၂၀၂၆ ၊ ဇူလိုင် ၃
နိုင်ငံတိုးတက်ရေးအတွက် အရေးကြီးသည့် မဏ္ဍိုင်သုံးရပ် ပူးပေါင်းဆောင်ရွက်မှု
ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူများဖြစ်ပြီး နိုင်ငံတော်၏ အမြင့်ဆုံး ရာထူးများသည်လည်း ပြည်သူ့ကိုယ်စားပြုမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သမ္မတကို ပြည်သူများက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်သော်လည်း ပြည်သူများ၏ မဲဖြင့် ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ကြခြင်းဖြစ်ရာ သမ္မတသည် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသည့် နိုင်ငံတော်အကြီး အကဲဖြစ်သည်။
ထို့ကြောင့် တချို့သော မီဒီယာများတွင် သုံးစွဲနေကြသည့် နေပြည်တော်သမ္မတဆိုသည့် အသုံးအနှုန်းမှာ ပြည်သူကို စော်ကားခြင်းဖြစ်သည်ဟု ဘိုးဘိုးကြီး မှတ်ယူပါသည်။
နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဖွဲ့အစည်း တစ်ခုတည်း၏ စွမ်းဆောင်ရည်ဖြင့် မအောင်မြင်နိုင်ပေ။ အုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူဆောင်ရွက်သည့် အစိုးရ၊ ဥပဒေပြုရေး တာဝန်ယူသည့် လွှတ်တော်နှင့် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သည့် တပ်မတော်တို့သည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသော တာဝန်ဝတ္တ ရားများကို ညီညီညွတ်ညွတ် ထမ်းဆောင်နိုင်မှသာ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။
အစိုးရသည် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် မူဝါဒများ ချမှတ်ကာ အကောင်အထည်ဖော်ရသည်။ လွှတ်တော်သည် ဥပဒေများကို ပြည်သူ့အကျိုး ရှေးရှု၍ ရေးဆွဲပြဋ္ဌာန်းရသလို အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း စောင့်ကြည့် ထိန်းကျောင်းရသည်။ တပ်မတော်သည်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရသည့် တာဝန်ကိုထမ်းဆောင်ရသည်။ မဏ္ဍိုင်သုံးရပ်သည် မိမိတို့၏ အခန်းကဏ္ဍကို အပြန်အလှန်လေးစားကာ ပူးပေါင်းဆောင် ရွက်နိုင်ပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သည်။
သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတို့ ဖြစ်ပေါ်လာသည့်အခါ နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေးကျဆင်းမှုများနှင့် လူမှုရေးအခက်အခဲများ ကြုံတွေ့ခဲ့ရသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကို ဦးစားပေးကာ ဆွေးနွေး ညှိနှိုင်းမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံသင့်သည်။
နိုင်ငံတိုးတက်ရေးသည် မဏ္ဍိုင်တစ်ရပ်တည်းအပေါ် မူတည်နေသည်မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာမူတည်နေသည်။ မဏ္ဍိုင်သုံးရပ်အကြား ယုံကြည်မှု၊ တာဝန်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာလေ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးသည်လည်း ပိုမို အားကောင်းလာမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားကို အမြဲရှေးရှု၍ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ သည် မိမိတို့၏ သက်ဆိုင်ရာတာဝန်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ညီညွတ်စွာ ထမ်းဆောင်ကာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ပြည် ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
အင်တာနက်ဝန်ဆောင်မှု အရည်အသွေးနှင့် တာဝန်ခံမှု
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံ မှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါ စွမ်းဆောင်ရည်ထက် ကျဆင်းနေသော ကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းမေးမြန်းခဲ့သည်။ မေးခွန်း နှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အင်တာနက်အသုံးပြုသူများအနေဖြင့် အင်တာနက်လိုင်း ဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိသည့် ကုမ္ပဏီများနှင့် ရယူအသုံးပြုရန်၊ အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီသို့ အကြောင်းကြားရန်၊ ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန် ဆောင်မှုပေးအပ်ရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာ ဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ complaint@ptd.gov.mm email သို့လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားရန်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်း ဆောင်ရည်ကြောင့် အသုံးပြုသူများက ဆုံးရှုံးနစ်နာမှုများအား တိုင်ကြားလာလျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ ပြဋ္ဌာန်းထားသော ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၁ (က) အရ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ် ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးနိုင်ကြရမည် ဖြစ်သည်။ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးကြရ မည်လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ သန်းနှင့်ချီ၍ ရှိနေပြီး တစ်ဦးချင်းအနေဖြင့် နစ်နာဆုံးရှုံးမှုမှာ အနည်းငယ်မျှသာဖြစ်၍ တိုင်ကြားမှု မပြုကြသော်လည်း စိတ်ကျေနပ်မှုအရမူ စစ်တမ်းကောက်ကြည့် မည်ဆိုပါက အဖြေတစ်ခု ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ အင်တာနက်ဝန် ဆောင်မှုပေးသည့် Service Provider များအနေဖြင့် ဈေးကွက်မြှင့်တင်ရေး ဗျူဟာအမျိုးမျိုးဖြင့် ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင် လည်း စားသုံးသူများ လွယ်ကူအဆင်ပြေစေရန် ဂရုပြုဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။
ယနေ့ခေတ်တွင် အင်တာနက်သည် လူမှုဘဝ၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရဝန်ဆောင်မှုများအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံဝန်ဆောင်မှုတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်ဝန်ဆောင်မှုပေးသူ များအနေဖြင့် စာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုကို ပေးအပ်ရန်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက အချိန်မီ တာဝန်ယူ ဖြေရှင်းပေးရန် လိုအပ်သည်။ တစ်ဖက်တွင်လည်း စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာမှုများ ကြုံ တွေ့ပါက သက်ဆိုင်ရာဌာနများသို့ စနစ်တကျ တိုင် ကြားဆောင်ရွက်သင့်သည်။
စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းရှင်များ၏ တာဝန်ခံမှု မြင့်မားလာခြင်းနှင့် စားသုံးသူအခွင့် အရေးကို အလေးထားကာ ကာကွယ်ပေးနိုင်ခြင်းတို့သည် မြန်မာ နိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော အင်တာနက်ဝန် ဆောင်မှုစနစ်တည်ဆောက်ရေးအတွက် အရေးပါသော အခြေခံအုတ် မြစ်ဖြစ်မည်မှာ သေချာပါသည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )