြစ်သည်။
    ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းတရားသုံးခုမှာ နိုင်ငံရေးဝါဒတစ်ခုကို ကိုယ်စားပြု၍ လက်နက်ကိုင်မှု၊ လူမျိုးရေးဝါဒအမြင်ကြောင့် လက်နက်စွဲကိုင်မှု၊ တရားမဝင်စီးပွားရေးကို အကြောင်းပြုကာ လက်နက်စွဲကိုင်မှု စသည်တို့ ဖြစ်သည်။ အဆိုပါ အကြောင်းတရားများကို အခြေခံပြီး ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် နိုင်ငံလွတ် လပ်ရေးရရှိရန် လက်တစ်ကမ်းအလို တွင် စတင်အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက် လွတ်လပ်ရေးရရှိပြီး တိုင်းပြည်နိုင်ငံရေး နုနယ်နေချိန်တွင် တစ်ဟုန်ထိုး ကြီးထွားလာခဲ့ပြီး ယနေ့ထက်တိုင် လက်နက်ကိုင် အရသာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မစွန့်လွှတ်နိုင်ခြင်းဖြစ်သည်။ မူလက နိုင်ငံရေးမကျေလည် မှုအရသော် လည်းကောင်း၊ လူမျိုးရေးဝါဒ အမြင်အရ သော်လည်းကောင်း လက်နက်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်း ကာလများတွင် ပြည်ပနိုင်ငံအချို့၏ ကြိုးကိုင်ခြယ်လှယ်မှုမကင်းသော အထောက်အပံ့များ ရရှိခြင်း၊ တရားမဝင် စီးပွားရေးများဖြင့် ကိုယ်ကျိုးစီးပွားများ တောင့်တင်းခိုင်မာလာသည့်အတွက် လက်နက်ကိုင် နည်းလမ်းကို ကိုယ်ကျိုးအတ္တများဖြင့် ဆက်လက်ကိုင်စွဲခဲ့ကြသည်။ ဖြတ်သန်းခဲ့သည့် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ သမိုင်းတစ်လျှောက်တွင် တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် 'ဒို့တာဝန် အရေး သုံးပါး'အရ နိုင်ငံတော်ဘက်မှ  မားမားမတ်မတ်ရပ်တည်ကာ ဖြေရှင်းဆောင်ရွက်ခဲ့ရ သည်။ တိုင်းပြည်ပြိုကွဲမည့် ပယောဂဖန်တီးမှုများကို တပ်မတော်၏ စွမ်းဆောင်ရည်ကြောင့် အကြိမ်ကြိမ် ဖြတ်ကျော်နိုင်ခဲ့ပြီး ယနေ့ချိန်ထိ တိုင်းပြည်၏ မြေပုံသည် တစ်လက်မမှ စွန်းထင်းခြင်းမရှိဘဲ ရပ်တည်နိုင်ခြင်း ဖြစ်သည်။
    ဤနေရာတွင် ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ခဲ့မှု သမိုင်းမှတ်တမ်းများကို ထည့်သွင်းဖော်ပြ ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးအတွက် တပ်မတော်က ကြိုးပမ်းခဲ့ရမှုများနှင့် နိုင်ငံမြေပုံနှင့် မမျှတသော လက်နက်ကိုင်အဖွဲ့ မည်မျှများပြားခဲ့သည်ကို မှတ်တမ်းအဖြစ် ထားရှိလိုခြင်းကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးမှတ်တမ်းများအရ ၁၉၅၈ ခုနှစ်တွင် တိုင်းရင်း သားလက်နက်ကိုင် အများအပြား အဖွဲ့လိုက်၊ တစ်ဦး ချင်းအလင်းဝင်မှုများကို စတင်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ်တွင် KRC နှင့် KNDO တပ်မဟာ(၅)သည်  ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်လွတ် ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၈၀) ထုတ်ပြန်ခဲ့ပြီးနောက် ဗကပအချို့ အလုံးအရင်း အလင်း ဝင်ခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ဗကပတပ်ရင်း အချို့လက်နက်ချခဲ့ပြီး ပြည်ပြေးအချို့ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ ၁၉၈၃ ခုနှစ် မတ် ၃၁ ရက်တွင် ကိုးကန့်တိုင်းရင်း သားများသည် မြန်မာလူမျိုးစုများ ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစုအမည်ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် မေ ၉ ရက်တွင် 'ဝ'တိုင်းရင်းသားများက မြန်မာပြည်အမျိုးသား သွေးစည်းညီညွတ်ရေးပါတီအမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဇွန် ၂၄ ရက်မှာ  ရှမ်းပြည်တပ်မတော်(ခ) SSA အဖွဲ့သည်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်မှာ ရှမ်းနှင့်အာခါ လက်နက်ကိုင်တပ်များသည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့၊ ရှမ်းပြည် အရှေ့ ပိုင်းစစ်ရေးနှင့် ဒေသန္တရအုပ်ချုပ်မှု ကော်မတီအဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် မေခအရှေ့ခြမ်းမှ လောင်ဝေါ်နှင့် လချိတ်ဝေါ် တိုင်းရင်းသားများကလည်း ဒီမိုကရေစီသစ်တပ် မတော် အမည်ဖြင့် လည်းကောင်း ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြ သည်။
    ထို့အပြင် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကောင်းခါးဒေသမှ ကချင်တိုင်းရင်းသားများကလည်း ကချင်အမျိုးသား တိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော်အဖြစ် လည်းကောင်း၊ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပအိုဝ်းတိုင်းရင်းသားများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အဖြစ် လည်းကောင်း၊ ပလောင်လွတ်မြောက်ရေးပါတီကလည်း ၁၉၉၁ ခုနှစ် ဧပြီလ ၂၁ ရက်တွင် လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကယန်းအမျိုးသားကာ ကွယ်ရေးတပ်မတော်သည် လည်းကောင်း အလင်းဝင်ခဲ့ကြသည်။ ထပ်မံ၍ ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် တပ်မတော်သည် ကရင်ပြည်နယ် စစ်ဆင်ရေးကို ရပ်ဆိုင်းကြောင်း ကြေညာပြီး ထိုးစစ်များ ရပ်တန့်လိုက်စဉ်တွင် ၁၉၉၃ ခုနှစ် အောက်တိုဘာ ၁ ရက်၌ KIO အဖွဲ့ သည်လည်းကောင်း၊ ၁၉၉၄ ခုနှစ် မေ ၉ ရက်တွင် ကရင်နီလူမျိုးစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးသည် လည်းကောင်း၊ ၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကယန်းပြည် သစ်ပါတီသည် လည်းကောင်း၊ ၁၉၉၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည် သူ့ လွတ်မြောက်ရေးအဖွဲ့သည် လည်းကောင်း၊ ၁၉၉၅ ခုနှစ် မတ် ၂၁ ရက်တွင် ကရင်နီ အမျိုးသားတိုးတက် ရေး  ပါတီသည်လည်းကောင်း အသီးသီး ဥပဒေဘောင်အတွင်း  ဝင်ရောက်ခဲ့ကြသည်။ ထိုခေတ်ကာလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး အမြော်အမြင်ကြောင့် ယနေ့ထက်တိုင် ၎င်းတို့ အခြေပြုခဲ့ရာ ဒေသမှဒေသခံပြည်သူများ ငြိမ်းချမ်းရေးအရသာကို ခံစားနေရပြီ ဖြစ်သည်။ ဥပမာအနေဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြသရမည်ဖြစ်သည်။
    ထိုကဲ့သို့သော ငြိမ်းချမ်းရေးအောင်မြင်မှု မှတ်တိုင်များရှိခဲ့သော်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် အရှိန်လျော့ပါးသွားခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားများ ရောနှောခဲ့သည့် လက်နက်ကိုင် ညာဉ်ဆိုးက ဆက်လက်အားကောင်းခဲ့ပြီး ငြိမ်းချမ်းရေးက အလှမ်းဝေးခဲ့ရသည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တခဲ့သည့် ဒီမိုကရေစီ အလှည့်အပြောင်းကို စတင်ခဲ့ရာ ငြိမ်းချမ်းရေးခြေလှမ်းသည် တစ်ဖန်အား ကောင်းလာခဲ့သည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်း  ငါးနှစ်ကာလ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး ရှစ်ဖွဲ့က ပြည်တွင်းပြည်ပ အသိသက်သေများရှေ့တွင် ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းနောက် ဒီမိုကရေစီ အစိုးရ ဒုတိယသက်တမ်း ငါးနှစ်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ လက် မှတ်ရေးထိုးခဲ့ကြသည်။ NCA သည် ငြိမ်းချမ်းရေးအတွက် အကောင်းမွန်ဆုံးဖြတ်ကျော်ရမည့် တံခါးချပ်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ စိတ်ကြိုက်ရေးသားခွင့်ရသော စာချုပ်ဖြစ် နေသည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယနေ့ထက်တိုင် ကိုင်စွဲရမည့်စာချုပ်တစ်ရပ်အဖြစ် ရှိနေသည်။
    ယင်းနောက် နိုင်ငံရေးအလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် လက်ရှိ နိုင်ငံတော်သမ္မတကြီးက  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာ ဝန်ထမ်းဆောင်စဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း အကြိမ်ရေများစွာ ထိတွေ့ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေး၊ လူမျိုးရေး၏ နောက်ဆက်တွဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ အဆက်ဆက်နှင့် တပ်မတော်သည် စစ်ရေးနည်း တစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံရေးနည်းနှင့်ပါ ဖြေရှင်းဆောင်ရွက်ခဲ့ကြပြီး လိုက်လျောမှုပေါင်းများစွာဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ကြသည်။ ၂၀၂၂ ခုနှစ်က လက်ရှိ နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တာဝန်ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ 'ဝ'ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်အဖွဲ့ မိုင်းလား(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့သည် NCA အပေါ် အခြေခံထားသည့် မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ဂုဏ်သိက္ခာရှိရှိ တက်လှမ်းခဲ့ကြသည်။
    နိုင်ငံတော်သမ္မတကြီးအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလ တိုင်းပြည်တာဝန်ကို နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်အဖြစ် ပူးတွဲထမ်း ဆောင်စဉ်အချိန်ကတည်းက တိုင်းပြည်ငြိမ်းချမ်းရေးကို အလေးပေး လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေး မကျေလည်မှုကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သော  လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်မှုများ၊ ယင်းနိုင်ငံရေး ရေစီးကြောင်းကိုလိုက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေချဲ့ထွင် ရေးစစ်ပွဲများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်ပျက်စီးခဲ့ရပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက် ရှိစေရေး အချိန်ယူ ဆောင် ရွက်ခဲ့ရသည်။ ယင်းနောက် ၂၀၂၅ ရွေးကောက်ပွဲနှင့်အတူ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်ခဲ့ပြီး ပြည်သူလူ ထု၏ တာဝန်ပေးချက်အရ  နိုင်ငံတော်သမ္မတ တာဝန်ကို ရယူဆောင်ရွက်ရာတွင် လည်း နိုင်ငံတော် သမ္မတကြီးအနေဖြင့် ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်မှု ပြင်းပြခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစဉ်တစိုက် ပြောဆိုနေသည့် ဖက်ဒရယ်စနစ်ကို နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ရှင်းလင်းစွာ အသိပေးခဲ့သည်။ မေ ၂၆ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ]]နိုင်ငံရေးအရ ပါတီစုံဒီမိုက ရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေး ဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟု ဆိုရာတွင် နယ်မြေဒေသကိုပေး သည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လို ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဥပဒေ ပြဋ္ဌာန်းခြင်း ဆိုင်ရာများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များကို ခြောက်လအတွင်း တိုးတက်အောင် ဆောင်ရွက်သွား ကြရန် ညွှန်ကြားခဲ့ပြီး ဖက်ဒရယ်ခြေလှမ်းကို စတင်ရန် အသိပေးခဲ့သည်။
    နိုင်ငံတော်သမ္မတကြီးအနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်များအရ အောက်ခြေအဖွဲ့အစည်း များအကြား ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြည်သူများကို အသိပေးခဲ့သလို ဇူလိုင်လကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံလိုကြောင်း အသိပေး ထားသည်။ တစ်ဖက် တွင်လည်း နိုင်ငံရေးမကျေလည်မှုများကြောင့် ပေါ်ထွက်လာသည့် PDF အဖွဲ့ဝင်လူငယ်များ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသည်ကို ကြိုဆိုလက်ခံပြီး လူငယ်များအနေဖြင့် သူတစ်ပါး၏ အသုံးချခံဘဝများ မဖြစ်စေရန် သတိပေးစကား ဆိုခဲ့သည်။ ဤနေရာတွင် နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံ တရား ဝင်ခရီးစဉ်၌ အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်စဉ် ပြောကြားခဲ့သည် အချက် အချို့ကို ကောက်နုတ်ဖော်ပြရလျှင် "အကြမ်းဖက်တဲ့အဖွဲ့မှာ နှစ်ပိုင်းရှိတယ်။ တစ်ခုကတော့ EAO တွေ ဖြစ်ပါတယ်။ တစ်ခုကတော့ PDF တွေ ရှိတယ်။ EAO ဆိုတာက Ethnic Armed Organizations ပေါ့။ PDF ကျတော့ People's Defence Forces ဆိုပြီးတော့ ရှိတာပေါ့။ သူတို့ကတော့ PDF ကတော့ ကျွန်တော်တို့က နိုင်ငံရေး သဘောထား ကွဲလွဲမှုကြောင့် ဖြစ်လာတဲ့ ၂၀၂၁ ခုနှစ်ကျမှ ပေါ်လာတဲ့အဖွဲ့တွေပေါ့။ EAO ကျတော့ လွတ် လပ်ရေးရပြီးကတည်းက သူတို့ရဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအမျိုးမျိုး သော ကိစ္စတွေ နဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဒီနှစ်ပိုင်းခွဲကြည့်ရင် ပထမဆုံး PDF တွေကို ကျွန်တော်တို့က ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီး ကျွန်တော်တို့ ရှင်းမှာပေါ့။ ပြီးလို့ရှိရင် ကျွန်တော်တို့က EAO ကျတော့ ငြိမ်းချမ်းရေးကဏ္ဍကနေပြီးတော့ ကျွန်တော်တို့ လုပ်ရမယ်"ဟူသော ပြောကြားချက်ပင်ဖြစ်သည်။
    နိုင်ငံတော်သမ္မတကြီးအနေနှင့် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကြောင့် မလိုလားအပ်ဘဲ လူငယ်(သို့)လူသားအရင်းအမြစ်များ ဆုံးရှုံးနေရသည်ကို စိတ်မချမ်းမြေ့ကြောင်း ထုတ်ဖော်ပြောကြားလေ့ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း တိုင်းပြည်၏ ပညာရေးအားနည်း ချက်ကြောင့်ဟု သိမြင်ပြီး ယခုအစိုးရ လက်ထက်တွင် ပညာရေးအခန်းကဏ္ဍကို အစွမ်းကုန် မြှင့်တင်ပေးရန် စတင်ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခု အစိုးရ၏ ငါးနှစ်တာကာလသည် ထာဝရငြိမ်းချမ်းရေးကို ဦးတည်နေပြီဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲ၏ ပြောဆိုချက်များကို ခြုံငုံသုံးသပ်၍ သိနိုင်သည်။ နိုင်ငံရေးအရ မကျေလည်မှုများကို အကြောင်းပြုကာ ပြည်ပြေးတို့၏သွေးထိုး မြှောက်ပင့်ပေးမှုအရ လိုက်ပါဆောင်ရွက်နေသော လူငယ် အချို့အတွက် ရွေးချယ်စရာ လမ်းနှစ်သွယ်ရှိနေသည်။ နည်းလမ်းတစ်ခုက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၍ ဘဝသစ်များ ဖန်တီးရန် ဖြစ်သည်။ နောက်ထပ်နည်းလမ်းက နောက်ဆုံးထား ရွေးချယ်ရမည့်နည်းလမ်းဖြစ်သည်။ သို့မှလည်း ပြည်တွင်းငြိမ်းချမ်း ရေးအတွက် ခလုတ်တံသင်းများက ပြည်သူ များ၏ ဆန္ဒနှင့်အညီ ပပျောက်သွားမည် ဖြစ်သည်။ ထပ်မံ၍ တိုင်းရင်းသားလက်နက်ကိုင်များ အနေနှင့် လည်း အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အလေးထားကာ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့် တနေသည့် ထာဝရငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစီးပွား အရေခွံများခွာချကာ ငြိမ်းချမ်းရေးလမ်းကို အစပြုရတော့မည့်အချိန် ဖြစ်သည်။ ယခုထက် လက်နက်ကိုင် မိုက်တွင်းနက်နေ မည်ဆိုပါက သက်ဆိုင် ရာပြည်နယ်များရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ နိမ့်ကျစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးကြသည့် လက်နက်ကိုင်အဖွဲ့များအဖြစ် မှတ်တမ်းဝင်ကြတော့မည် ဖြစ်သည်။
    နိဂုံးချုပ်အနေနှင့် ယခုငါးနှစ်တာကာလ နိုင်ငံဦးသျှောင်အဖြစ် တာဝန်ယူမည့် နိုင်ငံတော်သမ္မတ ကြီးလက်ထက်သည် နိုင်ငံရေးအားသာချက်များစွာဖြင့် ငြိမ်းချမ်းရေးခြေလှမ်းများကို စတင်ရန်အချိန် အခါကောင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်သမ္မတ ကြီးသည် ဖြတ်သန်းခဲ့သည့် နိုင်ငံရေးအတွေ့အကြုံ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးများအရ အဖွဲ့အစည်း အရပ်ရပ်အပေါ် နိုင်ငံရေး သြဇာသက်ရောက်မှုအား ကောင်းနေပြီး ငြိမ်းချမ်းရေးအတွက် လိုလားချက်၊ တောင်းဆိုချက်များကို အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် နိုင်ငံ ရေးအရ သြဇာတိက္ကမကြီးမားသူတစ်ယောက် အဖြစ် ရှုမြင်နိုင်သည်။ ထိုသို့သော အခင်းအကျင်းမျိုး တွင် ထာဝရငြိမ်းချမ်းရေးကိုဖန်တီးယူရာ၌ အား ကောင်းသော အခြေအနေအရပ်ရပ်က စောင့်ကြိုနေမည်သာ ဖြစ်သည်။ မျှော်မှန်းထားသည့်အတိုင်း ထာဝရငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးမည့် အစိုးရတစ်ရပ်၏ တိုင်းပြည် အနာဂတ်ကို ပုံဖော်ရာ၌ ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် ရာနှုန်းပြည့် ရှိလာနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးဟူသည် တစ်ဖက်သတ်ဆန္ဒဖြင့် မရနိုင်ဘဲ အတ္တနှင့် ကိုယ်ကျိုးစီးပွား အရေခွံများကို ခွာချကာ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာမှန်၊ ဆန္ဒမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ နေ့ချင်းညချင်း တည် ဆောက်နိုင်မည် ဖြစ်သည်။ အကယ်၍ လက်နက်ကိုင် မိုက်တွင်းနက်ကာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု နေဦးမည်ဆိုပါက သမိုင်းတရားခံများအဖြစ်သာ မှတ်တမ်းဝင် ကျန်ရစ်ကြရမည် ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ် လှပစေရေးနှင့် မျိုးဆက်သစ်တို့ဘ၀ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တံခါးကို လှမ်းကိုင်လျက် ပြည်သူလူထုတစ်ရပ်လုံး၏ ရာနှုန်းပြည့်
ထောက်ခံမှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ အတူတကွ တက်လှမ်းကြရန် တိုက်တွန်းရေးသား လိုက်ရပါသည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62917

© 2022 - 2026 News. All Rights Reserved.