နိုးထလာသည့် အာရှကျားနှင့် မြန်မာတို့၏ အောင်ပွဲ 

၂၀၂၅ ၊ ဒီဇင်ဘာ ၅

လူလိမ်များကို ကျေးဇူးတင်ဖူးခြင်း
    'ဘဝမှာ လူလိမ်တွေကို ကျေးဇူးတင်ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး'ဟူ၍ စဉ်းစားမိတိုင်း ရယ်ချင်မိပါသည်။ တစ်ဦးတစ်ယောက်ကို လိမ်သွားသူ၊ လူအများကို လိမ်သွားသူ အထူးသဖြင့် မျှော်လင့်ချက်များကို လိမ်လည်လှည့်ဖြားသွားသူများကို ကျေးဇူးတင်မိသည်ဟု တစ်ခါမျှ တကယ်ပင် မတွေးမိခဲ့ဖူးချေ။ သို့ပေမယ့် အလိမ်ခံရသူများက တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမက အကြိမ်ကြိမ်အခါခါ ဖြစ်နေသည့် တိုင် အောင် ယုံလွယ်၍ ထပ်ဖန်တလဲလဲ အလိမ်ခံထိနေသူများ ဖြစ်နေလေရာ သူတို့ကိုလည်း မသနားမိတော့ချေ။ အကြောင်းက မိုးကုတ်မြို့ကို အသက်ပေးပြီး ကာကွယ်မည်ဟု ကြုံးဝါးကာ အလှူခံကြသည့် မန်း PDF နှင့် အပေါင်းအပါတို့၏ လိမ်လည်မှုနှင့် အကြိမ်ကြိမ်အခါခါ အလိမ်ခံထိနေသော NUG ဖန်များ၏ အလိမ်ခံရသည့် ဖြစ်စဉ်ပင် ဖြစ်သည်။ အကြမ်းဖက် TNLA က မိုးကုတ်မြို့မှ စွန့်ခွာပေးရတော့မည်ဟု အညံ့ခံလိုက်ချိန်တွင် မန်း PDF နှင့် အညာ PDF တို့က မိုးကုတ်မြို့ကို အသေအလည်းခုခံသွားမည်ဟု ကြုံးဝါးကြသည်။ နိုင်ငံရေးမသိ၊ စစ်ရေးနားမလည် အတိုအရှည် အတိုင်းအဆမသိဘဲ အလှူခံ၍ကောင်းအောင် အသေခံမည်ဟု NUG ဖန်များအကြိုက် ပြောကြလေသည်။ ထိုစကားများ NUG ဖန်များ ကလည်း ကြိုက်ကြရာ လှူကြတန်းကြနှင့် ဒေါ်လာရှစ်သောင်းခန့်ပင် ရရှိသွားကြသည်ဟု သတင်းများထွက်ပေါ်လာလေသည်။ သူတို့ အလှူခံကောင်းအောင် ပြောသည်က ပြဿနာမဟုတ်။ ပြသနာက မိုးကုတ်မြို့ကို အသေခံ၍ ခုခံမည်ဟုဆိုကာ အသံဟစ်ပြီးကတည်းက မိုးကုတ်ဒေသ ခံတို့က နေမထိ ထိုင်မသာ ဖြစ်ကုန်ကြလေသည်။ အကြောင်းက PDF တို့ ကယ်တင်သည်ဟုဆိုသည့် မြို့ရွာ တိုင်းသည် ပြာပုံအတိသာ ဖြစ်ခဲ့ရပြီး အကောင်းအတိုင်းကျန်သည်မှာ မရှိသလောက်ပင် ဖြစ်ခဲ့ရသည်။ 
    သို့မို့ကြောင့် မိုးကုတ်ဒေသခံများက မိုးကုတ်မြို့ကို PDF တို့ ကာကွယ်ပေးမည်ကို သေမလောက် ကြောက်သောကြောင့် မိုးကုတ်မြို့ကို စွန့်ခွာထွက်ပြေးကုန် ကြရလေသည်။ ခရီးသွားလာစရိတ် ကြီးမြင့် သည်ကိုလည်း အမှုမထားနိုင်ဘဲ အသက်ထက် ဘာမျှအရေးမကြီးဟု သဘောထားကာ မိုးကုတ်မြို့ခံ အများအပြား မိုးကုတ်မြို့ကို စွန့်ခွာကုန်ကြရသည်။ ထိုအခြေအနေကိုမသိသော တောသားမြို့ရောက် PDF တို့က မိုးကုတ်မြို့၏ အထင်ကရနေရာများတွင် ဓာတ်ပုံများရိုက်၍ လူမှုကွန်ရက်ပေါ်တင်ကာ အသေခံ၍ ကာကွယ်မည်ဟု ကြွေးကြော်ကြလေသည်။ ရွှေဘိုဘက်က ပိုင်ချဲဆိုသူတို့၊ မြင်းခြံဘက်က Black Tiger ဆို သူတို့ အဆိုးဆုံးဖြစ်သည်။ မိုးကုတ်မြို့ပေါ်က အထင်ကရနေရာများတွင် ဓာတ်ပုံရိုက်ကာ တင်ကြလေ သည်။ ထိုမြင်ကွင်းများကိုကြည့်ကာ NUG ဖန်များက ငွေများထည့်ဝင်ကုန်ကြ၏။ ဇာတ်ပေါင်းသော် TNLA အကြမ်းဖက်များ အညံ့ခံခဲ့သည့် မိုးကုတ်ကို မြန်မာ့တပ်မတော်က ဝင်ရောက်လာချိန် မိုးကုတ်မြို့၏ လုံခြုံရေးကို TNLA က စောင့်ရှောက်ပေးရသည်အထိ ဖြစ်လာခဲ့သည်။ ကြီးကြီးကျယ်ကျယ် ပြောခဲ့သည့် PDF တို့က သူတို့ သံပုံးတီး၍ တောထုတ်ခဲ့သည့် လုပ်ရပ်အတိုင်း တောထဲသို့ ပြန်ဝင်သွားကြရသည်။ 
    မြန်မာ့တပ်မတော်က မိုးကုတ်မြို့ကို ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးအတွက် ဆောင်ရွက်တော့မည် ဖြစ်သည်။ မိုးကုတ်ကို အသေခံ၍ ကာကွယ်မည်ဟုပြောကာ လိမ်လည်အလှူခံသည့် PDF များက လက်ရှိအချိန်တွင် အလှူငွေခွဲတမ်းကို တောတွင်းတစ်နေရာ၌ ဝေမျှယူပြီး လောက်ပြီဖြစ်သည်။ သူတို့ မကာကွယ်၍ မိုးကုတ်လည်း ထင်သလောက် ပျက်စီးမည့်အရေးက ကင်းလွတ်ခွင့်ရခဲ့ရကာ စစ်ဘေးရှောင်ရသည့် မိုးကုတ်ဒေသခံများလည်း တပ်မတော်အုပ်ချုပ်မှုအောက်တွင် နေရပ်ကို စိတ်အေးလက်အေး ပြန်လာနိုင်တော့မည် ဖြစ်သည်။ PDF တို့ မကာကွယ်၍ ပျက်စီးမှု နည်းပါးသွားရသည့် မိုးကုတ်မြို့အတွက် သည်တစ်ခါပဲ လူလိမ်များကို ကျေးဇူးတင်ဖူးသည်ဟု မိုးကုတ်ဒေသခံများကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။

စိတ်ဝင်စားစရာကောင်းလာသည့် အခိုက်အတန့်များ
    သည်ရက်ပိုင်း မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သမျှက စိတ်ဝင်စားစရာ ကောင်းလှသည်။ အမေရိကန်နိုင်ငံက TPS ဖျက်သိမ်းလိုက်ခြင်းနှင့်အတူ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း ပုဒ်မ၅၀၅(က) အမှုများကို ပိတ်သိမ်းပေးခဲ့သည်။ ထိုထုတ်ပြန်ချက်ကြောင့် အမေရိကန်အပါအဝင် တတိယနိုင်ငံများသို့ ထွက်ပြေးနေသူများအဖို့ "ကျွန်တော်၊ ကျွန်မတို့က ၅၀၅(က) တွေပါ၊ ပြန်လို့မရလို့ပါ"ဟူ၍ ရောက်ရှိသည့်နိုင်ငံများတွင် အကြောင်းပြ၍ မရတော့ဘဲ ဖြစ်ကုန်ကြရ၏။ ထို့ကြောင့် ပြည်ပရောက်နေသူများက ပြည်တွင်းရှိလူများကို အပြစ် ပြောကြလေသည်။ သဘောက ၁၂ ရာသီပွဲလမ်းသဘင်များတွင် ပြည်တွင်းကလူများ ပျော်ပျော်ရွှင်ရွှင်နှင့် စည်ကားနေမှုကြောင့် ပြည်ပ ရောက်နေသူများက ပြန်လာရတော့မည်ဖြစ်ကြောင်း အပြစ်ဖို့ကြ၏။ သို့မို့ကြောင့်ထင်သည်၊ ပြည်တွင်းက ပျော်ပွဲရွှင်ပွဲမှန်သမျှ BC လုပ်ကြရန် မြန်မာ နိုင်ငံ၏ မကောင်းသတင်းများကိုသာ ကမ္ဘာကို ပျံ့နှံ့ရန် ၎င်းတို့က အစဉ် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ အနေအစားချောင်ရန် မြန်မာနိုင်ငံအပေါ်ထားသည့် စေတနာဟုဆိုနိုင်ပါသည်။
    ထိုကဲ့သို့ အကြောင်းအရာများအပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး ၅၀၅(က) အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ် ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၆၁ ဦးကို နိုဝင်ဘာ ၂၆ ရက်က လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ အပေါင်းလက္ခဏာဆောင်သည့် စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပေါင်းများစွာ ရှိသည့်အနက်က မြန်မာ ယူ-၁၇ အမျိုးသားအသင်းကလည်း အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့လေရာ တကယ့်စိတ်ဝင်စားစရာ အခိုက်အတန့် ပေါင်းဆုံနေသည့်ကာလဟု ဆိုနိုင်ပါသည်။

သူမ၏ အပျော်များ ကူးစက်ရပါသည်
    ထိုအခိုက်အတန့်တွင် အသံကုန်ဟစ်ခဲ့ပါ၏။ ဖြစ်နိုင်လျှင် တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးပါ ကြားသိစေရန် အသံကုန် အော်ဟစ်ချင်စိတ်ပင် ဖြစ်ခဲ့ရသည့် အခိုက်အတန့်ဟု ဆိုနိုင်ပါသည်။ မြန်မာ ယူ-၁၇ အမျိုးသားအသင်းက ဆီးရီးယား ယူ-၁၇ အသင်းကို သုဝဏ္ဏကွင်းမှာ နှစ်ဂိုးစီသရေကျပြီး အာရှဖလားခြေစစ်ပွဲ အောင်သွားချိန် ခံစားချက်ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် မြန်မာ ယူ-၁၇ အမျိုးသားဘောလုံးအသင်း ခြေစစ်ပွဲအခြေအနေကောင်းနေသည်ကို အမှုမဲ့အမှတ်မဲ့ဖြစ်နေပြီး ကောင်းကောင်း သတိမထားမိခဲ့ပေ။ မည်သည့်အချိန်က မည်သည့်အသင်းများနှင့် မည်သည့်နေရာတွင် ကန်နေသည်ကို သတိမထားမိခဲ့။ TikTok ကိုဖွင့်ကြည့်ချိန် အိုမန်ရောက် မြန်မာမလေးတစ်ယောက်က မြန်မာအသင်း အကြောင်းကို အားပါးတရပြောချိန်ရောက်မှ သတိထားမိခဲ့သည်။ သူမပြောပြသည်များက စိတ်လှုပ်ရှားစရာလည်း ကောင်းသကဲ့သို့ ဇာတိသွေးဇာ တိမာန်ပါ တက်ကြွရသောကြောင့် ဝေမျှလိုပါသည်။
    အိုမန်ရောက် မြန်မာအိမ်အကူ အမျိုးသမီးလေးက သူမ အလုပ်လုပ်သော အိမ်ရှင်သည် မြန်မာနှင့် အိုမန်ဘောလုံးပွဲအတွက် အလောင်းအစားလုပ်ရန် စိန်ခေါ်လေသည်။ ထိုအိမ်ရှင်က နိုဝင်ဘာ ၂၈ ရက် မြန်မာနှင့် အိုမန်အသင်းတို့ မကစားမီ တစ်ရက်အလိုတွင် မြန်မာအမျိုးသမီးလေးကို "မနက်ဖြန် နင်တို့ မြန်မာအသင်းနဲ့ ငါတို့ အိုမန်အသင်းကစားမှာ နင်လောင်းရဲလား"ဟု မေးသဖြင့် မြန်မာအမျိုးသမီးလေးက လောင်းရဲသည်ဟု စိန်ခေါ်ခြင်းကို ကျေကျေနပ်နပ် လက်ခံခဲ့သည်။ အိုမန်အိမ်ရှင်က အကယ်၍ မြန်မာ အသင်းသာ အိုမန်အသင်းကို အနိုင်ရလျှင် မြန်မာအမျိုးသမီးလေးကို Shooping လိုက်ပို့ပေးမည်ဖြစ်ပြီး အကယ်၍ မြန်မာအသင်းက အိုမန်အသင်းကိုရှုံးခဲ့လျှင် မြန်မာအမျိုးသမီးလေး အသုံးပြုနေသည့် ခေါင်းလျှော်ရည်ကို နိုင်ကြေးအဖြစ်ယူမည် ဟုစိန်ခေါ်သဖြင့် လက်ခံခဲ့သည်ဟုဆိုလေသည်။ မြန်မာအမျိုးသမီးလေး အသုံးပြုသည့် ခေါင်း လျှော်ရည်သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှ မှာယူထားသော ခေါင်းလျှော်ရည်ဖြစ်ကာ အိုမန်အိမ်ရှင်တို့က ထိုခေါင်းလျှော်ရည်ကို လိုချင်နေသည်ဟုဆိုသည်။ ထိုခေါင်း လျှော်ရည်က မြန်မာငွေအားဖြင့် ကျပ် ၆၅၀၀ သာ တန်ကြေးရှိပြီး ဆံပင်မကျွတ်သောကြောင့် အိုမန်အိမ် ရှင်တို့က သုံးချင်နေသည်ဟုဆိုသည်။ မြန်မာခေါင်းလျှော်ရည်ကို သုံးနေသည့် မြန်မာအမျိုးသမီးလေးကို အိုမန်အိမ်ရှင်က "ဟဲ့ ... ငါတို့ဝယ်ပေးတဲ့ ခေါင်းလျှော်ရည် မသုံးဘူးလား"ဟုမေးရာ "သုံးပါတယ်။ ဒါက မြန်မာပြည်ကလာတဲ့ ခေါင်းလျှော်ရည်က ဆံပင်မကျွတ်လို့ ဒါကိုပိုသုံးနေတာပါ"ဟု မြန်မာအမျိုးသမီးလေး၏အဖြေကို အိုမန်အိမ်ရှင်တို့က သဘောကျကျေနပ်နေပြီး ထိုစဉ်ကတည်းက မြန်မာခေါင်းလျှော်ရည်ကို လိုချင်နေသည်ကို မသိခဲ့ဟု ဆိုလေသည်။ အမှန်တကယ် အိုမန်က အိမ်ရှင်တို့လိုချင်လျှင်လည်း ပေးမည်ဟုဆိုကာ ယခုတော့ အိုမန်-မြန်မာပွဲ အလောင်းအစားအတွက် ဘောလုံးပွဲကြည့်ရန် စိတ်အားထက်သန်နေသည်ဟု ဆိုလေသည်။
    နိုဝင်ဘာ ၂၈ မြန်မာနှင့် အိုမန်ဘောလုံးပွဲကို အိုမန်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကန်သည်ဖြစ်သဖြင့် မြန်မာအမျိုးသမီးလေးက တစ်မနက်ခင်းလုံး အိမ်မှုကိစ္စများကို အပြီးအစီး ဆောင်ရွက်ထားကာ ဘောလုံးပွဲကြည့်ရန် အားခဲထားလေသည်။ ရောက်နေသည်က အိုမန်နိုင်ငံ၊ အတူကြည့်ရမည့်သူများက အိုမန်မိသားတစ်စုလုံးနှင့် မြန်မာအမျိုးသမီးတစ်ယောက်တည်း၊ မြန်မာသွေးသည်ရဲသည်ဟုလည်း အိုမန်မိသားစုကို ကြွေး ကြော်ကာ အားတင်း၍အားပေးလေသည်။ မြန်မာအသင်းသည် အုပ်စု(ွ)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်နှင့် ဆီးရီးယားတို့နှင့် ယှဉ်ပြိုင်ရသည်။ အိုမန်နှင့် ပွဲမတိုင်မီ မြန်မာအသင်းက အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး တစ်ဂိုး၊ နီပေါအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားပြီး အာရှဖလားခြေစစ်ပွဲအတွက် အိုမန်အသင်းနှင့် ပွဲနိုင်ရလျှင် ခြေစစ်ပွဲအောင်ရန် အလားအလာအကောင်းဆုံးသော အခြေအနေတွင် ရှိနေသည်။ တစ်ဖက် အိုမန်အသင်းသည်လည်း ဆီးရီးယားအသင်းကို သုံးဂိုး တစ်ဂိုး၊ နီပေါအသင်းကို ငါးဂိုးပြတ် အနိုင်ရရှိထားပြီး မြန်မာအသင်းကို အနိုင်ရလျှင် ခြေစစ်ပွဲအောင်ရန် အခွင့်အရေး ကောင်းနေရာ နှစ်သင်းလုံးအတွက် အရေးကြီးဆုံးသော အဆုံးအဖြတ်ပွဲကဲ့သို့ ဖြစ်နေလေသည်။ ဆိုခဲ့သည့်အတိုင်း မြန်မာနှင့်အိုမန်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပေမယ့် အိုမန်ရောက်မြန်မာမလေးက အိုမန်တစ်မိသားစုလုံးနှင့် တစ်ယောက်ကျားကန်၍ အားပေးနေရလေသည်။ မြန်မာအသင်းသည် အိုမန်အသင်းကို ပွဲချိန် ၆၃ မိနစ်နှင့် ၆၇ မိနစ်တို့တွင် နှစ်ဂိုးသွင်း ယူခဲ့ပြီး အိုမန်၏ အာရှဖလားခြေစစ်ပွဲအိပ်မက်ကို အကောင်းဆုံး ရိုက်ချိုး၍ မြန်မာအသင်း၏ ခြေစစ်ပွဲအောင် မြင်ရေးအိပ်မက်ကို အကောင်းဆုံး အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများပျော်သည်ထက်၊ မြန်မာအသင်းသူ အသင်းသားနှင့် နည်းပြများပျော်သည်ထက် အိုမန်ရောက် အိမ်အကူမလေးတစ်ယောက်က ပို၍ ပျော်နေသည် ထင်ပါသည်။အိမ်ရှင်မိသားစုကြည့်နေသည့် တီဗွီဖန်သားပြင်ရှေ့တွင်  ထိုမြန်မာမလေးက မြန်မာသွေးရဲကြောင်း စိတ်လွတ် ကိုယ်လွတ် အော်ဟစ်ကခုန် အားပေးနေလေသည်။ ထိုသို့ ကခုန်အားပေးနေ သည်ကို အိုမန်အိမ်ရှင်မိသားစုသည်လည်း မြန်မာမလေးကို Video ရိုက်ကာ မှတ်တမ်းတင်ထားပြီး မြန်မာတို့၏ အောင်မြင်မှုကို အသိအမှတ်ပြု ပေးသည့်မြင်ကွင်းက မြင်တွေ့ရသူအဖို့ ကြည်နူးစရာဖြစ်ခဲ့ရသည်။ ထိုအကြောင်းအရာများက မြန်မာ ယူ-၁၇ အသင်း အာရှဖ လားကိုစတင် စိတ်ဝင်စားလာရသည့်အ ကြောင်းအရင်း ဖြစ်လာရပါသည်။


ဆော်ဒီသွားခွင့်လတ်မှတ်အတွက် တိုက်ပွဲ
    ဤကဲ့သို့ခံစားမှုမျိုး မခံစားရသည်မှာအတော် ပင်ကြာခဲ့သည်။ မည်သည့်အချိန်ကစပြီး ထိုခံစားချက်မျိုး ပြန်လည်မခံစားခဲ့ရသည်ကိုပင် အမှတ်မရမိတော့ပေ။ ငယ်ငယ်က မြန်မာဘောလုံးပွဲဆိုလျှင် ရေဒီယိုကထုတ်လွှင့်ခဲ့သည့် တိုင်းနှင့်ပြည်နယ်ပွဲပါမကျန် အားပေးခဲ့ဖူးသည်။ ဗီဒီရိုရုံတွင် ၅ ကျပ်၊ ၁၀ ပေး၍လည်း အားပေးခဲ့ဖူးပါသည်။ မြန်မာအသင်း ရှုံးရှုံးနိုင်နိုင် မည်သည့်အခါကမျှ အားပေး၍မဝခဲ့အောင် အားပေးခဲ့ဖူးပါသည်။ နောက်ပိုင်း မြန်မာအသင်းသည်လည်း ကြီးကြီးမားမား အောင်ပွဲနှင့် ဝေးကွာနေသည်မှာ ကြာလာသကဲ့သို့ မြန်မာဘောလုံးပွဲကိုလည်း စိတ်လိုက်မာန်ပါ အားမပေးဖြစ်သည်မှာ ကာလအတန်ကြာသွားခဲ့သည်။ မှတ်မှတ်ရရ မြန်မာယူ-၂၀ အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်စဉ်က ကြည့်ရှုခဲ့တုန်းကလည်း ရှုံးခြင်း၊ နိုင်ခြင်း အပထား အရသာရှိလိုက်လေခြင်း။ ထိုစဉ်က ၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာယူ-၂၀ နှင့် အမေရိကန် ယူ-၂၀အသင်းတို့ အဖွင့်ပွဲ စတင်ကစားခဲ့ရပြီး ပထမဦး ဆုံးအဖွင့်ဂိုးကို မြန်မာက စတင်သွင်းယူခဲ့လေသည်။ နံနက် ၁၀ နာရီခန့်တွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာဘောလုံးပွဲရှိသဖြင့် ရုံးလည်းတက်လိုစိတ်မရှိ။ မြို့ထဲထွက်လာကာ တစ်ယောက်တည်း ဘောလုံးပွဲကို ဘယ်နေရာတွင် ကြည့်ရမည်မှန်းမသိသဖြင့် တစ်ယောက်တည်း ဘီယာဆိုင်ထိုင်ကာ အားပေးမိ၏။ နံနက်စောစော ဖြစ်သောကြောင့် ဘီယာဆိုင်တွင် လူမစည်ဘဲ တစ်ယောက်တည်း ကြည့်ရသကဲ့သို့ ဖြစ်နေလေသည်။ မြန်မာက အမေရိကန်အသင်းကို အဖွင့်ဂိုးစ၍သွင်းလိုက်ရာ ခုံကိုထု လက်သီးလက် မောင်းတန်းပြီး အော်ဟစ်လိုက်ရသည့် အရသာက ဘာနှင့်မျှမလဲနိုင်၊ မျက်ရည်များပင် ဝဲလာသည်အထိ စိတ်ရောကိုယ်ပါနှစ်၍ အားပေးမိခဲ့သည်။ ထိုပွဲတွင်အမေရိကန်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်း ကမ္ဘာ့ဖလားကန်ခွင့်ရသည်ကို၊ ကြည့်ရှုခွင့်ရသည့် အရသာကို အရှုံးအနိုင်နှင့် မဆုံးဖြတ်၊ တစိမ့်စိမ့်ကြည့်ကာ အရသာ ခံခဲ့ရသည်။ 
    ယခုလည်း မြန်မာယူ-၁၇အသင်းသည် ဆီးရီးယားအသင်းကို သရေကျလျှင်ပင် အာရှဖလားခြေ စစ်ပွဲအောင်မည်ဖြစ်ရာ ဆီးရီးယားနှင့်ပွဲကို အားခဲ၍ ကြည့်ဖြစ်သည်။ ခြေစွမ်းကောင်း၊ သည်မကောင်းသည် အပထား။ မြန်မာဟေ့ဆိုလျှင်အား ပေးချင်စိတ်နှင့်ကြည့်ဖြစ်၏။ မြန်မာအသင်းက ပွဲချိန် ၁၀ မိနစ်တွင် အဖွင့်ဂိုး စတင်၍ သွင်းလိုက်ကတည်းက ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် အာရှဖလားဘောလုံး ပွဲကို ခြေတစ်ဖက်ရောက်နေ ပြီဟု ခံစားလိုက်ရသည်။ ဆီးရီးယားအသင်းကလည်း ပွဲချိန် ၁၅ မိနစ်တွင် ချေပဂိုး ပြန်၍သွင်းကာ မြန်မာအသင်းကို ဖိအားပေးလာလေသည်။ ပထမပိုင်း မြန်မာအသင်းက ခြေစွာကာ အနိုင်ရမည်ဟု ယုံကြည်ချက်လည်း အပြည့်ရှိနေရာ ပွဲချိန် ၃၄ မိနစ်တွင် ဒုတိယမြောက် အနိုင်ဂိုးကို မြန်မာက သွင်းလေသည်။ ပထမပိုင်း နှစ်ဂိုးတစ်ဂိုးဆိုသည့်ရလဒ်က လူသည်မြေကြီး နှင့်ခြေထောက် ထိသည်ဟုပင် မထင်တော့။ ပျော်နေခြင်းဖြစ်သည်။ ဒုတိယပိုင်း ပွဲစတင်ချိန်တွင် မြန်မာအသင်းသည် ခြေစွမ်းပိုင်းရော၊ ကစားကွက်ပါ ပထမပိုင်းနှင့် လုံးဝမတူတော့ဘဲ ကစားအား အရမ်းကျ ဆင်းသွားလေသည်။ မိနစ် ၉၀ လုံးလုံး အင်တိုက်အားတိုက် မကစားနိုင်သည်ကို တွေ့ရသည်။ သို့သော်လည်း သရေကျလျှင် ပင်ခြေစစ်ပွဲအောင်မည် ဖြစ်သောကြောင့် စိတ်သိပ်မပူပေ။ ကံကောင်းသည်ဟု ဆိုရမလား၊ ဆီးရီးယားအသင်းက ဒုတိယပိုင်း ၈၈ မိနစ်ရောက်မှ ဒုတိယမြောက် ချေပဂိုးသွင်းယူကာ နှစ်ဂိုး စီသရေဖြင့် ဆော်ဒီသွားသည့်လက်မှတ် မြန်မာအသင်းက ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့သည်။ 
    နိုဝင်ဘာ ၃၀ ရက်က သုဝဏ္ဏဘောလုံးကွင်သည် စံချိန်တင် ပရိသတ်များပြားခဲ့သည်။ ရန်ကုန်ရှိ မြန်မာများသာမကဘဲ နိုင်ငံတစ်ဝန်းသွား၍ လာ၍ လွယ်ကူသည့် နေရာစုံအနယ်နယ်အရပ်ရပ်က လာရောက် အားပေးခဲ့ကြသည်။ ပွဲကြည့်စင်အားလုံးအပြည့်၊ တီဗွီ ဖန်သားပြင်မှ ကြည့်ရှုသူများလည်း နိုင်ငံ တော်သီချင်းကို ပြိုင်တူသီဆိုကာ အားပေးနေသည့် မြင်ကွင်းမျိုးက ကြက်သီးထလောက်စရာ ကောင်းလှ၏။ မြန်မာယူ-၁၇ အသင်း၏အောင်မြင်မှုကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ချက်ချင်း အသိအမှတ် ပြုကာ ကျပ်သိန်းတစ်ထောင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များကလည်း  ယူ-၁၇ အသင်းကို ဂုဏ်ပြုချီးမြှင့်ခြင်းများစွာ ချီးမြှင့်ခဲ့ကြ သည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ မြန်မာတစ်မျိုးသားလုံး၏ စိတ်အာဟာရကိုလည်း ပြည့်ပြည့်၀၀ ဖြည့်စွမ်းလိုက် နိုင်သည့် အခိုက်အတန့်ဟုလည်း ခံစားလိုက် ရသည်။ ၂၀၂၆ မေလ ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် အာရှယူ-၁၇ အသင်း ခြေစစ်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့သည့် မြန်မာအသင်းကို အားပေးမည့် ပရိ သတ်များသည်လည်း ဆော်ဒီနိုင်ငံသို့ ကိုယ်တိုင်လိုက်ပါ အားပေးနိုင်ရန် ပြင်ဆင်နေကြသူများလည်း အများအပြား ရှိနေကြသည်ကို အားရဖွယ် တွေ့မြင်နေရလေသည်။ ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် အာရှ ဖလားယူ-၁၇ အသင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်အလံ လွှင့်ထူပြီး မြန်မာနိုင်ငံတော်သီချင်းကို ရင်ဘတ်ပေါ်လက်တင်သီဆိုပြီး အားပေးရမည့်အချိန်ကို မစောင့်နိုင်အောင်လည်း ဖြစ်နေရသည်ဟုသာ ဆိုချင်ပါသည်။ ထို့အပြင် မြန်မာ ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းကလည်း အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သဖြင့် ယနေ့လူငယ်များနှင့် အာရှကျားကြီး နိုးထလာပြီဟု မြန်မာဘောလုံးပရိသတ်များက ဂုဏ်ယူအောင်ပွဲခံနေကြသည်။ မြန်မာနိုင်ငံတော် သီချင်းကို စည်းလုံးညီညွတ်စွာ သီဆိုချိန်ကျ ရောက်လာပြီ ဖြစ်ပါကြောင်း။

( ရွှေထီး  )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58644

© 2022 - 2025 News. All Rights Reserved.