နေပြည်တော် ဘိုးဘိုးကြီး

မြန်မာ့ဂုဏ်သတင်း ကမ္ဘာ့အလယ်တွင် မြှင့်တင်နိုင်ရမည်
    မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတနှင့်ရေခံမြေခံ ကောင်းမွန်ရုံမျှမက နှစ်ထောင်ချီ၍ မြင့်မားခိုင်ကျည်ခဲ့သော ယဉ်ကျေးမှု အဆင့်အတန်းနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မိမိတို့၏ ထူးခြားဆန်းပြားလှသော ယဉ်ကျေးမှုနှင့် သမိုင်းဝင် အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖော်ထုတ်မြှင့်တင်ခြင်းတို့သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေသည့် အဓိက သော့ချက်ပင် ဖြစ်ပါသည်။
    ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရှေးဟောင်းအဆောက် အအုံများသည် မြန်မာတို့၏ ကျက်သရေ ဆောင် ဒြပ်ရှိ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်ကြပြီး အချိန်အခါ အလိုက် သဘာဝအတိုင်း ပေါက်ရောက်လာသော ကန္တာရပင်များနှင့် ချုံနွယ်ပိတ်ပေါင်းများသည် ရှေးဟောင်း လက်ရာများကို ဖုံးလွှမ်းကာ စေတီပုထိုးများ ရေရှည်တည်တံ့ရေးကို အန္တရာယ်ပြုလာနိုင်ပါသည်။ ထိုသို့သော အန္တရာယ်မှ ကာကွယ်ရန်နှင့် ရှေးခေတ်ပုဂံ၏ မူလရေမြေ ရှုခင်းအလှများကို ပြန်လည်ဖော် ထုတ်ရန်အတွက် ဒေသခံပရဟိတသမားများနှင့် လူငယ်များ စုပေါင်းကာ အပင်ရှင်းလင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကို မြင်ရသည်မှာ ကြည်နူးစရာ ကောင်းလှသည်။ ဤသို့ အများပြည်သူ၏ ပူးပေါင်းအားထုတ်မှုကြောင့် ရှေးဟောင်းစေတီပုထိုးများ၏ မူလသဏ္ဌာန် လက်ရာများ ပိုမိုပေါ်လွင်လာပြီး ရှေးခေတ်ပုဂံ မြင်ကွင်းကို ပြန်လည်ဆန်းသစ်စေခဲ့သလို ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရေးကိုလည်းများစွာ အထောက်အကူပြုစေခဲ့ပါသည်။
    ထို့ပြင် ယဉ်ကျေးမှုအမွေအနှစ်များအပြင် မြန်မာတို့၏ စိုက်ပျိုးရေးနှင့် ထုတ်ကုန်ဆိုင်ရာ အရည်အသွေးများမှာလည်း ကမ္ဘာ့အလယ်တွင် စံချိန်တင်အသိ အမှတ်ပြုခံရလျက်ရှိရာ 'မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်'ဆောင်ပုဒ်နှင့်အညီ တောင်သူလယ်သမားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စုပေါင်းကြိုးပမ်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် Internati-onal World Rice Conference 2026 တွင် မြန်မာ့ပေါ်ဆန်း ဆန်သည် World's Best Rice Award 2026 ဆုကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရ ရှိခဲ့ပြီး ဤဆုသည် မြန်မာ့ပေါ်ဆန်းဆန်၏ ထူးခြားသော အရည်အသွေး၊ အနံ့အရသာနှင့်အဆင့်အတန်း ကို ကမ္ဘာက အသိအမှတ် ပြုခြင်းဖြစ်သလို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် အမျိုးသားဂုဏ်ယူမှုကို မြှင့်တင်ပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။
    တစ်ဆက်တည်းမှာပင် မြန်မာနိုင်ငံသည် သနပ်ခါးနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တို့ကို ယူနက်စကို (UNESCO) ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ထိုအတွေ့အကြုံကို အခြေခံ၍ ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ကိုယ်စားလှယ်များက မြန်မာ့ရိုးရာ အစားအစာဖြစ်သော ထမနဲ ဓလေ့နှင့် ပျူခေတ်ကတည်းက ပေါ်ထွန်း ခဲ့သည့် လွန်းရာကျော် ကြိုးကြီးချိတ် ရက်ကန်းပညာ တို့ကိုပါ UNESCO သို့ စနစ်တကျ တင်သွင်းနိုင်ရေး ဆွေးနွေး ဖော်ထုတ်ခဲ့ကြပါသည်။ ထမနဲဓလေ့သည် လူတစ်ဦးတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ လူအများ စုပေါင်း တက်ညီလက်ညီ ပြုလုပ်ရသည့် စည်းလုံးခြင်း၏ အမှတ်လက္ခဏာဖြစ်သော ရိုးရာအစားအစာ ပွဲတော်ဓလေ့ဖြစ်ပြီး ကြိုးကြီးချိတ် ရက်ကန်းပညာမှာမူ ဒီဇိုင်း၊ ချည်မျှင်၊ ရက်လုပ်နည်းနှင့် အချိန်ကြာ မြင့်စွာ လက်ဖြင့် ပန်းပုံဖော်ရသည့် မြန်မာတို့၏ ရှေးကျလှသော အနုပညာလက်မှု အမွေအနှစ် ဖြစ်ပါသည်။
    မြန်မာနိုင်ငံတွင် ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများနှင့် စိုက်ပျိုးထုတ်လုပ်မှု ဂုဏ်ဒြပ်များစွာ ရှိသည်ဖြစ်ရာ ပုဂံဒေသရှိ စေတီပုထိုးများကို ဒေသခံများ စုပေါင်းရှင်းလင်း ထိန်းသိမ်းသကဲ့သို့ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းနှင့် မြန်မာ့ပေါ်ဆန်းဆန် ကဲ့သို့ ထုတ်ကုန်များကို ကမ္ဘာ့အလယ်တွင် စံချိန်တင်နိုင်အောင် ကြိုးပမ်းခြင်းတို့သည် နိုင်ငံချစ်စိတ်ကို ပြသရာ ရောက်ပါသည်။ မြန်မာနိုင်ငံသားတိုင်းက မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဂုဏ်ဒြပ်များကို မြှင့်တင် ထိန်းသိမ်းပြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ဆက်လက် ရပ်တည်နိုင်အောင် အတူတကွ ပူးပေါင်း ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။


သက်တမ်းတိုး ခေါက်ဆွဲခြောက်များနှင့် ၂၀၂၉ အိပ်မက်
    'ပတ်စ်ပို့ပဲ သက်တမ်းတိုးရတယ်လို့ ထင်နေတာ၊ တော်လှန်ရေးလည်း သက်တမ်းတိုးလို့ ရတာပဲလား' ဟု မိတ်ဆွေတစ်ဦးက မေးခွန်းထုတ်လာသည်။
    ထိုစကားသည် ရယ်စရာသဖွယ်ရှိသော်လည်း နောက်ကွယ်တွင် စဉ်းစားစရာများစွာ ပါဝင်နေ သည်။ ယခင်က တစ်နှစ်တစ်ခါ ခေါင်းစဉ်လှလှဖြင့် သက်တမ်းတိုးလာခဲ့သည့် တော်လှန်ရေးသည် ယခု အခါ သုံးနှစ်တိတိ ထပ်မံတိုးမြှင့်ကာ ၂၀၂၉ ခုနှစ်အထိ ရည်မှန်းချက်ထားလာပြီ ဖြစ်သည်။
    ဒေါက်တာဇော်ဝေစိုးသည် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အဆို တော်လင်းလင်း၏ Theatre 21 ဖျော်ဖြေပွဲသို့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်စဉ် ယခုကဲ့သို့ မှတ်သားဖွယ်ရာ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အချိန်ကာလတစ်ခုကို ကြေညာလိုက်ရုံဖြင့် လက်တွေ့အခြေ အနေများ ပြောင်းလဲသွားမည်မဟုတ်သကဲ့သို့ အောင်မြင်မှုကိုလည်း အလိုအလျောက် ရရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ၂၀၂၉ ခုနှစ်ဟူသော ရည်မှန်းချက်သည် မည်သည့်အခြေ အနေများအပေါ် အခြေခံ ထားသနည်း၊ ထိုကာလအတွင်း မည်သို့သော အောင်မြင်မှုများကို ရရှိနိုင်မည်နည်းဆိုသည့် မေးခွန်းများ မှာ ဖြေစရာပင်မလိုဟု ဘိုးဘိုးကြီး ယူဆပါသည်။
    ယခုလို သတင်းစကား ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူ များ၏ တုံ့ပြန်သံများ ပျံ့နှံ့လာခဲ့သည်။ အချို့က နာကျင်မှုကို ဟာသနှောကာ ဖော်ပြကြသလို၊ အချို့ကလည်း ယခင်က မျှော်လင့်ခဲ့သည့် ကတိစကားများနှင့် လက်ရှိအခြေအနေများကို နှိုင်းယှဉ်ကာ မေးခွန်း ထုတ်ခဲ့ကြသည်။
    မှတ်ချက်လာပေးသူတစ်ယောက်က "သားသမီးတွေ နိုင်ငံခြားမှာ အိုးအိမ်အတည်တကျ မဖြစ်သေးလို့ အချိန်တိုးလိုက်ရတာပါ။ များများလှူရင် တော် လှန်ရေးကြီးကို အမြန်ဆုံး အဆုံးသတ်မှာပါ"ဟု သရော် ရေးသားခဲ့သည်။ အခြား တစ်ဦးကလည်း "၂၀၂၉ ခုနှစ် အထိ တော်လှန်ရေးပြီးဆုံးရန် မသေချာသေးပါက ၂၀၂၁ ခုနှစ်ကတည်းက ခေါက်ဆွဲခြောက်နှင့် ဖယောင်းတိုင်များ ဝယ်ယူစုဆောင်းထားရန် အဘယ်ကြောင့် တိုက်တွန်းခဲ့ကြသနည်း"ဟု မေးခွန်းထုတ်ခဲ့သည်။
    ထိုတုံ့ပြန်သံများကို ကြည့်လျှင် ပြည်သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များနှင့်အတူ စိတ်ပျက်မှုများလည်း စုပုံလာနေကြောင်း တွေ့နိုင်သည်။ အစပိုင်းကာလတွင် အခက်အခဲများကို ခေတ္တသည်းခံရမည်ဟု ယူဆခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိသားစု စားဝတ်နေရေး၊ သားသမီးတို့၏ ပညာရေးနှင့် အနာဂတ်ဘဝတို့ကို ပိုမိုစိုးရိမ်လာကြရသည်။
    မြေပြင်အခြေအနေများနှင့်ပတ်သက်၍လည်း အငြင်းပွားမှုများ၊ အပြန်အလှန်စွပ်စွဲမှုများနှင့် အဖွဲ့အစည်းအတွင်း မညီညွတ်မှုများအကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်နေသည်။ ဘက်ပြောင်းသူများ၊ အဖွဲ့အစည်းမှ ထွက်ခွာသူများနှင့် အချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှုများအကြောင်း ကြားသိနေ ရသည့်အခါ ပြည်သူများအနေဖြင့် ရည်မှန်းထားသည့် အောင်မြင်မှုကို မည်သည့်အချိန်တွင် ရရှိနိုင်မည် နည်းဟု မေးခွန်းထုတ်လာကြခြင်းမှာ မဆန်းလှပေ။
    ဤနေရာတွင် အထူးသတိပြုစရာကောင်းသည့် အချက်တစ်ခုမှာ ရခိုင်ဒေသတွင် တောင်းရမ်းစား သောက်ရသူ အရေအတွက် တိုးလာကြောင်း ဖော်ပြသည့် သတင်းနှင့် PDF များ ယာယီစိုးမိုးထားသည့် ယောဒေသတွင် အထွေထွေအကျပ်အတည်းများကြောင့် အဆင့်မြင့်ပညာသင်ယူခွင့် ဆုံးရှုံးနေရကြောင်း ဖော်ပြသည့် သတင်းတို့ဖြစ်သည်။ ထိုသတင်းများသည် ဒေသအသီးသီးရှိ လူမှုစီးပွားဘဝနှင့် ပညာရေး အခြေအနေများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။
    အထူးသဖြင့် ယောဒေသမှ တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့် အခက်အခဲကြုံနေရသည့် လူငယ်တစ်ဦး၏ ပြောကြားချက်မှာ စဉ်းစားစရာကောင်းလှသည်။
    "ပညာရေး အခွင့်အရေးမရှိတာ။ ၁၂ တန်း အောင်ပြီးရင်လည်း ဘာလုပ်ရမယ်ဆိုတာ ရေရေရာရာ၊ သေသေချာချာမရှိဘူး။ ကရင်နီဒေသကို သွားပြီး ကျောင်းဆက်တက်ရမယ် ဆိုပြန်တော့လည်း လိုက်ပို့မယ့်သူ မရှိဘူး။ ပြီးရင် မိဘတွေက စိတ်မချကြဘူး။ ခြောက်နှစ်၊ ခုနစ်နှစ် တက်ရမှာဆိုတော့ အဲဒီလို ကျောင်းတက်ပြီး အချိန်ဖြုန်းနေမယ့်အစား နိုင်ငံခြားထွက်ပြီး မိသားစုအတွက် ပိုက်ဆံရှာကြတော့တာ" ဟု ၁၂ တန်းအောင်မြင် ထားသည့် ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။
    ဤစကားများသည် လူငယ်တစ်ဦး၏ ကိုယ်ပိုင်အခက်အခဲကို ဖော်ပြခြင်းမျှသာ မဟုတ်ပေ။ တော်လှန်ရေး နယ်မြေများတွင် ပညာရေးအခွင့်အလမ်းများ ကျဉ်းမြောင်းလာခြင်း၊ အနာဂတ်အတွက် ရှင်းလင်းသောလမ်းကြောင်း မရှိခြင်းနှင့် မိသားစုစားဝတ်နေရေးအတွက် ပညာ ရေးကို စွန့်လွှတ်ကာ အလုပ်အကိုင် ရှာဖွေရန် ဆုံးဖြတ်လာရခြင်းတို့၏ အကျိုးဆက်ကိုလည်း မြင်တွေ့နိုင်သည်။
    တက္ကသိုလ်ပညာ ဆက်လက်သင်ယူလိုသည့် လူငယ်တစ်ဦးအတွက် လုံခြုံစွာ သွားလာနိုင်ရေး၊ မိသားစု၏ စိတ်ချယုံကြည်မှု၊ ငွေကြေးအထောက်အပံ့နှင့် ပညာရေးအရည်အသွေးတို့သည် မရှိမဖြစ် လိုအပ်သည်။ ထိုအခြေအနေများ မပြည့်စုံသည့်အခါ လူငယ်များသည် မိမိတို့၏ ပညာရေးအိပ်မက်ကို နောက်ချန်ထားကာ အသက်မွေးဝမ်းကျောင်းအတွက် အခြားလမ်းကြောင်းများကို ရွေးချယ်လာကြရ သည်။ ရေရှည်တွင် ယင်းအခြေအနေသည် လူငယ်တစ်ဦးချင်းစီ၏ အနာဂတ်သာမက ဒေသတစ်ခုလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေနိုင်သည်။
    နိုင်ငံရေးရည်မှန်းချက်များ မည်မျှ ကြီးမားသည်ဖြစ်စေ လူငယ်များ၏ ပညာရေး၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘဝတည်ငြိမ်ရေးတို့ကို လျစ်လျူရှုထား၍ မရပေ။ နိုင်ငံရေး အပြောင်းအလဲတစ်ခု ကို မျှော်လင့်ရာတွင် ပြည်သူတို့၏ လက်တွေ့ဘ၀ ပိုမို ကောင်းမွန်လာရေးသည်လည်း အရေးကြီးသော စံနှုန်းတစ်ခု ဖြစ်သင့်သည်။
    ၂၀၂၁ ခုနှစ်ကတည်းက အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည့် ပြည်သူများအတွက် ၂၀၂၉ ခုနှစ်ဟူ သော ကာလသတ်မှတ်ချက်သည် နောက်ထပ်နှစ်များစွာကို စောင့်ဆိုင်းရဦးမည်ဟု အဓိပ္ပာယ်သက် ရောက်လာ နိုင်သည်။ သို့သော် ပြည်သူတွေကို ထပ်ပြီး ညာလို့မရ တော့ပါ။
    အလိမ်အညာ တော်လှန်ရေးအကြောင်း ပြည်သူတွေ ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။ ဝေစုမ တည့်သည့် တော်လှန်ရေးကို ပြည်သူတွေ စိတ်ကုန်သွားတာ အတော်ကြာနေပါပြီ။
    ထို့ကြောင့် ယနေ့အချိန်တွင် အရေးကြီးဆုံး မေးခွန်းမှာ တော်လှန်ရေးကို ဘယ်နှစ်အထိ သက်တမ်းတိုးမည်နည်း ဆိုသည်ထက် ပြည်သူအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်ခဲ့ပြီလဲ ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူ့ယုံကြည်မှုကို ဆုံးရှုံးသွားသည့်အခါ ရည်မှန်းချက်နှစ်များကို ထပ်မံတိုး မြှင့်ရုံဖြင့် ထိုယုံကြည်မှုကို ပြန်လည်ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66911

© 2022 - 2026 News. All Rights Reserved.