Breaking

နေပြည်တော် ဘိုးဘိုးကြီး

၂၀၂၆ ၊ ဇူလိုင် ၁၉

ကြိုတင် ပြင်ဆင်ကာကွယ်ရမည့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု
    နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေနိုင်ပြီး ၂၀၂၆ ခုနှစ် အကုန်ပိုင်းတွင် အားအလွန်ကောင်းသော စူပါအယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
    အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ကမ္ဘာတစ်ဝန်းတွင် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်လာမှု မူမမှန်ခြင်း၊ လာမည့်နွေကာလများတွင် နေ့အပူချိန် မြင့်မား ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ  ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထား ကြသည်။ အယ်လ်နီညို ဖြစ်စဉ်သည် လက်ရှိကာလ အင်အားအသင့်အတင့် ရှိနေချိန်တွင် ကမ္ဘာ့အရှေ့ ခြမ်း၌ မိုးရွာသွန်းမှု မူမမှန်ခြင်းဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားစေခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြရ မည်ဖြစ် သည်။
    မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများ ယခုရက်သတ္တပတ်အတွင်း ပိုမို ဖြစ်ပေါ် နေပြီး လာမည့် ရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ကမ္ဘာ့အနောက် ခြမ်း ဥရောပနိုင်ငံများတွင် အပူချိန် မြင့်မားမှုကြောင့် အပူဒဏ်အန္တရာယ်ကို ပြည်သူများခံစား ကြရပြီး အချို့ပြည်သူများ အသက်သေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အရှေ့ခြမ်း အချို့နိုင်ငံ များတွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်။
    ဇူလိုင် လ ၁၂ ရက် နံနက်မှ ဇူလိုင် ၁၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေ ရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး^ဇလက သတင်း ထုတ်ပြန်ထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် အမြင့် ကိုးပေမှ ၁၂ ပေခန့်အထိ ရှိနိုင်သည်။
    မြန်မာနိုင်ငံအနေဖြင့် အထူးသတိပြုရမည်မှာ လက်ရှိအခြေအနေတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ အယ်လ်နီ ညိုဖြစ်စဉ်နှင့် ရာသီဥတုမူမမှန်မှုကြောင့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေး ဖြစ်စဉ်များနှင့် မိုးရာသီ ကုန်ဆုံးသည့်အခါတွင် အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် အအေးလွန်ကဲ ခြင်း မဖြစ်ခဲ့လျှင် အပူလွန်ကဲမှုကို အထူးသတိပြု၍ ကြိုတင်ကာကွယ် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ဖြစ်ပေါ်နေသော အယ်လ်နီညို ဖြစ်စဉ်သည် ၂၀၂၆ ခုနှစ်ကုန်ပြီးနောက် ၂၀၂၇ ခုနှစ် ကာလအထိ ကြီးကြီးမားမား သက်ရောက်မှု ရှိမည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသဖြင့် ရေကြီးရေလျှံ မှုနှင့် အပူဒဏ်ကာကွယ်ရေးကို ရေရှည်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်သည်။
    နိုင်ငံတော်သမ္မတကြီးက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ကျင်းပသည့် မိုးရာသီနိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် အယ်လ်နီညိုဖြစ်စဉ်နှင့် သစ်တော သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့သည်။
    သမ္မတကြီး၏ ပြောကြားချက်အရ ယခုနှစ် ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်သို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်များ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ ထိုသို့ဖြစ်ပေါ်လာ ပါက မိုးခေါင်ရေရှားခြင်း၊ အပူချိန်လွန်ကဲခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းခဲ့သည်။
    ထို့ပြင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ဝန် ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်နှင့် သက်ရှိများအတွက် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ နိုင်ငံ့ဧရိယာ၏ ရာခိုင်နှုန်း ၅၀ အထိ သစ် တောဖုံးလွှမ်းမှု ရောက်ရှိအောင် ဆောင်ရွက်ရမည်ဟုလည်း သမ္မတကြီးက မှာကြားသည်။ ထိုရည်မှန်း ချက်အောင်မြင်ရန်အတွက် မိမိတို့ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အလိုက် လမ်းဘေးဝဲယာများတွင် သစ်ပင် များ စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးပြီးသော အပင်တိုင်း ရှင်သန်အောင် ပြုစု ထိန်းသိမ်းကြရန် လမ်းညွှန်ခဲ့သည်။
    သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ယခုကာလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်၊ ချောင်းငယ်နှင့် အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များကို သတိပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် ရုတ်တရက်ရေကြီးခြင်း အန္တရာယ် ဖြစ်နိုင်ခြေရှိသော ဒေသများ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါသည်။

အညာခံနေရတဲ့ အညာသားတွေအတွက် ရင်နာနေတဲ့ အညာသား
    အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ကျော်ကြီး (MDY) အကောင့်ပိုင်ရှင် ရေးသည့် ပို့စ်တစ်ခု စိတ်ဝင်စားမှု များပြားခဲ့သည်။
    သူရေးထားတာက ယနေ့နိုင်ငံရေးအခြေအနေကို ထင်ဟပ်သည့်အတွက် မှတ်ချက်ပေးသူများလည်း အများအပြား ရှိခဲ့သည်။
    " PDF လူငယ်လေးတွေ သေလိုက် ပြည်ပကနေ ဘီယာလေး၊ ဝိုင်လေးသောက်၊ ပုံလေးတင်ပြီး ရင်နာလိုက်တာ ကမ္ဘာမကျေဘူး ကမန်းကတန်း ထအော်လိုက်၊ အလှူခံစားလိုက်၊ ကမ္ဘာမကျေ ရင်နာနေရင် ပြန်လာကူတိုက်ပေးလိုက်လေ။ ကိုယ်ကတော့ စစ်မှုထမ်းရန် အသင့်၊ လက်နက်ကိုင်ရန်အသင့်၊ သွေးကြွေးမှာ ဆွေးနွေးစရာမလိုဘူး ကြွေးကြော်၊ ၂၀၂၁ ဖေဖော်ဝါရီကတည်းက အမေရိကား ရောက်နေကြပြီ။ ကိုယ်တင်ပြေးတာမဟုတ် ဆွေးမျိုးမိဘတွေပါ ခေါ်သွားကြတာ။ ပြည်တွင်းက လူတွေက ပြန်စရာ အိမ်မရှိ တော့ဘူး၊ သူတို့က ပြည်ပမှာ အိမ်ပိုင်နေပြီ၊ ချမ်းသာနေပြီ။ လူယုတ်မာတွေ၊ လူ့တိရစ္ဆာန်တွေ၊ ကိုယ့်မိဘရော၊ ကိုယ်ရော အညာသားမလို့ အညာကလူငယ်တွေကို ပြောပြချင်တာက တော်လှန်ရေး အစပြုခဲ့တဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက လူတွေအကုန်လုံး ကိုယ့်အလုပ်ကိုယ်လုပ်၊ ပုံမှန်ဖြစ် ပျော်ပါးနေကြ တာ လေးနှစ်လောက်ရှိပြီ။ မြှောက်ပေးနေတဲ့ နိုင်ငံရေး လုပ်စားတွေ၊ လော်ဘီတွေကလည်း ပြည်ပမှာ ဇိမ်ကျနေပြီ။ အခု နှစ်ဖက်ချနေတဲ့ ပျူဖြစ်ဖြစ်၊ PDF ဖြစ်ဖြစ် အားလုံးက ဒို့ အညာသူ အညာသား၊ ညီအစ်ကို မောင်နှမတွေပဲ တစ်ချိန်က နှစ်ရွာတစ်ရွာနေ သူ့ဘုရားပွဲ ကိုယ်သွား၊ ကိုယ့်ဘုရားပွဲ သူလာ ချစ်ချစ်ခင်ခင် နေလာကြသူတွေ ငါ့ညီတို့ ဘယ်သူ့အတွက် လုပ်နေကြတာလဲ စဉ်းစား။ ခုတိုက်နေတဲ့အထဲ ဘယ်ခေါင်း ဆောင် သားသမီး၊ ဘယ်သူဌေး သားသမီး၊ ဘယ်လော်ဘီ၊ ဘယ်အနုပညာရှင်၊ ဘယ်သူတွေပါလဲ။ မြင်အောင် ကြည့်ကြစမ်းပါ မအကြနဲ့တော့။ ကိုယ့်ဘဝ၊ ကိုယ့်မိဘ၊ ကိုယ့်မိသားစုကိုပဲ အရင်ဆုံး ပြန် ကြည့်ကြ တန်ဖိုးထားကြ၊ ကိုယ့်ပြည်သူချင်း တိုက်နေရတဲ့ပွဲ ဘယ်သူနိုင်နိုင် ကိုယ့်သွေးကို ဖောက် သောက်ရသလိုပဲ အရသာ မရှိလှပါဘူးကွာ။ အရသာ ရှိနေသူတွေက ဘေးက လက်ခုပ်တီးနေတဲ့ လူယုတ်မာ၊ လူ့တိရစ္ဆာန်တွေ ငါတို့အညာသူ အညာသားတွေကို ချစ်လွန်းလို့ ပြောတာပါ။ ငါမသိသလို နေလိုက်လည်းရတယ်၊  ဒါမျိုးပြောတာ ငါ့အတွက် အကျိုးမရှိဘူး ဆိုတာလည်း သိတယ်။ ငါတို့ ရိုးအတဲ့ အညာသားတွေအတွက် မနေ နိုင် ခံစားရလွန်းလို့ ပြောလိုက်တာပဲ"ဟု ရေးသားထား ခြင်းဖြစ်သည်။
    မှတ်ချက်ပေးသူတစ်ယောက်က "လက်နက် ကိုင်ထားတဲ့ PDF တွေ၊ ခေါင်းဆောင်တွေက အရင်က ရပ်ထဲရွာထဲ လူရာမဝင်တဲ့ကောင်တွေ ဂန်းလေးကိုင်ပီး ငွေရှာရတဲ့ အရသာကို ကြိုက်နေတာ"ဟု မှတ်ချက်ပေးသည်။
    စစ်ပွဲ၏ အရသာမှာ ခါးသက်လွန်းလှပြီး ၎င်း၏ နောက်ဆုံးရလဒ်မှာ မည်သူ့အတွက်မျှ အကျိုးမရှိ သော အရှုံးများသာ ဖြစ်သည်။ တစ်ချိန်က ဘုရားပွဲ၊ ရွာပွဲများတွင် ရင်းနှီးချစ်ခင်စွာ နေထိုင်ခဲ့ကြသော အညာသူ၊ အညာသားတို့သည် ယခုအခါတွင်မူ ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။
    နိုင်ငံရေး အမြတ်ထုတ်သူများ၊ အဝေးမှ လှုံ့ဆော်နေသူများနှင့် ဘေးမှကြည့်၍ လက်ခုပ်တီးနေကြ သူများသာယာနေကြပြီး အမှန်တကယ် လက်တွေ့မြေပြင်တွင် သွေးမြေကျနေရသူများမှာ နိုင်ငံရေး နားမလည်သည့် ဒေသခံများပင် ဖြစ်သည်။
    ထို့ကြောင့် PDF များအနေဖြင့် မိမိတို့၏ အသက်၊ မိသားစုနှင့် ကိုယ်ပိုင်ဘဝကို အရင်ဆုံး တန်ဖိုး ထားရန်လိုအပ်သည်။ နိုင်ငံရေးသမားများ၏ စကား၊ လော်ဘီများ၏ မြှောက်ပေးမှုများနောက်သို့ အငမ်း မရ မလိုက်ပါဘဲ ဘာအတွက် တိုက်ခိုက်နေသလဲဆိုသည်ကို အေးဆေးစွာ ဆင်ခြင်သုံးသပ်သင့်ပါသည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63859

© 2022 - 2026 News. All Rights Reserved.