နေပြည်တော်ဘိုးဘိုးကြီး

အတွေ့အကြုံကို လေးစားခြင်းနှင့် နယ်ပယ်သစ်အတွက် သင်ခန်းစာ
    လူ့အဖွဲ့အစည်းအတွင်း မည်သည့်နယ်ပယ်၊ မည်သည့် အသိုက်အဝန်းကိုမဆို အသစ်တစ်ဖန် စတင်ဝင်ရောက်ကြရသည့်အခါတိုင်း စူးစမ်းလိုစိတ်၊ အတုယူ လိုစိတ်နှင့် အောင်မြင်လိုစိတ်တို့က ရှေ့ ဆုံးမှတွန်းအားပေးနေတတ်ကြသည်။ သို့သော် အပေါ်ယံမြင်ကွင်းကိုသာ ကြည့်၍ အတုခိုး လုပ်ဆောင် ခြင်းက တစ်ခါတစ်ရံ ကြီးမားသော အမှားများနှင့် ရင်ဆိုင်စေတတ်သည်။ ဤနေရာတွင် ပုံပြင်ဆန်ဆန် သာဓကတစ်ခုဖြစ်သည့် ဆရာတော်သုံးပါးနှင့် ဧည့်သည် ဦးပဉ္စင်းတို့၏ ဇာတ်လမ်းက အလွန်ပင် အဓိပ္ပာယ်ပြည့်ဝကာ လက်တွေ့ကျသော သင်ခန်းစာတစ်ခုကို ပေးစွမ်းနေပေသည်။
    တစ်ခါတုန်းက ဆရာတော်သုံးပါး သီတင်းသုံးရာ ရေကန်နံဘေး ကျောင်းသင်္ခန်းလေးသို့ မြို့မှ ဧည့်သည် ဦးပဉ္စင်းတစ်ပါး ရောက်ရှိလာစဉ် ထူးခြားဆန်းပြားသည့် မြင်ကွင်းတစ်ခုကို တွေ့ကြုံခဲ့ရသည်။ ဆရာတော်များအနေဖြင့် ကန်ရေပြင်ပေါ်မှ ဖြတ်လျှောက်ကာ ရွာထဲသို့ ကြွခြင်း၊ ပြန်ကြွလာခြင်းများကို အသာအယာ ပြုလုပ်နိုင်ကြသည်ကို တွေ့ရသောအခါ ဧည့်သည် ဦးပဉ္စင်းမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
    ထိုသို့ မိမိကိုယ်တိုင်လည်း လျှောက်ကြည့်လို စိတ်ဖြင့်ရေပြင်ပေါ်သို့ ခြေချလိုက်ချိန်တွင်မူကား 'ပလုံ'ဆိုသည့် အသံနှင့်အတူ ရေထဲသို့ ချက်ချင်း နစ်ဝင်သွားခဲ့ ရလေသည်။
    ဆရာတော်များက ဝိုင်းဝန်းကယ်တင်ပေးပြီး နောက် မိန့်ကြားလိုက်သည့် စကားမှာ အလွန်ပင် မှတ်သားစရာ ကောင်းလှသည်။
    "ကိုယ်တော်ရယ် ကန်ပေါ်က ဖြတ်လျှောက်ချင်တယ်ဆိုလည်း ပြောရော့ပေါ့ .. ကျောက်တုံးတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကျုပ်တို့ ပြော ပြမှာပေါ့"ဟူ၍ ဖြစ်ပါသည်။
    တကယ်တမ်းတွင် ရေပြင်ပေါ် လျှောက်သွားနိုင်ခြင်းသည် တန်ခိုးပြာဋိဟာကြောင့် မဟုတ်ဘဲ ရေအောက်ရှိ ကျောက်တုံးနေရာများကို ကာလကြာရှည်စွာ သိရှိထားကြခြင်းကြောင့် ဖြစ်ပေသည်။
    ယခုခေတ်ကာလ အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း မည်သည့်နယ်ပယ်တွင်မဆို ဤဥပဒေသက အထူးပင် အကျုံးဝင်နေပါသည်။
    အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု ရှိနေဆဲ နိုင်ငံအဖို့ ပို၍ပင် အတုယူဖွယ် ကောင်းလှပါသည်။ ငြိမ်းချမ်းရေး ကျောက်တုံးကို မနင်းဘဲ လျှောက်မိ၍ 'ပလုံ'ခဲ့ရသည့် ဖြစ်စဉ်များကို သမိုင်းက သက်သေပြနေပါသည်။
    ဘဝလမ်းခရီးတွင်ဖြစ်စေ၊ နယ်ပယ်သစ်တစ်ခုကို စတင်ခြေချရာတွင်ဖြစ်စေ လူကြီးသူမများ၏ လက်တွေ့ကျသော အတွေ့အကြုံများကို တန်ဖိုးထား နား ထောင်၍ လိုက်နာရန် လိုအပ်ပါသည်။

အဂတိအန္တရာယ် သတိပြုကာကွယ်
    အဂတိလိုက်စားမှုများသည် ငွေစအနည်းငယ်မျှ လက်သိပ်ထိုးပေးရသော ဌာနဂိတ်တံခါးစောင့်မှသည် နိုင်ငံအဆင့် စီမံကိန်းကြီးများအထိ ပုံစံအမျိုးမျိုးရှိနိုင်ပြီး နိုင်ငံအပေါ် သက်ရောက်မှုများမှာလည်း လွန်စွာကျယ် ပြန့်သည်။ လေ့လာမှုတစ်ရပ်တွင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမတည်ငွေအား တဖြည်းဖြည်း နည်းပါးစေခြင်းဖြင့် ရေရှည်တည်တံ့မှုမရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ကြောင်း တွေ့ရသည်ဟုဆိုသည်။ ယှဉ်ပြိုင်ရမည့် လုပ်ငန်းများ သို့မဟုတ် ကန်ထရိုက်စာချုပ်များကို အဂတိဖြင့်ချပေးပါက မျှတသောယှဉ် ပြိုင်မှုကို ထိခိုက်စေပြီး အရည်အသွေးရှိသော လုပ်ငန်းများ ပြိုလဲသွားစေမည် ဖြစ်သည်။ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ ဝင်ရောက်လာရမည့် အခွန်အမျိုးမျိုးတို့သည် အဂတိလိုက်စားမှုကျူးလွန်သည့် တာဝန်ရှိသူများထံ ပမာဏအမျိုးမျိုးဖြင့် ရောက်ရှိသွားခြင်းကြောင့် အစိုးရက ပြည်သူအတွက် ဆောင်ရွက်ပေးရမည့် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် လုပ်ငန်းများတွင် ထိခိုက်ယုတ်လျော့စေသည်။ နိုင်ငံဖွံ့ ဖြိုးမှုကိုလည်း နှောင့်နှေး နောက်ကျစေသည်။
    အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေမည်ဆိုပါက ပြည်သူလူထုအပေါ် ဖိစီးမှု ဖြစ်ပေါ်စေပြီး စိတ်ငြိုငြင်မှုများ ဖြစ်ပေါ်လာစေ ကာ ဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းလာစေသည်။ တစ်ဆက်တည်းတွင် အဖွဲ့အစည်း များအနေဖြင့်လည်း စွမ်းဆောင် ရည်ကျဆင်းလာစေပြီး တရားဥပဒေစိုးမိုးမှု လျော့ပါးလာ စေမည်ဖြစ်သည်။
    တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံး စိတ်ထားမှန်ကန်စွာ လုပ်ဆောင်ကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံ တော်အခြေပြ မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားခဲ့သည်။
    အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဦးစားပေး လုပ်ငန်းရပ်တစ်ခု ဖြစ်ပါကြောင်း၊ ယခင် ဒီမိုကရေစီဒုတိယ အစိုးရ သက်တမ်းကာလအတွင်း တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများနှင့် အဂတိလိုက်စား မှုများကြောင့် နိုင်ငံတော် အနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃ သန်းနှင့် မြန်မာငွေကျပ် ၂၂၆ ဒသမ ၁ ဘီလီယံကျော် နစ်နာဆုံး ရှုံးခဲ့ရပါကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှုဖြစ် စေရေးကို အဓိကရည်မှန်းချက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်များသာမက ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများကပါ အဂတိကင်းရှင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
    အဂတိလိုက်စားမှုကိုဥပဒေ၌ အနက်အဓိ ပ္ပာယ်ဖွင့်ဆိုရာတွင် ဥပဒေသဘောအရ ထောင့်စေ့အောင် ရှည်ရှည်လျားလျား ဖွင့်ဆိုထားသည်ကို တွေ့နိုင် သော်လည်း သဘောလက္ခဏာအားဖြင့်မူ ရာထူးတာဝန်ကို အကြောင်းပြုခြင်း၊ တရားနည်းလမ်းမကျ ကိုယ်ကျိုးရယူခြင်း၊ ကျင့်ဝတ် စည်းကမ်းနှင့်မညီ ခြင်း၊ ဥပဒေ ဖောက်ဖျက်ခြင်း စသည်တို့ ပေါင်းရုံး ပါဝင်လျက်ရှိသည်။ အဂတိလိုက်စားမှုများဖြစ်သည့် လာဘ်ပေးလာဘ်ယူပြုခြင်း၊ အကျင့်ပျက်ခြစားခြင်းတို့ ရာထူးအဆင့်ဆင့်၊ ဌာနအသီးသီးတို့တွင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် အမြစ်တွယ်လာသည်နှင့်အမျှ လူမှုအဖွဲ့အစည်းအတွင်း ဆုတ် ယုတ်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေသည်။
    အဂတိလိုက်စားမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာငွေကြေးများကို ဆုံးရှုံးစေရုံသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုများကိုပါ အမြစ်ပါမကျန် ယိုယွင်းပျက်စီးစေသော အန္တရာယ်ကြီးမားသည့် ကူးစက်ရောဂါသဘောမျိုး ဆောင်နေပါသည်။ သို့ဖြစ်ပါ၍ 'သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု'ဖြစ်ပေါ် လာစေရေးအတွက် ပြည်ထောင်စု အဆင့်မှစ၍ အောက်ခြေရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအထိ တာဝန်ရှိသူအားလုံးက စိတ်ထားမှန်ကန်စွာဖြင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သွားကြရန် အရေးကြီးပါ သည်။
    နိုင်ငံတော်တည်ဆောက်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ် သည်။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64433

© 2022 - 2026 News. All Rights Reserved.