ပြည်သူ့လူမှုဘ၀ ဖျက်ဆီးရေးကို ဦးတည်လာသည့် တော်လှန်ရေး

၂၀၂၆ ၊ ဇန်နဝါရီ ၁၀

ပြည်သူ့အပေါ် မကျေနပ်သည့် PDF
    "ဆုံးဖြတ်ပြီးပြီ၊ မပြင်နိုင်ဘူး၊ ပခုက္ကူ ဘာတဲ့ ဆိုလာမီးစက်တွေမှာ စုပေါင်းပြီး အားသွင်းရတာ ဟုတ်လား။ မီးမရတော့ ဂါပြီပေါ့။ မီးတိုင်တွေက အကုန်ဆက်ချိုးမှာမို့ ထိုးစစ်ကိုသာ ကြိုတင်ပြင်ဆင်ပြီး တောင့်ခံထားလိုက်ကြ"ဆိုသည့်စကားကို ပေါက်နယ်ဘက်တွင်ရှိသည့် PDF ထောက်ပို့လုပ်သူ၊ ကိုယ်တိုင်လည်း PDF လုပ်နေသည့် အမျိုးသမီးတစ်ဦးက ကြွေးကြော်ထားသည်။ တော်လှန်ရေးလုပ်လာသည့် အချိန် ကာလအားဖြင့် ငါးနှစ်နီးပါး ရောက်ရှိလာချိန်တွင် PDF များဘက်မှ ပြည်သူများအပေါ် မကျေနပ်မှု အမြင့်ဆုံးအချိန်ကာလသို့ ရောက်ရှိလာပြီဟု သူတို့၏ ပြောစကား၊ ဆိုစကားအရ သိနိုင်ပါသည်။ 
    ထို PDF တို့ မည်သည့်အရာကို မကျေနပ်နေ ကြသနည်းဟုဆိုလျှင် အကြောင်းပေါင်းများစွာရှိသည့်အနက် သူတို့၏ တော်လှန်ရေးကို ကိုယ်ရောစိတ်ပါ အားတက်သရော မပါဝင်မှုကြောင့်ဟု ပြောနိုင်ပါသည်။ ထို PDF တို့၏ မကျေနပ်မှုအထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည့် အကြောင်းထဲမှ ရွေးကောက်ပွဲ အပိုင်း(၁)ကို ပြည်သူများက အားတက်သရော မဲပေးခဲ့ကြခြင်းကို အခဲမကျေနိုင် ဖြစ်နေကြလေသည်။ ထို့အပြင် သာမန်ပြည်သူတို့က တော်လှန်ရေးဆိုသည်ကို စိတ်မဝင်စားတော့ဘဲ တော်လှန်ရေးအသိုင်းအဝိုင်းမှ သူများကို သိသိသာသာ ရှောင်ခွာ ဖယ်ကြဉ်လာသောကြောင့် PDF တို့၏ တော်လှန်ရေးသည် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကိုပါ ပစ်မှတ်ထား၍ လာကြလေသည်။
    ထို့ကြောင့် PDF တို့၏ တတ်စွမ်းသမျှထဲက ဖျက်ဆီးရေးကို အရှိန်မြှင့် လုပ်ဆောင်လာကြပြီး အလွယ်ကူဆုံး ဖျက်ဆီးရေးအဖြစ် တာဝါတိုင်များကို တိုး၍ ချိုးလာကြကြောင်းကို PDF တွေကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုနေခဲ့သည့် မဟုတ်ပါလား။သို့ မို့ကြောင့် လျှပ်စစ်တာဝါတိုင်များ ချိုးဖျက်အပြီး ပခုက္ကူမြို့ပေါ်တွင် ဆိုလာများ၊ မီးစက်များဖြင့် မိုလ်ဘိုင်း ဖုန်းကိုပင် အားသွင်းနေရကြောင်း ကြားသိရပြီး PDF တို့က ဂုဏ်ယူစွာဖြင့် အောင်ပွဲခံနေကြခြင်း ဖြစ်သည်။သူတို့၏ ရည်ရွယ်ချက်သည်ကလည်း တော်လှန်ရေး ကြွေးကြော်လာခဲ့ရာမှ သာမန်ပြည်သူများ၏ လူမှုဘ၀ဖျက်ဆီးရေးကို ပိုမိုလုပ် ဆောင်လာတော့မည့် အကြောင်းများကို ပေါ်ပေါ်တင်တင် ပြောလာခဲ့ကြလေသည်။

လူမှုပတ်ဝန်းကျင်က လက်မခံလာတော့သည့် တော်လှန်ရေး
    ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြီးစီးသည့်အချိန်တွင် တော်လှန်ရေး အသိုင်းအဝိုင်းဘက်၌ တော်တော်လေး ရှော့ခ်ရသွားသည်ကို သိရှိလာရလေသည်။ ထိုတော်လှန်ရေးသမားဆိုသူတို့က ပြည်သူတစ်ရပ်လုံးသည် သူတို့ကို ထောက်ခံပါသည်ဟု အထင်ရှိနေခဲ့ရာမှ ရွေးကောက်ပွဲ မဲထည့်သည့်  လူအုပ်ကြီးကို တွေ့ မြင်ပြီးချိန်တွင် ပြည်သူလူထုကို အငြိုးအတေးထားလာသည်မှာ မဖုံးနိုင် မဖိနိုင် ဖြစ်လာခဲ့လေသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး "မြို့ပေါ်ကလူတွေက နှစ်ကူးပျော်ပွဲတွေ၊ မဲပေးပွဲတွေ အားတက်သရော လုပ်နေတော့ တော်လှန်ရေးသမားဆိုတဲ့ သူတွေက တော်တော်ပေါက်ကွဲနေတယ်လို့ ကြားရတယ်။ ပြည်သူလူထုက ဒီလိုအခြေအနေကြီးကို ဘယ်သူက စိတ်ရှည်တော့မှာလဲ" မုံရွာဘက်က သူငယ်ချင်းဖြစ် သူက မှတ်ချက်ပြုသည်။
    ကိုယ့်ရနံ့နှင့်ကိုယ် ယစ်မူးနေသည့် ကတိုးကောင်ကဲ့သို့ တော်လှန်ရေးသမားဆိုသူတို့သည် သူတို့ အရှိန်နှင့်သူတို့လိမ့်နေပြီး အများပြည်သူသည်လည်း  သူတို့ကဲ့သို့ ရှိနေလိမ့်မည်ဟု အထင်မှားနေသည် ဟုဆိုသည်။ တော်လှန်ရေးလုပ်သဖြင့် ကျောင်းတံခါးများပိတ်ထားရသည့် အခြေအနေကို မည်သည့် ကျောင်းသားမိဘများက ထောက်ခံနိုင်မည်နည်း။ ထို့ကြောင့် ကျောင်း တံခါးများ ဖွင့်သည့်အရပ်သို့ ရွှေ့ ပြောင်းပြီး ကလေးများ၏ပညာရေးအတွက် တော်လှန်ရေးနှင့်ဝေးရာသို့ ပြောင်းရွှေ့ကုန်ကြရသည်။ "ဘယ်သူက မငြိမ်းချမ်းတဲ့အရပ်မှာ ကြာကြာနေနိုင်မှာလဲ၊ တော်လှန်ရေးလို့ပြောပြီး အခြေခံစားဝတ်နေရေးတောင် အဆင်မပြေမှတော့ တော်လှန်ရေးရှိတဲ့အရပ်ကို စွန့်ခွာကုန်တာ မဆန်းဘူး၊ တော်လှန်ရေးမရှိ တဲ့အရပ်က စားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး ဖြေရှင်းလို့ရတော့ တော်လှန်ရေးမရှိတဲ့အရပ်မှာ စည်ကားပြီး ပျော်ပွဲရွှင်ပွဲတွေဖြစ်တာကို မကျေနပ်လို့ တော်လှန်ရေးသမားတွေက လူတန်းစားညှိမယ်လို့ ကြွေး ကြော်နေကြပြန်ပြီ။
    သူတို့ဒုက္ခရောက်ရသလို အများပြည်သူလည်း ဒုက္ခရောက်စေရမယ်လို့ ကြွေးကြော်နေကြပြီ"ဟု တော်လှန်ရေးသမားဆိုသူတို့ ပေါက်ကွဲနေကြကြောင်း သူငယ်ချင်းဖြစ်သူက သူကြားသိရသမျှ ပြန်ပြောပြ၏။ ပြည်သူလူထုသည် သေနတ်သံ၊ ဗုံးသံနှင့် မငြိမ်းချမ်းသည့် ကျီးလန့်စာစားဘဝကို တော်လှန်ရေးသမားများနှင့်အတူ မဖြတ်သန်းလိုတော့ပေ။ 
    ထို့ကြောင့် တော်လှန်ရေးသမားဆိုသူတို့ကို ဝေးဝေးရှောင်ရာမှ တော်လှန်ရေးသမားနှင့် ပြည်သူသည် အက်ကြောင်းထင် မင်ရေကျဲလာခဲ့ရသည်။ သို့နှင့် တော်လှန်ရေးသမားဆိုသူတို့က တောအရပ်တွင် နေကြပြီး ပြည်သူတို့က အေးချမ်းသည့် အရပ်ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ရင်း တဖြည်းဖြည်း တော်လှန်ရေးနှင့်စည်း ပိုင်းခြားထားသကဲ့သို့ ဖြစ်လာရတော့သည်။ ထိုပိုင်းခြား ထားသည့်စည်းတွင် တော်လှန် ရေးသမားများ မရှိသည့်အရပ်က များသောအားဖြင့် တည်ငြိမ်နေရာ ထိုတည်ငြိမ်သည့်နေရာများကို မတည်ငြိမ်ရန် လုပ်တော့မည်ဟု PDF တွေကိုယ်တိုင်က ထုတ်ပြောလာရသည်အထိ ဖြစ်လာခဲ့လေသည်။ သူတို့၏ တော်လှန်ရေးမအောင်မြင်ရခြင်းနှင့် နှောင့်နှေးရခြင်းမှာ ထိုကဲ့သို့ ပြည်သူများရှိသောကြောင့် ဟု လည်း မြားဦးက အေးချမ်းလိုသည့် ပြည်သူ့ဘက်သို့ လှည့်လာခဲ့လေသည်။

တော်လှန်ရေးသမားတို့၏ စိတ်ရင်းအမှန်
    မြိုင်၊ ပခုက္ကူ၊ ရေစကြိုဘက်က PDF များ ပေါက်ကွဲနေကြသည်။ သူတို့ တော်လှန်ရေးလုပ်လာသည့် ကာလတစ်လျှောက် ပြည်သူများ၏ ခါးခါးသီးသီးတုံ့ပြန်ခံရခြင်းနှင့် ပြည်သူတို့က သူတို့ကို လက်မခံတော့ဘူး ဆိုသည့်အကြောင်းကို လက်မခံနိုင်ခြင်း၊ မယုံကြည်နိုင်ခြင်းများစွာနှင့် ပေါက်ကွဲနေကြခြင်းဖြစ်သည်။ PDF တို့၏ အမြင်တွင် သူတို့သည် ပြည်သူများ၏ လွတ်လပ်ခွင့်အတွက် ဘဝများစတေး၍ တိုက်ပွဲ ဝင်နေခြင်းကို ပြည်သူများက သူတို့ကို ခါးခါးသီးသီး ရွံမုန်းရသလားဆိုသည့် အတွေးမျိုး ဝင်သွားလေသည်။ ပြည်သူများဘက်ကကြည့်လျှင် PDF ကို လက်ခံလျှင် မြို့ရွာများသာ ကျေပျက်ရ ခြင်းဖြစ်ပြီး လက်နက်ကိုင်ပြီး ပြည်သူကိုသာ ဒုက္ခပေးသူများအဖြစ် ရှုမြင်လာခဲ့ကြလေသည်။ 
    ထိုအမြင်မတူသည့် အကြောင်းအရာနှစ်ခု ထိပ်တိုက်တိုးလာသည့်အခါ ပြည်သူနှင့် PDF တို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်လာပြီး သူ့အကျိုးကို ကိုယ်ကြည့်၊ ကိုယ့်အကျိုးကိုသူကြည့် မဟုတ်တော့ဘဲ တစ်ဖက်နှင့်တစ်ဖက် ခြေကန့်လန့်ထိုးကြရတော့မည့် အခြေအနေမျိုး ဆိုက်လာလေခဲ့သည်။ ပြည်သူများ၏အမြင်တွင် လက်နက်ကိုင်တော်လှန်ရေး လုပ်သူတို့သည် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို အခြေပြုပြီး လက်ကြောမတင်းသူတို့၏ အကြောင်းပြချက်တစ်ခုအဖြစ် သဲသဲကွဲကွဲမြင်လာပြီး ထိုအမြင်မျိုးကို တော်လှန်ရေးသမားတို့က အသည်းနာလာလေသည်။ PDF တို့၏ တော်လှန်ရေး ဆိုသည်မှာလည်း ငါးနှစ်ဝန်းကျင်သို့သာ ရောက်ရှိလာပြီး  သူတို့တော်လှန်သမျှ၊ သူတို့အခြေပြုရာမှန်သမျှ ဘဝပျက်သုဉ်း ကြေမွခဲ့ရသည့် ဖြစ်စဉ်များသာ ရှိလာသဖြင့် PDF များကို ရွံကြောက်ကြောက်လာကုန်ကြ၏။ 
    ထိုပဋိပက္ခ အခြေအနေများကို ပေါက်နယ် တွင်ရှိသည့် အမျိုးသမီးတစ်ဦးက အများပြည်သူကို စိန် ခေါ်သည့်အပြောအဆို၊ တစ်နည်းအားဖြင့် ပေါက်နယ်နှင့် အနီးကပ်ဆုံး ပခုက္ကူကို ဖျက်ဆီးပစ်မည့်အကြောင်း ပြောထားလေသည်။ ဖျက်ဆီးပစ်မည်ဟု ပြောထားသော်လည်း တတ်နိုင်သမျှ ဖျက်ဆီးထား ကြောင်းကိုလည်း ဂုဏ်ယူစွာဖြင့် ပြောထားလေသည်။ သည်အကြောင်းအရာက လက်ရှိ PDF များ၏ သဘောထားနှင့် ပြည်သူတို့၏ PDF အပေါ်အမြင်ကို ထင်ဟပ်သောကြောင့် တင်ပြလိုပါသည်။ PDF တို့၏ ပေါက်ကွဲနေမှုက ပြည်သူများအတွက် မည်မျှ အန္တရာယ်ရှိကြောင်းလည်း ကြည့်လျှင်သိနိုင်ပါလိမ့်မည်။
    "ပခုက္ကူခရိုင် အကြောင်းပြောရင် ဘယ်သူမှဝင်မစွက်နဲ့၊ မီးဆိုတာ ကိုယ့်ပူမှ ပူမှန်းသိရင် ဘယ်လောက်ထိ ပူမှန်းသိအောင် အဲဒီမီးစကိုယူပြီးမှ စွတ်ခနဲ သွားထိုးပေးရတယ်။ ဒါကစစ်ပွဲ ဒီစစ်ပွဲကို ကိုယ်ချင်းမစာတဲ့ အုပ်စုတွေအတွက် ဒါဘယ်လိုလဲဆိုတာ သိသွားအောင် ပြပေးရတယ်၊ အဲဒီလူတွေကို သိလား။ ငါတို့ ဒီလကုန်လို့  တစ်လပိုင်း ၇ ရက်၊ ၈ ရက် ကျွန်မ ပြန်တက်ချင်တက်မယ်၊ ဘာလို့ တက်တာလဲသိလား၊ ပဒက်တွေက ပခုက္ကူကိုတက်ရင် မတက်ခဲ့ပါနဲ့ နင်တို့လာရင် မြို့ပျက်မှာစိုးလို့။ အင်းဟုတ် တယ် ငါတို့ရဲ့ခရိုင်ထဲမှာ ပျက်စီးနေတာကြာပြီ။ အဲဒီတော့ ငါတို့လိုနည်းတူ၊ တန်းတူ ငါတို့ခံစားရသလို နင်တို့ခံစားစေချင်တဲ့ စိတ်ရှိရင် ဒီငါးနှစ်အတွင်းမှာ ပခုက္ကူခရိုင်ကြီးကို ဖျက်ဆီးပစ်လိုက်လို့ရတယ်။ အဲဒါ သဘောပေါက်သလား။ ဒါပေမဲ့ တော်လှန်ရေးသမားတွေက ပြည်သူ့ကာကွယ်ရေးဘွဲ့ကို ခံယူထားလို့ နင်တို့ပြောနေ၊ နင်တို့လုပ်နေ၊ နင်တို့မီးရောင် ထိန်ထိန်အောက်မှာ နေနေတာတွေ မနာလိုစိတ်မရှိ သလို ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ တော်လှန်းရေးကာလက ငါးနှစ်ပြည့်ပြီဆိုတော့ လူလိုမသိတဲ့ဟာတွေကိုတော့ မီး စယူပြီးတော့ စွတ်ခနဲထိုးတဲ့ပုံ ပြေးထိုးဖို့ပဲ ရှိတော့တယ်။ထိုးမှာနော် ငါကတော့ထိုးမှာ၊ ငါတို့ကို ပူမှအပူလို့ သိတဲ့သူတွေကို မီးစနဲ့ပြေးထိုးမှာ အခုကတည်းက ပြောပြီးသား"ဟု ပခုက္ကူမြို့ကို ဖျက်ဆီးတော့မည့် အကြောင်း ပြောနေလေသည်။ 
    တော်လှန်ရေးစစဉ်က PDF တို့လာလျှင် ထမင်းပူပူလေး ချက်ကျွေးမည်ဆိုသည့် မြှောက်ပင့်ပေးခဲ့သူများလည်း PDF တို့တိုက်ပွဲဖော်သဖြင့် ဘဝပျက်သွားကြသည့် သာဓကလည်း များစွာရှိခဲ့ပြီ ဖြစ်သည်။ PDF တို့၏ လူနေအဆောက်အအုံနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းပါမကျန် စစ်စခန်းပြုလုပ်ပြီး တိုက်ပွဲဖော်သဖြင့် ကြေမွပျက်စီးသည့် ဖြစ်စဉ်များလည်း ရေတွက်၍ မရနိုင်အောင် များပြားလာခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေများကိုကြည့်ပြီး ပြည်သူများက PDF များကို လက်မခံနိုင်ခြင်းသည်က အဆန်းမဟုတ်ပေ။ သို့သော်လည်း ဆန်းနေသည်က PDF တို့ပင် ဖြစ်သည်။ သူတို့ကို ပြည်သူက ဤကဲ့သို့ ဆက်ဆံရပါမည်လားဟု ဒေါသူပုန်ထကာ တော်လှန်ရေးက ပြည်သူ့ထံ မြားဦးလှည့်လာပြီး မြို့ရွာကိုဖျက်ဆီးမည်ဟု ပြောနေခြင်း မဟုတ်ပါလား။ လက်ရှိအချိန်အထိ ပခုက္ကူဝန်းကျင်က လျှပ်စစ်တာဝါ တိုင်များ၊ စစ်ကိုင်းက တာဝါတိုင်များကိုလည်း မကြာသေးခင်ကမှ ကပစကို လျှပ်စစ်မီးပေးသည်ဟု အကြောင်းပြကာ ချိုးဖျက်ခဲ့ကြသည်။ ကပစသို့ လျှပ်စစ်မီးပေးသဖြင့် ဟုဆိုသည်က အကြောင်းပြချက်တစ်ခုသာ ဖြစ်ပြီး လျှပ်စစ်တာဝါတိုင်များ ချိုးဖျက်ခြင်းမှာ မြို့ပေါ်မှ ပြည်သူလူထုကို ရည်ရွယ်၍ ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းတို့၏ လုပ်ရပ်နှင့် ပြောစကားများက ပေါ်လွင်လေသည်။ ထို PDF တို့၏ ရည်ရွယ်ချက်မှာ ထိုမျှနှင့်ရပ်မသွားဘဲ ပြည်သူများကိုလည်း ၎င်းင်းတို့ကဲ့သို့ ဒုက္ခတွင်းထဲရောက်အောင် လုပ်ဦးမည်ဆိုသည်မှာ သေချာနေခဲ့သည်။ ပြည်သူလက်မခံသည့် တော်လှန်ရေးဆိုသည်ကို အဖြေမရှာဘဲ ပြည်သူ့ကြောင့် တော်လှန်ရေးမအောင်ဟု အကြောင်းပြကာ ပြည်သူဘဝများကို ဖျက်ဆီးကြဦးမည်ဖြစ်သည်။ တော် လှန်ရေးသမားဆိုသူတို့၏ နိုင်ငံကို ဖျက်ဆီးနေသည့် သဘောထားကို ကောင်းကောင်းကြီး သိကြရပြီ မဟုတ်လားဟုသာ ဆိုရတော့မည် ဖြစ်သည်။  ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 34

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.