နေပြည်တော် ဘိုးဘိုးကြီး

မြန်မာပြည်သူတွေကို ဆွဲချသွားတဲ့ Facebook
    ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလများက ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းမျိုးစုံကို လူမှုကွန်ရက်တွင် နေ့စဉ်အချိန်နှင့်အမျှ ကြားနေ၊ တွေ့နေရသည်။ ကြားနေရသည့် သတင်းမျိုးစုံထဲမှ ဘိုးဘိုးကြီး စိတ်ဝင်စားရသည့် သတင်းကို ဖောက်သည်ပြန်ချချင်သည်။ အဆိုပါ ကာလများက ဘိုးဘိုးကြီးနှင့် ရင်းနှီးသူပြောရေးဆိုခွင့်ရှိသူက တစ်ရက် ရန်ကုန်ရောက်တုန်း ဘိုးဘိုးကြီးကို ထူးဆန်းသည့်စကား ဆိုသည်။
    "ဟေ့လူ NLD က ၂၀၂၀ ရွေးကောက်ပွဲအတွက် ငွေတော်တော် သုံးမှာဗျ။ အခုပဲ ဒစ်ဂျစ်တယ်မား ကတ်တင်းခေါင်းစဉ်နဲ့ သိန်း ၄၅၀၀၀ သုံးစွဲဖို့ ခွင့်ပြုပေးလိုက်ပြီ။ အဲဒီငွေကိုလည်း နေပြည်တော်စည် ပင်ဘဏ်က ထုတ်ပေးဖို့ ပြောသံကြားရတယ်"ဟု ဆိုလာလေသည်။
    အဆိုပါ များပြားလှသည့် ငွေကြေးများကို ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အွန်လိုင်းပေါ်မှ မည်သူတွေကို ရွေးချယ်ထားသည်။ တချို့ငွေကြေးကို ဘယ်သူ့ကို ဘယ်လောက်ပေးရမယ်လို့လည်း အသေးစိတ်ကြားလိုက်ရသည်။ ရွေးကောက်ပွဲ အသုံးစရိတ်နှင့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆိုရှယ်မီဒီယာကို အသုံးချခဲ့ပုံကိုလည်း မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပေသည်။
    ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလများက လူမှုကွန်ရက်တွင် NLD ပါတီ အနိုင်ရရေးအတွက် အနုပညာရှင်များ၊ ဆိုရှယ်မီဒီယာတွင် Follower များသူများက NLD ပါတီအတွက် မဲဆွယ်စည်းရုံး ပေးခဲ့ကြသည်။ ဆိုရှယ်မီဒီယာတွင် ပွတ်တိုက်မှုများခဲ့သလို အပြင်တွင်လည်း ပွတ်တိုက်မှု ကြီးမားခဲ့သည်။ NLD ပါတီထောက်ခံသူများက သူတို့ကို မထောက်ခံသူများနှင့် တခြားပါတီများကို နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်ခဲ့ကြသည်ကို ဘိုးဘိုးကြီးတို့ တွေ့မြင်ခဲ့ရသည်။ ဤနေရာတွင် ဘိုးဘိုးကြီးမိတ်တွေ ပြောခဲ့သည်ကို အမှတ်ရနေမိသည်။ "အစ်ကိုရေ သူတို့တွေ (NLD ထောက်ခံသူ) လက်ကုန်နှိုက်နေကြပြီ။ ပွဲကတော့ ကြည့်ကောင်းတော့မယ်နဲ့တူတယ်"ဟု ပြောခဲ့သည်ကို အမှတ်ရနေမိသည်။
    ဆိုရှယ်မီဒီယာအားကို ကောင်းကောင်းအသုံးချပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကို လုပ်လည်းလုပ်နိုင်ခဲ့သည်။ ပါတီတာဝန်ရှိသူများက ထိန်းရမည်ကို သိသိကြီးနှင့် မြှောက်ပင့်ပေးခဲ့သည်ကိုလည်း အတိုင်းသား မြင်နေရသည်။ ဖြစ်လာမယ့် နောက်ဆက်တွဲကို သိသူများက ထိန်းသိမ်းပေးဖို့ ပြောပေမယ့် အရာမရောက်တော့ရန်ပင် အလုပ်ခံခဲ့ရသေးသည်။ ဖုန်းတစ်လုံးရှိရုံမျှဖြင့် မိမိအမြင်ကို ပြောဆိုရေးသားကာ လူမှုကွန်ရက်တွင် သတင်းနှင့်ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များပါတင်ပြီး ပွဲခံနေကြသည်။ လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြောနေကြသည်။ ယနေ့အချိန်အထိလည်း ပြောချင်ရာပြော၊ ရေးချင်ရာ ရေးနေ၊ ဆဲချင်ရာ ဆဲနေသူများကို ဘိုးဘိုးကြီးတို့ တွေ့နေရသည်။
    "အစ်ကိုရာ ဒီ Facebook ကြီးပေါ်လာတာ ကျွန်မတို့ မြန်မာပြည်အတွက်တော့ တကယ့် အိပ်မက်ဆိုးပဲ။ လူတွေက ပြောချင်ရာပြော၊ ရေး ချင်ရာရေး၊ တင်ချင်ရာ တင်နေကြတာ တော်တော်ကို မျက်စိနောက်စရာကောင်းတယ်"ဟု ဘိုးဘိုးကြီး သူငယ်ချင်းတစ်ယောက်ကသူ Facebook နှင့်ပတ်သက်ပြီး ခံစားခဲ့ရပုံကို ၂၀၂၁ က ပြောပြသည်။

Facebook နှင့် ရှုပ်နေကြသူများ
    ဒီနေရာတွင် ဘိုးဘိုးကြီးစဉ်းစားမိတာ တစ်ခုရှိသည်။ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသည်။ ဒီမိုကရေစီအခြေခံအခွင့် အရေး ဖြစ်သည်။ မြန်မာပြည်သူအများစုက Facebook သုံးရာတွင် ရည်ရွယ်ချက်ကိုယ်စီ ရှိကြသည်။ တချို့က မိတ်ဆွေအပေါင်း အသင်းများနှင့် မိတ်ဆွေဖွဲ့၊ မိမိတို့ချင်း သတင်းဖလှယ်ရာတွင် သုံးကြသည်။ တချို့က ခရီးသွားရာတွင် တွေ့ကြုံရသော အတွေ့အကြုံများကို ဝေမျှကြသည်။ တချို့က ဈေးရောင်းကြသည်။ တချို့က ရင်ဖွင့်စရာရှိလျှင် ရင်ဖွင့်ကြသည်။ တချို့က အဖွဲ့အစည်းတစ်ခုကို မကျေနပ်လျှင် မိမိနာမည်အရင်းမသုံးဘဲ (နာမည်ဝှက်) ဖြင့် Psot တင်လိုက်ကြ သည်။ ရည်ရွယ်ချက်မျိုးစုံဖြင့် လူမှုကွန်ရက် Facebook ကို အသုံးပြုကြသည်။
    ၂၀၂၁ နောက်ပိုင်းတွင် မြန်မာပြည်တွင်းမှာ မရှိသူ အများစုက Facebook မှတစ်ဆင့် တည်ဆဲအစိုးရကို ဆန့်ကျင်ကြသည်။ ဝေဖန်ကြသည်။ ထိုးနှက်တိုက် ခိုက်ကြသည်။ သူတို့သည် မြန်မာပြည်တွင်း မှမဟုတ်ဘဲ ပြည်ပနိုင်ငံများမှ ဆိုရှယ်မီဒီယာကို အသုံးချကာ မြန်မာပြည်ကို ဝိုင်းတိုက်ခိုက်ခဲ့ကြသည်။ မြှောက်ပင့်သွေးထိုး ဘေးတီးပေးခဲ့ကြသည်။ ဘေးထိုင်ဘုပြောနေကြဆဲ။
    ဘိုးဘိုးကြီးတို့လည်း Facebook ကို သုံးသည်။ အလွန်အကျွံမဟုတ်၊ အပေါင်းအသင်း မိတ်ဆွေများ သတင်းဖလှယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအတွက် အသုံးပြုကြသည်။ Facebook ကိုတော့ အသုံးမချကြပေ။
    ဤနေရာတွင် Facebook ကို အသုံးချပြီး စီးပွားဖြစ်သွားသူတွေရှိသလို၊ Facebook ကြောင့် ဒုက္ခရောက်သွားသူများလည်း ဒုနဲ့ဒေး။
    မြန်မာလူမျိုးစရိုက်နှင့် Facebook ကွက်တိကျ ပုံကို ဒီနေရာတွင် ဘိုးဘိုးကြီး ပြောပြချင်သည်။ ဆိုရှယ် မီဒီယာတွင် Facebook များသူများ တင်လိုက်သည့် သတင်းဆိုလျှင် လူတွေ ထန်းလျက်ခဲကို ပုရွက်ဆိတ်အုံသည့်ပမာ ဝင်ရောက်ကြည့်ရှုကြပြီး မှတ်ချက်ပေးသူများလည်း အများအပြား ရှိကြသည်။ တစ်ဆင့်ဖြန့်သူများလည်း ဒုနှင့်ဒေး။ အဆိုပါသတင်းသည် ဖြစ်နိုင်၊ မဖြစ်နိုင် မည်သူမျှ မစဉ်းစား၊ မသုံးသပ်။ ခဏတာ စိတ်အာသာဖြေရန်အတွက် မိမိစိတ်ခံစားချက်များကို မှတ်ချက်ရေးသားသူကလည်း ပွဲဈေးတန်းလို ဖြစ်နေသည်။ အဆိုပါဖြစ်စဉ် ဖြစ်ရပ်သည် နောက်ဖြစ်စဉ် ဖြစ်ရပ်တစ်ခုပေါ်လာလျှင် အရင်ဟာပါ မေ့သွားပြီး အသစ်ဖြစ်ပေါ်လာသည့် ပြဿနာနောက်လိုက်ကာ ဝေလေလေလုပ်ကြပြန်သည်။ တချို့ Facebook ကို အသုံးချသူများအတွက်က မြန်မာပြည်သူလူထုအကြောင်းကို ကောင်းကောင်းသိပြီး ပိုက်ဆံရှာကြသည်။ တချို့ကလည်း အသုံးမချဘဲ စောင့်ကြည့်နေသူတွေက သက်သက်ရှိသည်။ လူမှုကွန်ရက်နှင့် မြန်မာလူထုကတော့ သူ့ဟာနဲ့သူ ဟုတ်နေကြသည်။ ကိုယ်သွားရှုပ်လို့မရ။ သူ့ဟာနဲ့သူ ရှုပ်နေကြ၏။ Facebook ပေါ်လာတာ မြန်မာတွေအတွက် ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း များသည်။


ဆိုရှယ်မီဒီယာကြောင့် ဒုက္ခရောက်ကြရသူများ
    ဘိုးဘိုးကြီး ပတ်ဝန်းကျင်တွင် အညာဒေသတွင် နေထိုင်သူများ အများအပြားရှိသည်။ သူတို့၏ မိသားစုကို အညာဒေသမှ ရန်ကုန်သို့ ၂၀၂၂-၂၃ လောက်တုန်းက ခေါ်လိုက်သည်။ ရန်ကုန်ကို လိုက်လာကြသည်။ အဲဒီမှာ သူ့အဖေနဲ့အမေက "ရန်ကုန်က စည်လိုက်တာ ဘာမှမဖြစ်သလိုဘဲ။ သွားစရာရှိတာ သွား၊ လာစရာရှိတာလာ၊ စားစရာရှိတာစား၊ လူတွေ ကိုယ့်အလုပ်ကိုယ်လုပ် နေကြသည်။ ငါတို့အညာမှာ က တိုက်ပွဲတွေ ဖြစ်နေတော့ တစ်ခါတလေ တောထဲပြေးလိုက်၊ တိုက်ပွဲငြိမ်သွားရင် အခြေအနေ နားထောင်ပြီး ကိုယ့်ရွာ ကိုယ်ပြန်လာလိုက် လုပ်နေကြရသည်"လို့ဆိုသည်။ ရန်ကုန်ညများတွင် စားသောက ဆိုင်များနှင့် စားသောက်ဆိုင်များတွင် စားသောက်နေသူများကို ကြည့်ပြီး တအံ့တသြ ဖြစ်ရသည်ဆို၏။ သူ့တို့ (အညာက လူတွေ)နားလည်ထားသည်က  တစ်နိုင်ငံလုံး တိုက်ပွဲများဖြစ်ပြီး လူတွေ ဒုက္ခရောက်နေ ကြရ၊ ပြေးလွှားနေကြရ၊ ဘယ်နေရာမှ မကောင်းတော့ဟု နားလည်ထားကြသည် ဆို၏။ ဘယ်ကကြား၊ ဘယ်သူက ပြောတာလဲဟု ဘိုးဘိုးကြီးမိတ်ဆွေကို မေးကြည့်ရာ သူတို့က ဆိုရှယ်မီဒီယာက ဘယ်ဟာတွေကိုပဲ ကြည့်နေကြတာလေ။ အဲဒါတွေကို နေ့တိုင်းကြည့်နေတော့ Facebook က သတင်းတွေကို အမှန်ထင်နေကြတာ။ အခုက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ လူတွေက အသွားအလာမပျက်၊ အစားမပျက် တွေ့နေရတော့ သူတို့ မြင်တွေ့၊ ကြည့်နေတဲ့ Facebook က ဒေါ်လာစား မီဒီယာ Page တွေရဲ့နောက်ဆက်တွဲကို ဘိုးဘိုးကြီး ကောင်းကောင်း သဘောပေါက်ခဲ့သည်။ ဆိုရှယ်မီဒီယာက သတင်းကြောင့် ဒုက္ခရောက်ခဲ့သည့်၊ ဉာဏ်ပညာပျက်ခဲ့သည့် သူတွေလည်း ယခုခေတ်တွင် မရေ တွက်နိုင်အောင်ပင်။


တာဝန်ယူမှု တာဝန်ခံမှု
    ဆိုရှယ်မီဒီယာတွင် တင်သောသတင်းများသည် သတင်းဖတ်သူ၊ သတင်းသိချင်သူများထံ ခဏလေးနှင့် ရောက်ရှိသွားသည်၊ ပျံ့နှံ့သွားသည်။ ဆိုရှယ် မီဒီယာ၏ လွှမ်းမိုးမှုသည် ယနေ့ခေတ်တွင် အတော်ကြီးမားသည်ကို ခေတ်ကိုဖြတ်သန်းနေသူတိုင်း သိကြသည်။ သို့သော် ဆိုရှယ်မီဒီယာမှ တင်သော၊ ပျံ့နှံ့နေသော သတင်းသည် သတင်းမှန်လား၊ သတင်းမှားလား၊ လုပ်ကြံထားသော သတင်းလား၊ တစ်ဖက်ကို တိုက်ခိုက်ထားသော (ရည်ရွယ်ချက်ရှိရှိ) သတင်းလား၊ သတင်းတင်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ မီဒီယာများ၏ ရည်ရွယ်ချက်ကို သာမန်သူများ နားလည်ရန် ခက်ခဲသည်။ သတင်းတင်ခြင်း၏ ရည်ရွယ်ချက်တွင် နောက်ဆက်တွဲ ပေါင်းများစွာ ပါရှိနေသည်။ သာမန်လူများအနေဖြင့် ဆိုရှယ်မီဒီယာမှ သတင်းဟာ မှန်လား၊ မှားလား ခွဲခြားနိုင်မှု အတော်နည်းသည်။ သတင်းဖြစ်ရပ်တစ်ခုအပေါ် အခြေခံပြီး တုံ့ပြန်ပုံ မတူကြပေ။ တစ်ယောက်နှင့်တစ် ယောက် စိတ်ခံစားချက်၊ ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ အကျင့်စရိုက်၊ ဉာဏ်ပညာသည် ဆိုရှယ်မီဒီယာ သုံးရာတွင်၊ တုံ့ပြန်ရာတွင် လွန်စွာ အရေးပါသည်ဟု ဘိုးဘိုးကြီး ထင်မြင် မိသည်။
    တချို့ဆိုရှယ်မီဒီယာ သုံးသူများသည် အခြားတစ်ဖက်ကို တိုက်ခိုက်ပြောဆိုရာတွင် တစ်ဖတ်ကမ်းခတ် ပြောဆိုတတ်ကြသည်။ ဆိုရှယ်မီဒီယာ လွှမ်းမိုးသောခေတ်ကို ယနေ့လူအများ နေ့စဉ် ကြုံတွေ့နေရ သည်။ ဆိုရှယ်မီဒီယာတွင် ခေတ်စကားနဲ့ပြောလျှင် (ပွဲ)တစ်ခု ဖြစ်နေလျှင်ငါလည်း ဒီပွဲကိုကြုံတုန်း ဆွမ်းကြီး ဝင်လောင်းလိုက်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆိုရှယ်မီဒီယာကို သုံးသူများလည်း အများအပြားပင်။
    ဘိုးဘိုးကြီး မိတ်ဆွေတစ်ယောက်က ဆိုရှယ်မီဒီယာကို လုံး၀ မသုံးပေ။ Viber ပဲ သုံးသည်။ Facebook မသုံး၊ TikTok မသုံး၊ သူရဲ့ Facefbook မသုံးရတဲ့ ရည်ရွယ်ချက်ကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ "လူတိုင်း ဖုန်းတစ်လုံးနဲ့ ထင်ရာ၊ မြင်ရာတွေ ရေးနေကြတာကွာ။ Facebook ကို အိမ်သာနံရံလို သဘောထားနေ ကြတာ။ ငါတို့က ဒီရေစီးထဲတော့ မပါချင်ဘူး"ဟု ပြောဆိုသည်။              

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )                           

 

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.