ပြည်သူ့တာဝန်ကျေပွန်မှုနှင့် အောင်မြင်ခဲ့သည့် ရွေးကောက်ပွဲ

၂၀၂၆ ၊ ဇန်နဝါရီ ၃၀

    ဇန်နဝါရီ ၂၅ ရက်က ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ကျန်ရှိသောမြို့နယ် ၆၁ မြို့နယ်တွင် ကျင်းပခဲ့သည်။ မူလက ရွေး ကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ် ၆၃ မြို့ နယ်ပါဝင်ပြီး အဆိုပါ ၆၃ မြို့နယ်အနက် ကချင်ပြည်နယ်ရှိ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုကြောင်း ဇန်နဝရီ ၂၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သဖြင့် ရွေးကောက်ပွဲအပိုင်း (၃) တွင် မြို့နယ် ၆၁ မြို့နယ်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကချင်ပြည်နယ်တွင် သုံးမြို့နယ်၊ ကရင်ပြည် နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်မြို့နယ်၊ မန္တလေးတိုင်းဒေသ ကြီးတွင် ရှစ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ကိုးမြို့နယ်၊ ဧရာ၀တီတိုင်းဒေသကြီး ကိုးမြို့နယ်တို့တွင် ရွေးကောက်ပွဲကို ကျင်းပကာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
    ရွေးကောက်ပွဲအပိုင်း(၃)တွင် ထင်ရှားသည်က ပြည်သူတို့၏ ဝီရိယပင် ဖြစ်သည်။ တတိယအကြိမ် ရွေးကောက်ပွဲကို လေ့လာသတင်းရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းမှ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့ကို သွားရောက်ခဲ့သည်။ ရွေးကောက် ပွဲနေ့ မဲရုံစတင်ဖွင့်သည့် နံနက် ၆ နာရီအမီ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်တစ်ခုအတွင်းမှ မဲရုံတစ်ခုဆီသို့ ဦးတည်သွားရောက်ခဲ့သည်။ မဲရုံပင် မဖွင့်ရသေးမီ မဲရုံရှေ့တွင် မဲဆန္ဒရှင်ပြည်သူ ရာဂဏန်း ရောက်ရှိစောင့်ဆိုင်းနေသော မြင်ကွင်းကို ပထမဆုံးတွေ့မြင်ခဲ့ရသည်။ ရွေးကောက်ပွဲမဲပေးရေး ဆောလျင်စွာ ရောက်ရှိနေကြသော ပြည်သူတစ်ဦးကို ချဉ်းကပ်မေးမြန်းကြည့်ရာတွင် "ဘာလို့အစောကြီး ရောက်လာတာလဲဆိုတော့ ပြောရရင် မဲပေးချင်လို့ဗျ။ ဒီနေ့က ရုံးပိတ်ရက်ဆိုပေမယ့် ကျွန်တော်တို့ မိသားစုက လက်လုပ်လက်စားတွေဆိုတော့ စောစောမဲလာပေးပြီးတော့မှ လုပ်ငန်းခွင် ဝင်ကြမှာပါ။ မဲပေးချင်လို့ကို မဲစာရင်းတွေ ထုတ်ပြန်ကတည်းက သွားကြည့်တာ မှတ်ပုံတင်နံပါတ်လွဲလို့တောင် တာဝန်ရှိသူတွေကို ပြင်ပေးဖို့ပြောခဲ့ရသေးတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး မဲစာရင်းပါတယ်။ လက်လုပ်လက် စားဆိုတော့ ၉ နာရီလောက်ဆို အလုပ်ထဲသွားရမှာဆိုတော့ စောစောပဲ လာခဲ့တာပါ။ မဲပေးတာ ဘာကြောင့်လဲလို့ မေးရင်တော့ ကျွန်တော် တို့ထောက်ခံတဲ့ပါတီက ရွေးကောက်ပွဲမှာ ပါတယ်လေ။ ထောက်ခံတဲ့ပါတီကို မဲပေးဖို့လာတာပဲ"ဟု ပြန်လည်ဖြေကြားသည်။

 


 

  အထက်ပါပြည်သူ၏ ပြောကြားချက်ကိုလေ့ လာရာတွင် ပြည်သူတို့ ရွေးကောက်ပွဲအပေါ် ကြိုတင် စိတ်ဝင်စားမှုနှင့် ၎င်းတို့ ထောက်ခံအားပေးသော ပါတီတစ်ရပ်ကို မဲပေးမည်ဟူသော နိုင်ငံရေးပါတီများ အပေါ် လေ့လာထားမှုကို တွေ့မြင်ရသည်။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်၊ လှုံ့ဆော်မှု မပါဝင်ဘဲ မဲရုံဆီသို့ လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံအပြောင်းအလဲအပေါ် လိုလားကြောင်းပြသမှုကို တွေ့မြင်ရသည်။ နံနက် ၇ နာရီခန့်တွင် ထပ်မံသွားရောက်ခဲ့သည့် မဲရုံတစ်ရုံတွင် ဆန္ဒမဲလာရောက်ပေးခဲ့သည့် မဲဆန္ဒရှင် ပြည်သူများ၏ အင်အားကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ်(၈၁)ရပ်ကွက် မဲရုံမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာတွင် "မနက်အစောကြီး မဲရုံမဖွင့်ခင်ကတည်းက လူတွေရောက်နေတာဗျ။ ဒါနဲ့ပဲ ကြိုတင်စီစဉ်ထားတဲ့ ခုံတွေမှာ နေရာချထားပြီး စောင့်ခိုင်းထားရတယ်။ ကျွန်တော်တို့ရုံမှာက ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူပြည်သူတွေ တက်ကြွ ပုံက နံနက် ၇ နာရီပဲ ရှိသေးတယ်။ တစ်နာရီအတွင်းမှာ လူဦးရေ ၁၀၀ ကျော် သွားတယ်။ ပြည်သူတွေ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ မဲပေးနိုင်အောင်ဆိုပြီး ကြိုတင်စီစဉ်ထားတော့ အချိန်တိုအတွင်း ပြည်သူများများ လာရောက်မဲပေးခဲ့ကြတာပါ။ ကြိုတင်ပြီးမဲရုံနံပါတ်နဲ့ မဲလက်မှတ်စာရွက်လေးတွေ ဝေငှထားတော့ ပြည်သူက လျှောက်ပြီးရှာစရာမလိုဘဲ သက်ဆိုင်ရာ မဲရုံတွေကို လာရောက် မဲပေးခဲ့ကြပါတယ်" ဟုပြောကြားသည်။
    ထပ်မံ၍ အခြေခံပညာ ကျောင်းတစ်ကျောင်းကို အခြေပြုကာ မဲရုံပြုလုပ်ထားသည့်နေရာကို သွားရောက်ခဲ့သည်။ မဲရုံတာဝန်ရှိသူကို သတင်းဓာတ်ပုံရိုက်ကူးခွင့်နှင့် သတင်းရယူခွင့်အတွက် သွားရောက်သတင်းပို့ အကြောင်းကြားခဲ့သည်။ မဲရုံတာဝန်ရှိသူက သတင်းရယူမှုကိုခွင့်ပြုပေးခဲ့ပြီး ဆန္ဒမဲပေးစက် အခြေအနေကြောင့် ခေတ္တစောင့်ဆိုင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အကြောင်းအရင်းမှာ တိုင်းဒေသကြီး မဲပေးစက်နေရာတွင် တိုင်းရင်းသားမဲပေးစက် မှားယွင်းခဲ့ကြောင်း ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်မှ အချိန်တိုအတွင်း လာရောက်လဲ လှယ်ပေးမည်ဟု သိရသည်။ ထိုမဲရုံတွင်လည်း အခြားမဲရုံများနည်းတူ မဲဆန္ဒရှင်ပြည်သူများ များပြားနေပြီး အားလုံးက ဆန္ဒမဲပေးရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်ကို တွေ့မြင်ရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ စောင့်ဆိုင်းချိန်ကို စိတ်မရှည်စွာ ထွက်ခွာသွားခြင်းမရှိဘဲ ဆန္ဒမဲပေးစက် လာရောက်လဲလှယ်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။ ၁၀ မိနစ်ခန့်အကြာတွင် သက် ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး မဲပေးစက်ကို လာရောက်တပ်ဆင်ပေးခဲ့ကြသည်။ ဤနေရာတွင် ရယ်မောဖွယ်ရာအကြောင်း အရာတစ်ခုကို ထည့်သွင်း ရေးသားလိုသည်။ မဲပေးစက်မှားယွင်းမှုကို အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင် အဘိုးအိုတစ်ဦးက မဲပေးစက် ချို့ယွင်းနေသည်ဟု အထင်ဖြင့် ကော်မရှင်တာဝန်ရှိသူများကို မိရိုးဖလာရိုးရာ နည်းလမ်းအရ မဲပေးစက်များချို့ယွင်းမှု မဖြစ်စေရန် မဲပေးစက်ပေါ်တွင် ပန်းကန်တစ်ခုဖြင့် 'လက်ဖက်၊ နှမ်း၊ ကြက်သွန်ကြော်}ဖြင့် ပွဲပြင်ကာ ဆိုင်ရာများကို ပူဇော်ပသစေရန် ပြောဆိုခြင်းပင်ဖြစ်သည်။ ကော်မရှင်တာဝန် ရှိသူများကလည်း မဲဆန္ဒရှင် အဘိုးအို၏ ဆန္ဒအတိုင်းချက်ချင်း စီစဉ်ဆောင်ရွက်ပေးမှုကိုလည်း မြင်တွေ့ခဲ့ရပြီး မြန်မာ့နည်း မြန်မာ့ဟန်၊ မြန်မာမဲပေးစက်နှင့် မြန်မာ့ရွေးကောက်ပွဲ"ဟု မှတ်ချက်ပေးမိသည်။
    ယင်းနောက် လူဦးရေထူထပ်ပြီး မဲဆန္ဒရှင် ပြည်သူများပြားသော ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ယုဇနဥယျာဉ်မြို့တော်ရှိ မဲရုံများဆီသို့ သွားရောက်ခဲ့သည်။ လမ်းတစ်ခုကိုအခြေတည်ကာ ဆန္ဒမဲရုံများ တစ်ရုံနှင့်တစ်ရုံ လုံလောက်သော အကွာအဝေးဖြင့် ထားရှိပြီး ဆန္ဒမဲပေးကြမည့် ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို တွေ့မြင်ရသည်။ဆန္ဒမဲပေးရန် တန်းစီကာ အလှည့်ကျမှု ကို စောင့်ဆိုင်းနေသော မဲဆန္ဒရှင်ပြည်သူ လူတန်းကြီးက ပြည်သူတို့၏ နိုင်ငံအပေါ်မှာ ထားရှိသော စေတနာကို တွေ့မြင်ရသည်။ မဲရုံသို့ လာရောက်ရန် ခက်ခဲသော ဘိုးဘွားများအတွက်လည်း သုံးဘီးဆိုင် ကယ်ယာဉ်များက အခမဲ့ လူးလာခေါက်တုံ့ ပြေးဆွဲပေးနေပြီး အကူအညီပေးနေကြသည်။ ယုဇနဥယျာဉ် မြို့တော်အတွင်းရှိ မဲရုံများ၏ထူး ခြားချက်က တန်းစီစောင့်ဆိုင်းနေသော လူတန်းကြီးက  နေမြင့်လာ သည်နှင့်အမျှ ပိုမိုများပြားလာခြင်းပင် ဖြစ်သည်။ ကုမ္ပဏီဝန်ထမ်း လူတန်းစား များပြားသည့်နေရာဖြစ်ခြင်းကြောင့် ရုံးပိတ်ရက်များတွင် အခြားနေများထက် ပိုမိုစည်ကားလေ့ရှိကြောင်း သိရသည်။
    "ယုဇနကတော့ ခုလိုရုံးပိတ်ရက်တွေဆို လူပို စည်တယ်ဗျ။ ဒီနေ့က မဲပေးတဲ့ရက်ဆိုတော့ အရင်ကထက်တောင် လူတွေက စုံနေသလို ဖြစ်နေတယ်။ မဲလာပေးတာကတော့ ပြောရရင် ဒီမိုကရေစီပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာနဲ့သွားချင်တယ်။ ဒါမှလည်း တိုင်းပြည်တိုးတက်မှာလေ။ ဒီမိုကရေစီရဖို့ဆိုတာကလည်း လမ်းပေါ်တက်အော်၊ နိုင်ငံခြားကနေအော်၊ ဖေ့စ်ဘုတ်မှာအော်၊ တောထဲ၊ တောင်ထဲ ကနေအော် ဒီလိုမျိုးအော်နေလို့ မရဘူးလေ။ ဒီမိုကရေစီ စနစ်နဲ့သွားချင်ရင် ရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ရမယ်။ ရွေးကောက်ပွဲရှိလာရင် ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူတွေက မဖြစ်မနေ မဲပေးရ မယ်။ မဲပေးလိုက်မှ၊ ကိုယ်ရွေးချယ်လိုက်မှ ပြည်သူကိုယ်စားပြုတဲ့ ကိုယ်စား လှယ်ရမယ်။ ပြီးရင် ပြည်သူ ရွေးချယ်တဲ့ အစိုးရရမယ်။ ရှင်းအောင်ပြောရရင် ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့နိုင်ငံကို ဦးဆောင် ပေးမယ့်အစိုးရကို ရွေးချယ်ပေးတာပါ"ဟု ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူ ကိုဇော်မင်းထွေးက ပြောသည်။
    ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပခဲ့သည့်နေ့ ရက်တွင် လေ့လာချက်အရ အပိုင်း(၃)တွင်ပါဝင်သည့် မြို့နယ်များမှ ပြည်သူလူထုအနေနှင့် အပိုင်း(၁) နှင့် (၂) ကျင်းပခဲ့သည့် မဲဆန္ဒနယ်များ မဲပေးကြသည့် အခြေအနေများကို ကောင်းစွာလေ့လာထားပြီး ရလဒ်များအပေါ်ကိုလည်း စိတ်ပါဝင်စားကြောင်း တွေ့ရှိရသည်။ ထို့အပြင် သက်ဆိုင်ရာမဲပေးရမည့် ကိုယ်စားလှယ်လောင်းများကိုလည်း ကြိုတင်လေ့လာထားပြီး မဲပေးမည့် ကိုယ်စားလှယ်လောင်းကိုလည်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ 'မဲရုံကို စရောက်တော့ ရှေ့မှာ လူ ၅၀ လောက် ရှိနေတယ်။တန်းစီထားတာဆိုတော့ ကိုယ့်နေရာ ပျောက်သွားမှာ ကြောက်လို့ မထရဲဘူး။ အချိန်တွက်ကြည့်တာပေါ့လေ။ တစ်ယောက်ကို တစ်မိနစ်နှုန်း မဲပေးရင် မိနစ် ၅၀ လောက် စောင့်ရမှာပေါ့။ ဒါပေမဲ့ နာရီဝက်လောက်ပဲ စောင့်လိုက်ရတယ်။ ဒီတော့မှ ကိုယ့်ရှေ့ကလူတွေလည်း ကိုယ့်လိုပဲလို့ ယူ ဆလိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က မဲပေးဖို့ အချိန်အများကြီး ရတယ်လေ။ ဒီတော့ ငါဘယ်ကိုယ်စားလှယ်ကိုတော့ မဲပေးမယ်ဆိုတာ ကြိုစဉ်းစားပြီးသား မဲပေးစက် ရှေ့ရောက်တာနဲ့ပေးရမယ့် ပါတီတံဆိပ်ကို ရှာပြီးနှိပ်လိုက်ရုံပဲ။ အစိုးရသက်တမ်းက ငါးနှစ်ဆိုတော့ ကျွန် တော်တို့ကို ကိုယ်စားပြုမယ့်သူ အရွေးမှားလို့ မရဘူးလေ။ သေသေချာချာ ရွေးချယ်ထားပြီးမှ မဲပေးခဲ့တာပါ။ ပြောချင်တာက တော့ လွှတ်တော်ထဲသွားမယ့်၊ ကျွန်တော်တို့ကို ကိုယ်စားပြုမယ့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပါ။ ကျွန်တော်တို့ ပြည်သူတွေကတော့ တာဝန်ကျေပါပြီ။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေဘက်က ရွေး ကောက်ပွဲ ကတိကဝတ်တွေကို ကျေပွန်စွာ ထမ်းဆောင်ပါလို့ ပြောချင်ပါတယ်"ဟု မဲဆန္ဒရှင်ပြည်သူတစ်ဦးဖြစ်သူ ကိုအောင်ကျော်မျိုး က ပြောသည်။
    အချိန်အားဖြင့် နံနက် ၉ နာရီကျော်တွင် ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်သို့ သွားရောက်ခဲ့သည်။ အခြေခံပညာကျောင်းများကို အခြေပြုထားသည့် မဲရုံခြောက်ရုံထက် မနည်းသွားရောက်လေ့လာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူအများစုမှာ စနစ်တကျ မိမိတို့၏ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးခြင်းကို လာရောက်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်။ ရပ်ကွက်အတွင်း မဲရုံများတွင်လည်း မဲဆန္ဒရှင်ပြည်သူ ပြတ်လတ်သွားခြင်းမရှိ တဖွဲဖွဲမဲပေးမှုကို လာရောက်ဆောင်ရွက်နေကြသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း မဲရုံများအနက် ထူးခြားသည့် မဲရုံတစ်ရုံကိုတင် ပြရလျှင် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ အမှတ်(၂)လမ်းမကြီးဘေး စက်မှုဇုန်အတွင်း တည်ရှိသော ကနောင်ခန်းမ မဲရုံပင်ဖြစ်သည်။ ကြိတ်ကြိတ်တိုးနေသော လူငယ်လူရွယ် မဲဆန္ဒရှင်များကို တွေ့မြင်ရသည်။ အများစုမှာ စက်ရုံ၊ အလုပ်ရုံမှ လုပ်သား လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့လာရောက်ဆန္ဒ မဲပေး နိုင်ရေးအတွက် စက်ရုံပိတ်ရက်များ ဖြစ်သော်လည်း သက်ဆိုင်ရာ စက်ရုံများက အကြိုအပို့ယာဉ်များ စီစဉ်ကာ အစုအဖွဲ့လိုက် လာရောက်မဲပေးခဲ့ကြသည်ကို တွေ့မြင်ရသည်။
    "ကျွန်မတို့စက်ရုံက ကားစီစဉ်ပေးတော့ သွားရေးလာရေး အခက်အခဲမရှိဘဲ မဲလာရောက် ပေးတာပါ။ ကျန်တဲ့စက်ရုံတွေကလည်း သူတို့ရဲ့လုပ်သားတွေကို ကားတွေ စီစဉ်ပေးတာ တွေ့ရတယ်။ အချိန်ပိုလည်း မဆင်းရဘူးဆိုတော့ အေးအေးဆေးဆေး လာရောက်မဲပေးတာပါရှင့်။ ဘာကြောင့် မဲပေးတာလဲ ဆိုတော့ ကျွန်မတို့လို စက်ရုံ၊ အလုပ်ရုံ အလုပ်သမား လူတန်းစားတွေရဲ့ အခက်အခဲကို သိရှိနားလည်ပြီး လွှတ်တော်ထဲမှာ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေ လိုအပ်တယ်လေ။ အလုပ်သမားအရေးကို အလေးထားပြီး ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကို လာရောက်မဲပေးတာပါ။ ရွေးကောက်ပွဲအပြီး ဘာတွေ မျှော်လင့်ထားသလဲဆိုရင်တော့ ပြည်သူကရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေကနေ ပြီးတော့ အလုပ်သမားဝန်ကြီးတွေ ပေါ်လာမယ်။ အလုပ်သမားအရေး စိတ်ဝင်စားတဲ့ လွှတ်တော်ထဲမှာ ကော်မတီတွေ ပေါ်လာမယ်။ ကျွန်မတို့အခက်အခဲရှိရင် တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းလို့ရမယ့်သူတွေ ပေါ်လာမယ်။ ဒီလိုအခြေအနေကို လိုချင်တာကြောင့် ဆန္ဒမဲ လာရောက်ပေးတာပါ။ ဆန္ဒမဲပေးနိုင်ဖို့လည်း အလုပ်ရှင်တွေကအစ အားတက်သရော အကူအညီပေးကြပါတယ်"ဟု စက်ရုံတွင် ဖွဲ့စည်းထားသော အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
    အထွေထွေရွေးကောက်ပွဲ၏ အောင်ပွဲဟုပြော ဆိုနိုင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့်နေ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဆန္ဒမဲပေးနေမှုအား လာရောက်ကြည့်ရှုခဲ့သော ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "မြန်မာပြည်ထဲမှာနေတဲ့ ပြည်သူတွေ မဲပေးတာလေ။ သူတို့အပြင်မှာ နေတဲ့သူတွေ မဲပေးတာ မဟုတ်ဘူး။ မြန်မာပြည်ထဲနေတဲ့ ပြည်သူတွေ မဲပေးတာ။ သူတို့ ဘယ်သူ့ကို ထောက်ခံထောက်ခံပေါ့။ ကြိုက်တာ ထောက်ခံလို့ရတယ်။ ဒါပေးတဲ့သူတွေက သူတို့ ထောက်ခံချင်တဲ့သူ တွေပါလို့ မဲလာပေးတာ။ သူတို့ ထောက်ခံချင်တဲ့သူတွေ မပါဘူးဆိုရင် မဲလာပေးမှာ မဟုတ်ဘူး"ဟူ၍ လည်းကောင်း၊ "ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတယ်၊ မပြုတယ် ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူက မဲပေးတာကို ကျွန်တော်တို့ အသိအမှတ်ပြုတယ်"ဟူ၍လည်းကောင်း သတင်းမီဒီယာများ ၏ မေးမြန်းမှုများတွင် ထည့်သွင်း ပြောဆိုခဲ့သည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က နိုင်ငံအချို့၏ အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို နားမလည်နိုင်ကြောင်း၊ သို့သော် ပြည်သူ၏ မဲပေးမှုကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့သည်။ ပြည်သူများကလည်း ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးကို ပြည်သူများက  ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသည့်အတွက် ၂၀၂၅ ရွေးကောက်ပွဲအောင်မြင်မှုသည် ပြည်သူတို့၏ တာဝန်ကျေပွန်မှုက အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး နိုင်ငံသားကောင်းများအဖြစ် အသိအမှတ်ပြုဂုဏ်ယူ ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ (ထူးမြတ်)
(TREND News ဂျာနယ် အတွဲ (၅)၊ အမှတ် ( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60127

© 2022 - 2026 News. All Rights Reserved.