၂၀၂၆ ၊ ဇွန် ၅
မေ ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန် ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ အိန္ဒိယခရီးစဉ်က နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး ပြည်ပသို့ တရားဝင်သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြား အလွန်ထူးခြားသည့် ဆက်ဆံရေးနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေးရရှိသည့် အချိန်မှစပြီး ထူထောင်ထားရှိနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ပါ ထိစပ်နေသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ 'အိမ်နီးချင်းဦးစားပေး ဝါဒ(Neighbourhood First Policy)နှင့်'အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy)'တို့၏ ဆုံမှတ်တွင် တည်ရှိနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်းတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတို့အကြားအချက်အချာကျသည့် နေရာတွင်တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့ တောင်အာရှကို ဆက်သွယ်ပေးခြင်းကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ သံတမန်ဆက်ဆံရေး ရှည်ကြာခဲ့ပြီး အရေးကြုံသည့် အခြေအနေများတွင် မိတ်ဆွေကောင်း ပီသမှုကို ပြသသည့် အိန္ဒိယနိုင်ငံကို နိုင်ငံတော်သမ္မတကြီး သွားရောက်သည့် ခရီးစဉ်က နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုကို ပိုမိုတိုးပွားစေပြီး မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
ဤနေရာတွင် အခွင့်ကြုံသဖြင့် အိန္ဒိယနိုင်ငံ အစိုးရနှင့်အိန္ဒိယနိုင်ငံသူ နိုင်ငံသားများအပေါ် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ရေးသားလိုပါသည်။ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် အင်အားပြင်းထန်သော သဘာဝဘေးအန္တရာယ်ဖြစ်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ကြိုတင် မှန်းဆမရနိုင်သည့် ငလျင်ဒဏ်ကို ပြည်သူများ ခံစားခဲ့ရပြီး နိုင်ငံတော် အစိုးရက သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအစီအမံများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။
ထိုသို့သော အခြေအနေတွင် မတ် ၂၉ ရက် က အိန္ဒိယနိုင်ငံသည် ပထမအသုတ်အဖြစ် NDRF နှင့် ကျန်းမာရေးနှင့်မိသားစုလူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ ပေးပို့ထောက်ပံ့သော တဲများ၊ စောင်များ၊ မရှိမဖြစ်လိုအပ်သော ဆေးဝါးများနှင့် အစားအစာများ အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၅ တန်ကို C-130J လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပို့ဆောင်ပေးခဲ့ပြီး ပထမဆုံးနိုင်ငံတကာအကူအညီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဒုတိယအသုတ်အဖြစ် IAF C-130J လေယာဉ် နှစ်စင်းသည် မတ် ၃၀ ရက်တွင် နေပြည်တော်သို့ ဆိုက်ရောက်ပြီး NDRF ၏ ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူ ၈၀ ၊ စက်ကိရိယာများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပို့ဆောင်ခဲ့သည်။၊
ယင်းနေ့၌ပင် IAF C-17 လေယာဉ်နှစ်စင်းပါဝင်သည့် တတိယမြောက် အကူအညီများသည် ထောက်ပံ့ရေးတန်ချိန် ၆၀ ကျော်နှင့်အတူ အိန္ဒိယတပ်မတော်၏ စစ်မြေပြင်ယာယီဆေးရုံအဖွဲ့ အဖွဲ့ဝင် ၁၁၈ ဦးတို့ကို ပို့ဆောင်ပေးကာ လျင်မြန်စွာ အသုံးပြုနိုင်သော ခွဲစိတ်ခန်းနှင့် ဆေးကုသမှုဆိုင်ရာ အမိုးအကာများ၊ ရေသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဝန်ဆောင်မှုများနှင့် အရေးအကြီးဆုံးမှာ အမျိုးသမီးများနှင့် ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုများပါဝင်ပြီး နေပြည်တော်တွင် ဆင်းသက်ခဲ့သည်။ ထို့အပြင် ဧပြီ ၁ ရက်တွင် ရွက်ဖျင်တဲများ၊ မီးစက်များ၊ သောက်ရေ၊ အစားအသောက်နှင့် အရေးပေါ် ဆေးဝါးများအပါအဝင် HADR ပစ္စည်း ၁၆ တန် သယ်ဆောင်လာသည့် IAF C-130J လေယာဉ်သည် မန္တလေးမြို့သို့ ဆိုက်ရောက်ခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်အပြင်းအထန် ခံစားခဲ့ရသည့် မန္တလေးမြို့တွင် အိန္ဒိယ တပ်မတော်က ခုတင် ၂၀၀ ဆံ့ ယာယီဆေးရုံ တည်ဆောက်ပြီး ထိခိုက်ဒဏ်ရာရှိသော ပြည်သူများကို ကုသပေးခဲ့သည်။
ထိုစဉ်က မြန်မာ့နိုင်ငံရေး အခြေအနေအပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသော်လည်း အကူအညီပေးရေးကို ဒီမိုကရေစီ အင်အားကြီးအနောက် နိုင်ငံအချို့ မသိကျိုးကျွန် ပြုခဲ့သော်လည်း အိမ်နီးချင်းကောင်း အိန္ဒိယနိုင်ငံက Operation Brahma (ဗြဟ္မာစီမံချက်)လုပ်ငန်းစဉ်အရ အိမ်နီးချင်းနိုင်ငံများတွင် သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာနှင့် အပြည့်အ၀ ကူညီတုံ့ပြန်ဆောင် ရွက်မည့် ၎င်း၏ ကတိကဝတ်ကို ထင်ဟပ်စေခဲ့ပြီး ပထမဆုံး တုံ့ပြန်ကူညီသည့် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်း ပထမ (Neighbourhood First)နှင့် အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy)တို့၏ အဓိကမိတ်ဖက်ဖြစ်သော မြန်မာနိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိကြောင်း အိန္ဒိယအစိုးရက လုပ်ရပ်ဖြင့် သက်သေပြခဲ့သည်။ အဆိုပါလုပ်ရပ်အပေါ် သဘာဝဘေးအန္တရာယ်သင့် ပြည်သူများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများကိုယ်စား အထူးပင်ကျေးဇူး တင်ရှိကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ မိတ်ဆွေ ကောင်းပီသမှုကို မှတ်တမ်းတင် ဖော်ပြလိုပါသည်။
ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံ့တာဝန်ကို စတင်ထမ်း ဆောင်ပြီးနောက် ပထမဆုံး သွားရောက်သည့် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သည် အဓိပ္ပာယ်အပြည့်အဝရှိပြီး အိမ်နီးချင်းနိုင်ငံ ကြီးအပေါ် အလေးဂရုပြုရာရောက်သည့် ခရီးစဉ်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ နိုင်ငံတော်သမ္မတ၏ တရားဝင်ခရီးစဉ် စတင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည့် မေ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် အိန္ဒိယနိုင်ငံဂါယာ လေဆိပ်သို့ ရောက်ရှိကြရာ ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူး Lt. Gen. Syed Ata Hasnain နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော် ဦး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်နှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်သည့် သတင်းဓာတ်ပုံများ သတင်းမီဒီယာများတွင် ဖော်ပြလာခဲ့သည်။ နိုင်ငံတော်သမ္မတကြီးကို သံခင်းတမန်ခင်းအရ ကော်ဇောနီခင်းကျင်း ကြိုဆိုသည့် မြင်ကွင်းက ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်ကို ထည်ဝါခမ်းနားစွာ ကြိုဆိုမှုသည် အစိုးရတစ်ရပ်ကို သာမက မိမိတို့နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများအပေါ် ထားရှိသည့် သဘောထားကို ပြသခြင်းပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်မတိုင်မီ ပြည်ဖျက်မီဒီယာများက နိုင်ငံတော်သမ္မတကြီး ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြမည့်သူများ ရှိကြောင်း၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့က အိန္ဒိယအစိုးရကို စာရေးသားပေးပို့၍ ရွေးကောက်ခံအစိုးရတစ်ရပ်ကို အသိအမှတ်မပြုရန် စာရေးသားပေးပို့ကြောင်း အခြေအမြစ်မရှိ သတင်းများ ရေးသားထုတ်လွှင့်ခဲ့ကြသည်။ ထို့အပြင် လူမှုကွန်ရက်တွင်လည်း သတင်းသမားအမည်ခံ အကြမ်းဖက်ထောက်ခံ တက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သမ္မတကြီးကို အိန္ဒိယနိုင်ငံမှ တရားဝင်ခရီးစဉ် ဖိတ်ကြားခြင်းက အစိုးရကို တရားဝင် အသိအမှတ်ပြုခြင်း ဟုတ်၊မဟုတ် နိုင်ငံရေးလေ့လာသုံးသပ်သူ အမည်ခံ အကြမ်းဖက်အားပေး ထောက်ခံသူများနှင့် တွေ့ဆုံမေးမြန်းခန်းများ ထုတ်လွှင့်ခဲ့သည်။ သို့သော် ယင်းထုတ်လွှင့်ချက်များသည် ရေပေါ်အရုပ်ရေးသကဲ့သို့ အရာမထင်ဘဲ အချိန်ခဏအတွင်း ပျောက်ကွယ်ခဲ့သည်။ ထိုအချက်က အိန္ဒိယနိုင်ငံက တရားဝင်မှု၊ တရားမဝင်မှုကို လုပ်ရပ်ဖြင့် သက်သေ ပြခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များအပေါ် ဒေသတွင်း အင်အားကြီးနိုင်ငံများက လက်မခံကြောင်း ပြသခဲ့သည့် ဖြစ်စဉ်ပင် ဖြစ်သည်။
မည်သို့သော ဟန့်တား နှောင့်ယှက်မှုများ ရှိလင့်ကစား နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်က မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အောင်မြေဖြစ်တော်မူသော ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေမှ စတင်ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းသို့ ရောက်ရှိကြပြီး မဟာဗောဓိစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို ခြင်း၊ ဗဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခြင်း၊ မဟာဗောဓိပင်အား ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်တစ်ဆူအား လှူဒါန်းခြင်း၊ မဟာဗောဓိ မဟာဝိဟာရ ဘုရားကျောင်းအတွင်း လှည့်လည်ဖူးမြော်ကြပြီး မုစလိန္ဒအိုင်ရှိ ငါးများအား အာဟာရဒါနအဖြစ် အစာများကျွေးခြင်း၊ သုဇာတကျောင်းတော်အတွင်း လှည့်လည်ဖူးမြော်၍ ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နို့ဆွမ်းကပ်လှူပူဇော်ခြင်း၊ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြခြင်း စသည့် ကောင်းမှုကု သိုလ်ပြုခြင်းဖြင့် ခရီးစဉ်စတင်ခဲ့သည်။
ထိုမှတစ်ဆင့် ခရီးဆက်ခဲ့ရာ နိုင်ငံတော် သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ရောက်ရှိခဲ့ကြ သည်။ နိုင်ငံတော်သမ္မတကို အိန္ဒိယအစိုးရအဖွဲ့ဝင်ဖြစ်သူ Mini-ster of State for External Affairs Shri Kirti Vardhan Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ Palam လေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ခြံရံ၍ ကြိုဆိုခဲ့ကြသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaish-ankar က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုး တက်ရေး ကဏ္ဍများနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထပ်မံ၍ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံခဲ့ပြီး အစိုးရအဖွဲ့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပင် ဖြစ်ကြောင်း၊ ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့်ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးပြော ကြားခဲ့သည်။ ထိုသို့ နိုင်ငံတော်သမ္မတ၏ အသိပေးပြောကြားချက်အရ ၂၀၀၈ ဖွဲ့စည်းပုံကို ခေတ်ကာလနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများကို နိုင်ငံတော်သမ္မတ၏ သက်တမ်းအတွင်း ဆောင်ရွက်မည့် အလားအလာ ကောင်းများကို မြင်တွေ့ရပြီး နိုင်ငံတော်၏ ဒီမိုကရေစီ ခိုင်မာအားကောင်းလာစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို မွမ်းမံပေးမည့်သမ္မတတစ်ဦးအဖြစ်မြင်တွေ့ ရတော့မည်ဖြစ်သည်။
မေ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ၏ ခရီးစဉ် အဓိကရည်ရွယ်ချက်ကို ကြားသိခွင့်ရခဲ့သည်။ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပရာ အိန္ဒိယနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ ယင်းအခမ်းအနားကို ပြည်တွင်းထိပ်တန်း လုပ်ငန်းရှင်များ ဦးဆောင်သည့် UMFCCI အသင်းမှ အကြီးအကဲများနှင့် အိန္ဒိယထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည့် အခမ်းအနားဖြစ်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးက ခရီးစဉ် လာရောက်ရခြင်းနှင့်ပတ်သက်သည် အဓိကအချက်ကို ပြောကြားရာတွင် "ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံသည့်မူဝါဒ (Act East Policy)အရ (Neighbourhood First Policy) တို့ကို ပိုမိုမြဲ မြံခိုင်မာ စေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန် မြှင့်တင်ရန် လာရောက်ခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားရေးကို မြှင့်တင်လိုသည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ် ရည်ရွယ်ချက်က အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းက သက်သေတည်နေသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိနေသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော ကုန်သွယ် ဘက်ကောင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နိုင်ကြောင်း သမ္မတကြီးက အခွင့်အလမ်းများကို ချပြခဲ့သည်။ မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အခွင့်အလမ်းများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ၊ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင် ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) တို့သည် နှစ်နိုင်ငံကုန် သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံတစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs)နှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ (Logistics Hubs)များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မြေဧရိယာ ဧက ၁၀၀၀၀ ခန့်အား ရတနာပုံ ဆိုက်ဘာစီးတီး (ရတနာပုံမြို့သစ်) စီမံကိန်းအဖြစ် အကောင်အထည်ဖော် လျက်ရှိရာ IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများကို ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်း ပညာဝန်ဆောင်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအဖြစ် သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးအဖြစ် သတ်မှတ်ဖိတ်ခေါ်ခဲ့သည်။ ရွေးကောက်ခံ အစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အထူးအလေးထား ဆောင်ရွက်နေကြောင်းကိုလည်း အသိပေးခဲ့သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားကုန်သွယ်မှု မြှင့်တင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန်အတွက် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် "Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့ အတွက် ငွေကြေးစီးဆင်းမှု လွယ်ကူအဆင်ပြေမှုကိုလည်း ပြောဆိုခဲ့သည်။
အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် စီးပွားရေး တွက်ခြေကိုက်မှု တစ်ခုတည်းကိုသာမကဘဲ ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက် ညီမှု (Ecology and Economy Balancing)ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီများ ရှေးယခင်ကတည်းက လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေ အနေကိုလည်း သိရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပါတီစုံဒီမိုက ရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း ခိုင်မာအောင် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ နိုင်ငံတွင် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း" နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက်က နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် အိမ်းနီးချင်း မိတ်ဆွေကောင်းများကို အားထားသည်က ပေါ်လွင်လှသည်။ ဤနေရာတွင် မြန်မာ့ဒီမိုကရေစီအရေးကို လိုလားပါသည်ဟု ဆို သော်လည်း နိုင်ငံသူနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်းမှ ထွက်ခွာသွားရန် ဖိအားပေးခြင်း အစရှိသော နိုင်ငံများ၏ အပေါ်ယံရင်းနှီးမြှုပ်နှံမှုများထက် မိတ်ဆွေကောင်းတို့၏ နှစ်နိုင်ငံအကျိုးစီးပွားဖြစ် ထွန်းစေမည့်ရင်း နှီးမြှုပ်နှံမှုများကို လိုလားသည်က ပြည်သူ့ဆန္ဒပင် ဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်က အိန္ဒိယနိုင်ငံ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို အဓိကရည်ရွယ်ချက်က ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လိုခြင်းနှင့် နိုင်ငံစီးပွားရေးအခြေတည် ခိုင်မာလာရေးကို ရည်ရွယ်သည်က ထင်ရှားလှသည်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မည်မျှ အားစိုက်လုပ် ဆောင်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ နိုင်ငံတော် သမ္မတတာဝန်ဖြင့် ပထမဆုံးတရား ဝင် ခရီးစဉ်ဖြစ်သည့် အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံကာလရှည် ဆက်ဆံရေး ကောင်းများမှတစ်ဆင့် နိုင်ငံ့အကျိုးစီးပွားများ ဖြစ်ထွန်းစေမည့် ခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေနှင့်လည်း မိတ်ဆွေကောင်းပီသစွာ မြန်မာနိုင်ငံကို ကူညီပေးခဲ့ပြီး နယူးဒေလီက ကြိုဆိုခဲ့သည့် ကော်ဇောနီများသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားမာန်အပြည့်ဖြင့် လျှောက်လှမ်းတော့မည့် ခြေလှမ်းသစ်များ ဖြစ်လာတော့မည်ဟု မှတ်တမ်းတင် ရေးသားအပ်ပါသည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )