'နယ်မြေမတည်ငြိမ်မှု ဖြစ်ပေါ်လျက်ရှိသည့် ဒေသများတွင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရား မဝင် ခိုးယူသုံးစွဲခြင်းများ ပြုလုပ်၍ ပြည်ပနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့နေကြသဖြင့် နိုင်ငံအတွက်ထိခိုက် ဆုံးရှုံးမှုများစွာဖြစ်ပေါ် လျက်ရှိ ကြောင်း၊ ထိုသို့တစ်ဦးချင်း၏ ကိုယ်ကျိုးအတွက် တရားမဝင်သည့် နည်းလမ်းများဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေများ ရှာဖွေရရှိနေကြခြင်းကြောင့် တရားဝင်ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှုများ အားနည်းပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါ ဒေသများတွင် ဆက်လက်တည်မြဲနေခြင်းဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်လျက် ရှိနေပါတယ်"။
အောက်တိုဘာ ၅ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီးပြောကြားရာတွင် နိုင်ငံတော်၏ သယံဇာတများခိုးယူခံနေရမှုကို အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ် နိုင်ငံရေးအလှည့် အပြောင်းကာလအလွန်တွင် တိုင်း ရင်းသားလက်နက်ကိုင်များ၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲများ ဖန်တီးခဲ့ကြခြင်း၏ အခြေခံအကြောင်းတရားတွင်လည်း နိုင်ငံတော်၏ သဘာဝသယံဇာတများကို တရားမဝင် ထုတ်ယူသုံးစွဲ၍ ကိုယ်ကျိုးစီးပွားရှာရန်က အဓိကကျသော အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။ နိုင်ငံရေးမတည်မငြိမ် အခြေအနေကို အခွင့်ကောင်းယူကာ တိုင်းရင်း သားလက်နက်ကိုင်တို့၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲများတွင် နိုင်ငံတော်၏ သဘာဝသယံဇာတပစ္စည်းများ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်။ ထင်ရှားသောဥပမာအဖြစ် မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ကို TNLA တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ယာယီစိုးမိုးစဉ်မြို့၏ အထင်ကရ ဂေါက်ကွင်းနေရာကို ကြီးမားသော တွင်းချိုင့်ကြီးများဖြစ်စေရန် သဘာဝသယံဇာတ ကျောက်မျက်ရတနာများကို တူးဖော်သွားခဲ့ခြင်း ဖြစ်သည်။ ထို့သို့ ဆောင်ရွက်ချက်သည် ၎င်းတို့၏ မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်သွားခြင်းဖြစ်ပြီး မြို့ခံပြည်သူလူထုအတွက် အနားယူ အပန်းဖြေရာ မြေယာရှုခင်းတစ်နေရာ ပျက်စီးခဲ့ရသလို နိုင်ငံတော်အတွက်လည်း သဘာဝသယံဇာတများ ခိုးယူခံရသည့် နစ်နာဆုံးရှုံးမှု ကြုံတွေ့ ရခြင်းဖြစ်သည်။ တပ်မတော်က နယ်မြေစိုးမိုးမှုကို အချိန်မီဆောင်ရွက်နိုင်ခဲ့ပြီး အလုံးစုံထိန်းချုပ်ကာ မြို့ခံပြည်သူ့လက်ဝယ်သို့ မြို့ကိုပြန်လည်အပ်နှံချိန်တွင် မြို့သည် စိတ်မကောင်းဖွယ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ ယာယီစိုးမိုးခဲ့သည့် အချိန်ခဏတာ အတွင်း သံယဇာတများကို ရသလောက် ထုတ်ယူသွားခဲ့ ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက် သယံဇာတ ပေါ<ကယ်ဝမှုက အိမ်နီးချင်းနိုင်ငံအချို့မှ ဝိသမ လောဘသားများအတွက် စိတ်ဝင်စားခြင်းကို ခံနေရခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ထား ကြသူများကလည်း တိုင်းပြည်သယံဇာတများကို တရားမဝင်ခိုးယူ သုံးစွဲလိုခြင်းများက အချိတ်အဆက်မိ သော တရားမဝင် သယံဇာတခိုးထုတ်ကြသည့် ဈေးကွက်တစ်ခုကို ဖြစ်ပေါ်စေသည်။
ဤနေရာတွင် အဓိက တင်ပြလိုသည်က ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံတကာက အာရုံစိုက်လာသည်က မြန်မာနိုင်ငံ၏ မြေသယံဇာတဖြစ်သောမြေ ရှားသတ္တုပင်ဖြစ်သည်။ မြေရှားသည် သတ္တုဒြပ် စင် ၁၇ မျိုးပါဝင်ပြီး ဒြပ်စင်များ၏ အက်တမ်အလေးချိန်ပေါ် မူတည်ပြီး ပေါ့ပါးမြေရှားဒြပ်စင် (LREE) နှင့် လေးလံမြေ ရှားဒြပ်စင် (HREE) အဖြစ် အဓိကအုပ်စုနှစ်ခု ခွဲထားသည်။ ပေါ့ပါးမြေရှားဒြပ်စင် (LREE) သည် ဈေးကွက်တန်ဖိုးလည်း နည်းပါးပြီး လေးလံမြေရှားဒြပ်စင် (HREE) မှာရှားပါးပြီး ဈေးနှုန်းကြီးမြင့်သော သတ္တုဖြစ်သည်။ တန်ဖိုးမြင့် နည်းပညာထုတ်ကုန်များ ထုတ်လုပ်ရာတွင် HREE သည် မရှိမဖြစ်လိုအပ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် HREE နှစ်မျိုးနှစ်စားဖြစ်သော ဒစ်စပရိုဆီ ယမ်(Dy)နှင့် တာဘီယမ် (Tb) တို့ကို အဓိကထုတ်ယူကြသည်။ မြင့်မားသည့် အပူချိန်ဒဏ်ကို ကြာရှည်ခံနိုင်သည့် အမြဲတမ်းသံလိုက်များ ထုတ်လုပ်ရာတွင်လည်း မရှိမဖြစ် လိုအပ်နေသည်။ ယနေ့ခေတ်တွင် တွင်ကျယ်စွာအသုံးပြုနေသော EV ယာဉ်များ ထုတ်လုပ်ရာတွင် ၎င်းသတ္တုက အရေးပါသလို အခြားနည်းပညာနှင့် သိပ္ပံကဏ္ဍများတွင်လည်း အထူးလိုအပ်သော သတ္တုဒြပ်စင် ဖြစ်သည်။
မြေရှားသတ္တုကို စတင်စိတ်ဝင်တစား ဆောင်ရွက်လာသည်က မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လုပ်ငန်းရှင်များ ဖြစ်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ၏ အထွေထွေအတွင်း ရေးမှူး ဦးခေါတိန့်က 'မြေရှားကတော့ တရုတ်ပြည်ကနေ စတယ်လို့ ပြောရမှာပေါ့။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့သူတို့ရဲ့ နိုင်ငံတွင်းမှာ မြေရှားထွက်တော့ မြေရှားသတ္တုသန့်စင်စက်ရုံ တည်ထောင်ပြီး သူတို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်တွေအထိ ကူးစက်လာတယ်။ ကနဦးကတော့ နယ်စပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ 'ဝ'ဒေသတွေမှာ စတင်ခဲ့တယ်။ နောက်ကျွန်တော်တို့ ကချင်အထူးဒေသ(၁)မှာ မြေရှားကို စတင်တွေ့ရှိခဲ့တယ်။ အထူး ဒေသ(၁)ဆိုတာက တော့ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်မှာ ဒေသဖွံ့ဖြိုးရေးဆိုပြီး လုပ်ပိုင်ခွင့်တွေရတယ်။ ဒေသဖွံ့ဖြိုးရေးဆိုတော့ ဒီဒေသမှာရှိတဲ့ သယံ ဇာတတွေကို ရင်းနှီးမြှုပ်နှံပြီး ဒေသဖွဲ့ဖြိုးရေးလုပ်တဲ့အခါမှာ အဓိကကျွန်တော်တို့ သစ်လုပ်ခဲ့ကြတယ်။ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပြုတော့ လုပ်ငန်းကရတဲ့ အကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေး လုပ်ခဲ့တယ်။ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဖော်ထုတ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတာတွေလုပ်တယ်။ သစ်လုပ်ငန်းကရတာတွေကို ဒေသဖွံ့ဖြိုးရေးလမ်းတွေ ဖောက်တယ်။ တံတားတွေ ဆောက်ခဲ့တယ်။ အထူးဒေသ(၁)အနေနဲ့ ဆောင်ရွက်ခဲ့တာပေါ့လေ။ နောက်ပိုင်းမှာပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဘာသယံဇာတတွေရှိတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံက ပညာရှင်တွေက သိပြီးသားဗျ။ သူတို့နိုင်ငံတွင်းမှာလည်း မြေရှားထွက်တော့ ကုန်ကြမ်းကနေ ကုန်ချောထွက်တဲ့စက်ရုံတွေ တည်ဆောက် ထားတယ်။ သူတို့နိုင်ငံတွင်းမှာတော့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ကြတာပေါ့လေ။ သူတို့နိုင်ငံနဲ့နယ်နိ မိတ်ထိစပ်နေတဲ့ ကျွန်တော်တို့ဆီမှာလည်း မြေရှားရှိတာ သူတို့သိတယ်။ ဒီတော့ နယ်စပ်ဒေသမှာ လက်နက်ကိုင် အဖွဲ့တွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူတို့ကလည်း မကင်းကြဘူးလေ။ ဒီတော့ ရှမ်းပြည်နယ်နဲ့ 'ဝ'ဒေသတွေမှာ မြေရှားကို စတင်ခဲ့ တယ်။ နောက်ဆုံးကြတော့ ကျွန်တော်တို့ ပန်ဝါဒေသမှာလည်း မြေရှားထွက်တယ်ဆိုတာသိတော့ ကျွန်တော်တို့လည်း နိုင်ငံတော်အစိုးရကို တင်ပြပြီး ဆာဗေးလုပ်ဖို့ သတ္တုရှာဖွေရေးစမ်းသပ်ဆိုပြီး ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။
စမ်းသပ် ရှာဖွေတဲ့အခါမှာ တကယ်တမ်းလည်း သတ္တုကထွက်တယ်။ သတ္တုစမ်းသပ်ရှာဖွေတဲ့ အခါမှာ ပြည်သူလူထုတွေက သူတို့ကျေးရွာအလိုက် ပိုင်ဆိုင်တဲ့နေရာတွေမှာ လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီး ကျေးရွာအလိုက် သူတို့သဘောတူညီချက်နဲ့ စမ်းသပ်တူးဖော်ကြတယ်။ လုပ်ရင်းကိုင်ရင်း နောက်ဆုံး သတ္တုတူးဖော်ရေးကို နိုင်ငံတော်အနေနဲ့ သေချာကြပ်မတ်ပြီး ဆောင်ရွက်ရမယ့်အခြေအနေကို ရောက်လာတယ်။ ဒါကြောင့် အစိုးရနဲ့ ဆောင်ရွက်ဖို့တင်ပြတဲ့အချိန် ၂၀၂၄ မှာ အထူးဒေသ(၁)ကို KIA ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးယူထားတာဖြစ်ကြောင့် လက်နက်ဆိုတာက နယ်မြေလုံခြုံရေးအတွက်ပဲရှိတာ။ စစ်တိုက်ဖို့အတွက် မရှိဘူး။ ဒါကို KIA ကသိတော့ အထူးဒေသ(၁) ချီဖွေ ခရိုင်ကိုစိုးမိုးထိန်းချုပ်ရေးဆိုပြီး အင်အားအလုံးအရင်းနဲ့ ၂၀၂၄ သြဂုတ်လမှာ သိမ်းလိုက်တယ်။ ချီဖွေဟာ ခရိုင်ဖြစ်တဲ့အတွက် အစိုးရရဲ့ အုပ်ချုပ်မှုယန္တရား အကုန်ရှိတယ်။ ဒီလိုနေရာကို KIA က အလုံးအရင်းနဲ့ တိုက်တဲ့ အခါမှာ ကျွန်တော်တို့ အထူးဒေသ(၁)နဲ့ တပ်မတော် ပူးပေါင်းကာကွယ်တယ်။ နောက်ဆုံးစစ်ရေးအရ လူအင်အားမမျှတော့ ကျွန်တော်တို့ ဆုတ်ပေးလိုက်ရတယ်"ဟု အထူးဒေသ(၁)ကို KIA တို့ စတင်ထိုးစစ်ဆင်မှုကို ပြော ဆိုခဲ့သည်။
ယင်းနောက် KIA ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲအပြီး မူလက မြေရှားသတ္တုတူးဖော်ရေး စမ်းသပ် တွင်းများက သဘာဝသယံဇာတ တရားမဝင်တူးဖော်မှု အသွင်ပြောင်းလဲသွားခဲ့ခြင်းကိုလည်း ]]မူလက စမ်းသပ်တွင်းတွေအပြင် တရုတ်လုပ်ငန်းရှင်တွေကို KIA က ခေါ် သွင်းလာပြီး ရသလောက်လုပ်ကြတယ်။ အရင်က လက်နဲ့လုပ်ကြတဲ့နေရာတွေကို စက်ယန္တရားကြီးတွေနဲ့ သတ္တုလုပ်ငန်းကို လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ သိရတာကတော့ နေ့စဉ်နဲ့အမျှ ၁၆ ဘီး၊ ဘီး ၂၀ ကား ကြီးတွေနဲ့ ဝင်လာတယ်။ သူတို့ အပြောတော့ မြေသြဇာတွေ တင်လာတယ်ပေါ့။ အမှန်ကတော့ ဓာတုဗေဒပစ္စည်းတွေ တင်လာတယ်။ အပြန်မှာတော့ မြေရှားကုန်ကြမ်းတွေ သယ်သွားကြတယ်။ အထူးဒေသ(၁)ကို KIA က အဆင် သင့်ရောက် လာပြီးတော့ ရသလောက်နှိုက်ယူနေကြတာပေါ့။ ဒီသတ္တုတွေက ဘယ်ဈေးရှိတယ်။ ဘယ်လိုရောင်းတယ်ဆိုတာ အတိအကျမသိရပေမယ့် ဒီသတ္တုဟာ နည်းပညာမြင့် ပစ္စည်းတွေမှာ မပါမဖြစ်ဆိုတော့ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ ခုတော့ တစ်ဖက်က စီးပွားရေးလုပ်ငန်းရှင်တွေက အချောင်ရသလိုဖြစ်နေတယ်။ လုပ်ငန်းရှင်တွေ လာတယ်ဗျာ။ ဒေသခံတွေက မြေနေရာပြတယ်။ မြေကွက်ရောင်းသလိုပဲ။ ဒါကို KIA ကို အခွန်ဘယ်လောက်ဆိုတာ ပေးရတယ်။ ဟိုကတူးလို့ကုန်ရင် ပြန်သွားတယ်။ နောက်တစ် နေရာ ရှာတယ်။ မြေရှားကုန်ကြမ်းအပေါ်မှာ ဘယ်လိုခွဲဝေယူသလဲဆိုတာတော့ သေချာမသိရဘူး။ တန်ဖိုးရှိလို့လည်း ဒီသတ္တုကို ရောင်းတဲ့နေရာမှာ နည်းနည်းလျှို့ဝှက်တဲ့ အပိုင်းတွေရှိတယ်"ဟု ဦးခေါတိန့်က ဆက်လက်ပြောကြားသည်။
အထူးဒေသ(၁) အတွင်း ထွက်ရှိသော သဘာဝသယံဇာတများနှင့် လက်ရှိကာလတွင် သယံဇာတများတရားမဝင် ထုတ်ယူသုံးစွဲခံနေရမှု အခြေအနေ နှင့်ပတ်သက်၍လည်း "နောက် ရွှေထွက်တာကတော့ အဓိက ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာပါ။ လန်ဆယ်ကျေးရွာလေးက ချောင်းသုံးချောင်းဆုံတဲ့နေရာပါ။ ဒေသခံတွေကတော့ နဂိုကတည်းက တစ်နိုင်တစ်ပိုင်လုပ်ကြတာတော့ ရှိပါတယ်။ တချို့က အတုံးအခဲတွေရတယ်။ တချို့က ရွှေမှုန်လေးတွေရတယ်။ နောက် ရွှေကြော လိုက်ရင်း ကျောက်တောင်တွေမှာ လိုဏ်ဂူလေးတွေ ဖြစ် သွားတယ်။ ဒါကို KIA ရောက်ရှိလာပြီး နောက်ပိုင်းမှာ စက်ယန္တရားတွေနဲ့ လုပ်ကြတယ်။ တူးမယ်၊ သန့်စင်မယ် တစ်ခါတည်း လုပ်ကြတယ်။ KIA ကလည်း လုပ်ကွက်တွေသတ် မှတ်ပြီး လုပ်ခိုင်းတယ်။ နောက်ဆုံး သိရသလောက် ရွှေထွက်တဲ့ ဂူတွေထဲမှာဆိုရင် ဒေသခံတွေကို KIA က နာရီနဲ့ဝင်ခိုင်းတယ်။ ရွှေကြောမြေစာပုံသွားကျုံးပြီး ထွက်လာရင် ဒီအတိုင်းရောင်းတာ ရှိတယ်။ တချို့က ကြိတ်ပြီး ရွှေမှုန်ရောင်းကြတယ်။ အဓိကကတော့ ပြည်သူက တစ်နိုင်တစ်ပိုင် လုပ်တယ်။ ထိန်းချုပ်တာကတော့ KIA ၊ အလုပ်လုပ်တာကကတော့ တရုတ်လုပ်ငန်းရှင်။ ဘယ်လောက်ရလို့ ဘယ်လောက်ထုတ်သွားမှန်း မသိပေမယ့် ရွှေကတော့ တကယ်ထွက်ရှိတဲ့နေရာပါ"ဦးခေါတိန့်က ဒေသတွင်းအခြေအနေကို ပြောသည်။
မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတ ကြွယ်ဝမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံး မောင်းနှင်အားတစ်ရပ် ဖြစ်သော်လည်း ယနေ့အခါတွင်မူ ကိုယ်ကျိုးရှာ ဝိသမလောဘသားများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွက် တရားမဝင် ငွေရှာဖွေရာ ဈေးကွက်တစ်ခု သဖွယ် ဖြစ်လာနေပြီ ဖြစ်ပါသည်။ နိုင်ငံရေးမတည်ငြိမ်မှု အခွင့်အလမ်းကို အသုံးချကာ နယ်မြေချဲ့ထွင် စစ်ပွဲများ ဖန်တီး၍ နိုင်ငံပိုင် မြေပေါ်မြေအောက် သယံဇာတများကို ရသလောက် အလုအယက် ထုတ်ယူနေကြခြင်းသည် နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များအတွက် ပိုင်ဆိုင်ခွင့်ရှိသည့် အမွေအနှစ်များကိုပါ လုယူခံလိုက်ရခြင်းပင် ဖြစ်ပေသည်။ ထင်ရှားသော ဥပမာများဖြစ်သည့် မိုးကုတ်မြို့မှ ကျောက် မျက်ရတနာများ တူးဖော်ခံရမှု၊ ကချင်ပြည်နယ်နှင့် အထူးဒေသ(၁) တို့အတွင်းရှိ စက်မှုလက်မှုနှင့် အဆင့်မြင့် နည်းပညာများတွင် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုများကို စက်ယန္တရားကြီးများဖြင့် အကြီးအကျယ် ခိုးထုတ်နေမှုများအပြင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသရှိ ရွှေတူးဖော်မှု ဖြစ်စဉ်များ သည် နိုင်ငံတော်၏ အဖိုးတန် သယံဇာတများ မည်မျှအထိ ဆုံးရှုံးနစ်နာနေရသည်ကို သက်သေပြနေ ပါသည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် လုပ်ငန်းရှင်များက နောက်ကွယ်မှ ကြိုးကိုင်ကာ လက်နက်ကိုင်အ ဖွဲ့များ၏ ခွင့်ပြုချက်၊ အခွန်ရယူမှုတို့ဖြင့် အချိတ်အဆက်မိမိ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
ဤကဲ့သို့ တရားမဝင် နည်းလမ်းများဖြင့် တစ်ဦးချင်း၏ ကိုယ်ကျိုးစီးပွားအတွက် အလုပ်အကိုင်နှင့် ဝင်ငွေများ ရှာဖွေနေကြခြင်းကြောင့် နိုင်ငံသားတို့သည် တရားဝင် ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ရန် အားနည်းလာကြကာ နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့် အခွန်အခများမှာလည်း ထိုက်သင့်သလောက်ရရှိရန် ပျက်ပြားနေရသည်။ ထို့အပြင် ဤတရားမဝင် သယံဇာတစီးဆင်းမှုမှ ရရှိလာသော ငွေကြေးအရင်းအနှီးများသည် လက်နက်ကိုင်အဖွဲ့အစည်းများ ရပ်တည်ရေးနှင့် နယ်မြေဆက်လက်စိုးမိုး ရေးအတွက် အဓိက အထောက်အပံ့ဖြစ်စေသဖြင့် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ကိုပါ တစ်ဖက်တစ်လမ်းမှ အကြီးအကျယ် ခြိမ်းခြောက်လျက် ရှိနေပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် ကြီးမားလှသော ဘဏ္ဍာငွေဆုံးရှုံးမှုများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သွားစေမှုများကို ဟန့်တားနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးမှုကို အချိန်မီ အပြည့်အ၀ ဆောင်ရွက်သွားရန် အလွန်ပင် အရေး ကြီးလှသည်။ သယံဇာတ တရားမဝင် ထုတ်ယူသုံးစွဲနေမှုများကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းခြင်း နှင့်အတူ တရားဝင် စနစ်တကျ ထုတ်လုပ်သည့် စီးပွားရေးစနစ်များကို ပြန်လည်ဖော်ဆောင်ပေးနိုင်မှ သာလျှင် နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ရှေ့ဆက်မည့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )