နွေဦးသဘင်

၂၀၂၆ ၊ မတ် ၆

    ''ဟယ်...ဟိုမင်းသားလေး ဇာတ်မကရတော့ဘူး၊ တစ်နှစ် ပိတ်လိုက်တယ်တဲ့ ယောကျ်ားရေ"
    မဒမ်ထူးမြတ်တစ်ယောက် နွေရာသီအားလပ်ရက်ကို ဖုန်းပွတ်ရင်း ကုန်ဆုံးနေပြီး ဖေ့စ်ဘုတ်၊ တစ်တော့ပေါ်က သတင်းထူး၊ သတင်းဦးတွေကို အပြေးအလွှား လာပြောတာက အလုပ်တစ်ခု ဖြစ်နေသည်။ ခုခေတ်ကလည်း သတင်းစီးဆင်းမှုတွေများ မြန်လိုက်တာ  မနည်းလိုက်နေရ သည်။ "ဟဲ့...ပြောစမ်း ပါဦး၊ ဘယ်မင်းသားလဲ"ဟု ဆိုလိုက်ရာ မဒမ်ထူးမြတ်တစ်ယောက် အာပေါင်အာရင်းသန်သန်ဖြင့် ဖောက်သည်ချလေတော့ သည်။
    "ဒီလိုယောကျ်ားရဲ့ မင်းသားလေးက ဇာတ်ကတဲ့နေရာမှာ ဟိုအသိုက်အဝန်းကို လှောင်စရာ ပြောင်စရာ ဖြစ်တယ်ဆိုပြီး ဟိုအဖွဲ့အစည်းက တိုင်လိုက်တာ ခုတော့ ဇာတ်ကခွင့် တစ်နှစ် ပိတ်လိုက်တယ်တဲ့တော်ရေ၊ သနားစရာလေးပါအေ။ သူတို့တစ်ဖွဲ့လုံး ထမင်းအိုးတွေ ကွဲတာပေါ့အေ၊ တစ်နှစ်က တော့များတယ်အေ မသကာ  တစ်လလောက်ပေါ့။ တကတည်းတော် အဖြစ်သည်းနေ လိုက်တာ ဒါလေး ကပြတာကို"
    မဒမ်ထူးမြတ်၏ မကျေမချမ်းလေသံက ဇာတ်မင်းသားလေးဘက်က ခပ်ပါပါဆိုတာ ချက်ဆိုနားခွက်က မီးတောက်လိုက်သည်။ လုပ်လက်စ အိမ်မှုကိစ္စလေးတွေ အသာထားပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဘာတွေ ထူးသလဲဆိုတာ ခေတ်နောက်မကျန်စေရေး ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖေ့စ်ဘုတ်ထက်မှာလည်း မင်းသားအကြောင်းက နေရာယူနေကြသည်။ 'ဒါက အောင်မြင်မှုကို သက်သက်မနာလိုကြတာ'၊ 'ဒီလိုကြီး ပိတ်လိုက်တာ ပန်းကောင်း အညွှန့်ချိုးတာ'၊ 'ဒီလောက်တော့ မဖြစ်သင့်ဘူး'၊ 'သူ့ပရိသတ်တော့ မဟုတ်ပါဘူး'အစချီပြီး စာအရှည်ကြီးတွေ ရေးကြသားကြတာ မြင်ရလေတော့သည်။ ဒါတင်မကသေး တစ်တော့မှာလည်း ပွဲခင်းထဲက အမှောင်ချထားသော ဇာတ်ရုံကြီးရှေ့မှာ ပရိသတ်က မင်းသားနာမည်ကို တကြော်ကြော် အော်ကြဟစ်ကြရင်း မင်းသားထွက်အလာကို မျှော်နေကြသည်။ ဒီမြင်ကွင်း ကိုကြည့်ပြီး မင်းသားပရိသတ်ကို ခန့်မှန်းလို့ရသည်။ လက်သွက်သော သတင်းမီဒီယာတွေကလည်း ပွဲခင်းထဲ အရောက်သွားပြီး ပရိသတ်တွေကို အင်တာဗျူးကြလေသည်။ ပရိသတ်တွေကလည်း ဒါမဖြစ်သင့်ဘူး အစချီကာ မင်းသားဘက်က အပြည့်အ၀ ရပ်တည်ပေးကြသည်။
    ဒီလိုအခြေအနေမျိုးမှာ ဖေ့စ်ဘုတ်သုံးတာ ပါးဝနေသော မောင်ထူးမြတ်တစ်ယောက် အရင်လို ဖေ့စ်ဘုတ်ပေါ်တက်ပြီး အာချောင်တာမျိုး မလုပ်တော့ချေ။ ခုခေတ်က အနေအထိုင်ဆင်ခြင်မှ တော်ကာ ကြသည်။ မင်းသားပရိသတ်က မနည်းသလို တစ်ဖက်ကလည်း သူ့ပရိသတ်နဲ့သူ ဆိုတော့ ကြားထဲက ဝင်အာချောင်ရင် အဆူခံရနိုင်သည်။ ဒီလိုနဲ့ ဖုန်းလေးပိတ်ပြီး မဒမ်ထူးမြတ်ခိုင်းတာတွေ လက်စသတ်ရပေ ဦးမည်။ အမျိုး သမီးထုဆိုတာက ကိုရီးယားမင်းသားတွေ၊ သူတို့ကြိုက်တဲ့ အနုပညာရှင်တွေအပေါ်သာ သနားစိတ်ဝင်တာ အိမ်မှာရှိတဲ့ မဟာပုရိသကြီးတွေအပေါ်တော့ မထင်ရင် မထင်သလို အပြစ်ရှာတတ်သည်။ အချိန်အားဖြင့် သိပ်မကြာလိုက်ဘဲ မောင်ထူးမြတ်ဟင်း ချက်နေသော မီးဖိုချောင်ထဲ ဖုန်းကြီး ကိုင်ကာ မဒမ်ထူးမြတ် အူယားဖားယား ပြေးဝင်လာပြန်သည်။
    "အောင်မလေးယောကျ်ားရေ ဝမ်းသာလိုက်တာတော်။ မင်းသားလေး ပြန်ကရပြီတဲ့တော့ တွေ့လား။ တစ်နှစ်ပိတ်တာ မပိတ်တော့ဘူးတဲ့တော်၊ ခွင့်လွှတ်ပေးတဲ့ လူကြီးတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးဘယာ ကင်းဝေးကြပါစေတော်။ မင်းသားလေး သနားပါတယ်တော်၊ ဝမ်းသာနေရှာမှာ"ဟု ပြောကာ မီးဖိုချောင်မှ ကဆုန်ပေါက် ပြေးထွက်သွားပြန်သည်။
    ကဲ..ဒီလိုဆိုပြန်တော့လည်း ဖုန်းကိုကောက် ကိုင်၊ အင်တာနက်လိုင်းလေး ပြန်ဖွင့်ကြည့်တော့ မင်းသားက ပြန်ကလို့ရပြီဖြစ်ကြောင်း ရေးကြသားကြ၊ တချို့တွေကလည်း ပြန်ကခွင့်ပေးတဲ့ လူကြီးမင်းတွေ ကို ကျေးဇူးတင်ကြောင်း ရေးကြသားကြပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ပြေပြေလည်လည် ဖြစ်သွားတော့လည်း ထပ်တူဝမ်းသာမိသည်။ အချင်းချင်း မေတ္တာထားကြတာက မင်္ဂလာပင် ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ် မှာကတော့ မင်းသားလေး ပရိသတ်တွေ ပွဲဆူသွားကြတာ အချိန်ခဏလေးဆိုပေမယ့် ဟိုဘက်ရပ်ကွက်မှာတော့ လောင်မီးကျကုန်တော့သည်။
    ဟိုဘက်ရပ်ကွက်က လူတွေကလည်း ခေသူတွေမဟုတ် အကွန့်အညွန့် အသော့အထေ့လေးတွေနဲ့ ရေးတတ်ကြသည်။ ဘာတဲ့ 'မင်းသားဇာတ်ပြန်ကဖို့ ခုလို တက်ညီလက်ညီ တောင်းဆိုတာမျိုး တော်လှန်ရေးမှာ တောင်းဆိုရင် လွတ်လပ်သွားမှာ စိုးလို့လား'တို့၊ 'မင်းသားကို ဆုချသလို တော်လှန်ရေးကို လှူ လိုက်ရင် တော်လှန်ရေး အောင်သွားမှာ ကြောက်နေတာလား'ဆိုပြီး ဖျာဝင်ခင်းကြပြန်သည်။ တစ်ခု သတိထားမိတာက အရင်လိုဆူတာ၊ ဆဲတာမျိုးတော့ မလုပ်ရဲတာ သေချာသွားပြီဖြစ်သည်။ အရင်က ဆိုရင် ပြည်သူတွေ ဘုရားသွား သွားပြန်ပြီ၊ ဘားသွားရင်လည်း သွားပြန်ပြီဆိုပြီး မျက်စိ ဒေါက်ထောက် ဆူကြ၊ ငေါက်ကြသူတွေ ဝင်မပြောရဲကြ တော့ပေ။ ဝင်ပြောရင်လည်း ဒီဘက်မှာက အုပ်စုတောင့် သည်။ အလျှိုလျှို ပေါ်ထွက်လာသော သဘင်ပညာရှင် မင်းသားလေးတွေက သူ့ပရိသတ်နဲ့သူ ခိုင်မာအားကောင်းလေတော့ ဝင်မပြောရဲတာလည်း ပါမည်ထင်သည်။
    ဟိုဘက်ရပ်ကွက်က လူရွှင်တော်တွေကတော့ မျက်ရည်လည်ရွှဲ ဖြစ်ကုန်တော့သည်။ 'ငါတို့ ပြန်လာစရာ မလိုတော့ဘူးလား'၊ 'ပြည်သူတွေ အပျော်ကြူးကုန်ကြပြီလား'၊ 'ဟိုအမေအိုကြီးကို မသနားကြတော့ဘူး'ဆိုပြီး ရေးကြသားကြလေသည်။ အေးလေ သူတို့စိတ်မကောင်းလည်း စိတ်မကောင်း ဖြစ်ချင်စရာပင် ဖြစ်သည်။ မြန်မာပြည်မှာ အနုပညာနဲ့ လုပ်စားကိုင်စား အဆင်ပြေနေရဲ့သားနဲ့ တောထဲ အရောက်သွားပြီး တော်လှန်အနုပညာ ရှင်ဘွဲ့ကို ခံယူပြီး တော်လှန်လိုက်ရတာ ခုကြတော့ ဖုတ်လေတဲ့ ငါးပိ ရှိတယ်တောင်မထင်ကြတော့ အားငယ်မယ်ဆိုရင်လည်း အားငယ်စရာပင်ဖြစ်သည်။ ဝောာ်လှန် ဇာတ်မင်းသားတွေ၊ တော်လှန် လူရွှင်တော်တွေ၊ တော်လှန်အငြိမ့်သမတွေ ရှိရဲ့သားနဲ့ တစ်နှစ်တစ်ပွဲ ဖြစ်ဖြစ်မြည်အောင် ကနေရသည်။ ဒီဘက်ရပ်ကွက်မှာကတော့ သီတင်းကျွတ်ပြီဆိုကတည်း ပွဲလမ်းသဘင်တွေကြောင့် ဇာတ်အဖွဲ့တွေ  လက်မလည်အောင် ကရသည်။ ပြည်သူတွေကလည်း ဇာတ်သဘင် တစ်ခေတ်ဆန်းပြန်တော့ သူတို့နှစ်သက်ရာ မင်းသားတွေကို အားပေးကြ၊ ဆုတွေ ချကြတာများ မင်းသား ဝတ်စုံတွေက ငွေစက္ကူတွေနဲ့ ချုပ်ထားသလား အောက်မေ့ရသည်။ ဒီကြားထဲ ရွှေနဖူးစည်းတွေ၊ ရွှေခေါင်း ပေါင်းတွေ ဆုချတဲ့အထိ အားပေးကြမ်းကြပြန်သည်။
    ဒီလိုဆိုတော့လည်း တော်လှန်ရေးအသိုက်အဝန်း ဘက်ကနေကြည့်ပြီး မချိတင်ကဲ ဖြစ်မိသည်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ တော်လှန်ရေးကို လေး၊ ငါးနှစ်လုပ်နေကြတဲ့ ခေါင်းဆောင်ကြီးတွေကို သနားမိသည်။ တော်လှန်ရေး ဆိုတာကလည်း သူ့ပရိသတ်နဲ့သူ ရှိသည်။ မင်းသားလို ကတတ်တဲ့ တော်လှန်မင်းသားတွေလည်း ရှိသည်။ အဝတ်အစားအသစ်ဝယ်ဖို့ တော်တော် စဉ်းစားနေရတယ်ဆိုတဲ့ ပြက်လုံးပြက်တတ်သော လူရွှင်တော်ကြီးတွေလည်း ရှိသည်။ အထွေထွေ ထိုးစစ်ကြီးဆိုပြီး မကြာခဏ ပြောတတ်တဲ့ ဟာသပညာရှင်ကြီးတွေလည်း ရှိသည်။ အဆိုအငိုကောင်းသည့် မင်းသမီးတွေလည်း ရှိသည်။ တစ်ခုခုဆိုရင် ဘေးတီးပေးမည့် ဆိုင်းပညာရှင်ကြီးတွေလည်း ရှိသည်။ နယ်စပ်မှာ ဇာတ်ခေါင်းကွဲနေတဲ့ လူပြက်တွေလည်း ရှိသည်။ ခုနေများ စုစည်းလိုက်ပြီး 'နွေဦးသဘင်'ဆိုပြီး ဇာတ်ထောင်လိုက်ရင် ဝက်ဝက်ကွဲအောင်မြင်မှာ သေချာသည်။ ကမ္ဘာကျော် ရယ်စရာ ပြက်လုံးများဖြင့် ကမ္ဘကျော် နွေဦးသဘင်ကြီး ကမ္ဘာပတ်ပြီးကပြဖို့သာ ပြင်ဆင်ထားကြစေလိုသည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60686

© 2022 - 2026 News. All Rights Reserved.