ဒုတိယပိုင်းအထိ သက်လုံကောင်းနေသည့် ပြည်သူ

၂၀၂၆ ၊ ဇန်နဝါရီ ၁၆
    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်က မြို့နယ်ပေါင်း ၁၀၀ တွင် ကျင်းပခဲ့သည်။ မြို့နယ်ပေါင်း ၁၀၀ ဟုဆိုသော်လည်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ရေဦး၊ ရေဖြူနှင့် ဂန့်ဂေါမြို့နယ် စုစုပေါင်း ခြောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများသာ အမည်စာရင်း တင်သွင်းယှဉ်ပြိုင်ထားပြီး ယှဉ်ပြိုင်ဘက်မရှိသဖြင့် ယင်းခြောက်မြို့နယ်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မြို့နယ် ၉၄ မြို့နယ်၌ ရွေးကောက်ပွဲကျင်း ပခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကို စာရေးသူတို့ သက်တမ်းတစ်လျှောက် တစ်ရက်တည်း၊ တစ်ကြိမ်တည်း ပြည် လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုသာ ကြုံတွေခဲ့ရသည့်အတွက် အပိုင်းလိုက် ရွေးကောက်ပွဲအတွေ့အကြုံသစ်ကို ယခုရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့ရသည်။ တိုင်းပြည် လတ်တလောကြုံတွေ့နေရသော အခက်အခဲ၊ အကျပ်အတည်းများအရ မဲဆန္ဒရှင် ပြည်သူများ၏ လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်၊ မဲစာရင်းအမှားအယွင်း အနည်းဆုံးဖြစ်စေရန် အချိန်ယူဆောင်ရွက်သည့်အနေဖြင့် အပိုင်းလိုက်ကျင်းပနေ ခြင်းဟု မှတ်ယူနိုင်သည်။ အခြေအနေ အချိန်အခါအရ  လွတ်လပ်ပြီး တရားမျှတစွာ အမှားအနည်းဆုံး ဖြစ်စေရန် ကျင်းပသည့် ရွေးကောက်ပွဲအပေါ် ကနဦးက လူထုစိတ်ဝင်စားမှုကို အနည်းငယ် သံသယရှိခဲ့သည်။ ရွေးကောက်ပွဲကိုမလိုလားကြသူများ၏ လှုံ့ဆော်မှုများ၊ ရွေးကောက်ပွဲ ပျက်ပြား စေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟူသော သတင်းများအရ မဲဆန္ဒရှင်ပြည်သူများ၏ စိုးရိမ်ပူပန်မှုက အတိုင်းအတာတစ်ခုထိ ရှိခဲ့သည်။
    သို့သော် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီး ခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မြို့နယ် ၁၀၂ မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော် (၁ç၁၆၉၂ç၁၄၄) ရှိပြီး မဲလာရောက်ပေးခဲ့သူ ခြောက်သန်း ကျော် (၆၀၉၅၅၁၁ ဦး) ရှိခဲ့ရာ မဲပေးသည့် ရာခိုင်နှုန်း ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့သည်။ ယင်းအချက်အလက်အရ ရွေးကောက်ပွဲ အပိုင်း(၁)သည် အောင်မြင်သည့် ရွေးကောက်ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀၂ ခုတွင် ပြည်ခိုင်ဖြိုးပါတီက ၈၉ နေရာ အနိုင်ရရှိပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက နှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီသုံးနေရာ၊ နာဂအမျိုးသား ပါတီက လေးနေရာ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ် ရေးပါတီက တစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ မွန်ညီညွတ်ရေးပါတီက တစ်နေရာ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ ပါတီ) က လင်းခေးမြို့နယ်တွင် တစ်နေရာ အနိုင်ရရှိထားသည်။ ထို့အတူ UEC ၏ ဇန်နဝါရီ ၈ ရက်အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ ရွေးကောက်ပွဲ အပိုင်း (၁) တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ တွင် ပြည်ခိုင်ဖြိုးပါတီက ၂၁နေရာ၊ 'ဝ' အမျိုးသားပါတီ တစ်နေရာ၊ ဇိုမီးအမျိုးသားပါတီက သုံးနေရာ၊ ရခိုင့်ဦးဆောင်ပါတီက သုံးနေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ နာဂအမျိုးသားပါတီက တစ်နေရာ၊ မွန်ညီညွတ်ရေးပါတီက တစ်နေရာ အနိုင်ရရှိထားသည်။


    ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် တစ်နိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်(၂၄၂၆၁၂၉၃ ဦး)ရှိပြီး တစ်နိုင်ငံလုံးဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီခြောက်ပါတီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ၊ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးရှိနေသည်။
    အပိုင်း (၁) ပါရှိခဲ့သော မြို့နယ်မှ ပြည်သူလူထုများမှာ ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီလိုလားကြောင်း ပြသခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း (၂) သို့မဟုတ် ဒုတိယပိုင်းတွင် ပါဝင်သည့် မြို့နယ်အသီးသီးမှ ပြည်သူလူထု၏ ရင်တွင်းဆန္ဒများကို လေ့လာမိခဲ့သည်။ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၆ မြို့နယ်အထိ ပါဝင်ခဲ့သည်။ အပိုင်း (၂)တွင် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုက ထူးထူးခြားခြား မြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နံနက် ၆ နာရီ မဲရုံစဖွင့်သည့် အချိန်မှ စတင်ကာ နံနက် ၈ နာရီအထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်နီးပါး မဲရုံအသီးသီးသို့ ရောက်ရှိ မဲပေးခဲ့ကြသည်။ မဲပေးမှုတွင်လည်း သက်ကြီးရွယ်အို နာမကျန်းသူများကလည်း မဲရုံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်မဲပေးကြသည်ကို ထူးထူးခြားခြား တွေ့မြင်ရသည်။
    ဒဂုံမြို့သစ်(မြောက်ပိုင်း)အမှတ်(၃၉)ရပ်ကွက် မဲရုံ(၁)သို့ လာရောက်မဲပေးခဲ့သူ အသက် (၆၈) အရွယ် အဘွားဒေါ်တင်ကြည်က "အဘွားတို့က လွန်ရော နေရ မှာ နောက်ထပ် ၁၀ နှစ်ပေါ့ သားရယ်။ ရွေးကောက်ပွဲဆိုတာတွေ အဘွားတို့သက်တမ်းမှာ ဖြတ်သန်းခဲ့ရပြီးပြီ။ ခုတစ်ကြိမ် မဲလာပေးတာက အဘွားတို့အတွက် မဟုတ်ဘူး။ အဘွားက အငြိမ်းစားတစ်ယောက် ပင်စင်လစာလေးနဲ့ လှူတန်တာလှူ၊ သားသမီးတွေက ရှာဖွေကျွေးမွေးတာနဲ့ အဆင်ပြေတယ်။ အဘွားတို့အနာဂတ်က ဘုရားနဲ့တရားနဲ့ပဲ နောက်ဆုံးအချိန်သွားရမှာ။ ခု မဲလာပေးတာက သားတို့အရွယ်၊ အဘွားမြေးတို့အရွယ်အတွက် မဲလာပေးတာပါ။ သူတို့မှာက အနာဂတ်တွေရှိတယ်။တိုင်းပြည်ကောင်းမှ ပြည်သူပြည်သားတွေ ကောင်းကြမှာ ပါ။ ဒါကြောင့် မဲလာပေးတာ"ဟု ပြောကြားသည်။ သက်ကြီးရွယ်အို ဘိုးဘွားများ ဆန္ဒမဲလာရောက်ပေးရာတွင် ရပ်ကွက်အသီးသီးမှ ဘေးတွဲဆိုင်ကယ်အချို့က အခမဲ့ ကြို/ပို့ ကုသိုလ်ယူခဲ့သည့် မြင်ကွင်းများကိုလည်း တွေ့မြင်ခဲ့ရပြီး နိုင်ငံသားတို့၏ ရင်တွင်းဆန္ဒတွင် အပြောင်းအလဲတစ်ခုကို များစွာမျှော်လင့် ထားကြောင်း ထင်ရှားစေသည်။ ထို့အပြင် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် လူငယ်ထု၏ ပါဝင်လာမှုကို လည်း တွေ့မြင်ရသည်။ ပျမ်းမျှ အသက် ၂၀ ဝန်းကျင်လူငယ်များ လူငယ်အစုလိုက်၊ အဖွဲ့လိုက် ဆန္ဒမဲပေးကြသည့် မြင်ကွင်းများကလည်း ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ထုဆစ် နေကြသူများအဖြစ် မြင်တွေ့ရသည်။

 


   

"ကျွန်တော့်အသက်က(၂၁)ပါ ခုတစ်ကြိမ်မှ ရွေးကောက်ပွဲမဲပေးခွင့်ကြုံရတယ်။ အဖေတို့၊ အမေတို့က အစောကြီး မဲပေးပြီးပြီ။ ကျွန်တော်က သူငယ်ချင်းတွေ စုပြီးသွားမယ်ဆိုလို့ ခုမှရောက်တာပါ။ ဆန္ဒမဲပေးဖို့ အစောကြီးကတည်းကလည်း ပါတီရော၊ လွှတ်တော်ကိုယ် စားလှယ်လောင်းရော ရွေးချယ်ထားပြီးပါပြီ။ ရွေးချယ်ထားတဲ့အတိုင်း မဲပေးခဲ့ပါတယ်။ ဘာကြောင့်မဲရုံကိုရောက် လာရသလဲဆိုရင် သူငယ်ချင်းတွေ အားလုံးက မဲပေးကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်တွန်းပြီး မဲလာပေး ကြဖို့ ဖြစ်လာတာ။ ရွေးကောက်ပွဲပြီးရင် ဘာမျှော်လင့်သ လဲဆိုတော့ ကျွန်တော်တို့ လူငယ်တွေရဲ့ ကြုံ တွေ့နေရတဲ့ အခက်အခဲတွေ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၀) ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။
    အသက် (၂၀) ခန့် လူငယ်အစုအဖွဲ့၏ အမူအရာများက တက်ကြွနေသည့်အသွင် ဆောင်နေသည်။ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်ကိုင်ဆောင်၍ ၎င်းတို့၏ ပထမဆုံးရွေးကောက်ပွဲ အတွေ့အကြုံကို ရယူရန် စိတ်အားထက်သန်နေပုံရသည်။ မည်သူတစ်စုံတစ်ယောက်၏ တိုက်တွန်းချက်များ မပါဝင်ဘဲ လူငယ်အချင်း ချင်းတိုင်ပင်ကြပြီး မဲရုံသို့ လာရောက်မဲပေးမှု ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။
    ရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူလူထု၏  ပါဝင်မှုမှာ အားရဖွယ်ရှိကြောင်းကိုလည်း မြောက် ဒဂုံမြို့ နယ်မဲဆန္ဒနယ်မှနေ၍ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဦးမျိုးမင်းနိုင်က "ကျွန်တော် အပိုင်း(၂)ကျင်းပတဲ့နေ့မှာ ပထမဆုံး လေ့လာခဲ့တဲ့ မဲရုံက မြောက်ဒဂုံ (၃၅)ရပ်ကွက်ပါ။ မဲရုံတစ်ရုံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀ လောက်ရှိတဲ့ရုံက နံနက် ၁၀ နာရီလောက်မှာ တင် ၆၀၀ ကျော် ၇၀၀ နီးပါးဖြစ်သွားပြီ။ ဒီလိုအနေအထားနဲ့ဆိုရင် ညနေ မဲရုံပိတ်ချိန်မှာ အနည်းဆုံး မဲဆန္ဒရှင် ၁၅၀၀ လောက် ရောက်လာကြမှာပဲလေ။ မျှော်မှန်းတာကတော့ အပိုင်း(၂)သည် အပိုင်း(၁)ထက် မဲပေးသူ အရေအတွက်ကတော့ များမှာပါပဲ။ ပြည်သူတွေမဲထွက် ပေးတာကို ကျေနပ်မိပါ တယ်"ဟု ပြောကြားသည်။ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးကလည်း "ရွေးကောက်ပွဲကို လေ့လာသုံးသပ်ရရင် အားလုံးစနစ်တကျ စီမံထားတာ တွေ့ရတယ်။ အဓိကတော့ မဲဆန္ဒရှင်ပြည်သူတွေ မြန်မြန်ဆန်ဆန် မဲပေးနိုင်အောင် လုပ်ထားတာက တော်တော်လေး အဆင်ပြေပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူနိုင်နိုင် လက်ခုပ်တီးကြိုဆိုမှာပဲ။ အပိုင်း(၂)မှာ မြင်တွေ့ရတာကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့အားပေါ့။ တာဝန်ကျေကျေ မဲထွက်ပေးကြတယ်။ ဒါက ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲလေ။ ကျွန် တော်တို့ကတော့ကိုယ်စားလှယ်လောင်းတွေ ဖြစ်တယ်။ ပြည်သူက ရွေးချယ်တာကို မျှော်လင့်ရတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ ခုလို ရွေးကောက်ပွဲကို စိတ်ပါဝင်စားပြီး လာရောက်မဲပေးတာနဲ့တင် ရွေးကောက်ပွဲက အောင်မြင်တယ်လို့ ပြောလို့ရနေပါပြီ။ အပိုင်း(၃)မှာလည်း ပြည်သူတွေ ပိုမိုတာဝန် ကျေစွာ မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု ပြောကြားသည်။

 


   

ရွေးကောက်ပွဲ အပိုင်း(၂)၏ ထူးခြားချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သော မြို့နယ်အချို့ရှိ မဲရုံများသို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်ကြည့်ရှု အားပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ကာ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လသာမြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများအလိုက်တွင် မဲရုံမှ တာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာ ပါဝင်ဆန္ဒမဲပေးနေ မှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများအား နှုတ်ဆက်တွေ့ဆုံခဲ့သည်။ ၂၀၂၀ မဲမသမာမှုကြောင့် နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် နိုင်ငံ တော်အကြီးအကဲအနေဖြင့် ၎င်းကိုယ်တိုင်ဦးဆောင်ကာ ကျင်းပပေးနေသည့် ရွေးကောက်ပွဲကို အမှားအယွင်း အနည်းဆုံး၊ တရားမျှတမှုနှင့် လွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရန် ဆန္ဒပြင်းပြမှုကိုလည်း မြင်တွေ့ခဲ့ရသည်။ အခြားရှုထောင့်က လေ့လာရာတွင်လည်း နိုင်ငံတော်၏အကြီးအကဲဖြစ်သလို တပ်မတော်၏ ခေါင်းဆောင်တစ်ဦးအနေနှင့် နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို ပြည်သူများနှင့်ထပ်တူ လိုလားနေ သည်ကို တွေ့မြင်ရသည်။
    ရွေးကောက်ပွဲကာလများမတိုင်မီ အခင်းအကျင်းများအရ ပြည်သူများရွေးကောက်ပွဲအပေါ် စိတ် ဝင်စားနိုင်ခြေနှင့် မဲရုံသို့ ဆန္ဒမဲလာရောက်ပေးမှုများကို သုံးသပ်ပြောဆိုချက် မျိုးစုံရှိခဲ့သော်လည်း လက်တွေ့ ရွေးကောက်ပွဲ အပိုင်း (၁)နှင့် အပိုင်း(၂) များတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများ မဲရုံဆီသို့လာ ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း(၂) နေ့ရက်တွင်လည်း ပြည်သူများ ဖိအားကင်းစွာ နိုင်ငံအ ပြောင်းအလဲအတွက် ကိုယ်ပိုင်ဆန္ဒမဲပေးပိုင်ခွင့်ကို အမိအရ အသုံးချခဲ့ကြသည်။ ဘောလုံးအားကစား နည်းမှ အသုံးပြုသောစကားရပ်ဖြင့် ခိုင်းနှိုင်းပြောဆိုရလျှင် ပြည်သူများအနေဖြင့် ဒုတိယပိုင်းအထိ ဒီမိုကရေစီ အပြောင်းအလဲအတွက် သက်လုံကောင်းနေကြဆဲပင် ဖြစ်သည်။ ထိုသို့ ပြည်သူ လူထု၏ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုများကြောင့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂)သည် အောင်မြင်သော ရွေးကောက်ပွဲကြီး၏အရေးပါသော အဆင့်များကို ပြည်သူ့အားဖြင့် ဖြတ်ကျော်ပြနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးပိတ် အိတ်နှင့်လွယ်ရမည့် ရွေးကောက်ပွဲ အပိုင်း(၃) တွင်လည်း ပြည်သူများ သက်လုံကောင်းစွာ ဖြတ်ကျော်နိုင်မည်ဟု ကြိုတင်တွက်ဆနိုင်သည်။
    ဒီမိုကရေစီဟူသော နိုင်ငံရေးစနစ်သည် ပြည်သူကို အခြေပြုသောစနစ် ဖြစ်သည့်အတွက် ယင်းစနစ်ဖြင့် နိုင်ငံကိုတည်ဆောက်ရန်မှာ ပြည်သူတစ်ဦးချင်းစီ၏ဆန္ဒမဲများဖြင့်သာ တည်ဆောက်ရမည်ဖြစ် သည်။ ဒီမိုကရေစီကို လိုလားကြသည့် ပြည်သူတိုင်းသည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒကို ကနဦးအနေဖြင့် ရွေးကောက်ပွဲကို အခြေတည်ကာ ရယူကြရသည်။ ရွေးကောက်ပွဲမှတစ်ဆင့် မိမိတို့၏ ဆန္ဒမဲများဖြင့် မိမိတို့ မြို့ရွာကို ကိုယ်စားပြုနိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များကိုရွေးချယ်ကာ တာဝန်ပေးရသည်။ သို့မှသာ မိမိတို့၏ အခက်အခဲလိုအပ်ချက်ကို ယင်းကိုယ်စားလှယ်မှတစ်ဆင့် လွှတ်တော်တွင်းသို့ ပြည်သူ့အသံများ ပို့ဆောင်ရမည်ဖြစ်သည်။ ထိုစနစ်ကို မလိုလားကြသူများ၊ တိုင်းပြည်အရွေ့တစ်ခုကို မလိုလားကြသူများ၊ တိုင်းပြည်ကို အကြမ်းဖက်လုပ်ရပ်များဖြင့် လက်နက်ကိုင်သံသရာဆိုးမှ ရုန်းမထွက် လိုကြသူများ၊ အာဏာကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ထူထောင်လိုကြသူများ၏ အနှောင့်အယှက်များကို ဂရုမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ရှေးရှုကာ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများကို လေးစားဂုဏ်ယူကြောင်း မှတ်တမ်းတင် ရေးသားလိုက်ရပါသည်။
(ထူးမြတ်)

(TREND News ဂျာနယ်အတွဲ (၅)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59737

© 2022 - 2026 News. All Rights Reserved.