နေပြည်တော်ဘိုးဘိုးကြီး

Faeebook ကို အာသာဖြေစရာ စိတ်ထွက်ပေါက်အဖြစ် အသုံးချလာကြ
    ယနေ့ခေတ်တွင် လူအတော်များများ၏ လက်ထဲတွင် ဖုန်းကိုယ်စီ ရှိကြသည်။ မိမိဖုန်း ဖွင့်ထားရုံဖြင့် တစ်ကမ္ဘာလုံးမှ အဖြစ်အပျက်များကို ခဏအတွင်း သိနိုင်သည်၊ မြင်နိုင်သည်၊ ကြားနိုင်သည်။ ဘိုးဘိုးကြီး မိတ်ဆွေဘောလုံးပရိသတ်များသည် ပရီးမီးယားလိဂ်မှ မန်ယူပရိသတ်များ ဖြစ်ကြသည်။ သူတို့သည် မန်ယူနှင့်ပတ်သက်သည့် သတင်းဆိုလျှင် နိုင်ငံတကာမှ သတင်းများအထိ မြန်မာစကားဖြင့် သွားမန့်ကြသည်။ အချို့က မြန်မာလိုတောင် ဆဲကြသည်၊ ကလော်ကြသည်။ ကိုယ့်မိခင်ဘာသာစကားနှင့် မဟုတ်သော သတင်းစာမျက်နှာများအထိ မြန်မာများ ခြေဆန့်ထားသည်က ကြောက်ခမန်းလိလိ။ မြန်မာပြည်က အဖြစ်အပျက်များဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။
    ဘိုးဘိုးကြီး နေ့စဉ် ဖုန်းကြည့်သူများကို သတိထားမိသည်။ အရွယ်စုံ၊ အလွှာစုံ၊ လူတန်းစားစုံဖြစ်သည်။ အများစုက ကိုယ့်ထင်မြင်ရာကို ထင်သလို၊ မြင်သလို ရေးသားကြသည်က အများစုပင်။ ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် ဗဟုသုတ မျှဝေသူက လူမှုကွန်ရက်တွင် မရှိမဟုတ် ရှိသည်။ ဒါပေမဲ့ ရှားသည်ဟု ဆိုနိုင်ပေသည်။ ကိစ္စရပ်တစ်ခုကို ကိုယ်ကိုယ်တိုင်က ခြေခြေမြစ်မြစ် မသိဘဲ အလျင်စလို မှတ်ချက်ပြု သူက များသည်။ မှတ်ချက်ရေးသူ အချင်းချင်းပင် ရန်ဖြစ်ကြသည်က နေ့စဉ် လူမှုကွန်ရက်တွင် မမြင်ချင်မှ အဆုံး။

ဆိုရှယ်မီဒီယာနှင့် AI ပေါင်းမိ
    လူမှုကွန်ရက် Facebook ကို ဘိုးဘိုးကြီးတို့ လူမျိုးများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်မှာ ၁၅ နှစ် ကျော်ခဲ့ပေပြီ။ ၂၀၂၆ တွင် AI (ဉာဏ်ရည်တု နည်းပညာ)ကို လူမှုကွန်ရက်တွင် အသုံး ပြုလာကြကတည်းက ရှေ့လျှောက် ဆိုရှယ်မီဒီယာတွင် မဟုတ်တာများ တွေ့ရတော့မည်ဟု ဘိုးဘိုးကြီး ဟောကိန်းထုတ်မိသည်။ ဘိုးဘိုးကြီးတို့ဆီမှာ AI ကို မှန်ကန်တည့်မတ်သည့်နေရာတွင် သုံးကြသည် မဟုတ်ဘဲ၊ လူတစ်ယောက်ကို သေးသိမ်နှိမ့်ချသည့်နေရာတွင် အသုံးပြုသူက ခပ်များများပင် ဖြစ်သည်။ ကိုယ်ပြောသည်လည်း မဟုတ်၊ ကိုယ်နဲ့လည်း မဆိုင်ဘဲ AI က ကိုယ့်ကို ဒုက္ခပေးနိုင်သည် အထိ ဆိုရှယ်မီဒီယာတွင် မိမိတို့ဆီမှာ AI ကို အသုံးချနေ၊ အသုံးပြုနေကြသည်ကို မြင်တွေ့နေရသည်။
    ဆိုရှယ်မီဒီယာအသုံးပြုသူများကြားတွင် တစ်ယောက်နှင့်တစ်ယောက် ချောက်တွန်းလိုလျှင်၊ နှိမ်လိုလျှင်၊ မတည့်လျှင်၊ အပြစ်ပြောဆိုလျှင်၊ လူအများတံတွေးခွက်တွင် ပက်လက်မျောစေလိုလျှင် လူမှုကွန်ရက်ကို အသုံးချနေသည့် ကြားထဲမှ AI ပေါ်လာလိုက်သည်က ကြိမ်နှစ်ချောင်းပူး ရိုက်သည်နှင့် ဆင်ဆင်တူနေပေသည်။
    ဘိုးဘိုးကြီးတို့ ပတ်ဝန်းကျင်တွင် ဖုန်းကြည့်သူ အများစုက AI နှင့် လုပ်ထားတာ ဟုတ်၊ မဟုတ်ကို သိရှိနိုင်သူက အင်မတန်နည်းပေသည်။ ဖုန်းပေါ်တွင် ပြောဆိုနေသည်ကိုသာ အမှန်ထင်နေသူများသည်။ ကိုယ်က ကြားကဝင်ပြောလျှင်တောင်မှ ကိုယ့်စကားက အရာမထင်။ ဒီလူ ဘာတွေ လာပြောနေတာလဲဟုပင် အထင်ခံရသည့်ဘဝ။

ဆိုရှယ်မီဒီယာကို ကမ္ဘာထင်သူများ
    ဘိုးဘိုးကြီးတို့ဆီတွင် ၂၀၂၁ နောက်ပိုင်း ဆိုရှယ်မီဒီယာ လွှမ်းမိုးမှုအတော်ကြီးလာသည်ကို သတိထားမိသည်။ ၂၀၂၀ ကိုဗစ်ကာလများမှာ ဆိုရှယ် မီဒီယာကိုအသုံးပြုကာ စီးပွားရှာသူ၊ ဈေးရောင်းသူများ အလုပ်ဖြစ်သူက ဖြစ်ကြသည်။ အဆင်ပြေသူက ပြေကြသည်။ ကိုယ့်အကျိုးပေးနှင့်ကိုယ်ပေ။ ဆိုရှယ်မီဒီယာကြောင့် အဆင်ပြေသွားသူများ ရှိသလို၊ ဆိုရှယ်မီဒီယာကို အမုန်းကြီးမုန်းပြီး အကြောက်ကြီး ကြောက်သွားသူ များကိုလည်း ဘိုးဘိုးကြီး တွေ့ဖူးသည်။
    ဘိုးဘိုးကြီး တစ်ရက် လမ်းလျှောက်ရင်း လက်ဖက်ရည်ဆိုင်ရှေ့တွင် ထီသည်တွေ့သည်နှင့် ဝင်ထိုးမိသည်။ ထီအကြောင်းပြောရင်း ဟိုရောက်သည်ရောက်နှင့် ဆိုရှယ်မီဒီယာအကြောင်း ရောက်သွားသည်။ သူကတော့ ဆိုရှယ်မီဒီယာကို သိပ်မသုံးဘဲ စီးပွားရှာနေရသည်နှင့် အချိန်ကုန်နေသည်ဟု ပြောသည်။ အိမ်က မိန်းမကတော့ တစ်နေ့တစ်နေ့ လိုင်းပေါ်မှာ ပြည်ပက သတင်းမီဒီယာတွေ ကြည့်ပြီး ဆဲဆိုနေတာနှင့် မအားကြောင်း ပြောသဖြင့် ဘိုးဘိုးကြီးက ဘယ်မီဒီယာတွေလဲဟု မေးမိသည်။
    ၂၀၂၁ ပြည်ပသို့ ထွက်ပြေးသွားသူ အများစုက လိုင်းပေါ်တွင် ပြောဆိုရေးသား ဆဲဆိုနေကြသည်ကို ပြည်တွင်းနေထိုင်သူများက သဘော ပေါက်ကြသည်၊ သိကြသည်။ သူတို့သည် သူတို့ထမင်းစားဖို့၊ မိသားစု ဘ၀ ဝမ်းဝဖို့ ဆိုရှယ်မီဒီယာတွင် ဆဲဆိုရေးသား ပြောဆိုမှ လူများများ ကြည့်မည်။ မှတ်ချက်များများရေးကြမည်။ ဆဲဆို ဖြန့်ဝေသူများကြမည်။ အဲဒါမှ သူတို့သည် ဆိုရှယ်မီဒီယာမှ ဝင်ငွေရမည်။ မိသားစုဘ၀ စိုပြည်မည်။ များများဆဲလေ များများ ပိုက်ဆံဝင်လေသူများကို ကြည့်လိုက်လျှင် မြန်မာနိုင်ငံပြင်ပ ကျည်လွတ်ရာတွင် နေထိုင်သူများဖြစ်ကြသည်။ အဲဒီဟာကို ပြည်တွင်းက မနေတတ်၊ မထိုင်တတ်၊ မစဉ်းစား မတွေးခေါ်တတ်သူများက သံယောင်လိုက်ကြသည်၊ ဘေးတီးကြသည်၊ ဟီလာတိုက်ကြသည်၊ ဖောင်းထုကြသည်၊ အမနာပပြောကြသည်၊ ဆဲဆိုကြသည်၊ ဆိုရှယ်မီဒီယာက လူများများ မှတ်ချက်ပေးလေ လူများများဖြန့်ဝေလေ ပျံ့နှံ့မှုများလေ ဖြစ်သည်။ ပျံ့နှံ့မှုတွင် စာချည်းသက်သက်နှင့် ဗီဒီယို ကလစ်ပျံ့နှံ့မှု မတူပေ။ ပြည်ပသို့ ထွက်ပြေးသွားသူများ ကျည်လွတ်ရာနေရာမှ ပြောဆိုရေးသား ဖောင်း ထုပြော ချင်ရာပြော၊ ရေးချင်ရာရေးနေသူများကို အရေးလုပ်သူ များကလည်း သူ့ပရိသတ်နှင့်သူ ရှိကြသည်။ ယနေ့ ဘိုး ဘိုးကြီးတို့ဆီမှ ဆိုရှယ်မီဒီယာ
 Knowledge ဖြစ်သည်။


ဆိုရှယ်မီဒီယာနှင့် တာဝန်ယူမှုတာဝန်ခံမှု
    ဘိုးဘိုးကြီး တစ်ခုသတိထားမိသည်က ဆိုရှယ်မီဒီယာ အသုံးပြုသူများကြားတွင် သတင်းတစ်ခု ပျံ့နှံ့မှုက အရမ်းမြန်သည်။ သတင်းတစ်ခုခုကို ဖုံးဖိချင်လျှင် လွန်ခဲ့သော လေး၊ ငါးနှစ်က သတင်းသည် မနေ့ တစ်နေ့က ဖြစ်ပျက်ခဲ့သယောင်၊ လူတစ်ယောက်က ကောက်တင်ပြီး မှတ်ချက်ပေးလိုက်လျှင် နောက်လူများကလည်း အဆိုပါတင်သည့် Post သတင်းကို သေချာစိစစ် မစဉ်းစားမဆင်ခြင်၊ မှန်ကန်သလား မမေးမြန်း မဆုံးဖြတ်တော့ဘဲ ဒေါသအလျောက် တုံ့ပြန်သည်က များသည်။ အဆိုပါ ဒေါသနှင့် တုံ့ပြန်သူကို ကြည့်ပြီး နောက်တစ်ယောက်ကလည်း ဒေါသတကြီး တုံ့ပြန်လိုက်သောအခါ ဒေါသများ ပလူပျံသွားပြီး ကြည့်ရှုသူအပေါင်း လည်း ဘူမသိ ကိုးမသိနှင့် ဒေါသဖြစ်ကာ ကျန်ခဲ့လေသည်။
    မူလသတင်း တင်သူက သူထူထောင်ထားသည့်သတင်း Page ကို လူအများ ကြည့်ရှုရန်၊ အရေအတွက်များရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ဆိုရှယ်မီဒီယာ သုံးစွဲသူအများစုက မသိကြပေ။ မိမိသတင်းစာမျက်နှာ လူကြည့်များစေရန် လူအများ စိတ်ဝင်စားသည့် သတင်းကို မိမိထူ ထောင်ထားသည့် Page တွင် တင်လိုက်ခြင်းအားဖြင့် မိမိသတင်းကို လူအများ စိတ်ဝင်စားမည်၊ ကြည့်ကြ မည်၊ မှတ်ချက်ပေးကြမည်။ ထိုအခါတွင် မိမိသတင်း Page ကို လူအများ မြင်မည်၊ တွေ့မည်၊ သတိထား မိကြမည်။ မိမိကလည်း လူအများကြည့်ရန်သာ ရည်ရွယ်ပြီး လူအများ စိတ်ဝင်စားလာလျှင် မိမိသတင်း Page ဝင်ငွေရမည်။ ဤနေရာကို ပိုက်ဆံရှာသည့် နေရာသဖွယ် အသုံးချခြင်း သာဖြစ်သည်။ တခြားမသိ၊ ယနေ့ခေတ်တွင် အဲဒီလို လူက အများစုသာ ဖြစ်သည်။ သတင်းတစ်ခု၏ မှန်ခြင်း၊ မှားခြင်း စံတန်ဖိုးများကို လူမှုကွန်ရက်တွင် လိုက်ရှာလျှင် မရနိုင်။ သတင်းအတု Page များက တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ ပေါက်ပန်းဈေးတင်ပြီး လုပ်ချင်ရာ လုပ်နေ ကြသည်။ အဲဒါတွေကို အရေးတယူ လုပ်သူများက ဘယ်လိုလူ၊ ဘယ်လိုအနေအထားလဲဆိုတာ ဆိုရှယ်မီဒီယာ သုံးသူများ သိကြသည်။

ဆိုရှယ်မီဒီယာ မုဆိုး
    ဆိုရှယ်မီဒီယာကို အသုံးချကာ စီးပွားဖြစ် သွားသူများကို ဘိုးဘိုးကြီး ၂၀၂၁ နောက်ပိုင်းတွင် တွေ့ ခဲ့ရသည်။ အထူးသဖြင့် မီဒီယာသမားဟု သူတို့ကိုယ်သူ တို့ တံဆိပ်ကပ်ထားသူများ ဖြစ်သည်။
    သူတို့သည် နေ့စဉ်သတင်းပြောသူ၊ သတင်းတင်ဆက်သူအဖြစ်ခံယူပြီး ဆိုရှယ်မီဒီယာပေါ်မှ ဖြစ်စဉ်များကို ဆိုရှယ်မီဒီယာပေါ်တွင် ပြန်ပြောကာ ကိုယ့်ကိုယ်ကိုယ် ပရိုမို့ လုပ်နေသူများဟု မီဒီယာ အသိုင်းအဝိုင်းက သမုတ်ကြသည်။ သူတို့ ကျွမ်းကျင်မှုကိုလည်း ဘိုးဘိုးကြီးတို့ လိုက်လို့မမီပေ။ ဘယ်သူ့ ကို ဘယ်လိုလုပ်လိုက် ရင်၊ ဘယ်သတင်းကို ဘယ်လိုပြောလိုက်ရင်၊ ဘယ်လို အောက်ဖဲလှန်လိုက်ရင် နောက်ဆက်တွဲ ဘာဖြစ်မည်ဆိုတာကို ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဆိုရှယ်မီဒီယာကို ကျားချောင်း ချောင်းနေကြသူများဖြစ်သည်။
    သူတို့သည် ၂၀၂၁ မှ စတင်ကာ ဖုန်းတစ်လုံးရှိရုံဖြင့် နေ့စဉ်ဖြစ်ပျက်နေသည်များကို ပြောပြကာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ကြသည်။ နှစ်အနည်းငယ် ကြာလာသည်နှင့်အမျှ အဆိုပါသတင်းပြောသူ အဖြစ်မှ ကိုယ်ကျိုးရှာသူ အဖြစ်သို့ ရောက်ရှိသွားသည်ကို သူတို့သတင်းများ ကြည့်ရုံဖြင့် သိနိုင်သည်။ တချို့ရက်များတွင် မထိခလုတ် ထိခလုတ်ဖြင့် သူ့ပလက်ဖောင်းမှတစ်ဆင့် ပြည်သူ့အတွက် လိုလို၊ နိုင်ငံ အတွက်လိုလို၊ မီဒီယာအတွက်လိုလိုနှင့် လုပ်သွား၊ ပြောသွားသေးသည်။ တကယ်တော့ ဘယ်သူ့အတွက်မှမဟုတ်ဘဲ သူ့အတွက်သူ တည်ဆောက်နေသည်ကို ဘိုးဘိုးကြီးတို့ သိနေပေသည်။ သူ၏ ပြောဆိုမှု အခု ၁၀၀ တွင် သတင်းတစ်ဝက်လောက်က ရိုးသားမှု မရှိသည်ကို ကြားနေ၊ တွေ့နေရသည်။ သူ့အတွက် သူ ကိုယ်ကျိုးရှာတာ၊ ဆိုရှယ်မီဒီယာကို အသုံးချနေမှန်း သိသာပေသည်။ မြန်မာပြည်သူအတွက်ကတော့ သူက အံဝင်ခွင်ကျ ဖြစ်ပေသည်။ ဆရာသမားတစ်ယောက် မှတ်ချက်ကတော့ သူနဲ့ (ဆိုရှယ်မီဒီယာမှာ သတင်းပြောသူ)က ကျွန်တော်တို့ဆီက သူတွေနဲ့က ကွက်တိလောက်ပဲဟု မှတ်ချက်ချဖူးသည်ကို အမှတ်ရ နေမိသည်။ ဘာပဲပြောပြော ၂၀၂၁ မှ ယနေ့အထိ ဆိုရှယ်မီဒီယာကို အသုံးချပြီး ချမ်းသာသွား သော သတင်းသမား ရှိသည်ကိုတော့ ဘိုးဘိုးကြီးတို့ မြင်ဖူးခဲ့ချေပြီ။ 
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64752

© 2022 - 2026 News. All Rights Reserved.