၂၀၂၆ ၊ ဩဂုတ် ၈
PDF ထောက်ခံသူတို့ မကြားချင်သောစကား
ဤကဲ့သို့ အတွေ့အကြုံကို ရယ်ကာမောကာ ပြန်ပြောနိုင်သည့် စိတ်ထားနှင့် ရင့်ကျက်မှုကို လေးစားသည်ဟု ဆိုချင်ပါသည်။ ယောက္ခမနှင့် သမက်၊ ချွေးမ နှင့် ယောက္ခမ စကားများသည့်ကိစ္စမှစပြီး စားသောက်ဆိုင်က အစားအသောက် ဝန်ဆောင်မှုညံ့ဖျင်းမှု စသည့် အဆင်မပြေမှုများကို လူမှုကွန်ရက်တွင် တက်၍ ပေါက်ကွဲနေသည့် ယနေ့ခေတ်ကာလကြီးတွင် ဤကဲ့သို့ အဖြစ်အပျက်ကို ရယ်ကာမောကာ ပြန်ပြောနိုင်သည်ကို လေးစားခြင်းဟုဆိုခြင်း ဖြစ်ပါသည်။ သူ့အတွေ့အကြုံကို ဝေမျှသူ ပေးထားသည့် ခေါင်းစဉ်က 'PDF ကို အရှင်လတ် လတ်မြင်တွေ့ခဲ့ရသူနှင့် အင်တာဗျူး'ဟု အမည်ပေးထားပြီး PDF နှင့်တွေ့ကြုံခဲ့ရသူကို အမေးအဖြေပုံစံမျိုးပြုလုပ်ကာ ပြန်လည်ဝေမျှထားခြင်း ဖြစ်လေ သည်။
မေး။ ။ အစ်ကိုက PDF တွေနဲ့ တွေ့ခဲ့တာဆို။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ တပ်စစ်ကြောင်းတွေ မရှိဘူးလား။
ဖြေ။ ။ ရှိပါတယ်။ PDF တွေက စစ်ကြောင်းတွေ ရောက်လာရင် ရွာထဲမှာ ရွာသားပဲ။ စစ်ကြောင်းတွေ အဝေးရောက်တာနဲ့ ဂိတ်ပြန်လုပ်ရော။
မေး။ ။ အစ်ကို ဘယ်လောက်ပါသွားလဲ။
ဖြေ။ ။ သုံးသိန်း
မေး။ ။ ဘယ်လိုပြောတောင်းလဲ။
ဖြေ။ ။ ကားကို တားတယ်။ ဖုန်းကို စစ်တယ်။ နောက်မှတ်ပုံတင် စစ်တယ်။ ယာဉ်မောင်းလိုင်စင် စစ်တယ်။ ကျန်တာ အဆင်ပြေတယ် ယာဉ်မောင်းလိုင်စင်မှာငြိတာ။
မေး။ ။ ဘယ်လိုငြိတာလဲ၊ ဘာပြောလို့လဲ။
ဖြေ။ ။ လိုင်စင်သက်တမ်း ကျော်နေတယ်၊ ဒဏ်ငွေ ဆောင်ရမယ်တဲ့။
မေး။ ။ PDF က ယာဉ်မောင်းလိုင်စင်ထုတ်ပေးထားတာလား။
ဖြေ။ ။ "မဟုတ်ပါဘူး၊ အစိုးရ က.ည.န လိုင်စင်ပါ"ဟု ဆိုပြီး" လုပ်တော့သူပုန် အသုံးချတော့ အစိုးရလိုင်စင်။ ဘာလဲ...မင်းတို့က ဘဲဥတွေကို ကြိတ်ခိုက်နေတာလား"ဟူ၍ PDF များအကြောင်းကို ပေါ့ပေါ့ပါးပါး ဖောက်သည်ချထားလေသည်။ တကယ် ကိုယ်တိုင်ကြုံတွေ့သူက ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ပြန်လည်ဖောက်သည်ချ ဖွင့်ဟနိုင်သော်လည်း အချို့သော အဖွဲ့အစည်းနှင့် ထိုအဖွဲ့အစည်းကို ထောက်ခံသူတို့က မခံမရပ်နိုင် ဖြစ်ကုန်ကြလေသည်။
မခံမရပ်နိုင် ဖြစ်နေသော သူတို့ဆိုသည်မှာ NUG နှင့် PDF ကို ထောက်ခံသူများက ဘောမတံဆိပ်ကပ်ကာ အပုပ်ချနေကြောင်း တုံ့ပြန်နေကြသည်။ ထိုကဲ့သို့ အမှန်ကို ရေးသားသဖြင့် PDF ထောက်ခံသူများကို ကိုယ်တွေ့ကြုံရသူများက သူတို့၏ ကိုယ်တွေ့များကို အချက်အလက်နှင့် ရှင်းပြသည်က ပို၍ စိတ်ဝင်စားဖို့ကောင်းသည်။ 'ခရီးသွားရင်း PDF ဂိတ်နဲ့တိုးလို့ ဒါက ငွေအတောင်းခံရတဲ့သူပါ။ ငါတို့ဘက် မှာဆို အိမ်တွေအထိ ငွေလိုက်တောင်းတာ၊ စစ်ကြောင်းလာရင်တော့ ဘယ်နေရာနေကြလဲမသိဘူး၊ စစ်ကြောင်းမရှိရင် တစ်အိမ်တစ် သိန်းတဲ့၊ ရွာပြောင်း၊ မြို့ပြောင်းသွားရင် ဈေးကတက်သွားသေးတာ။ သူတို့ကို အသိမပေးဘဲသွားရင် အိမ်နဲ့ ပစ္စည်းတွေကို ချိတ်ပိတ်မယ်ဆိုပဲ။ ပြောတော့ သူတို့ထိန်း ချုပ်နယ်မြေ၊ စစ်ကြောင်းလာတော့ ဘယ်ရောက်သွားကြ လဲမသိဘူး"ဟု ကိုယ်တွေ့များကို ပြောပြလေသည်။
ကိုယ်တွေ့ကြုံသူတစ်ဦးကလည်း "ငါတို့နားလည်း အဲဒီလိုပဲ၊ ယာဉ်လိုင်စင်သက်တမ်း မတိုးလို့တဲ့၊ ကိုယ်တွေကိုစစ်တာ PDF လား၊ စစ် သားလား ပြူးပြဲကြည့်ရသေးတာ၊ PDF ကြီးဟ"ဟု ဆိုသူများလည်း ရှိသည်။ "မကြားချင်ဘူး မကြားချင်ဘူး"ဆိုသည့် PDF ထောက်ခံ သူများကို တော်လှန်ရေးဘက်အခြမ်းက လူများကဲ့သို့ ဆဲဆိုတုံ့ပြန်ခြင်းမပြုကြဘဲ PDF များ၏ ဒုက္ခပေးမှုကိုယ် တွေ့ကြုံသူများက အချက်အလက် ဖြင့် ရယ်ကာမောကာဖြင့် ရှင်းပြနေကြလေသည်။ ထိုကဲ့သို့ ရယ်ကာမောကာ စကားများကိုပင် တော်လှန်ရေးဘက်အခြမ်းက လူများက မခံမရပ်နိုင်ဖြစ်ကာ ဆဲဆိုနေကြလေသည်။
တစ်ရွာလုံးနှင့် တစ်ယောက်
"လေးမျက်နှာမြို့ ရေကြီးတော့ ပေါလိုက်တဲ့ ပရဟိတသမားတွေ။ တို့အညာ စစ်ဘေးသင့် မီးရှို့ခံရတာ ငါးနှစ်မကတော့ဘူး၊ ဘယ်မလဲ ပရဟိတသမားဆိုတဲ့ သူတွေ"ဟုဆိုကာ အညာသားတစ်ယောက်က "ကျုပ်တို့ အညာကလူတွေက လူမဟုတ်လို့လား"ခေါင်းစဉ်ဖြင့် ပရဟိတ သမားများကို ဝါးလုံးရှည်ဖြင့် ရမ်းထားသည့် စာသားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုမြင့်တက်နေ လေသည်။ ထိုခေါင်းစဉ် ထိုစာသားဖြင့် လူမှုကွန်ရက်ပေါ်သို့ တင်ရဲသည့် ထိုအညာသားတစ်ယောက်၏သတ္တိကို လေးစားသည်ဟု ဆိုနိုင်ပါသည်။ သူ၏အတွေးအမြင်ကို ထိုမျှသာရှိပါလားဟု သနားလည်းသနားမိပါသည်။ တို့ဟူးကြော်နှင့် လောက်စာလုံး တွဲဖက်ရောင်းနေသကဲ့သို့ ဘာမျှမဆိုင်သဖြင့် ဝိုင်းအဆဲခံနေရသည်ကို သူမှန်ပါသည်ဟု ခုခံချေပ ငြင်းဆန်နေလေသည်။ သူက စွပ်စွဲလိုက်သေးသည်။ လေးမျက်နှာရေဘေးအတွက် ကူညီနေသည့် ပရဟိတသမားများကို 'နာမည်ခံတွေ'ဟုဆိုပြီး အညာကို မကူညီသည့်အတွက် ပေါ်ပင်လုပ်နေ သူများအဖြစ်ပုံဖော်ထားလေသည်။ "ရေကြီးတာနဲ့ စစ်ဖြစ်တာ မတူဘူးနော်၊ သိဖို့"ဟုရှင်းပြခြင်းကိုပင် "အဲဒါဆို ပရဟိတဆိုတာက ရေကြီးမှ ပရဟိတလား"ဟု သူသိသလောက်ဖြင့် တုံ့ပြန်နေလေသည်။ တစ်နည်းအားဖြင့် သူဉာဏ် မမီကြောင်းကို အထုတ်ဖြေပြသကဲ့သို့ တုံ့ပြန်နေလေသည်။ သဘာဝဘေးနှင့် လူလုပ်ဘေး မတူကြောင်း၊ ရေကြီးခြင်းသည် တမင်တကာ လုပ်ကြံ၍ ရေကြီးခြင်း မဟုတ်ကြောင်း ခိုင်နှင်းဝေကဲ့သို့သူများကိုပင် ပြန်ပေးဆွဲနေ၍ မကူညီရဲကြောင်း နည်းမျိုးစုံဖြင့် ရှင်းပြထားကြ၏။ထိုကဲ့သို့ နည်းမျိုးစုံဖြင့် မှတ်ချက်ပေါင်းငါးရာကျော်၊ လူပေါင်း ငါးရာကျော်က ရှင်းပြနေသော်လည်း ရှင်းပြသည့် သူများကို တစ်ယောက်မကျန် ရန်ပြန်တွေ့နေလေသည်။
PDF များ ကြီးစိုးရာအရပ်တွင် မငြိမ်းချမ်းမှု များရှိနေပြီး ထိုနေရာသို့ မည်သည့် ပရဟိတသမားမဆို နယ်ခံ၊ မြို့ခံ၊ ဒေသခံမပါဘဲ မည်သူမျှ မသွားရဲသည်ကို ထိုသူသိသည်မထင်ပေ။ PDF တို့ရှိသည့်အရပ်တွင် ရပ်ရွာဝန်းကျင်သာမက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးနယ်မြေများတွင်ပါ မိုင်းများထောင်ထားခြင်း၊ မိုင်းကွင်းများ လုပ်ထားခြင်းအပြင် လက်နက်ထုတ်လုပ်ရာ၊ စစ်မြေပြင်နေရာ ကဲ့သို့ ပြုလုပ်နေခြင်းများကို မမြင်ချင်မှအဆုံး ရှိနေရာ မည်သူက အသက်စွန့်၍ကူ ညီရေး လာလုပ်နိုင်မည်နည်း။ ထိုကဲ့သို့ ဉာဏ်နည်းပါးလွန်၍ သူများပါးစပ်ဖျားတွင် လမ်းဆုံးနေပြီး သူများပြော သမျှစကားတွင် နိဂုံးချုပ်နေကြလေသည်။ တစ်ရွာလုံးနှင့် တစ်ယောက် ဖြစ်နေခြင်းကိုပင် သူရဲကောင်းကြီးအဖြစ် ထင်နေသည်ထင်ပါ၏။ ဤကဲ့သို့ အတွေးအခေါ်မျိုးနှင့် ပြည်သူ့အတွက်၊ နိုင်ငံ့အတွက် အလုပ်လုပ်နေသည်ဟု ဆိုလာသဖြင့် နိုင်ငံတော်သူနိုင်ငံသားများ ပြည်သူအများက ဝိုင်းဆဲနေကြသည်မှာ ထိုက်တန်ပါသည် ဟုသာ ဆိုချင်ပါသည်။
လမ်းပျောက်သွားသော NUG နှင့် နောက်လိုက်များ
ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိကြောင်း သက်ဆိုင်ရာက ICRC နှင့် တွေ့ဆုံခွင့်ပေးပြီး ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်လိုက် သည်။ ထိုထုတ်ပြန်ချက်အပြီး နီပိန်းများက ဘာဖြစ်ချင်နေမှန်းကို မသိဟုဆိုရတော့မည် ဖြစ်သည်။ ယခင်က ဓာတ်ပုံအစစ်အမှန် ထုတ်ပြန်လျှင်ပင် ကျေနပ်မည်ဆိုသူကဆို၊ သက်ရှိထင် ရှားရှိပါဦးမည်လောဟု သံသယရှိသူကရှိ၊ သက်ရှိထင်ရှား မရှိသဖြင့် ဓာတ်ပုံကို မျှထုတ်ပြန် နိုင်ခြင်းမရှိ စသဖြင့် ဆီကဲ့သို့ အပေါက်ရှာက မျိုးစုံပြောခဲ့ကြသည်။ ၃-၈-၂၀၂၆ က ဒေါ်အောင်ဆန်းစု ကြည်နှင့် ICRC တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်ပြီးပြီးချင်း မယုံဘူးဆိုသူများနှင့် AI နှင့်ဖန်တီးထားပါသည်ဟု ဆိုသူကဆိုနှင့် ဆီလို အပေါက်ရှာ ထင်ရာမြင်ရာ ပြောနေကြပြန်၏။ ICRC က ထုတ်ပြန်မှယုံမည်ဟု ဆိုသူများလည်း ရှိကြသည်။ သူတို့အချင်းချင်း ဂျင်းထည့်ကြသည်များကလည်း ရှိသေးသည်။ သက်ဆိုင်ရာက ဓာတ်ပုံလေးပုံထုတ်ပြန်သော်လည်း နီပိန်းအချင်းချင်း ယုံလွယ်သူများ ဝေဝါး သွားစေရန် ဓာတ်ပုံ လေး၊ ငါး၊ ခြောက်ပုံခန့် အစစ်နှင့်ရောကာ အတုများပါဖြန့်ဝေလိုက်ကြရာ အစစ်ကိုမြင်သော်လည်း အစစ်မှန်းမသိ ဖြစ်ကုန်ကြသည်။
ဒါက ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ သက်ရှိထင်ရှားရှိကြောင်း သက်သေပြချက် လုံလောက်သော်လည်း စိတ်ဝင်စားစရာ ကောင်းသည့် အပိုင်းက ယခုမှစသည်ဟု ဆိုနိုင်ပါသည်။ ဒေါ်အောင် ဆန်းစုကြည်၏ အမည်ကို အသုံးချ၍ လုပ်စားခဲ့ကြသူများ လမ်းပျောက်ကုန်ကြပြီ ထင်၏။ အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ အကျဉ်းစံနေ့ရက်များထဲက အခြေအနေကို သိချင်၍ တောင်းဆိုနေသည့် မေမေ၏သမီးဆိုသူ မယ်ပန်က သည်တစ်ကြိမ် ထူးခြားလှသည်ဟု ဆိုနိုင်ပါသည်။ မယ်ပန်သည် NLD အစိုးရလက်ထက်မှ စပြီး NLD ခေတ်လွန် NUG ခေတ်အထိ ဒေါ်အောင်ဆန်းစုကြည်၏ အမည်နှင့်ပုံရိပ်ကို အသုံးချ၍ လုပ်စားလာခဲ့သူ ဖြစ်သည်။ ရုန့်ရင်းကြမ်းတမ်းသည့် စိတ်ရင်းရှိသူ မယ်ပန်က NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘက်ဂရောင်းကိုယူကာ ဆဲဆိုမိုက်ရိုင်းခြင်းဖြင့် လုပ်ကိုင်စားသူ ဖြစ်သည်။ မယ်ပန်က ၂၀၂၁ နိုင်ငံရေးအလှည့်အပြောင်းကို အခွင့် အရေးအဖြစ် မည်မျှအသုံးချခဲ့သည်ဆိုသည်ကို NUG အစိုးရတစ်ဖွဲ့လုံး သိသည်။
သို့သော်လည်း မယ်ပန်၏ လက်ဝေခံဘဝက ရုန်းမထွက်နိုင်သည့် NUG က လူများသည် လက်ရှိအချိန်အထိ မယ်ပန်မည်မျှ ကလိမ်ကကျစ်ကျခဲ့ပါစေ၊ အောက်တန်းကျသည့် လုပ်ရပ်လုပ်ခဲ့ပါစေ၊ မသမာမှု ပြုခဲ့ပါစေ မယ်ပန်ကို မတို့ရဲ၊ မထိရဲကြပေ။ ၂၀၂၁တွင် မြန်မာပြည် က အ ဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးရပါသည်ဆိုပြီး မျက်ရည်ချူခဲ့သည့် မယ်ပန်သည် အမေရိကသို့ တစ်ကိုယ်တည်း ထွက်ပြေးခြင်း မဟုတ်ဘဲ မိသားစုဆွေမျိုးအသိုင်းအဝိုင်းပါမချန် ထွက်ပြေးသွားခဲ့သည်။ ထိုသို့ အမေရိကားသို့ တစ်အုပ် တစ်မကြီး ထွက်ပြေးသွားကြရာ နှစ်နှစ်၊ သုံးနှစ်ခန့် အလုပ်အကိုင်မရှိဘဲ မည်သည့်အထောက်အပံ့ဖြင့် ရပ်တည်စားသောက် နေထိုင်နိုင်သနည်း။ အရင်းအနှီးမပါဘဲနှင့် ထွက်လာခဲ့ရပါ သည်ဟု ဆိုခဲ့သော မယ်ပန်သည် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဈေးဆိုင်နှင့် နေထိုင်နိုင်ခြင်းသည် တော်လှန်ရေးခေါင်းစဉ်အောက်က ပြည်သူများ၏ ယုံကြည်မှုငွေကြေးများကို အလွဲသုံးစားလုပ်၍ ကြွယ်ဝလာခြင်း ဖြစ်သည်ကို ယနေ့အချိန်အထိ ငြင်းဆန် ဖုံးကွယ်နေသေးသည်။
တော်လှန်ရေးတွင် ထောက်ပို့တာဝန်ယူသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သမျှ ထီး၊ ဖိနပ်မှစ၍ ခြုံထည်ပဝါအထိ ခေါင်းစဉ်တပ်၍ လုပ်စားခဲ့ကြသည်။ ထောက်ပို့ခေါင်းစဉ်ဖြင့် သူ့ဆီဝင်လာသမျှ ဝင်ငွေများစွာထဲက စာရင်းမရှိ၊ ဇယားမရှိ သူပေးသမျှကမ်းသမျှဖြင့် NUG က ကျေနပ်ခဲ့ ရပြီး ထိုပေးစာ ကမ်းစာမျှဖြင့် NUG က ယနေ့အချိန်အထိ မယ်ပန်ကို မတွန်းလှန်ဘဲ ရှိနေလေသည်။ တော်လှန်ရေးရှည်ကြာ လာသည်နှင့်အမျှ မယ်ပန်နှင့် NUG လူကြီးများသာ အနေအစား ချောင်လာသလောက် ပြည်တွင်းက NUG ထောက်ခံသူနှင့် NUG လက်အောက်ခံ PDF တို့ဘဝက ပို၍ စုတ်ပြတ် နုံချာလာခဲ့သည်။ သည်အခြေအနေကို မျှမျှတတ မြင်တတ်ဝေဖန်တတ်သူတို့က ပန်ဆယ်လိုနှင့် NUG ကို ဝိုင်း၍ ဝေဖန်ထောက်ပြခဲ့ကြသည်။ မယ်ပန်၏ပေးစာကမ်းစာ အနည်းအကျဉ်း စားထားကြသူတို့က မယ်ပန်နှင့် NUG ကို ဝေဖန်သူမှန်သမျှကို တော်လှန်ရေး ကိုသွေးခွဲသူ နိုင်ငံတော်အစိုးရကို ထောက်ခံသူ လည်းမဟုတ်၊ တော်လှန်ရေးအစိုးရကို ထောက်ခံကြသူများ လည်းမဟုတ် တတိယအုပ်စုအဖြစ်သမုတ်ကာ ဝေဖန်သူ မှန်သမျှကို ဦးနှိမ်ကြလေသည်။ သို့သော်လည်း မယ်ပန်တို့၏ခိုးသမျှ၊ ဝှက်သမျှ၊ လုပ်စားခဲ့သမျှက နှစ်ကာလကြာ မြင့်လာလေ ဖုံးမရဖိမရ ဖြစ်လာလေနှင့် ဝေဖန်သူများလည်း ပို၍များလာလေ သည်။
ထိုအခြေအနေတွင် မယ်ပန်တို့က တော်လှန်ရေးတွင် ဘဝများစွာ စတေးခဲ့သော်လည်း စတေးရကျိုးမနပ်ဟုဆိုကာ တော်လှန်ရေးက စွန့်ခွာမည်ဟု ကြေညာလေသည်။ အကြောင်းမသိလျှင်ခက်ရချည်ရဲ့ဟုသာ ဆိုရမည်ဖြစ်ပြီး အစာဝ၍ဌာနပြန်သည့်အကွက် ဖြစ်သည်။ မယ်ပန်ခိုးသမျှ ဝှက်သမျှကို ဖော်သည့် သူများကို မယ်ပန်က ရုန့်ရင်းကြမ်းတမ်းစွာ တုံ့ပြန်ခြင်း၊ မည်သူမျှနားမလည်နိုင်သည့် စာအရှည်ကြီးရေး ၍ ရှင်းပြခြင်းတရားဥပဒေဖြင့် ခြိမ်းခြောက်ခြင်း မျိုးစုံသုံး၍ တုံ့ပြန်တတ်သည်။ ထို့ကြောင့် မယ်ပန် မည်မျှ မမှန်မကန်လုပ်လုပ်၊ ခိုးဝှက်ခြင်းလုပ်လုပ် တော်ရုံသူနှင့်တုဖက်၍ ရင်ဆိုင်ရှင်းလင်းလေ့ မရှိကြပေ။ ဇိမ်ခံကားနှင့် ထော်လာဂျီယှဉ်၍ပွတ်မဆွဲကြသကဲ့သို့ ရှောင်ကြဉ်ခြင်းကို မယ်ပန်က မှန်သည်ဟု တစ်ဖတ်သက် အောင်ပွဲခံတတ်၏။ သို့သော်လည်း အမှန်တရားသည် ကြာရှည်ဖုံးကွယ်၍မရဘဲ သူနှင့်တုဖက်၍ ပြန်ဖိုက်သည့် သက္ကမိုးညိုနှင့် ဥက္ကာမင်းမောင်တို့လို လူမျိုးနှင့်တွေ့သည်အခါ မယ်ပန် တပ်လန်သွားသည်။ ဥက္ကာမင်းမောင်နှင့် သက္ကမိုးညိုတို့ကို ယခုချက်ချင်းပဲ အမေရိကန် တရားရေးဌာနက နို့တစ်စာပို့မယောင်၊ FBI ကပဲ လာဖမ်းမယောင် စသဖြင့် ဖိန့်ခဲ့သော်လည်း အဖျားရှူး သွားခဲ့သည်။
နောက်ဆုံး ဗိုလ်နဂါးကဲ့သို့သူကိုပင် တစ်ဖက်သက် ထင်ရာပြောပြီး အနိုင်ပိုင်းသည်ဟုဆိုကာ ပြန်၍ မတုံ့ပြန်တော့သည်အထိ တော်လှန်ရေးက ရရှိခဲ့သည့် အကျိုးအမြတ်များကို ပိုက်၍ သာသာယာယာ စွန့်ခွာသွားခဲ့သည်။ ထိုကဲ့သို့ စွန့်ခွာသွားသူက ဒေါ်အောင် ဆန်းစုကြည် အရှင်လတ်လတ် အကောင်းပကတိ ရှိပါသည်ဟုဆိုသည့် ထုတ်ပြန်ချက် ထွက်ပေါ်လာသော် လည်း ၂၄ နာရီခန့် ဝမ်းနည်းဝမ်းသာ မတုံ့ပြန်ပေ။ တစ်သက်လုံး ဒေါ်စုနှင့်လုပ် စားလာခဲ့သူက ဒေါ်စုပုံ ထွက်ပေါ်လာခြင်းကိုပင်လျှင် ထွက်မပြောပါလားဟု ဝေဖန်သံများညံလာချိန် ၂၄ နာရီကျော်မှ 'စာတစ်တို၊ နှစ်တို}ရေးပြီး ထွက်လာ လေသည်။ မယ်ပန်က သူတော်လှန်ရေးက ဖြောင့်ဖြောင့်ထွက်၍ကောင်းအောင် ဒေါ်အောင် ဆန်းစုကြည် ထွက်လာချိန် အသုံးချသွားသည့်စာက 'မိငယ်ကတော့ ဘယ်တော့မှ အရှုံးပေးမယ့်ပုံမပေါ်ဘူး၊ ငါတို့သာ စိတ်ပျက်ကြ၊ အရှုံးပေးကြ၊ ထွက်ခွာကြနဲ့'ဟု ထွက်ခတ်ခတ်သွားသေးသည်။
မယ်ပန်ကတော့ တော်လှန်ရေး ခိုးဖွက်ထားသမျှငွေဖြင့် သာသာယာယာ နေတော့မည့်အကြောင်းနှင့် အရှုံးပေး၍ ဖြောင့်ဖြောင့်ထွက်ပြေးမည့်အကြောင်း အခါ ပေးခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )