နေပြည်တော် ဘိုးဘိုးကြီး

၂၀၂၆ ၊ ဇွန် ၂၉

 

လက်နက်ကိုင်ပြီး အနိုင်ကျင့်သူများ၏ နိဂုံး
    မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့ကို ဇွန် ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက  ပြန်လည် ထိန်းချုပ်သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
    ခါမ်းပါတ်မြို့သည် ကလေး-တမူး လမ်းကြောင်းပေါ်တွင် တည်ရှိပြီး PDF အမည်ခံ အကြမ်းဖက်သမားများက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာ မြို့ကို စစ်စခန်းသဖွယ် အသွင်ပြောင်း၍ အခိုင်အမာခံစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
    မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်က နယ်မြေလုံခြုံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် ယင်းလမ်းကြောင်းပေါ်ရှိ ရန်မျိုးအောင် ကျေးရွာ၊ ဇွန် ၁၆ ရက်တွင် စော်ဘွားရေရှင် ကျေးရွာ၊ ဇွန် ၁၇ ရက်တွင် ကျွန်းတောရေရှင် ကျေးရွာတို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး ဇွန် ၁၉ ရက်တွင် ခွန်နိုင်း ကျေးရွာနှင့် နန်းခေါက်ခေါက် ကျေးရွာ၊ ဇွန် ၂၀ ရက် တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့တို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
    တစ်ဖက်တွင်လည်း တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ- အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေး၀ - ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန် လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယင်းမာပင်နှင့် ပုလဲဒေသတို့ကို ဦးစွာ နယ် မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပြီး နယ်မြေလုံခြုံ ရေး အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ဇွန် ၁၈ ရက်တွင် လာပို့ကျေးရွာအထိ ရောက်ရှိပြီး သိမ်းပိုက်ထိန်းချုပ်ထား နိုင်ပြီဖြစ်သည်။
    ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ် ပြီးနောက် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ အများအပြား ပေါ်ပေါက်လာခဲ့ပြီး ဒေသအများအပြားတွင် ဆူပူသောင်းကျန်းခဲ့ကြသည်။ အချို့အဖွဲ့များမှာ လည်း ယခင်ကတည်းက ရှိနေသည့် EAO များနှင့် ပေါင်းမိခဲ့ကြပြီး နယ်မြေဒေသ မြို့ရွာအချို့နှင့် ဆက်သွယ်ရေး လမ်းကြောင်းအချို့ကို ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။ EAO အများစုတို့မှာ နယ်စပ်ဒေသများတွင် လှုပ်ရှားနေကြခြင်း ဖြစ်သည့်အလျောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာလည်း ၎င်းတို့ စိုးမိုးထားစဉ်ကာလအတွင်း ပြတ်တောက်သွားခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခြင်းမှာ အဓိကအားဖြင့် အဆိုပါလုပ်ငန်းကြီးများတွင် ပါဝင်လုပ်ကိုင် စီးပွားရှာနေကြသည့် လုပ်ငန်းရှင်များနှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ပြည်သူများကို ထိခိုက်စေသည်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍လည်းကောင်း အမှီပြုကာ ဝမ်းစာရှာမှီးနေကြရ သည့် အောက်ခြေပြည်သူများ ထိခိုက်နစ်နာကြရခြင်းဖြစ်သည်။ ထိုမျှမကသေး အကြမ်းဖက်သောင်းကျန်းသူများ မြို့ရွာများသို့ ဝင်ရောက် စိုးမိုးကြသည့်အခါ မြို့ကြေ၊ ရွာကြေ နစ်နာဆုံးရှုံးကြရသေးသည်။ တိုင်းပြည်ကို  ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများသည်၎င်းင်းတို့ အချင်းချင်းလည်း ညီညွတ်မှု မရှိကြပါ။
    ဗမာပြည်ကွန်မြူနစ်ပါတီ တစ်ကျော့ပြန်စုဖွဲ့ ထားသည့် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်မှ တပ်စခန်းများကို ဇွန် ၂၁ မှ စတင်ပြီး NUG လက်အောက်ခံ တပ်များက ဝင်ရောက် စီးနင်းနေသည်ဟု PLA ဘက်က သတင်းထုတ်ပြန်သည်။
   NUG ၏ မြင်းခြံခရိုင် ကွပ်ကဲရေးအဖွဲ့လက် အောက်ခံတပ်များက ဇွန် ၂၁ ရက်တွင် အင်အား ၅၀၀ ခန့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံ PLA တပ်စခန်းအချို့ကို ဝန်းရံပိတ်ဆို့မှုများ စလုပ်လာပြီး PLA ရဲဘော်နှစ်ဦးကို ဖမ်းဆီးထားကြောင်း PLA က ဆို သည်။
    မြင်းခြံခရိုင်အတွင်းရှိ ရွာနှစ်ရွာမှာ PLA အထိုင်စခန်းများအား NUG တပ်များက ဇွန် ၂၂ ရက်တွင် Faw ကားနှစ်စီးအပါအဝင် Probox ကားတစ်စီး၊ စုစု ပေါင်း ခန့်မှန်းအင်အား ၈၀ ဖြင့် ဝင်ရောက်စီးနင်းလာကြောင်း PLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
    ထို့အပြင် NUG  လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ရွာအတွင်းရှိ PLA ကို ကူညီနေသော အိမ်များကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ထားပြီး အရပ်သား အချို့ကိုလည်း ဖမ်းဆီးမေးမြန်းမှုများ ပြုလုပ်နေကြောင်း PLA ဘက်က ဆိုသည်။
    PLA ရဲဘော်တစ်ဦး၏ အစ်မဖြစ်သူကိုလည်း NUG လက်အောက်ခံတပ်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း PLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
    တပ်စခန်းများကို ဝင်ရောက်စီးနင်းမှု မဖြစ်မီတွင် NUG ၏ မြင်းခြံခရိုင် ကွပ်ကဲရေးတာဝန်ခံက PLA ၏ တောင်သာမြို့နယ် တပ်ဖွဲ့ထံသို့ ဖမ်းဆီးထားသည့် ဒလန်များ လွှဲပေးရန်နှင့် မြင်းခြံခရိုင်အတွင်းမှ PLA တပ်များအားလုံး ထွက်ခွာရန်ဆိုသည့် အချက်နှစ်ချက် ပေးပို့တောင်းဆိုလာကြောင်း PLA ဘက်က ပြောသည်။
    PLA ဘက်ကမူ ယခုကဲ့သို့ တပ်စခန်းများအား ဝင်ရောက် စီးနင်းခြင်းနှင့် မြင်းခြံခရိုင်အတွင်းမှ PLA တပ်များ ထွက်ခွာရန် တောင်းဆိုမှုကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
    PLA အနေနှင့် တော်လှန်ရေးတပ်ချင်း ဆွေးနွေးရန်သာ လိုလားပြီး ၎င်းတို့ဘက်က ကျည်စဖောက် မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။
   NUG သည် ၎င်းင်းတို့၏ ကွပ်ကဲမှုအောက်မနေဘဲ သီးခြားတပ်ဖွဲ့အဖြစ် ရပ်တည်နေသည့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ယခုနှစ် မတ်လမှစတင်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
    ပြီးခဲ့သည့် မတ်လတွင် စစ်ကိုင်းတိုင်း ကလေး ခရိုင်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် အချို့ကို အမှတ်(၁) စစ်ဒေသက တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် NLA သည်N UG ၏ ကွပ်ကဲမှု ခံယူလိုက်ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။ 
    မေလအတွင်းကလည်း စစ်ကိုင်းတိုင်း မင်း ကင်းမြို့နယ် အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အဖွဲ့ခေါင်းဆောင် စံတင်ထွန်း အပါအဝင် တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်ကို ပြစ်မှုကျူးလွန်ကြောင်း အကြောင်းပြချက်ဖြင့် NUG လက်အောက်ခံ တပ်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 
    ထို့နောက် နှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီးနောက် SRF ခေါင်းဆောင် စံတင်ထွန်းမှအပ ဖမ်းဆီးထားသူများကို ပြန်လွှတ်မည်ဖြစ်ပြီး SRF အနေဖြင့် NUG  လက်အောက်ခံ ပကဖအဖြစ် ရပ်တည်ရန် သဘောတူကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လာသည်။
    ဇွန် ၁၅ ရက်ကလည်း NUG လက်အောက်ခံ မဟုတ်သည့် စစ်ကိုင်း PDF ၏ခေါင်းဆောင် စစ်ငြိမ်းနိုင် အပါအဝင် လေးဦးကို NUG ဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
    အကြမ်းဖက်သမားများသည် ၎င်းင်းတို့အချင်းချင်း စားခွက်လုနေကြသလို ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူတို့၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများအတွင်း သဲအိတ်များစီ၍ ဘန်ကာများ ပြုလုပ်ကြသည်။ မြို့ထဲ၊ ရွာထဲတွင် မိုင်းများ ထောင်ကြသည်။ ခြံဝင်းများထဲတွင် ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ တူးကြသည်။ ယင်းသို့ဖြင့် မြို့ရွာ၊ ရပ်ကွက်၊ လူနေအိမ်များ၊ အဆောက် အအုံများမှာ ခံစစ်ဆင်ကြသည့် အခိုင်အမာ စစ်စခန်းများ ဖြစ်လာသည်။ ပြည်သူများ ဆက်သွယ်သွားလာကြ သည့် လမ်းကြောင်းများတွင်မူ လမ်းကိုဖျက်ဆီး၍ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီး ခြင်း၊ မိုင်းထောင်ခြင်း၊ လမ်းကြောင်းတစ်လျှောက် သွားလာသည့် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များကို ဆက်ကြေးများ ကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်ကို မီးရှို့ခြင်း၊ ကုန်ပစ္စည်းများ လုယက် ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကို ပြုလုပ်ခဲ့ ကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းက " မင်္ဂလာဆောင်တစ်ခု ကို ဝင်ရောက်နှောင့်ယှက်သည့် ဟုမ္မလင်း ဏီၤ တွေကို ဒေသခံများဝိုင်းရိုက်" ဆိုသည့် သတင်းတစ်ပုဒ် ဖတ်လိုက်ရသေးသည်။
    အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားဆိုသည်မှာ အဖျက်လုပ်သူ သက်သက်သာလျှင်ဖြစ်ရာ ၎င်းတို့ဝင်ရောက်ရာ မြို့ရွာဟူသမျှ ၎င်းင်းတို့ ဖျက်ဆီးမှုကြောင့် ပျက်စီးကြမည်သာ ဖြစ်သည်။
    ၂၀၂၁ နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ဆရာတစ်ယောက် ပြောခဲ့သည်ကို အမှတ်ရနေမိသည်။
    " အညာကတော့ ပိုခံရတော့မယ်။ အများစုက ပညာမတတ်ကြဘူး။ လက်လုပ်လက်စား များတယ်။ အလုပ်လက်မဲ့ များတယ်။ အဲဒီလိုနေရာ လက်နက်တွေ ကိုင်လို့ကတော့ သူတလူ ငါတမင်းနဲ့ မပြီးနိုင် မစီးနိုင်တွေ ဖြစ်ကြတော့မယ်။ ဘယ်သူမှလည်း ပြောရဲမှာ မဟုတ်ဘူးဗျ" လို့ ပြောခဲ့တာကို အမှတ်ရနေမိသည်။
    ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီနည်းကျ ပေါ်ပေါက်လာသော အစိုးရ၊ လွှတ်တော်တို့နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ပြောင်းလဲလာသည့် နိုင်ငံရေးလမ်းကြောင်းနှင့်အညီ လျှောက်လှမ်းကြမှသာ လက်တွေ့ကျမည်ဖြစ်ပြီး လက်နက်ကိုင် တစ်ယူသန်များ၊ လက်နက်ဖြင့် လုပ်ကိုင်စားသောက်လိုသူများမှာမူ အ ကျည်းတန်သည့် နိဂုံးဖြင့် ချုပ်ငြိမ်းကြရတော့မည် ဖြစ်သည်။          

 (TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 81

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63356

© 2022 - 2026 News. All Rights Reserved.