ဧရာဝတီမြစ်ရေကို ထိန်းချုပ်ဖို့ မြစ်ဆုံဆည် အမြန် စသင့်ပြီလား
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု ဆိုနိုင်သည့် မြစ်ကြီးတစ်စင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေသယံဇာတနှင့် မြစ်ဝကျွန်းပေါ်ဒေသ၏ လူမှုစီးပွား ဘဝတို့သည် ဧရာဝတီမြစ်နှင့် နီးကပ်စွာ ဆက်နွှယ်လျက်ရှိသည်။ ထို့ကြောင့် ဧရာဝတီမြစ်ရေကို မည်သို့ စနစ်တကျ စီမံခန့်ခွဲမည်ဆိုသည်မှာ နိုင်ငံ၏ ရေရှည်အနာဂတ်နှင့် တိုက်ရိုက်သက်ဆိုင်သည့် အရေးကြီး သော မေးခွန်းတစ်ရပ်ဖြစ်သည်။
မိုးရာသီရောက်တိုင်း မြစ်ရေမြင့်တက်လာမှုနှင့်အတူ မြစ်ကမ်းဘေးဒေသများတွင် ရေလွှမ်းမိုးမှု အန္တရာယ်ကို ရင်ဆိုင်ကြရသည်။ အထူး သဖြင့် ဧရာဝတီမြစ် အောက်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် တာတမံများသည် ရေကြီးမှုကာကွယ်ရေးအတွက် အရေးပါသော်လည်း တာတမံတစ်ခုတည်းကို အားကိုး၍ ရေဘေးကို အပြည့်အ၀ကာကွယ်နိုင်မည် မဟုတ်ပေ။
လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း လေးမျက်နှာမြို့နယ်ဘက်၌ တာကျိုးမှုနှင့် ညောင်တုန်းမြို့နယ် ဂန်ချောင်းတာ မူလတာပေါင်ပဲ့ကျမှုကဲ့သို့သော ဖြစ်ရပ်များကို ကြုံတွေ့လာရခြင်းသည် မြစ်ရေစီးဆင်းမှုနှင့် ရေကြီးရေလျှံမှုကို ပိုမိုကျယ်ပြန့်သော ရှုထောင့်မှ စဉ်းစားရန် လိုအပ်နေကြောင်း သတိပေးချက်တစ်ရပ်ဖြစ်သည်။ တာတမံများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ခိုင်ခံ့အောင် ဆောင်ရွက်ခြင်းတို့နှင့်အတူ မြစ်အထက်ပိုင်းမှ ရေစီးဆင်းမှုကိုပါ စနစ်တကျ စီမံနိုင်ရန် လိုအပ်သည်။
ထိုအခြေအနေတွင် ဧရာဝတီမြစ်ဆုံ၌ ဆည်တည်ဆောက်နိုင်ပါက ရေကြီးချိန်တွင်ရေကို ယာယီ ထိန်းသိမ်းပေးနိုင်ခြင်း၊ ခြောက်သွေ့ရာသီတွင် ရေပြန်လည်ဖြန့်ဝေပေးနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် ရေကို စနစ်တကျ အသုံးချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး တစ်ဖက်တွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ချိန်ဆတွက်ချက်ရမည် ဖြစ်သည်။
တစ်ချိန်တည်းတွင် မြစ်အောက်ပိုင်းဒေသရှိ တာတမံစနစ်ကိုလည်း အလေးထား မြှင့်တင်ရမည်။ တာကျိုးမှုဖြစ်ပြီးမှ ပြန်လည်ပြုပြင်ခြင်းထက် တာတမံများ၏ အားနည်းသော နေရာများကို ကြိုတင်ရှာ ဖွေပြီး အားဖြည့်ခြင်း၊ ရေတိုင်းတာရေးစနစ်များ တိုးချဲ့ခြင်း၊ ရေကြီးရေလျှံမှု ကြိုတင်ခန့်မှန်းနိုင်သည့် စနစ်များ တည်ဆောက်ခြင်းနှင့် အရေးပေါ်ရေဘေး ကာကွယ်ရေး အစီအစဉ်များ ချမှတ်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်သည်။
အမှန်တကယ်အားဖြင့် ဧရာဝတီမြစ်ရေကို ထိန်းချုပ်ရန်ဆိုသည်မှာ ဆည်တစ်ခုတည်း တည်ဆောက်ခြင်းဖြင့် ပြီးဆုံးမည့်ကိစ္စ မဟုတ်ပေ။ မြစ်အထက်ပိုင်း ရေထိန်းသိမ်းရေး၊ အလယ်ပိုင်းရေစီးဆင်းမှု စောင့်ကြည့်ရေးနှင့် မြစ်ဝကျွန်းပေါ် တာတမံစနစ် ခိုင်ခံ့ရေးတို့ကို တစ်ခုတည်းသော အမျိုးသားအဆင့် မြစ်ဝှမ်းရေစီမံခန့် ခွဲမှုစနစ်အဖြစ် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သည်။
ထို့ကြောင့် လေးမျက်နှာနှင့် ညောင်တုန်းမြို့ နယ်များတွင် ဖြစ်ပေါ်ခဲ့သည့် တာကျိုးမှုများကို ရေဘေးအန္တရာယ်၏ သတိပေးခေါင်းလောင်းသံအဖြစ် မှတ်ယူ သင့်သည်။ နောင်တွင်လည်း ထိုကဲ့သို့သော အန္တရာယ်များ ထပ်မံမဖြစ်ပေါ်စေရန် တာတမံများကိုသာ ပြုပြင်နေခြင်းထက် ဧရာဝတီမြစ်တစ်လျှောက် ရေစီမံခန့်ခွဲမှုကို အစမှအဆုံးအထိ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။
မြစ်ကို ကာကွယ်ခြင်းနှင့် လူတို့ကို ရေဘေးမှကာကွယ်ခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်နေစရာမလိုပေ။ သဘာဝမြစ်စနစ်ကို တတ်နိုင်သမျှ ထိန်းသိမ်းရင်း လူတို့၏ အသက်အိုးအိမ်နှင့် စားနပ်ရိက္ခာလုံခြုံရေးကိုလည်း ကာကွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ် သည်။
ဧရာဝတီမြစ်သည် ယနေ့မျိုးဆက်အတွက်သာ မဟုတ်ဘဲ နောင်လာမည့် မျိုးဆက်များအတွက်ပါ အရေးကြီးသော သဘာဝအမွေအနှစ် ဖြစ်သည်။ ထို့ကြောင့် မြစ်ကို မထိခိုက်စေဘဲ ရေဘေးအန္တရာယ်ကို မည်သို့အကောင်းဆုံး ထိန်းချုပ်မည်နည်းဆိုသည့် မေးခွန်းကို အခြေခံ၍ အမျိုးသားအဆင့် ကျွမ်းကျင်သူများ ပါဝင်သည့် လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်သင့်ပြီ ဖြစ်သည်။
ထိုလေ့လာချက်များအရ မြစ်ဆုံဒေသတွင် ရေထိန်းဆည် တည်ဆောက်ခြင်းသည် အမှန်တကယ် အကျိုးရှိပြီး သဘာဝနှင့် လူမှုဘဝအပေါ် ထိခိုက်မှုကို လုံလောက်စွာ ထိန်းချုပ်နိုင်သည်ဟု တွေ့ရှိပါက စနစ်တကျ ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အရေးကြီးဆုံးမှာ ဧရာဝတီတိုင်းအတွင်း တာကျိုးမှုများ ဖြစ်ပွားပြီးမှသာ ဖြေရှင်းခြင်း မဟုတ်ဘဲ ရေဘေးမဖြစ်မီ ကြိုတင်ကာကွယ်နိုင်သည့် စနစ်တစ်ရပ်ကို ယနေ့ကတည်းက တည်ဆောက်ထားရန် ဖြစ်သည်။ ဧရာဝတီမြစ်၏ အနာဂတ်နှင့် မြစ်ဝကျွန်းပေါ် ပြည်သူများ၏ အနာဂတ်သည် ရေစီမံခန့်ခွဲမှု ကောင်းမွန်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် ယခုအချိန်သည် မှန်ကန်သော ဆုံးဖြတ်ချက်ကို အမြန်ဆုံး ချရမည့်အချိန် ဖြစ်ပါသည်။
လူငယ်တို့၏အနာဂတ်နှင့် နိုင်ငံရေး အရှုံးအမြတ်
နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်သည့် ကာလများတွင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်လမ်းကြောင်းသည် အလွန်အရေးကြီးသော အလှည့်အပြောင်းတစ်ရပ်နှင့် ရင်ဆိုင်ရလေ့ ရှိသည်။ ထိုကာလများတွင် နိုင်ငံရေးအကျိုးစီးပွားကို ရှေ့တန်းတင်ကာ လူထု၏ စိတ်ခံစားချက်များကို အသုံးချပြီး မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ကြိုးပမ်းသူများ ရှိခဲ့ကြသည်။ အထူးသဖြင့် အတွေ့အကြုံနည်းပါးသေးသည့် လူငယ်များကို နိုင်ငံရေးအင်အားစုများ၏ အကျိုးစီးပွားအတွက် အသုံးချခြင်းသည် လူငယ်များ၏အနာ ဂတ်သာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသော ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်းလည်း ထိုကဲ့သို့သော အခြေအနေများ ပေါ် ပေါက်ခဲ့သည်ဟု ဝေဖန်သုံးသပ်မှုများ ရှိခဲ့သည်။ မဲခိုးသည့် နိုင်ငံရေးသမား အတုအယောင်တို့သည် လူငယ်လူရွယ်များ၏ စိတ်အားထက်သန်မှု၊ မကျေနပ်မှုနှင့် အနာဂတ်မျှော်လင့်ချက်များကို အခြေခံကာ စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ ဝါဒမှိုင်းများဖြင့် အတွေးအခေါ်များကို လမ်းလွဲစေခြင်း၊ မဖြစ်နိုင်သည့် မျှော်လင့်ချက်များပေးခြင်း၊ မြှောက်ပင့်စည်းရုံးခြင်းနှင့် ဖိအားပေးခြင်းစသည့် နည်းလမ်းများကြောင့် အစပိုင်းတွင် သာမန်ဆန္ဒပြမှုများအဖြစ် စတင်ခဲ့သည့် အခြေအ နေများသည် နောက်ပိုင်းတွင် ပဋိပက္ခ များနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ အထိ ကျယ်ပြန့်လာခဲ့သည်။
ထိုဖြစ်စဉ်၏ အကြီးမားဆုံး နစ်နာသူများမှာ လူငယ်လူရွယ်များနှင့် သာမန်ပြည်သူများပင် ဖြစ်လာခဲ့သည်။ မိမိတို့ဘဝ၏ အရေးကြီးဆုံးအရွယ်တွင် ပညာသင်ယူခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်း၊ မိသားစုဘဝတည် ဆောက်ခြင်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်မည့် အရည်အချင်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်သည့် လူငယ်များသည် ပဋိပက္ခ၏ ရှေ့တန်းသို့ ရောက်ရှိခဲ့ကြသည်။ ထိုအခြေအနေကြောင့် လူငယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများသာမက အသက်အန္တရာယ်နှင့်ပါ ကြုံတွေ့ခဲ့ရသည်။
အခြားတစ်ဖက်တွင် လူငယ်များကို ရှေ့တန်းတင်အသုံးချခဲ့သည့် နိုင်ငံရေးသမားများနှင့် အကျိုးစီးပွားရှာဖွေသူများအပေါ်လည်း မေးခွန်းထုတ်စရာများ ရှိလာသည်။ အန္တရာယ်များကို လူငယ်များက ရင်ဆိုင်နေချိန်တွင် မိမိတို့ကိုယ်တိုင် လက်တွေ့အန္တရာယ်များနှင့် ရင်ဆိုင်ခြင်းမရှိဘဲ လုံခြုံရာနေရာများမှနေ၍ လှုံ့ဆော်မှုများ ဆက်လက်ပြုလုပ်နေခြင်းသည် လူငယ်များ၏ဘ၀ကို နိုင်ငံရေးရည်မှန်းချက်များအတွက် အသုံးချခြင်းမျိုး ဖြစ်လာနိုင်သည်။ နှစ်များကြာလာသည်နှင့်အမျှ ပဋိပက္ခများ၏ အကျိုးဆက်များသည် ပိုမို သိသာလာခဲ့သည်။
လူငယ်အများအပြားသည် အသက်ဆုံးရှုံးမှု၊ ကိုယ်ခန္ဓာထိခိုက်မှုနှင့် အနာဂတ်အခွင့်အလမ်းများ ဆုံးရှုံးမှုတို့ကို ရင်ဆိုင်ခဲ့ကြရသည်။ တစ်ချိန်တည်းတွင် အကြမ်းဖက်ပဋိပက္ခများကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်တန့်ခြင်း၊ လူမှုဘ၀ မတည်ငြိမ်ခြင်းနှင့် ပြည်သူများ နေရပ် စွန့်ခွာရခြင်းတို့လည်း ဖြစ်ပေါ်လာခဲ့သည်။
ထိုအခြေအနေများက နိုင်ငံရေးကို အကျိုးစီးပွားအတွက် အသုံးချရာတွင် အကြီးမားဆုံး ပေးဆပ်ရသူများသည် သာမန်ပြည်သူများနှင့် လူငယ်များ ဖြစ်လာနိုင်ကြောင်း သတိပေးနေသည်။
ယခုအချိန်တွင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ ပုံမှန် ပြန်လည်ဖြစ်ပေါ် လာစေရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ နိုင်ငံရေးအငြင်းပွားမှုများကို လက်နက်ကိုင်ပဋိပက္ခများအဖြစ် ပြောင်းလဲခြင်းထက် ဆွေးနွေးညှိနှိုင်းမှုများ၊ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ၊ ပြည်သူ လူထု၏ ဆန္ဒနှင့် အကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် အရေးကြီးသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးသာမက ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့လည်း အရေးပါသည်။ ထို့အပြင် ပဋိပက္ခဒဏ် ခံခဲ့ရ သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ပြန်လည်တည် ဆောက်ရေးနှင့် အချင်းချင်း ယုံကြည်မှု ပြန်လည်တည် ဆောက်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ရန် လိုအပ်သည်။
လူငယ်ဆိုသည်မှာ နိုင်ငံ၏ လူ့စွမ်းအားအရင်း အမြစ်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်မည့် မျိုးဆက်ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို နိုင်ငံရေးပဋိပက္ခများ၏ ရှေ့တန်းသို့ တွန်းပို့ခြင်းထက် ပညာရေး၊ နည်းပညာ၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်။
အမှန်တကယ်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် အင်အားအကြီးဆုံးအရာမှာ လူ့စွမ်းအားအရင်းအမြစ်ပင် ဖြစ်သည်။ ထိုအရင်းအမြစ်ကို ပဋိပက္ခများအတွက် အသုံးချလိုက်ပါက နိုင်ငံ၏အနာဂတ်ကိုပင် ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် ယနေ့မျိုးဆက်သည် ယခင်က ဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများမှ သင်ခန်းစာယူကာ နိုင်ငံရေးကွဲပြားမှုများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းပြီး လူငယ်တို့၏အနာဂတ်ကို ကာကွယ်ပေးနိုင်ရန်လိုအပ်သည်။
နိုင်ငံရေးအပြောင်းအလဲတိုင်းတွင် အောင်မြင်သူနှင့် ရှုံးနိမ့်သူဟူ၍သာ ခွဲခြားကြည့်မည်ဆိုလျှင် အရေးကြီးဆုံးအရာတစ်ခုကို မေ့လျော့သွားနိုင်သည်။ ထိုအရာမှာ ပြည်သူတို့၏ ဘဝနှင့် နိုင်ငံ၏အနာဂတ်ပင် ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်များအတွက် လူငယ်တို့၏ဘဝကို အသုံးချခြင်းမပြုဘဲ လူငယ်များ၏ စွမ်းရည်ကို နိုင်ငံတည်ဆောက်ရေးအတွက် အသုံးချနိုင်မှသာ နိုင်ငံ၏ အနာဂတ်သည် ပိုမို တောက် ပလာမည် ဖြစ်ပါသည်။
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )