နေပြည်တော် ဘိုးဘိုးကြီး

၂၀၂၆ ၊ ဇူလိုင် ၆

အောင်စာရင်း၏ အခြားတစ်ဖက်
    တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်သည့်နေ့သည် နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူများနှင့် မိသားစုများအတွက် အမှတ်ရဖွယ်နေ့တစ်နေ့ ဖြစ်ပါသည်။ ထိုနေ့တွင် ဝမ်းမြောက်ပျော်ရွှင်မှုများ ရှိသကဲ့သို့ စိတ်ပျက်ဝမ်းနည်းမှုများလည်း တွဲဖက်တည်ရှိ လေ့ရှိပါသည်။ 
    စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုရမည် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စား လှယ်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များနှင့် ပရဟိတ ဆောင်ရွက်သူများ၏ ဂုဏ်ပြုအားပေးမှုများကို လူမှုကွန်ရက်များတွင် မြင်တွေ့ရသည်မှာ မင်္ဂလာရှိလှပါသည်။
    ထိုအောင်မြင်မှုသည် တစ်ရက်တည်းဖြင့် ရရှိလာသော ရလဒ်မဟုတ်ဘဲ အချိန်ကာလရှည်ကြာစွာ သင်ယူလေ့လာခဲ့မှု၊ ဇွဲလုံ့လနှင့် မိဘ၊ ဆရာ၊ ဆရာမတို့၏ အားပေးပံ့ပိုးမှုများ စုပေါင်း ဖန်တီးခဲ့သည့် အသီးအပွင့် ဖြစ်ပါသည်။ သို့ရာတွင် အောင်မြင်မှုသည် ခရီးဆုံး မဟုတ်ဘဲ ခရီးသစ်တစ်ခု၏ အစပြုခြင်းသာဖြစ်ကြောင်းကိုလည်း မမေ့သင့်ပါ။
    တစ်ဖက်တွင် မျှော်မှန်းထားသည့် ရလဒ်ကို မရရှိခဲ့သူများလည်း ရှိပါသည်။ ထိုသူများအတွက် အောင်စာရင်းထွက်သည့်နေ့သည် စိတ်အားငယ်ဖွယ်နေ့ တစ်နေ့ ဖြစ်နိုင်ပါသည်။ သို့သော် စာမေးပွဲရလဒ်တစ်ခု တည်းသည် လူတစ်ဦး၏ အရည်အချင်း၊ တန်ဖိုးနှင့် အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်သော အရာမဟုတ်ပါ။ လူ့ဘဝတွင် အောင်မြင်မှုသို့ ရောက်ရှိရန် လမ်း ကြောင်းတစ်ခုတည်းသာ ရှိသည်မဟုတ်ဘဲ များစွာသော လမ်းများ တည်ရှိလျက်ရှိပါသည်။
    ဘဝတွင် အချို့သူများသည် ပထမအကြိမ်၌ အောင်မြင်ကြပြီး အချို့သူများမှာ အခက်အခဲများကို ကျော်ဖြတ်ရင်း နောက်ပိုင်းတွင် ပိုမို ကြီးမားသော အောင်မြင်မှုများကို ရရှိကြပါသည်။ ထို့ကြောင့် ယာယီ ကျရှုံးမှုတစ်ခုအတွက် မျှော်လင့်ချက်ကို စွန့်လွှတ်ရန် မလိုအပ်ပါ။ ပြန်လည်ထူထောင်နိုင်သော စိတ်ဓာတ်နှင့် ဆက်လက်ကြိုးစားလိုသော ဇွဲလုံ့လသည်သာ ဘဝ၏ အမှန်တကယ် အဖိုးတန်သော အရည်အသွေးများ ဖြစ်ပါသည်။
    ယနေ့ကဲ့သို့သော အချိန်မျိုးတွင် မိဘများနှင့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အထူးအရေးကြီးပါသည်။ အောင်မြင်သူကို ဂုဏ်ပြုသကဲ့သို့ မအောင်မြင်သေးသူကိုလည်း နွေးထွေးသော အားပေးမှုများဖြင့် လက်တွဲ ခေါ်ယူသင့်ပါသည်။ ပြစ်တင်ဝေဖန် ခြင်းထက် နားလည်ပေးခြင်းနှင့် ယုံကြည်မှု ပေးခြင်းသည် လူငယ်တစ်ဦး၏ အနာဂတ်ကို ပိုမို တောက်ပစေနိုင်ပါသည်။ ပညာရေးသည် စာမေးပွဲအောင်မြင်ခြင်း တစ်ခုတည်းကိုသာ ဆိုလိုသည် မဟုတ်ပါ။ သင်ယူလိုစိတ်၊ စဉ်ဆက်မပြတ် ကြိုးစားလိုစိတ်နှင့် မိမိရွေးချယ်သော လမ်းကြောင်းပေါ်တွင် ရိုးသားစွာ လျှောက်လှမ်းနိုင်ခြင်းတို့သည်လည်း ပညာ၏ အနှစ်သာရပင် ဖြစ်ပါသည်။ လူတိုင်းအတွက် ကိုယ်ပိုင်အောင်မြင်မှုဆီသို့ ဦး တည်သော လမ်းကြောင်းတစ်ခု ရှိစမြဲ ဖြစ်ပါသည်။
    ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံ လုံး အောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင် ချက်ရာခိုင်နှုန်းမှာ ၄၉ ဒသမ ၇၀ ရာခိုင်နှုန်း ဖြစ်သည်။
    ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မအောင်မြင်သူတို့မှာ ဖြေဆိုသူ ၁၀၀ တွင် ၄၇ ယောက်ကျော်ကျော် ရှိနေသည်။ ဖြေဆိုသူ စုစုပေါင်း၏ တစ်ဝက်ကျော်ကျော် မျှသာ အောင်မြင်မှုရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။ စာမေးပွဲ ဖြေဆိုသူတိုင်း အောင်လိုကြသည်သာ ဖြစ်သော်လည်း အရေးမလှ၍ အောင်မြင်မှု မရသည့်အခါ ထပ်မံကြိုးစားကြရန်သာ ဖြစ်သည်။ အောင်မြင်မှုဟူသည် လူတိုင်းရယူ နိုင်သည့်အရာဖြစ်ပြီး အဓိပတိတရားလေးပါး မိမိတို့တွင် ဖြစ်လာပြီဆိုပါက မဖြစ်နိုင်သည်ဟူ၍ မရှိတော့သည်ကိုလည်း မှတ်သားထားကြရမည် ဖြစ်သည်။ 
    ဆန္ဒာဓိပတိ = အောင်မြင်လိုသည့်ဆန္ဒ အလွန်ပြင်းပြခြင်း၊ ဝီရိယာဓိပတိ = လုံ့လစိုက်ထုတ်မှု အလွန်ကြီးမားခြင်း၊ စိတ္တာဓိပတိ= စိတ်ဓာတ်ထက်သန် အလွန်ပြင်းထန်ခြင်း၊ ဝီမံသာဓိပတိ = အသိဉာဏ်ပညာ ထက်မြက်အားကောင်းခြင်းတို့ကို ဖြည့်ကျင့်နိုင်ခဲ့ပြီဆို လျှင် လောကတွင် မဖြစ်နိုင်သည့်အရာဟူ၍ မရှိတော့ ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူထားခဲ့သည်။
    မျှော်လင့်ထားသည့် ရလဒ်ကို မရရှိခဲ့သူများ အနေဖြင့် စိတ်ဓာတ်မကျဘဲ ရှေ့ဆက်လျှောက်လှမ်းစေလိုပါသည်။ အောင်စာရင်းတစ်ရွက်သည် ဘဝတစ် ခုလုံးကို ကိုယ်စားမပြုနိုင်ပါ။ အနာဂတ်ကို ဖန်တီးပေးသည်မှာ ယနေ့၏ ရလဒ်ထက် မနက်ဖြန်အတွက် ဆက် လက်ကြိုးစားမည့် စိတ်ဓာတ်ပင် ဖြစ်ပါသည်။

စွမ်းအင်ဖူလုံရေးဆီသို့ ခြေလှမ်းသစ်တစ်ရပ်
    ဇွန် ၃၀ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း
(Standard Well ) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ် (Operating Agreement) များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင် ရေနံသယံဇာတများအား လေလွင့်ဆုံးရှုံးမှု နည်းပါးစွာ၊ ရေရှည်အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ပြည်တွင်း ရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ကိုယ်ပိုင်ငွေကြေး အရင်းအနှီးများအား ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံစေရန်ရည်ရွယ်၍ ရေနံနည်းစနစ်ကျတွင်း (Stan-dard Well)များ တူးဖော်ထုတ်လုပ်နိုင်ရန်အတွက် တင်ပြလာသည့် ကုမ္ပဏီများကို စနစ်တကျစိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ ထွက်ရှိလာမည့် ရေနံစိမ်းများကို စနစ်တကျသန့်စင်ပြီး နိုင်ငံပိုင် ရေနံချက်စက်ရုံများသို့ ပို့ဆောင်ချက်လုပ်သွားမည်ဖြစ်ရာ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆို သည့် ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိစေမည့် ရေနံနည်းစနစ်ကျတွင်း (Stan-dard Well) များကို စနစ်တကျ တူးဖော်ထုတ်ကြရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်အောင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရန် လို အပ်ပါကြောင်း၊ ယခု လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် နည်းစနစ်ကျတွင်းတူးဖော်ခြင်း လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် ရေနံလုပ်ငန်းရှင်များအဖြစ် တိုးတက်လုပ် ဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
    ယင်းသတင်းသည် စာမျက်နှာတစ်မျက်နှာစာမျှသာ ဖြစ်သော်လည်း ထိုသတင်း၏ နောက်ကွယ်တွင် နိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတ စီမံခန့်ခွဲရေးနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့နှင့် ဆက်စပ်သည့် အဓိပ္ပာယ်များစွာ ပါဝင်လျက်ရှိပါ သည်။
    နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေသို့ မရောက်ရှိသေးပါ။ ပြည်တွင်းလိုအပ်ချက်၏ အစိတ်အပိုင်းတစ်ရပ်ကို ပြည်ပမှ တင်သွင်းနေရဆဲ ဖြစ်သဖြင့် ပြည်တွင်းသယံဇာတများကို ထိရောက်စွာ ဖော်ထုတ်အသုံးချနိုင်ရေးသည် အရေးကြီးသည့် မူဝါဒတစ်ရပ်အဖြစ် ရှုမြင်လာကြပါသည်။
    သို့ရာတွင် စီမံကိန်းတစ်ခု၏ အောင်မြင်မှုကို လက်မှတ်ရေးထိုးသည့်နေ့ဖြင့်သာ တိုင်းတာ၍ မရနိုင်ပါ။ လုပ်ငန်းအကောင်အထည်ဖော်မှု၊ နည်းပညာစံနှုန်းများကို လိုက်နာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို အလေးထားမှုနှင့် ပွင့်လင်းမြင်သာသည့် စီမံခန့်ခွဲမှုတို့သည်သာ ထိုစီမံကိန်း ၏ ရေရှည်အောင်မြင်မှုကို ဆုံးဖြတ်ပေးမည့် အဓိကအချက်များ ဖြစ်ပါသည်။
    သယံဇာတကို ထုတ်ယူ အသုံးချခြင်းသည် ပမာဏ တိုးမြှင့်နိုင်ရေးတစ်ခုတည်းကိုသာ ဦးတည်၍ မရပါ။ ရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးချနိုင်ရေး၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရေးနှင့် အမျိုးသားစီးပွား ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကိုလည်း တစ်ပြိုင်တည်း အလေးထားရန် လိုအပ်ပါသည်။ ထို့ ကြောင့် နည်းပညာစံနှုန်းများနှင့်အညီ တူးဖော်ထုတ်လုပ်သည့် (Stan-dard Well) စနစ်သည် သယံဇာတစီမံခန့်ခွဲမှု ကို ပိုမိုထိရောက်စေမည့် နည်းလမ်းတစ်ရပ်အဖြစ် ရှုမြင် နိုင်ပါသည်။
    သယံဇာတသည် နိုင်ငံတစ်နိုင်ငံ၏ အဖိုးတန် အမွေအနှစ် ဖြစ်ပါသည်။ ထိုအမွေအနှစ်ကို နည်းပညာ၊ စည်းကမ်းနှင့် တာဝန်ယူမှုတို့ဖြင့် စီမံခန့်ခွဲနိုင်ပါက စွမ်းအင်ဖူလုံရေးသာမက ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်လာနိုင်မည် ဖြစ်ပါသည်။  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 79

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63563

© 2022 - 2026 News. All Rights Reserved.