၂၀၂၆ ၊ ဇွန် ၂၉
ပေကျင်းမြို့ရှိ The Great Hall of the People သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိသည် နှင့်တစ်ပြိုင်တည်း ဝင်ပေါက်လှေကား၏ တစ်ဖက်တစ်ချက်စီတွင် ကြိုတင်နေရာယူထားသည့် PLA ဂုဏ်ပြုတပ်ဖွဲ့များက အလေးပြုကြိုဆိုခဲ့ပြီး ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ကာ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အရေးပါမှုကို ဖော်ပြခဲ့သည်။ ထို့နောက် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံ အလံများ နောက်ခံထားသည့် မြင်ကွင်းအောက်တွင် ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ထိုမြင်ကွင်းမှာ မြန်မာ-တရုတ် ဆက်ဆံရေး၏ ခိုင်မာမှု၊ ချစ်ကြည်ရင်းနှီးမှုတို့နှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်ပြသခဲ့သည့် အားတက်ဂုဏ်ယူဖွယ်ရာ မြင်ကွင်းတစ်ရပ် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် ပေါ်ပေါက်လာသည့် အစိုးရသစ်၏ တရားဝင် ပြည်ပခရီးစဉ်များအပေါ် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများက အထူးအာရုံစိုက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်သည်လည်း ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ၏ အထူးအာရုံစိုက်မှုကို ရရှိခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြား ချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယခရီး စဉ်အပြီး တရုတ်ခရီးစဉ်က အစိုးရသစ်၏ ဒုတိယမြောက် နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်တို့နှင့် တွေ့ ဆုံဆွေးနွေးကာ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ မြှင့်တင်ရေးကို ဆွေးနွေးခဲ့သည်။ ခရီးစဉ်၏ အရေးပါသည့် ရလဒ်တစ်ရပ်အဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည် ဆောက်မှု အရှိန်အဟုန် မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို နှစ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် တီအန်မင်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြုခဲ့သလို ပေကျင်းမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း Aero space City ? China Railway Construction Corporation (CRCC)? Shanghai Lingang Special Area နှင့် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ နည်းပညာ မြင့် စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ပေကျင်းမှ ရှန်ဟိုင်းသို့ အမြန်ရထားဖြင့် စီးနင်းကာ တရုတ်နိုင်ငံ၏ ခေတ်မီ အခြေခံအဆောက်အအုံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခဲ့သည်။ ထို့အပြင် “Myanmar-China Investment and Trade Networking Summit 2026” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့် လှစ်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း၊ နားလည်မှုစာချွန်လွှာများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ စီးပွားရေးစင်္ကြံ စီမံကိန်းများကို ပြန်လည် အရှိန်မြှင့်တင်ရန် သဘောတူညီနိုင်ခဲ့ခြင်းတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်သည်ဟု သုံးသပ်ကြသည်။ မြန်မာ-တရုတ် မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ပေးခဲ့သည့် ခရီးစဉ်တစ်ရပ် ဖြစ်သည်ဟု ဆိုကြသည်။ နိုင်ငံရေးရှုထောင့်မှ ကြည့်မည် ဆိုပါက ယင်းမြင်ကွင်းများသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအပြောင်းအလဲကို အိမ်နီးချင်းအင်အားကြီးနိုင်ငံတစ်ခုက အလေးထားဆက်ဆံနေကြောင်း ထင်ရှားစေခဲ့သည့် မြင်ကွင်းများ ဖြစ်သည်ဟု သုံးသပ်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အားတက် ဂုဏ်ယူဖွယ်ရာ အခန်းကဏ္ဍတစ်ရပ်အဖြစ် မှတ်ချက်ပြုကြသည်။
နိုင်ငံရေးအရ အကျိုးသက်ရောက်မှု
ယခုခရီးစဉ်၏ အထင်ရှားဆုံး အကျိုးသက်ရောက်မှုမှာ နိုင်ငံရေးကဏ္ဍ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 'သမ္မတကြီးရဲ့ တရုတ်ခရီးစဉ်ကတော့ နိုင်ငံတကာမှာ မျက်နှာပွင့်သွားတာပေါ့။ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့က အခုလို နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို ဧည့်ခံခဲ့တယ်။ ဒါက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်တည်မှုကို အသိအမှတ်ပြုတာ ဖြစ်တယ်။ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်'ဟု ပြည်တွင်းအရေးနှင့် နိုင်ငံတကာအရေး လေ့လာသုံးသပ်နေသူ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာကျော်ဆွေ က သုံးသပ် သည်။
မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးမှာ အိမ်နီးချင်းအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်နိုင်ရေးဖြစ်ပြီး အထူး သဖြင့် တရုတ်နှင့် အိန္ဒိယတို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဘက်များဖြစ်၍ ယင်းနိုင်ငံများနှင့် ဆက်ဆံရေးက အရေးပါကြောင်း ၎င်းက ဆက်ပြောသည်။
"ကျွန်တော်တို့နဲ့ အရေးကြီးဆုံး နိုင်ငံက တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဖြစ်တယ်။ ဒီနှစ်နိုင်ငံရဲ့ ကြီးမားတဲ့ စားသုံးသူဈေးကွက်ကို အသုံးချနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ အများကြီး တိုးတက်လာနိုင်တယ်"ဟု ၎င်းကပြောသည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကလည်း ယခု နိုင်ငံတော်သမ္မတကြီး၏ တရုတ်ခရီးစဉ်ကို နိုင်ငံရေးအရ အောင်မြင်မှုတစ်ခုအဖြစ် ရှုမြင်သည်။ တရုတ်နိုင်ငံက သူက စီးပွားရေးအရ အင်အားအကြီးဆုံး နိုင်ငံလို့တောင် ပြောရတော့မှာပါ။ဘာလို့လဲဆိုတော့ အမေရိကန်ကို ကျော်ခါနီးပြီ။ အဲဒီလို Super Power စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံကို သွားတယ်၊ အသိအမှတ်ပြုတယ်။ နောက် ကမ္ဘာမှာ လူဦးရေအများဆုံးနဲ့ ဒီမိုကရေစီ အပီပြင်ဆုံး အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယကို သွားခဲ့တယ်၊ အသိအမှတ်ပြုတယ်။ ဒီနှစ်ခုနဲ့တင် မြန်မာနိုင်ငံအစိုးရရဲ့ အောင်မြင်မှုက တော်တော်လေးကို လုံလောက် သွားပြီလို့ ပြောရမှာပါ။ နောက် ရုရှားကိုတော့ မသွားသေးပေမယ့် ရုရှားကိုသွား ဖို့ရှိတယ်၊ သွားမှာပဲ။ ဒါကြောင့် ဒီခရီးစဉ်တွေက နိုင်ငံရေးအရ အကျိုးအမြတ် အများကြီး ထွက်ခဲ့ပါတယ်"ဟု ၎င်းက သုံးသပ် သည်။
ထို့အပြင် ယခုခရီးစဉ်သည် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် မြန်မာအစိုးရသစ်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမို တရားဝင် ခိုင်မာစေသည့် မှတ်တိုင်တစ်ခုအဖြစ်လည်း ရှုမြင်ကြသည်။

စီးပွားရေးအရ အခွင့်အလမ်းသစ်များ
နိုင်ငံရေးအရ အကျိုးသက်ရောက်မှုများသာမက စီးပွားရေးအရပါ ယခုခရီးစဉ်သည် ထင်ရှားသည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သိပ္ပံနည်းပညာ၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍများ ပါဝင်သည့် သဘောတူညီချက်များစွာ ရရှိခဲ့သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာကျော်ဆွေက "ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အများကြီး ပါလာတယ်။ ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဂြိုဟ်တုစီမံကိန်းတွေ၊ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ပါလာတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရထားလမ်း၊ ကားလမ်း စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးနိုင်ခဲ့တယ်"ဟု မှတ်ချက်ပြုသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးအရ အရေးပါသည့် စီမံကိန်းဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများ တိုးပွားလာစေမည့် စီမံကိန်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ ပြန်လည် အသက်ဝင်လာနိုင်ခြင်းကိုလည်း လေ့လာသူများက အရေးပါသည့် တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်။
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံဆိုတာ တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေး လမ်းကြောင်းဖြစ်သလို ကုန်ကြမ်းရရှိရေး လမ်းကြောင်းလည်း ဖြစ်တယ်။ မြန်မာနိုင်ငံဘက်က ကြည့်ရင်တော့ လယ်ယာ ထွက်ကုန်တွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ၊ ပို့ကုန်တွေအတွက် အခိုင်အမာ ဈေးကွက်တစ်ခု ရလာနိုင်တယ်"ဟု ဒေါက်တာ ကျော်ဆွေက သုံးသပ်သည်။
မန္တလေး-မူဆယ် ရထားလမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးစင်္ကြံစီမံကိန်းများ အရှိန်ရလာပါက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အခန်းကဏ္ဍ ပိုမို ကျယ်ပြန့်လာနိုင်သည်ဟုလည်း စီးပွားရေးလေ့လာ သူများက ခန့်မှန်း သုံးသပ်ကြသည်။ ယခုခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံငွေကြေးကို အသုံးပြု၍ တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်နိုင်ရေး ဆွေးနွေးမှုများလည်း ပါဝင်ခဲ့သည်။ နှစ်နိုင်ငံငွေကြေး ဖြင့် တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်ပြီဆိုလျှင် အနာဂတ်တွင် ကုန်သွယ်မှုကုန်ကျစရိတ်များ လျော့ကျစေပြီး ငွေကြေးဖောင်းပွမှု လျော့ပါးစေရန် အထောက်အကူ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
"တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပုံမှန်ပြန်ဖြစ်လာရင် တောင်သူလယ်သမားတွေရဲ့ ထုတ်ကုန်တွေ ဈေးကောင်းရလာမယ်။ Supply Chain တွေ ပုံမှန် ပြန်ဖြစ်လာရင် ကုန်ဈေးနှုန်းတွေလည်း သက်သာလာနိုင်တယ်"ဟု စီးပွားရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအပေါ် သက်ရောက်မှု
ယခုတရုတ်ခရီးစဉ်၏ အရေးပါသော ရလဒ်များအနက်တစ်ခုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။ အထူးသဖြင့် မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းလာရေး၊ ကုန်သွယ် ရေးလမ်းကြောင်းများ တည်ငြိမ်လာရေးနှင့် နယ်စပ်ဒေသ ငြိမ်းချမ်းရေးဖော် ဆောင်မှုများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အရေးပါသော အချက်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရန် သဘောတူညီမှုများရရှိခဲ့ခြင်းသည် အရေးပါသည့် တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်ကြ သည်။
ယခု ခရီးစဉ်သည် တရုတ်ဗဟိုအစိုးရနှင့် မြန်မာအစိုးရအကြား အနီးကပ်ဆုံး ဆက်ဆံရေးတစ်ရပ်ကို ပိုမိုခိုင်မာစေခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း ဒေါက်တာကျော်ဆွေက သုံးသပ်သည်။ 'လုံခြုံရေးပိုင်း ကိစ္စမှာ တရုတ်အစိုးရဘက်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့မှုမရှိကြောင်း ပြောထားတာ ရှိတယ်။ ဗဟိုအစိုးရမသိဘဲ ပြည်နယ်အဆင့်မှာ လုပ်ဆောင်တာတွေ ရှိကောင်းရှိနိုင်ပေမယ့် ယခုလို နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနီးကပ်လာတဲ့ အခြေအနေမှာ ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကို ပိုပြီး ထိန်းကျောင်းလာနိုင်တယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူဖြစ်စေမယ့် ခရီးစဉ်တစ်ခုလို့ မြင်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရပ်တည်နိုင်မှုသည် တရုတ်နိုင်ငံနှင့် အနည်းနှင့်အများ ဆက်စပ်နေကြောင်း၊ ထို့ကြောင့် တရုတ်ဗဟိုအစိုးရ၏ မူဝါဒနှင့် ထိန်းချုပ်မှုများသည် နယ်စပ်ဒေသ အခြေအနေများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
"နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ နည်းပညာ ပစ္စည်းစတာတွေကို တရုတ်ဘက်က ရရှိနေကြတာ ဖြစ်တယ်။ အဲဒီအပိုင်းတွေကို ဗဟိုအစိုးရက ပိုပြီး စနစ်တကျ ထိန်းချုပ်လာမယ်ဆိုရင် အဲဒီအဖွဲ့တွေဟာ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းကို ပိုပြီး စဉ်းစားလာနိုင်တယ်။ ဒါကြောင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ မြင်ရနိုင်တယ်" ဟု ၎င်းက ဆိုသည်။
အလားတူ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကလည်း လုံခြုံရေးကဏ္ဍသည် ယခုခရီးစဉ်၏ အရေးပါသော အကျိုးသက်ရောက်မှု တစ်ရပ်ဖြစ်သည်ဟု သုံးသပ်သည်။ တရုတ်နိုင်ငံလို အင်အားကြီး နိုင်ငံတစ်နိုင်ငံက မြန်မာအစိုးရနဲ့ တရားဝင် ဆက် ဆံရေးကို ပိုမို ခိုင်မာစေတဲ့အခါ လုံခြုံရေးပိုင်းမှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာမယ်။ လက်နက်ငယ်တွေ၊ ကျည်ဆန်တွေလို ပစ္စည်းတွေက မှောင်ခိုလမ်းကြောင်းတွေကနေ စီးဆင်းနိုင်ပေမယ့် လေယာဉ်ပစ်ဒုံးပျံ၊ မစ်ဆိုင်းစတဲ့ အဆင့်မြင့် လက်နက်စနစ်တွေကတော့ နိုင်ငံတော်အဆင့် ခွင့်ပြုချက်မပါဘဲ ရရှိဖို့ ခက်ခဲတယ်။ အဲဒီလို အဆင့်မြင့်လက်နက်တွေကို တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ အင်အားစုတွေဆီ ရောင်းချဖို့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဒါကြောင့် လုံခြုံရေး ရှုထောင့်ကကြည့်ရင် မြန်မာအစိုးရအတွက် အကျိုးရှိတဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သုံးသပ်ရပါတယ်ဟု ၎င်းက သုံးသပ်သည်။
ယင်းအခြေအနေများကြောင့် ယခု တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာလာခြင်းမှတစ်ဆင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းလာရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် အလားအလာများကို ဖော်ဆောင်ပေးခဲ့သည့် ခရီးစဉ်တစ်ခုအဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။
ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးသက်ရောက်မှု
နိုင်ငံတော်သမ္မတကြီး၏ တရုတ်နိုင်ငံ တရားဝင် ခရီးစဉ်ကို မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး တစ်ခုတည်း၏ ရှုထောင့်မှသာ ကြည့်၍မရဘဲ ဒေသတွင်း ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့် ဆက်စပ်၍ ကြည့်ရှုရမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်တစ်ခုဖြစ်သလို Belt and Road Initiative ၏ အရေးပါသည့် ချိတ်ဆက်မှုလမ်းကြောင်းတစ်ခုလည်း ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အာဆီယံ၊ တရုတ်နှင့် အိန္ဒိယ တို့ကို ချိတ်ဆက်ပေးနိုင်သည့် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့် တည်နေရာကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်ခု ဖြစ်နေခြင်းကြောင့်ဟု ဆိုကြသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြား မဟာဗျူဟာမြောက် နိုင်ငံတစ်ခုအဖြစ် တည်ရှိနေ၍ အနာဂတ်တွင် အာရှဒေသ၏ ကုန်သွယ်ရေးဗဟိုချက်တစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ဒေါက်တာကျော်ဆွေက သုံးသပ်သည်။ "နိုင်ငံတော်သမ္မတကြီး ပြောထားတာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးအရ တကယ့်ကို မဟာဗျူဟာမြောက်တဲ့နေရာမှာ ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်တယ်လေ။ အဲဒီတော့ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အဓိကဗဟိုချက်တစ်ခု ဖြစ်လာအောင်အထိ ရည်မှန်းချက်ထားတယ်လို့ မြင်ရပါတယ်။ အဲဒီကနေပြီးတော့ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ဆက်ဆံရမယ့် အာဆီယံလည်း ပါဝင်လာမယ်။ အာဆီယံ (+) တရုတ်၊ အာဆီယံ (+) အိန္ဒိယ ဆွေးနွေးပွဲတွေ ရှိနေတဲ့အခါမှာ မြန်မာနိုင်ငံက အိန္ဒိယနဲ့ရော တရုတ်နဲ့ရော တကယ့်ကို ချစ်ကြည်ရင်းနှီးတဲ့ စီးပွားဖော်စီးပွားဖက် အပေါင်း အသင်းမျိုး ဖြစ်လာတဲ့အတွက်ကြောင့် အာဆီယံမှာလည်း မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တိုးတက်နေတဲ့ အခြေအနေတွေကို လက်ခံပြီး အာဆီယံရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်တဲ့ အခြေအနေတွေ ပြန် ရောက်ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟူ၍ ၎င်းကပြောသည်။
နိုင်ငံတော်သမ္မတ၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအပါအဝင် နိုင်ငံရေးအရ အသိအမှတ်ပြုမှုများ၊ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများ၊ လုံခြုံရေးအရ နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သက်ရောက်နိုင်သည့် အလားအလာများ ရှိနေသည့် ရာနှုန်းပြည့် အောင်မြင်ခဲ့သည့် ခရီးစဉ်ဖြစ်သည်ဟု သုံးသပ်ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အကျိုးသက်ရောက်မှုများရှိခဲ့သည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်သည် မြန်မာ နိုင်ငံအတွက် အရေးပါသည့် သံတမန် ရေးမှတ်တိုင်တစ်ခု ဖြစ်သလို မြန်မာ-တရုတ်ဆက်ဆံရေး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြည်တွင်းအရေးနှင့် နိုင်ငံတကာအရေး လေ့လာသုံးသပ်နေသူ ဒေါက်တာကျော်ဆွေက မှတ်ချက်ပြုခဲ့သည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )