စက်တင်ဘာ ၁၅ ရက်မှာ နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားဆိုပြီး ပြည်ပြေး CRPH က ဦးဆောင် ကျင်းပခဲ့တာ တွေ့ရပါတယ်။ အဲဒီ ပွဲမှာ NUG က လရှီးလ၊ မန်းဝင်းခိုင်သန်းနဲ့ CRPH က အောင်ကြည်ညွန့်တို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဇော်ဝေစိုးက SCEF ဥက္ကဋ္ဌ ခူးဦးရယ်ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာ၊ မင်းကိုနိုင်နဲ့ ကျော်မိုးထွန်းတို့က အထိမ်းအမှတ် စကားပြောခဲ့ကြတာလည်း တွေ့ရပါတယ်။
ပြောသွားတဲ့ စကားတွေကတော့ ပြောင်မြောက်ကြပါတယ်။ သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းလို့ ပြောရမလား။ ကိုယ့်မျက်ချေးကိုယ် မမြင်ဘဲ သူများမျက်ချေးပဲ လိုက်မြင်နေကြတဲ့သူတွေလို့ ဆိုရမလား။ ဖြစ်နေတဲ့၊ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို မှန်ကန်စွာ ရှုမြင်ပြီး တိုင်းပြည်အကျိုးအတွက် ဘယ်လိုပြောင်းလဲကြမလဲဆိုတာကို စဉ်းစားသုံးသပ်ပြီး ကိုယ့်အမှားကိုယ်ပြင်သင့်တာပြင်ဖို့ မစဉ်းစားဘဲ ငါသိ၊ ငါတတ်၊ ငါမှန်တယ်လို့ ပြောနေလုပ်နေကြတွေဟာ ဘယ်လိုမှ လက်ခံလို့မရပါဘူး။
သူတို့က ဒီမိုကရေစီကို မြတ်နိုးသူတွေလို့ ပုံဖော်ပြီး တပ်မတော်နဲ့ တပ်မတော်သားတွေကို ဖက်ဆစ်စစ်တပ်ဆိုပြီး စွပ်စွဲပြောဆို ပုတ်ခတ်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာ့တပ်မတော်ဟာ ဖက်ဆစ်တပ် မဟုတ်သလို တပ်မတော်ခေါင်းဆောင်တွေဟာလည်း ဖက်ဆစ်တွေ မဟုတ်ပါ။ နိုင်ငံတကာကလည်း ဖက်ဆစ်စနစ် ကျင့်သုံးနေတဲ့သူ၊ ဖက်ဆစ်နောက်လိုက် စစ်တပ်လို့ မသတ်မှတ်ကြသလို တစ်ခါမှလည်း မသုံးနှုန်းခဲ့ကြပါ။ ဒီအသုံးအနှုန်းဟာ ယုတ်မာတဲ့သူတွေရဲ့ နိုင်ငံရေးအရ ထိုးနှက်တဲ့ အသုံးအနှုန်းတစ်ခုသာ ဖြစ်ပါတယ်။
ဒီလူတွေရဲ့ လုပ်ရပ်ကိုကြည့်ရင် ကျင်းပတဲ့ အခမ်းအနားက ဒီမိုကရေစီ၊ တကယ်ကျင့်သုံးခဲ့တာနဲ့ လုပ်ဆောင်နေကြတာတွေက အလုံးစုံပျက်သုဉ်းရေးဖြစ်နေတာ ပြည်သူတွေ သတိမူဖို့ လိုပါတယ်။ ဖက်ဆစ်စစ်တပ်က အပြစ်မဲ့အရပ်သားတွေကိုဗုံးကြဲတယ်၊ သာသနာ့ အဆောက် အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေပါမချန် ဗုံးကြဲဖျက်ဆီးနေတယ်ဆိုတဲ့ တစ်ဖက်စောင်းနင်းစကားတွေဟာ တိုင်းပြည်အတွက် ဘာအကျိုးမှမရှိဘူး။ တော်လှန်ရေးလို့ အမည်တပ်ပြီး လက်နက်ကိုင်တိုက်နေတာ၊ လူထုကို အကာအကွယ်ယူထားတာ၊ သိမ်းဆည်းထားတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သာသနိက အဆောက်အအုံတွေမှာ စစ်စခန်းတည်ဆောက် စတည်းချနေတာတွေအရ ထိမိခိုက်မိတာတွေဟာ တမင်သက်သက် ဗုံးကြဲတိုက်ခိုက်နေတာ မဟုတ်ဘူးဆိုတာ လူတိုင်းနားလည်တယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။ သိသိချည်းနဲ့ပြောနေတာက သိက္ခာချ ဝါဒဖြန့် တိုက်ခိုက်နေတာကလွဲလို့ ဘာမှမရှိဘူး။ ဘာဒီမိုကရေစီအရေးမှ မဟုတ်ဘူး။ အမုန်းတရားနဲ့ သိက္ခာချ လုပ်ရပ်သာ ဖြစ်တယ်။
ဒီမိုကရေစီဆိုတာဘာလဲ။ NUG နဲ့ NLD လိုလားသူတွေ၊ နိုင်ငံရေးသမားတွေ အာဏာရပြီး ကြိုက်သလို စီမံအုပ်ချုပ်နိုင်တာကို ဒီမိုကရေစီလို့ခေါ်တာလား။ ဒီမိုကရေစီဆိုတာ လူထုအာဏာကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်တစ်မျိုးသာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို စတင်ခဲ့တာက ဂရိနိုင်ငံ အေသင်မြို့မှာ ဖြစ်ပါတယ်။ လူထုက တိုက်ရိုက်မဲပေးပြီး ဆုံးဖြတ်ချက်ချခဲ့ကြတာပါ။ သက်ဦးဆံပိုင် ဘုရင်စနစ် (Monarchy)မှာ လူထုအခွင့်အရေး နည်းပါးရာကနေ လူထုအခွင့်အရေးရဖို့ တောင်းဆိုလာ ကြရာက အာဏာခွဲဝေမှု စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့သမိုင်းဖြစ်ရပ်တွေအဖြစ် ၁၂၁၅ ခုနှစ် အင်္ဂလန်မှာ ဘုရင့်အာဏာကန့်သတ်ခဲ့တာ၊ ၁၇၇၆ ခုနှစ် အမေရိကန် Revolution ကစပြီး လူထုအာဏာကို အခြေခံ တဲ့နိုင်ငံတည်ထောင်ခဲ့တာ၊ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး (French Revolution) မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုဆိုတဲ့ အယူအဆ တိုးတက်လာတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
လူနဲ့ လူ့အသိုင်းအဝိုင်းကြားမှာ အုပ်ချုပ်ရေးစနစ်ဆိုတာ ပြောင်းလဲတတ်တဲ့ သဘာဝရှိပါတယ်။ အုပ်ချုပ်ရေးစနစ်အရ ပြောင်းလဲသလို နိုင်ငံရေးအယူအဆအရ ပြောင်းလဲကြတာလည်း ရှိပါတယ်။ အဓိကအရေး ကြီးတာက ကိုယ့်နိုင်ငံ၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့သာ လိုပါတယ်။ အခု NLD တစ်ဖြစ်လဲ CRPH နဲ့ NUG အသိုင်းအဝိုင်းက ပြောနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်အပေါ်မှာ အခြေခံမှာလဲ။ ခုချိန်ထိလည်း ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပုံစံတည်း ကျင့်သုံးလို့ရမလား။ ဥပမာအားဖြင့် စဉ်းစားကြည့်။ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုးရာဒေသနဲ့ နိုင်ငံ့ဥပဒေအရ တည်ငြိမ်အေးချမ်းတဲ့ နေရာတွေမှာ ပုံစံတူရွေးကောက်ပွဲ စနစ်အရ ဒီမိုကရေစီကျင့်သုံးမှုက ဖြစ်နိုင်ပါ့မလား။ ဖြစ်လာအောင်၊ စနစ်နဲ့အံဝင်အောင် ဘယ်လိုလုပ်မလဲ။ လေနဲ့လုပ်နေလို့ရတဲ့ကိစ္စ မဟုတ်ပါ။
ဒီမိုကရေစီစနစ်နဲ့ပတ်သက်လို့ ခွဲခြမ်းလေ့လာကြည့်ရင် သုံးမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ဒီမိုကရေစီ(Direct Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy) နဲ့ လွတ်လပ်ခွင့် အခြေ ပြုဒီမိုကရေစီ(Liberal Democracy)) တို့ပဲ ဖြစ်ပါတယ်။ တိုက်ရိုက်ဒီမိုကရေစီဆိုတာက ကိစ္စရပ်တွေကို မဲပေးဆုံးဖြတ်ရာမှာ ကိုယ်တိုင်ပါဝင်ရတာပါ။ ဥပဒေတွေ၊ ကျင့်သုံးမယ့်မူဝါဒတွေတိုင်းမှာ ပြည်သူ့ဆန္ဒခံယူပွဲ (Referendum)နဲ့ အဆုံးအဖြတ်ပေးတာမျိုးပဲ ဖြစ်ပါတယ်။ ရှေးဟောင်းဂရိတွေ ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ အားသာ ချက်က လူထုဆန္ဒကို တိုက်ရိုက် ထင်ဟပ်နိုင်ပေမယ့် အားနည်းချက်ကတော့ လူဦးရေများတဲ့ နိုင်ငံတွေမှာ လုပ်ရတာ မလွယ်ကူတာဘဲ ဖြစ်ပါတယ်။
ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)ဆိုတာကတော့ လူထုကိုယ်စားလှယ်တွေ ရွေးချယ်ပြီး သူတို့က နိုင်ငံရေးဆုံးဖြတ်ချက်တွေချမှတ်ပေးတာ၊ အုပ်ချုပ်သူအစိုးရ ရွေးချယ်ခန့်အပ်ပေးတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေ ရှိမယ်။ အမတ်တွေရှိမယ်။ လွှတ် တော်တွေရှိမယ်။ အားသာချက်က လူဦးရေများတဲ့ နိုင်ငံတွေမှာ လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပေမယ့် အားနည်းချက်က ကိုယ်စားလှယ် တွေနဲ့ လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေဟာ လူထုဆန္ဒနဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်တာပဲဖြစ်ပါတယ်။ လွတ်လပ်ခွင့်အခြေပြု ဒီမိုကရေစီ (Liberal Democracy) ဆိုတာက Representative Democracy ကို အခြေခံပြီး လူ့အခွင့်အရေး၊ ဥပဒေအာဏာ၊ လွတ်လပ်မှုတို့ကို အထူးအလေး ထားတဲ့စနစ်ပဲ ဖြစ်ပါတယ်။ အားသာချက်က လူ့အခွင့်အရေးကာကွယ်မှု၊ အာဏာထိန်းညှိနိုင်မှုတွေ ကောင်းပေမယ့် အားနည်းချက် အဖြစ် ဆုံးဖြတ်ချက်ချရာမှာ နှေးကွေးတာ၊ အမြဲတမ်း ဆွေးနွေးညှိနှိုင်းနေရတာတွေပဲ ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာ များသောအားဖြင့် ကျင့်သုံးနေကြတာကတော့ Representative နဲ့ Liberal ကို ပေါင်းစပ်ကျင့်သုံးနေတဲ့ Democracy သာ ဖြစ်ပါတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာတောင် Liberal ကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားတာပါ။ အခု နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ လရှီးလ၊ မန်းဝင်းခိုင်သန်းနဲ့ အောင်ကြည်ညွန့်တို့ ပြောသွားတဲ့ ဒီမိုကရေစီ စံနှုန်းဆိုတာတွေဟာ ဒီမိုကရေစီ ဘိုးအေကြီးတွေတောင် လက်ဖျားခါလောက်တဲ့ အခြေအနေမျိုးကို ပြောသွားတာပဲ ဖြစ်ပါတယ်။ မစားရဝခ မန်းပြောဆိုချက်တွေဟာ စိတ်ကူးယဉ်ထဲမှာ အရမ်းကောင်းပေမယ့် လက်တွေ့မှာ မဖြစ်နိုင်တာတွေပါ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြေးမြင်တတ်ကြတယ်။ အာဏာရှင်ဆိုတဲ့ အသံကြားရင် တပ်မတော်သား တစ်ဖြစ်လဲ အုပ်ချုပ်သူတွေလို့ သတ်မှတ်ကြတယ်။ ဒီမိုကရေစီကို အမှန်တကယ် တန်ဖိုးထား ကျင့်သုံးတဲ့သူနဲ့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး အာဏာရှင်အကျင့် ကျင့်သုံးနေကြသူတွေကို ဘယ်သူမှ အမှန်အတိုင်း မထောက်ပြကြဘူး။ အမှန်တကယ်မှာ ဒီမိုကရေစီအကြောင်းပြပြီး အာဏာရှင်စနစ် ကျင့်သုံးနေကြတာ ဘယ်သူတွေလဲ။ မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲ သေချာလေ့လာကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီအနိုင်ကျင့်မှု (Tyranny of Majority) ဆိုတာရှိတယ်။ လူအများစု (Majority) ရဲ့ဆန္ဒကို အားလုံးထက် ပိုဦးစားပေးပြီး လူနည်းစု (Minority) ကို ဖိနှိပ်သွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ မဲနိုင်ပြီး မဲအများနဲ့ လုပ်ချင်ရာလုပ်တာကိုလည်း ဒီမိုကရေစီအနိုင်ကျင့်မှုလို့ ခေါ်ပါတယ်။ ဒီလိုအခြေ အနေတွေမှာ ဘာတွေ ဖြစ်တတ်သလဲ။ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
၂၀၁၅ ခုနှစ် NLD မဲနိုင်ပြီး ၂၀၁၆-၂၀၂၀ အစိုးရနဲ့ လွှတ်တော်သက်တမ်းကာလတွေမှာ ဒီမိုကရေစီ အနိုင်ကျင့်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့သာဓကအဖြစ် အမျိုးသားလုံခြုံရေး ဥပဒေ တချို့ကို ဖျက်ဆီးပစ်ခဲ့တာ၊ တိုင်းရင်းသားလူနည်းစုရဲ့ဆန္ဒကိုကျော်လွန်ပြီး ချောင်းဆုံတံတားကို အတင်းအကျပ်အမည်ပြောင်းခဲ့တာ၊ မလိုအပ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နေရာတကာမှာ တည်ဆောက်ခဲ့တာ၊ Decentralization အရ တပ်မတော်ကိုယ်စားလှယ်တွေက တိုင်းဒေသကြီး နဲ့ပြည်နယ်အစိုးရအဖြစ် ဒေသတွင်းမဲနိုင်တဲ့ပါတီအနေနဲ့ ဖွဲ့စည်းနိုင်ဖို့အတွက် အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ တင်ပြခဲ့တာကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအရ ချင့်ချိန်သုံးသပ်ခွင့်မပေးဘဲ ဗဟိုဦးစီးစနစ်နဲ့ ကန့်ကွက်ပယ်ဖျက်ခဲ့တာ၊ NLD နဲ့ NLD အစိုးရအကြီး အကဲတွေကို ဝေဖန်တဲ့သူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီး ချုပ်နှောင် တရားစွဲခဲ့တာတွေကို တွေ့ရမှာဖြစ် ပါတယ်။ ဒီလို NLD ရဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုအပေါ် အခြေခံဥပဒေရဲ့ ခိုင်မာမှုနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေပါရှိနေလို့သာ တချို့ဥပဒေတွေကို ပြင်ဆင်လို့မရခဲ့တာ ကံကောင်းတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေခိုင်မာမှုရှိတာဟာ ဒီမိုကရေစီ အနိုင်ကျင့်မှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းထဲကတစ်ခု ဖြစ်ပါတယ်။ သို့သော် အလုံးစုံကိုတော့ ကာကွယ် နိုင်ခြင်းမရှိပါ။ ဒီမိုကရေစီဆိုတာ Majority Rule နဲ့ Minority Rights နှစ်ခုလုံး ပေါင်းထားမှသာ ပြည့်စုံပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်သားကိုယ်စား လှယ်တွေ ထည့်သွင်းထားတာဟာ အမျိုးသားအကျိုးစီးပွားအ တွက် Minority Rights ကို ကာကွယ်ဖို့သာ ဖြစ်ပါတယ်။ Majority Rule အရ ဒီမိုကရေစီအနိုင်ကျင့်မှုကို ၁၉၈၈ အရေးအခင်းအပြီးကစပြီး အနောက်အုပ်စုရဲ့လွှမ်းမိုးမှုအရ သုံးသပ်တွေ့ရှိရတဲ့အတွက် ထည့်သွင်းထား ခြင်းသာ ဖြစ်ပါတယ်။ စစ်အာဏာ ရှင်စနစ်တည်ဆောက်ဖို့မဟုတ်ပါ။ ကိုယ်လုပ်ချင်တာလုပ်ဖို့ ဒီလို တည်ဆောက်ထားတဲ့အခြေအနေကို ကျော်လွှားနိုင်ခြင်း မရှိတဲ့အတွက် တပ်မတော်ကို အပုပ်ချနေခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်က Representative Democracy စနစ်နဲ့ Direct Democracy စနစ် ပေါင်းစပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ သာမန်အားဖြင့် ကိုယ်စားပြုမှုကို အခြေခံထားပြီး အရေးကြီး ကိစ္စရပ်တွေမှာ ကိုယ်စားပြုမှုနဲ့ တိုက်ရိုက်မဲပေးမှု(refer endum) ကို ပေါင်းစပ်ထားတာ တွေ့ရမှာပါ။ ခြွင်း ချက်အနေနဲ့ကတော့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်အခြေအနေတွေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါရှိနေခြင်းသာ ဖြစ်ပါတယ်။ ဒါကလည်း Minority Right ကို လေးစားတန်ဖိုး ထားတာနဲ့ အမျိုးသားလုံခြုံရေး မှန်ကန်ညီညွတ်တဲ့အခါ မလိုတော့တဲ့အတွက် ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ Liberal Democracy ဆိုတာ အိပ်မက်ပင် မက်လို့မရတဲ့ အခြေအနေပါ။ ဒါကိုနားမလည်ဘဲ စိတ်ကူးယဉ်ဖန်တီးနေသမျှ ပြဿနာတွေ တက်နေဦးမှာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီကို အောင်မြင်စွာ ကျင့်သုံးနိုင်ဖို့ လူတိုင်းမဲပေးနိုင်ခွင့်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲက အရေးကြီးပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အဓိကလိုအပ်ချက်က ‘မဲပေးခွင့်အားလုံးရှိရမယ်၊ မဲလိမ် မဲခိုးမှုမရှိရဘူး၊ လူထုဆန္ဒကို အမှန်တကယ် ပြန်လည်ထင်ဟပ်စေရမယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အခြေအနေကိုကြည့်ရင် ဒီအချက်တွေနဲ့ ကိုက် ညီ၊ မညီ အများသိကြ ပါတယ်။ အဓိကအားဖြင့် မဲလိမ်၊ မဲခိုးမှုပြဿနာပါ။ ဒီပြဿနာကို ရှင်းရှင်းလင်းလင်း ဖြေရှင်းဖို့သင့်ပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ရှင်းရှင်းလင်းလင်း ပြတ်သားပြီးမှသာ ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ မဖြေရှင်းဘူးဆိုကတည်းက တစ်ခုခုမှားနေပြီလို့ ယူရမှာမဟုတ်ဘူးလား။ မဲလိမ်၊ မဲခိုးမှုရှိနေခြင်းဟာ လူထုရဲ့ဆန္ဒအမှန်ကို ထင်ဟပ်စေမှာမဟုတ်ပါ။ အဲဒီတုန်းက ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ အာဏာရပါတီရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် ဥပဒေထက် ကျော်လွန်နေတာ၊ လိုသလို ဥပဒေကို ပြင်ဆင် ကျင့်သုံးခဲ့တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ သူ့ထက်အားနည်းနဲ့ ပါတီတွေကို အနိုင် ကျင့်တဲ့ ဒီမိုကရေစီ အနိုင်ကျင့်မှု(Tyranny of Majority) တစ်ခုပဲဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေကိုကြည့်ခြင်းအားဖြင့် တကယ်တန်း ဒီမိုကရေစီကို တန်ဖိုးထား၊ မထား သိသာစေမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဒီမိုကရေစီအနိုင်ကျင့်မှုကို ကျူးလွန်ခဲ့သူတွေက နိုင်ငံတကာ ဒီမိုကရေစီ နေ့မှာ အခမ်းအနားလုပ်ပြီး ဒီမိုကရေစီကို တန်ဖိုးထားသယောင်ပြောနေကြတာ၊ ဒီမိုကရေစီကို စတင်အသက်သွင်းပေးခဲ့ပြီး ဒီမိုကရေစီတန်ဖိုး ကျသွားမှာစိုးလို့ အခြေခံဥပဒေအရ စောင့်ရှောက်ပေးနေတဲ့ တပ်မတော်အပေါ် မတော်မ တရားစွပ်စွဲ ပြောဆိုနေကြတာတွေဟာ ရှက်စရာပါ။ လက်ရှိ CRPH နဲ့ NUG ရဲ့ ဖွဲ့စည်းမှုနဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် ဒီမိုကရေစီအကြောင်းပြ အာဏာတည်ဆောက်နေခြင်းဖြစ် တယ်ဆိုတာ ငြင်းလို့မရပါ။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )