နိုင်ငံတော်၏ အကာအကွယ်၊ နိုင်ငံသားတို့၏ သစ္စာ

    မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မြန်မာ့တပ်မတော်၏ စစ်ရေယာဉ်များပေါ်သို့ မြန်မာနိုင်ငံသားများ မတက်မီ လွှင့်ထူထားသည့် မြန်မာအလံကို နမ်းရှုပ် ဂါရဝပြုနေကြသည့် သတင်းဓာတ်ပုံများကို ကြည့်၍ မိမိတို့နိုင်ငံသားများ မိခင်တိုင်းပြည်ကို ဘေးကင်းစွာ ပြန်လာတော့မည်ဟူ သောအတွေးဖြင့် ဝမ်းသာမိသည်။ နိုင်ငံတကာ ရေပိုင်နက်အတွင်း ဖြတ်ကျော်၍ အမိနိုင်ငံသို့ ခုတ်မောင်းလာသော စစ်ရေယာဉ်ကြီးအပေါ်၌ တပ်မတော်၏ စနစ်တကျ စီမံကျွေးမွေးမှု မြင်ကွင်းများ၊ လုံခြုံစိတ်ချ စွာ စီးနင်းလာသော မြန်မာလူမျိုး ညီအစ်ကိုမောင်နှမများကို တွေ့မြင်ရသည့် အခါတွင်လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိပါစေကြောင်း ဆုတောင်းပေးမိသည်။ ရုပ်သံအင်တာဗျူးများအရ မလေးရှားနိုင်ငံတွင် နှစ်ပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ရသော မြန်မာနိုင်ငံသားတစ်ဦး၏ အသံကိုလည်း ကြားမိသည်။ အမိနိုင်ငံ ပြန်ရတော့မည်ဟူသော အတွေးဖြင့် ညလုံးပေါက် အိပ်မပျော်ကြသည့်  မြန်မာနိုင်ငံသားများ၊ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသည့်  မြန်မာ့တပ်မတော် ရေယာဉ်ကြီးများကိုတွေ့ပြီး ဝမ်းသာငိုယိုမိကြသူများ၊ နိုင်ငံတော်အလံကို တွေ့ရသည့်အခါ စိတ်မထိန်းနိုင်သဖြင့် ငိုကြွေးကြသည်ဟူသော သတင်းများက ဝမ်းနည်းဝမ်းသာ ကြည်နူးမှုကို ပေးစွမ်းနိုင်ခဲ့သည်။ ထို့ကြောင့် တိုင်းတစ်ပါးတွင် အတိဒုက္ခမျိုးစုံကြုံ၍ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသားများ ပြန်ရောက်လာမည့်ရက်ကို နားစွင့်မိသည်။ နိုင်ငံတော်အစိုးရကလည်း စောင့်မျှော်နေကြမည့် နိုင်ငံသားတို့၏ မိသားစုဝင်များ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် သတင်းထုတ်ပြန်ပေးခဲ့သည်။
    အောက်တိုဘာ ၁ ရက်တွင် မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံ ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းရေးစခန်းများ တွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တပ်မတော်မှ စစ်ရေယာဉ်များ ဖြင့် ပြန်လည်ခေါ်ဆောင်လာပြီး  မြန်မာ့ရေပိုင်နက်သို့ စတင်ချင်းနင်းဝင်ရောက်လာနေပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ရောက်ရှိတော့မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ပေးခဲ့သည်။ မြန်မာ့ရေပြင်ပိုင် နက်သို့ စတင်ချင်းနင်း ဝင်ရောက်ချိန်တွင် မြန်မာနိုင်ငံသားများကို နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော် အကြီးအကဲများက မိဘရင်းသဖွယ် လှိုက်လှဲစွာ ကြိုဆိုကြောင်း သတင်းစကားပါးခဲ့သည်။ ထိုသတင်းစကားကို ကြားသိရုံဖြင့် စစ်ရေယာဉ်များတွင် လိုက်ပါလာသော မြန်မာနိုင်ငံသားများ၏ ရင်တွင်း၌ ငြိမ်းချမ်းမှုနှင့် အမိမြန်မာနိုင်ငံက နိုင်ငံသားများအပေါ် မည်မျှတန်ဖိုးထားကြောင်းကို သိရှိနားလည်ခဲ့ကြသည်။ မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပေးခဲ့ခြင်း ဖြစ်သည်။ ထိုလမ်းညွှန်ချက်ကို တပ်မတော်(ရေ)မှ တာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ စစ်ရေ ယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ စက်တင်ဘာ ၂၄ ရက်တွင် ထွက်ခွာ၍ သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
    အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ တပ်မတော်ရေယာဉ်များဖြင့်  ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးတို့သည်။ ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမှတ်(၃) ဆိပ်ခံတံတား(သီလဝါ)သို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ နေရပ်ပြန် မြန်မာနိုင်ငံသားများကို  သက်ဆိုင်ရာ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဆက်တိုက်သတင်းထုတ်ပြန်မှုများပြုလုပ်ကာ ပြည်သူကို အသိပေးခဲ့သည်။ အမိမြန်မာနိုင်ငံသို့ ပြန်လည်ခြေချခွင့်ရသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှများ၏ အပျော်ကထပ်တူ ကူးစက်ခံစားမိသည်။ ယခုတစ်ကြိမ်ကဲ့သို့ အပျော်မျိုးကို ၂၀၂၁ ခုနှစ်က ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာနိုင်ငံသား ၁၀၈၆ ဦးကိုလည်း တပ်မတော်က စစ်ရေ ယာဉ်ကြီးများနှင့် ပြန်လည်ခေါင်းဆောင်ကာ ယခု ဆိုက်ကပ်သည့်ဆိပ်ကမ်း၌ပင် ကြိုဆိုကြသည့် အခမ်း အနားကို သတင်းသွားရောက်ယူခဲ့ဖူးသည်။ ထိုစဉ်ကလာ ရောက်ကြိုဆိုကြသည့် မိသားစုများ၏ ရင်တွင်းပီတိများ၊ နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်ကို ကျေးဇူးတင်ကြောင်း စကားသံများကိုလည်း ကြားခဲ့ရ သည်။ မှတ်မှတ်ရရ အသက်(၅၀)ခန့် မိခင်ကြီးက သားဖြစ်သူကို သင်္ဘောပေါ်၌ ပါလာကြောင်း ရုပ်သံသတင်း၌ တွေ့မြင်ရပြီး လာရောက်ကြိုဆိုကြောင်း၊ ခုလိုသက်ရှိထင်ရှား ရှိ နေလိမ့်မည်ဟု မထင်မိကြောင်း၊ အန္တရာယ်ကင်းစွာ ပြန်လည်ခေါ်ဆောင်လာပေးသည့် တပ်မတော်ကို အထူးကျေးဇူးတင်ကြောင်း မိမိကို ပြောပြခဲ့သည့်အကြောင်း အရာပင်ဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း ဖြစ်ရပ်တူ မိဘဆွေမျိုးများစွာ ရှိနေမည်ဟု ယုံကြည်မိသည်။
    နိုင်ငံတော်အစိုးရအနေနှင့် တပ်မတော်စစ် ရေယာဉ်ကြီးများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ  ၂၀၂၁ နှင့် နောက်ပိုင်းနှစ်များတွင်လည်း မလေးရှား နိုင်ငံတွင် ပိတ်မိနေသည့် သို့မဟုတ် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို အထူးကယ်ဆယ်ရေးလေယာဉ်များ (Relief Flights) ဖြင့် အကြိမ်ကြိမ်ပြန်လည်ခေါ်ယူခဲ့သည့် မှတ်တမ်းများလည်းရှိခဲ့သည်။ မှတ်တမ်းများအရ ကမ္ဘောဒီးယား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား လေယာဉ်များဖြင့်၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၉၀၅ ဦးကို လည်းကောင်း၊ အိန္ဒိယရေပိုင် နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့တွင် ထိန်းသိမ်းခံ လိုက်ရသည့် မြန်မာရေလုပ်သား ၂၆ ဦးအား ပြည်ပဆိုင်ရာ မြန်မာလေကြောင်းလိုင်း ဗြှု ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှာလည်းကောင်း ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင် မှုနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်း ကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသူ များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသား ၈၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်နိုင်ပေးနိုင်ခဲ့သည်။ တပ်မတော်ရေ ယာဉ်ကြီးများနှင့် လူအင်အားထောင် ကျော်ကို ပြန်လည်ခေါ်ဆောင်ပေးနိုင်သည်က ယခုတစ်ကြိမ် အပါအဝင် နှစ်ကြိမ်ရှိပြီဖြစ်ပြီး သမိုင်း ဝင်ခေါ်ဆောင်မှုပင်ဖြစ်သည်။
    အောက်တိုဘာ ၄ ရက် ညပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်အစိုးရသည် ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ်မှာ အလေးအနက်ထား၊ တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့်  ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနှင့်အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာအမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ပြီး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားများကို အသိပေးခဲ့သည်။ ထိုထုတ်ပြန်ချက်က နိုင်ငံတော်အစိုးရအနေနှင့် မိမိတို့၏ မြန်မာနိုင်ငံသားများ အပေါ် မည်မျှတန်ဖိုးထားကြောင်း ပေါ်လွင်နေသလို လက်တွေ့လုပ်ရပ်များကလည်း သက်သေပြနေသည်။ ဤနေရာတွင် တိုင်းပြည်၏အကျိုးကို မလိုလားကြသူများ၊ နိုင်ငံသူနိုင်ငံသားများ နိုင်ငံတော်အစိုးရအပေါ် အထင် အမြင်လွဲမှားစေရန် အကြံဖြင့် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံကို နိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ခြင်းက တပ်မတော်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းဟု ကောလာဟလသတင်းမှားများ ထုတ်လွှင့်ခဲ့ကြသည်။ သို့သော်လည်း ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများထံ အပ်နှံ၍ နေရပ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိစေရေးက သတင်းမှားများကို အချိန်တိုအတွင်း ချေဖျက်နိုင်ခဲ့ခြင်းဖြစ် သည်။
    မြန်မာနိုင်ငံသားများ အမိနိုင်ငံတော်သို့ ချောမောစွာ ပြန်လည်ရောက်ရှိလာခြင်းကို မလိုတမာ သဘောထားများဖြင့် ပြောဆိုနေခြင်းကိုလည်း ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး ပြောဆိုသည့် ရုပ်သံဖိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါနိုင်ငံသား  မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ သားများ ပြန်လည်ခေါ်ယူခြင်းကို တပ်မတော်က စစ်မှုထမ်းခိုင်းမည်ဟု ပြောဆိုနေခြင်းမှာ မုဒိတာမပွားနိုင်သော လုပ်ရပ်ဟု ဝေဖန်ခဲ့သည်။ ထို့အပြင် မလေးရှားနိုင်ငံ အကျဉ်းစခန်းများတွင်  အတိဒုက္ခ ခံစားနေရခြင်းထက် မိခင်နိုင်ငံအတွက်နိုင်ရာ တာဝန်ထမ်းဆောင်ခြင်းက ဖြစ်သင့်ဖြစ်ထိုက်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် "ကျွန်တော်ပြောချင်တာက အခုချိန်မှာ မလေးရှားကနေ ပြီးတော့ အောက်လမ်းကနေ ပြန်မယ်ဆိုလို့ရှိရင် ရင်းဂစ်လေးထောင်နဲ့ ၄၅၀၀ လောက်ရှိတယ်။ အဲဒီ ၄၀၀၀၊ ၄၅၀၀ ဆိုတာတောင်မှပဲ လုံခြုံစိတ်ချမှု သူတို့ ၁၀၀ ရာ ခိုင်နှုန်း အာမမခံနိုင်ဘူး။ ခုတပ်မတော်ကပြန်ခေါ်သွားတဲ့ စရိတ်စက တွက်ချက်ကြည့်လို့ရတယ်။ ပြီးတော့ ကျွန်တော် ဘယ်လောက်ထိ  ခန့်မှန်းထားလဲဆိုရင် ပြန်သွားတဲ့လူတွေမှာ မှတ်ပုံတင်ပျောက်တဲ့သူရှိမယ်။ မှတ်ပုံတင်မရှိတော့တဲ့သူ ရှိမယ်။ အဲဒီမှတ်ပုံတင် တွေပါ ပြန်ပေးမယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်တယ်။ အကောင်းမြင် ဘက်ကနေ မြင်ပေးရတယ်။ အဆိုးမြင်ဘက်ကချည်းပဲ အမြဲတမ်းမြင်လို့မရဘူး"ဟု ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်ပြီး နိုင်ငံ ၏ ပုံရိပ်ကို ထိခိုက်စေရန် ပြောဆိုမှုများကို သတိထားသင့်ကြောင်း အသိပေးကာ ပြောဆိုမှုကို အဆုံး သတ်ခဲ့သည်။
    ပြည်ပမြေတွင် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော သွေးသောက်ညီအစ်ကိုများ၏ အခက်အခဲကို မျက် ကွယ်မပြုဘဲ စစ်ရေယာဉ်ကြီးများ၊ အထူးလေယာဉ်များဖြင့် အမိမြေသို့ ဘေးကင်းစွာ ပြန်လည်ပွေ့ဖက် ခေါ်ဆောင် ပေးခဲ့ခြင်းသည် နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်၏ မိဘရင်းသဖွယ် လေးနက်သော တန်ဖိုးထားမှုကို လက်တွေ့ကျကျ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ မည်မျှပင် အခက်အခဲရောက်ပါစေ မိမိတို့၏ နိုင်ငံသားများကို လက်တွဲမဖြုတ်ဘဲ အကာအကွယ်ပေးလိုသည့် တပ်မတော်၏ မွန်မြတ်သော စိတ်ဓာတ်နှင့် တာဝန်ယူမှုမှာ ထင်ရှားစွာ ပေါ်လွင်လျက်ရှိသည်။
    ထို့ကြောင့် ပြည်တွင်းပြည်ပရောက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း အခက်အခဲကြုံတိုင်း အမြဲတမ်း အကာအကွယ်ပေးတတ်သည့် မိခင်နိုင်ငံတော်၏ စောင့်ရှောက်မှုများကို သဘောပေါက်နားလည်ပြီး မိမိတို့၏ အမိနိုင်ငံအပေါ် သစ္စာရှိစွာ ချစ်မြတ်နိုးစိတ် ထားရှိကြရန် လိုအပ်လှ သည်။ မိမိတို့၏အမျိုးသားရေးအသိနှင့် တိုင်းပြည်အပေါ် သစ္စာရှိသော ချစ်မြတ်နိုးစိတ်သည်သာ တိုင်းပြည် ရေရှည်တည်တံ့ခိုင်မာရေးအတွက် အဓိက အုတ်မြစ်ပင်ဖြစ်သည်။
    အမိမြေဆိုသည်မှာ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်ရသည့်အခါတိုင်း နောက်ဆုံး၌ လုံခြုံစွာခိုလှုံရာ အေးရိပ်တစ်ခုဖြစ်သည်။ စက်ရှိန်ပြင်းစွာဖြင့် ပင်လယ်လှိုင်းတံပိုးများကို ဖြတ်ကျော် ကာ အမျိုးသားအလံတော်ကို လွှင့်ထူ၍ ရောက်ရှိလာသည့် စစ်ရေယာဉ်ကြီးများပေါ်သို့ ခြေချခွင့်ရချိန်တွင် ဝမ်းသာမျက်ရည်ကျကာ အလံတော်ကို နမ်းရှုပ်ကြသည့် ဖြစ်စဉ်များသည် မိခင်နိုင်ငံ၏ နွေးထွေး သောလက်တစ်စုံက သားသမီးများကို အဝေးမှပြန်လည်ပွေ့ဖက်လိုက်သည့် ပုံရိပ်ပင်ဖြစ်သည်။ တိုင်းတစ် ပါးတွင် ရောက်ရှိနေစဉ် ဒုက္ခဆင်းရဲ ခံရချိန်၌ အမိနိုင်ငံတော်ကမိဘသဖွယ် မစွန့်ပစ်ဘဲ လက်တွဲခေါ်ယူပေးခြင်းသည် စကားလုံးများထက် ပိုမိုနက်ရှိုင်းသည့် တန်ဖိုးကိုဖော်ပြနေသည်။ နိုင်ငံတစ် နိုင်ငံ၏ဂုဏ် သိက္ခာနှင့်အင်အားသည် ပြည်ပသို့ ရောက်ရှိနေသော မိမိနိုင်ငံသား တစ်ဦးချင်းစီကို မည်မျှ အလေးထားကာ စောင့်ရှောက်ပေးနိုင်သလဲဆိုသည့် အချက်ပေါ်တွင် အခြေခံသည်။ 
    ယနေ့ကာလတွင် တိုင်းပြည်၏အကျိုးကို မလိုလားသူများသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့အကြား အထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများဖြင့် သွေးခွဲလှုံ့ဆော်လျက်ရှိကြသည်။ ထို့ကြောင့် မဟုတ်မမှန်သည့် သွေးခွဲစကားများ၊ အဆိုးမြင်စွပ်စွဲချက် များကို ကျော်လွန်၍ အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်ကာ ပင်လယ်ပြင် ခရီးကြမ်း ဖြတ်ကျော်လာခဲ့ သည် ခရီးစဉ်ကပင် မိခင်နိုင်ငံ၏ တာဝန်ယူမှုကို အထင်းသား သက်သေပြလိုက်ခြင်း ဖြစ်သည်။ အမျိုးသားရေးအသိနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသည့်စိတ်သည် မည်သူကမျှ အတင်းအဓမ္မ ရိုက်သွင်း၍မရဘဲ မိမိတို့၏ အမိမြေအပေါ်ထားရှိသည့် သစ္စာတရားမှ သဘာဝအတိုင်း ပွင့်လန်းလာရမည် ဖြစ်သည်။ ယနေ့ကဲ့သို့ စိန်ခေါ်မှုများပြားသည့် ကာလတွင် တိုင်းပြည်အပေါ် သစ္စာရှိစွာ လက်တွဲညီညီ ရပ်တည်ကြခြင်းဖြင့်သာ တိုင်းပြည်၏ ခိုင်မာသော အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ မည်မျှပင် အဝေးသို့ ရောက်ရှိနေပါစေ၊ မည်သို့ပင် အခက်အခဲကြုံပါစေ မိမိတို့ နောက် ကွယ်တွင် ခိုင်မာသော အမိနိုင်ငံတော်ကြီး ရှိနေသည်ဆိုသည့် အသိဖြင့် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ကာ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်လှပါသည်။  
 ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66682

© 2022 - 2026 News. All Rights Reserved.