အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပခဲ့တဲ့ BRICS အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ပြောခဲ့တဲ့ စကားလုံးတစ်ခုကို ပြန်ပြီး အမှတ်ရမိနေတယ်။ သူပြောတာက အခွင့်ထူးခံဖြစ်နေတဲ့ ပိရမစ်ပုံစံ ကမ္ဘာ့ဖွဲ့စည်းပုံကို မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခြေပြုတဲ့ ပလက်ဖောင်းတစ်ခုအဖြစ်နဲ့ ပြောင်းလဲချိန်တန်ပြီလို့ ဆိုခဲ့တယ်။ တကယ်တော့ နိုင်ငံတိုင်းက နောက်ပိုင်း ကျင့်သုံးလာကြတဲ့ နိုင်ငံရေးစနစ်တွေက အကျိုးစီးပွား အခြေပြုတဲ့ တွေးခေါ်တွက်ချက်မှုတွေက ခပ်များများ တွေ့ရတယ်။ ဒီနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စတင်တိုက်ခိုက်မှုနဲ့ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲ နဲ့ပတ်သက်ပြီး BRICS မှာလည်း အရင်က သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်ကြတဲ့ အီရန်၊ ဆော်ဒီအာရေဘီးယားနဲ့ ယူအေအီးနိုင်ငံတွေကြားမှာ ဒီစစ်ပွဲနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေအများကြီး ရှိနေခဲ့ကြတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ မေလတုန်းကဒေလီမှာ ကျင်းပခဲ့တဲ့ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲကြေညာချက်တောင် မထုတ်ပြန်နိုင်ခဲ့တာ သတိထားမိကြမှာပဲ။
ကမ္ဘာ့ခေါင်းဆောင်တွေ တော်တော်များများ ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံရဲ့ BRICS နောက်ဆုံးအစည်းအဝေး တွေ့ဆုံမှုမှာတော့ အရှေ့အလယ်ပိုင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုတယ်၊ အတတ်နိုင်ဆုံး လက်ရှိ အခြေအနေတွေ ပိုဆိုးမသွားအောင် လုပ်ကြဖို့ဆိုတဲ့ တိုက်တွန်းချက် ဘုံသဘောထားတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ကြတယ်။ တကယ်တော့ BRICS ဆိုတာက စီးပွားရေးကိုအခြေခံတဲ့ အဖွဲ့အစည်းလို့ ကြွေးကြော်ထားပေမယ့် အမေရိကန်ဒေါ်လာကို ဆန့်ကျင်နိုင်မယ့် ဘုံငွေကြေး သတ်မှတ်ချက်မှာတော့…အမြင်မတူမှုတွေရှိနေဆဲ ဆိုတာမျိုး မြင်နေရတယ်။ သမ္မတပူတင်ကတော့ IMF နဲ့ World Bank တွေရဲ့ မဲပေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ချက်ချမှတ်မှု ဖွဲ့စည်းပုံတွေက လက်ရှိ ကမ္ဘာ့စီးပွားရေး အာဏာချိန်ခွင်လျှာ ပြောင်းလဲမှုမှာ ခေတ်မမီတော့ ဘူးဆိုပြီး ဝေဖန်ခဲ့တာလည်း ရှိတယ်။ တရုတ်၊ ရုရှား၊ တောင်အာဖရိကနဲ့ အိန္ဒိယလို နိုင်ငံကြီးတွေပါတဲ့ BRICS ကိုယ်တိုင်လည်း အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ဖို့နဲ့ ဒေသသုံး ငွေကြေးတွေနဲ့ ကုန်သွယ်မှုတွေ တိုးချဲ့နိုင်ဖို့ ရည်ရွယ်ခဲ့ကြပေမယ့် တရုတ်နဲ့လည်း ဒေသတွင်းပြိုင်ဆိုင်မှုရှိနေတဲ့ အိန္ဒိယလို နိုင်ငံ မျိုးက ဒီနေရာမှာ ကြားနေနိုင်တဲ့ ပုံစံမျိုးလည်း တွေ့နေရတယ်။
ဒီနေရာမှာ BRICS ဆိုတဲ့ အဖွဲ့အစည်းအကြောင်းအရာဆိုတာထက် အိန္ဒိယဝန်ကြီးချုပ်ရဲ့စကားကို ပြန်ဆက်ရရင် စည်းမျဉ်းခံအခြေပြု ကမ္ဘာ့နိုင်ငံရေး စနစ်က တဖြည်းဖြည်း အားနည်းလာပြီလားဆိုတဲ့ အခြေအနေကို ဒီရက်ပိုင်း ပိုပိုပြီး မြင်တွေ့လာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ်ကြားမှာ သဘောတူညီချက် ရရှိခဲ့ပြီလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့လို့ပါပဲ။ ဒေါ်နယ်ထရမ့်ရဲ့ ရေးသားချက်ထဲမှာတော့ ဂရင်းလန်းရဲ့ လုံခြုံရေးနဲ့ အခြားလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အလုံးစုံ ထိန်းချုပ်ခွင့်ရခဲ့ပြီဆိုပြီး ရေးသားထား တာလည်း မြင်ရလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ဒိန်းမတ်ဘက်ကတော့ ဒီသဘောတူညီချက်က အချုပ်အခြာအာဏာကို မထိခိုက်စေဘူးလို့ ပြောထားပေမယ့် လက်ရှိအချိန်အထိတော့ သဘောတူညီချက်ရဲ့ အသေးစိတ်အခြေ အနေတွေကို အများပြည်သူသိအောင် ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးဘူး။ တစ်ဖက်မှာ ဂရင်းလန်းနဲ့ ပတ်သက်ပြီး ပါလီမန်ဘက်ကနေ အတည်ပြုချက်တွေလည်းပေးဖို့ လိုသေးတဲ့ပုံစံမျိုး ရှိသေးတယ်။
ဂရင်းလန်းနဲ့ ပတ်သက်ရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ရှေ့မှာကတည်းက မဖြစ်မနေ သိမ်းပိုက်မယ်ဆိုပြီး ဦးစားပေးပြောခဲ့တာကို ပြန်အမှတ်ရမိကြဦးမှာပါ။ အမေရိကန်ဘက်က ကြည့်ရင်…ဂရင်းလန်းက မြောက်အတ္တလန္တိတ်နဲ့ အာတိတ်ကြားမှာရှိလို့ အမေရိကန်နိုင်ငံရဲ့ မြောက် ဘက်လုံခြုံရေးအတွက် အရေးကြီးတယ်လို့တော့ ပြောလို့ရတယ်။ ဒုတိယအချက်က ရုရှားနဲ့ တရုတ်နိုင်ငံ ရဲ့ အင်အားကြီးထွားလာမှုက အမေရိကန်ကို တဖြည်းဖြည်း စိန်ခေါ်လာမှု အခြေအနေလို့ပဲ သုံးသပ်ရမှာပဲ။ နောက်ဆုံးအချက်ကတော့ စီးပွားရေးနဲ့ ပိုပြီး ပတ်သက်တယ်။ ဂရင်းလန်းမှာ မြေရှား သတ္တုတွေအပြင် အရေးကြီးတဲ့ သယံဇာတတွေ ရှိနေလို့ ကာကွယ်ရေး စစ်အခြေစိုက်စခန်း တည်ဆောက်ရင်း မြေရှားသတ္တုတွေပါ တူးနိုင်တဲ့ အခွင့်အလမ်းမျိုး ရှိထားတယ်။ ဒီအနေအထားက ဂရင်းလန်းကို အမေရိကန်ဘက်က သိမ်းပိုက်ထားနိုင်လိုက်ရင် ရလာမယ့် အနီးစပ်ဆုံး အကျိုးအမြတ်တွေလို့ ယေဘုယျတွေးလို့ ရတယ်ပေါ့။
ဂရင်းလန်းနဲ့ပတ်သက်ပြီး ဆက်စပ်တွေးမိတာက မကြာသေးခင်က ဖြစ်သွားတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ အမေရိကန် တပ်ဖွဲ့တွေက နီကိုလပ်မာဒူရိုကို ဖမ်းဆီး ပြီး ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းကို ထိန်းချုပ်လိုက်ကြတာ မျက်မြင်တွေ့ခဲ့ကြရတယ်မဟုတ်လား။ တကယ်တော့ ဗင်နီဇွဲလားရဲ့ ရေနံထုတ်လုပ်မှုနဲ့ပတ်သက်ရင် တရုတ်က အဓိက ဝယ်ယူတဲ့နိုင်ငံ ဖြစ်ခဲ့တယ်။ အထူးသဖြင့် CNPC နဲ့ Sinopec တွေက Joint ventures အဖြစ် ရှိနေခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၂၆ သြဂုတ်လ နောက်ပိုင်းမှာတော့ အခြေအနေတွေက ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့တယ်။ အရင် တရုတ်နဲ့ ရုရှားကုမ္ပဏီတွေ ထိန်းချုပ်ထားတဲ့ ရေနံလုပ်ကွက်တွေကို အမေရိကန်ကျော ထောက်နောက် ခံဖြစ်တဲ့ North American Blue Energy Partners ကနေ လွှဲပြောင်းရယူခဲ့တာမျိုး တွေ့ခဲ့ကြရတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာလည်း ဗင်နီဇွဲလား သမ္မတနဲ့ ပြင်သစ်နိုင်ငံပိုင် Total Energies တို့ကြား အပြန်အလှန် MoU လက်မှတ်တွေ ရေးထိုးခဲ့ကြတယ်။ ဒီအကြောင်းအရာတွေ အားလုံးကို ခြုံကြည့်လိုက်ရင် ဗင်နီဇွဲလား နိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းက သာမန်နိုင်ငံရေး အပြောင်းအလဲဆိုတာထက် စွမ်းအင်ကဏ္ဍ နဲ့ ပတ်သက်ရင် လုပ်ပိုင်ခွင့်တွေ ပြောင်းလဲသွားတာ၊ ဈေးကွက်ကအစနိုင်ငံတွေ အပြောင်းအလဲ ဖြစ်ကုန်တာ၊ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ ထိန်းညှိမှုတွေ ဖြစ်ကုန်တဲ့ အနေအထားလို့ ပြောလို့ရ တယ်။
ဂရင်းလန်း၊ ဗင်နီဇွဲလားနဲ့နည်းတူ ကနေဒါ နိုင်ငံကိုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့တာရှိတယ်။ ဒီလိုဖြစ်လာစေဖို့ စစ်ရေးအရ မဟုတ်ဘဲ စီးပွားရေးအင်အားကိုသုံးပြီး အနိုင်ယူမယ့်ပုံစံမျိုး ခြိမ်းခြောက်ခဲ့တယ်။ ထရမ့်ရဲ့ အ ကြောင်းပြချက်ထဲမှာ အဓိက ဖြစ်နိုင်တဲ့အချက်က ကနေဒါရဲ့ အမေရိကန်အပေါ် ကုန်သွယ်ရေး ပိုငွေပြ မှုကို ရည်ရွယ်ခဲ့တယ်လို့ပဲ ဆိုရမယ်။ ဒုတိယဖြစ်နိုင်တဲ့ အချက်က အမေရိကန်နဲ့ ကနေဒါသာ ပေါင်းစည်းခဲ့ရင် အမေရိကန်ရဲ့ National Security အတွက် ပိုလုံခြုံသွားမယ်ဆိုတဲ့ အယူအဆမျိုးလည်း ရှိတယ်။ ဆိုလိုတာက ကနေဒါကို အမေရိကန်ဘက်က ကုန်သွယ်ရေး၊ အမျိုးသားလုံခြုံရေးနဲ့ ပြည်တွင်း နိုင်ငံရေး ဆိုတဲ့ ရှုထောင့်သုံးခုကနေ ကြည့်ပြီး သုံးသပ်ဟန်ရှိတယ်။ ဒါပေမဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြောဆို ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံဘက်ကတော့ ပြတ်ပြတ်သားသား ပယ်ချထားတာမျိုးရှိတယ်။ တစ်ဖက်မှာလည်းကနေဒါရဲ့ နိုင်ငံခြားရေးက ဥရောပနိုင်ငံတွေဘက်ကို သိသိသာသာ ရွှေ့သွားတာ မြင်ရတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆၊ ၁၇ ရက်တွေမှာ မက်ကာနေလ် (Mark carney) က ဥရောပ ပါလီမန်ကိုသွားပြီး မိန့်ခွန်း ပြောခဲ့တယ်။ ဒီအခင်းအကျင်းကို ထောက်ရင် ကနေဒါနိုင်ငံဘက်က EU နဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိနေခဲ့တယ်။ နောက်ကွယ်မှာ အမေရိကန်အပေါ် မှီခိုမှုကိုလျှော့ချပြီးအာရှ၊ ဥရောပနဲ့ အင်ဒို-ပစိဖိတ်နိုင်ငံတွေကို ပိုပြီးချိတ် ဆက်သွားမယ့် မူဝါဒမျိုး ချမှတ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သုံးသပ်နိုင်တယ်။
ဂရင်းလန်း၊ ဗင်နီဇွဲလား၊ ကနေဒါနဲ့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ စကားတွေကို ဆက်စပ်ကြည့်ရင် စိုးရိမ်စရာကောင်းလာတဲ့အချက်တစ်ချက်က ဒီကနေ့ ကမ္ဘာ့နိုင်ငံရေးစနစ်မှာ နယ်မြေတစ်ခု၊ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို ဘယ်သူက ပိုင်သလဲဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ မလုံလောက်တော့တာမျိုး မြင်ရလိမ့်မယ်။ အဓိကကတော့ ဒီနယ်မြေ၊ ဒါမှမဟုတ် ဒီနိုင်ငံရဲ့လုံခြုံရေးကို ဘယ်သူက ထိန်းချုပ်သလဲ၊ သယံဇာတကို ဘယ်သူတွေက ဝင်ရောက်ခြယ်လှယ်နေသလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ဘယ်သူက ကိုယ်စားပြုခွင့်ရနေသလဲ ဆိုတာတွေနဲ့ပါ နှိုင်းယှဉ်ဆုံးဖြတ်ကြည့်ဖို့ ပိုပြီး အရေးပါလာခဲ့တယ်။ ဂရင်းလန်း ကိစ္စမှာဆိုရင် တာဝန်ရှိသူတွေက အချုပ်အခြာအာဏာ မစိုးရိမ်ရဘူးလို့ ဘယ်လိုပဲပြောပြော အမေရိကန် ရဲ့ စစ်ရေးနဲ့လုံခြုံရေးကို ဦးစားပေးမယ့် အခြေအနေက ဂရင်းလန်းဒေသမှာ ရေရှည်တည်မြဲအောင် ချဲ့ထွင်နိုင်မယ့် သဘော တူညီမှုတစ်ခုဆီကိုတော့ ရောက်နေခဲ့ပြီလို့ ပြောလို့ရနေခဲ့ပြီ။
အမေရိကန်ရဲ့ ခုလို စည်းမျဉ်းခံစနစ်တွေကို ကျော်လွန်ဖောက်ဖျက်တဲ့ အခြေအနေကို အန်တုဖို့ BRICS လိုမျိုး အဖွဲ့အစည်းတွေက Multipolar World Order တစ်ခုကို အလိုရှိနေခဲ့ကြတာလည်း မှားတော့ မမှားဘူးပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅၊ ၁၇ ရက်တုန်းက ဘေကျင်းမှ ကျင်းပခဲ့တဲ့ (၁၃)ကြိမ်မြောက် Beijing Xiangshan ဖိုရမ်မှာလည်း ဒီလို အယူအဆမျိုး တွေ့လာရတယ်။ ဒီဖိုရမ်ရဲ့ Theme က “Build Consensus on Stability, Advance Security Governance Together””လို့ သတ်မှတ်ထားတယ်။ ဖိုရမ်မှာ နိုင်ငံတကာရဲ့ ကမ္ဘာ့နိုင်ငံ ရေးစနစ်နဲ့ လုံခြုံရေးတည်ငြိမ်မှု၊ အာရှ-ပစိဖိတ် ဒေသလုံခြုံရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ အာကာသ လုံခြုံရေးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ အခန်းကဏ္ဍနဲ့ သက်ရောက်မှုဆိုတဲ့ အကြောင်းအရာတွေ အဓိက ဆွေးနွေးခဲ့ကြတယ်။ ဆိုလိုတာက တရုတ်နိုင်ငံဘက်က ကမ္ဘာ့လုံခြုံရေးစနစ်ကို အနောက် နိုင်ငံ တွေကသာ သတ်မှတ်ဆုံးဖြတ်ရမယ့်အရာ မဟုတ် ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ Global South နိုင်ငံများရဲ့ လုံခြုံ ရေးအကျိုးစီးပွားတွေကိုပါ တန်းတူထည့်သွင်းစဉ်းစား ရမယ်ဆိုတဲ့ အယူအဆကို ပိုပြီးအလေးထားပေးတာ မြင်ရတယ်။ ဒီနေရာမှာ Global Security Governance ဆိုတာက ကမ္ဘာ့လုံးဆိုင်ရာအဆင့်မှာ စစ်ရေးပဋိပက္ခတွေ၊ နိုင်ငံတကာလုံခြုံရေး၊ နျူကလီးယားလက်နက်၊ အကြမ်းဖက်မှု၊ ဆိုက်ဘာ လုံခြုံရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု စတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဘယ် လိုစည်း မျဉ်းတွေနဲ့ ဘယ်လိုအဖွဲ့အစည်းတွေက ပူးပေါင်းဖြေရှင်းမလဲဆိုတဲ့ ကမ္ဘာ့အုပ်ချုပ်မှုပုံစံ တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံရေးစနစ်ကို အဓိက Highlight လုပ်လိုဟန်ရှိတယ်။ ဒါကြောင့်လည်း သမ္မတ ရှီကျင့်ဖျင့်ရဲ့ Security for All ဆိုတဲ့ အယူအဆနေရာမှာ တရုတ်ရဲ့ Global Security Initiative(GSI) က အရေးပါလာတယ်လို့ပဲ သုံးသပ်ရမယ်။
ဒီဖိုရမ်ကို မြန်မာနိုင်ငံဘက်က ကာကွယ်ရေးဝန်ကြီးလည်း တက်ရောက်ခဲ့တယ်။ ခရီးစဉ်မှာ တရုတ်နဲ့မြန်မာကြားက အရေးကြီး သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ စသဖြင့် ဆွေးနွေးခဲ့ကြပါလိမ့်မယ်။ တကယ်တော့ ဘေဂျင်းဖိုရမ်က မြန်မာနဲ့ တရုတ်အတွက် အဓိပ္ပာယ်တွေ အများကြီးရှိတယ်လို့လည်း သုံးသပ်ရတယ်။ ပထမဆုံးအချက်က မြန်မာနိုင်ငံအတွက် တရုတ်က နယ်စပ်၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနဲ့ သံတမန်ရေးတွေမှာ အရေးကြီးတဲ့ မိတ်ဖက်အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ ဒုတိယအချက်က ဖိုရမ်ရဲ့ ဆောင်ပုဒ်အတိုင်း ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့အခန်းကဏ္ဍထဲမှာ မြန်မာရဲ့ ပထဝီနိုင်ငံရေး တည်ရှိမှုကို ပြသခွင့်ရတယ်ပေါ့။
မြန်မာအစိုးရအနေနဲ့တစ်ဖက်မှာလည်း UN ကိုယ်စားလှယ်အရေးကိစ္စနဲ့ပတ်သက်ပြီး တိုက်ပွဲတစ်ခု တိုက်နေရတယ်။ ၂၀၂၆ ခုနှစ်ရဲ့ (၈၁)ကြိမ်မြောက် UNGA Credentials Committee မှာ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှား အပါအဝင် အလှည့်ကျနိုင်ငံပေါင်း ခြောက်နိုင်ငံကိုလည်း အတည်ပြု ရွေးချယ်ထားတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း ကိုးနိုင်ငံလို့ဆိုပေမယ့် တကယ်တမ်း အဆုံးအဖြတ်ပေးမှာက တော့ ထုံးစံအတိုင်း ရုရှား၊ တရုတ်နဲ့ အမေရိကန်ကသာ အဓိက အခရာပါပဲ။ ဒီတော့ မြန်မာကိုယ်စားပြုခွင့်အရေးမှာ ဘယ်နိုင်ငံတွေက လက်ခံမလဲဆိုတာကသာ အဓိကမေးခွန်းဖြစ်လာလိမ့်မယ်လို့ ယူဆမိတယ်။ လက်ရှိအစိုးရဘက်ကတော့ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ တရားဝင်အစိုးရဖြစ်တဲ့အပြင် လွှတ် တော်အခင်းအကျင်းပါ ပီပီပြင်ပြင် ကိုင်တွယ်ကျင့်သုံးနေတာဖြစ်လို့ အရင် နစကအစိုးရ လက်ထက်တုန်း ကထက်တော့ ပိုပြီးအား သာချက်ရှိနေခဲ့တာ ငြင်းမရဘူး။ တစ်ဖက်မှာ သမ္မတကြီး ကိုယ်တိုင်ကလည်း သမ္မတအဖြစ် ရွေးချယ်ခံရပြီးက တည်းက အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံတကာဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက် ထားနိုင်ခဲ့တယ်။ တိုက်ဆိုင်မှုမဟုတ်တဲ့ ထူးခြားချက်တစ်ခုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာ မြန်မာ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ကျော်မိုးထွန်းကို နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ တရားစွဲဆိုမှုတွေ လုပ်ထားပြီး နိုင်ငံတကာ အင်တာပိုလ်နဲ့ချိတ်ဆက်ပြီး ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ထုတ်ပြန်ထားတာလည်း မြင်ရတယ်။
လာမယ့် Credentials Committee မှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အခင်းအကျင်းနဲ့ပတ်သက်ရင် အဓိကကတော့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ရပ် တည်ချက်ကပဲ အဓိက စကားပြောသွားနိုင်မယ်လို့ ယူဆချင်စရာပဲ။ သမ္မတကြီးရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ နိုင်ငံတကာဆက်ဆံရေးမှာ အကောင်းဆုံး ကူညီပံ့ပိုးထောက်ခံမယ်လို့ ပြောထားတဲ့ ကတိကဝတ်တွေလည်း ရှိထားတယ်။ မော်စကိုနဲ့ နေပြည်တော် ဆက်ဆံရေးကလည်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နေတာဖြစ်လို့ ဒီနှစ်နိုင်ငံရဲ့ ရပ်တည်ချက်က အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်။ ခြွင်းချက်ရှိနိုင်တာက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့ မကြာသေးခင်က Adam Castillo နဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား တိုက် ရိုက်ထိတွေ့မှုတွေရှိခဲ့တာ၊ မြန်မာအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေး ရှု၍ဆိုတဲ့ နိုင်ငံရေးဆန်တဲ့ စကားလုံးတွေ သုံးစွဲခဲ့တာကလည်း ဒီနေရာမှာ အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် စောင့်ကြည့်ရမှာပဲ။
ခြုံကြည့်လိုက်ရင်တော့ ကမ္ဘာ့နိုင်ငံရေးစနစ်က ပြိုင်ဆိုင်မှုတွေ တဖြည်းဖြည်း ပြင်းထန်လာတာ မြင်နေရတာတော့ အမှန်ပဲ။ ဂရင်းလန်းနဲ့ပတ်သက်ရင် နယ်မြေကို တိုက်ရိုက်သိမ်းပိုက်တာမျိုးမဟုတ်ဘဲ လုံခြုံရေးကို အကြောင်းပြပြီး ဝင်ရောက်ထိန်းချုပ်တာမျိုး၊ ဗင်နီဇွဲလား အရေးမှာလည်း အစိုးရအပြောင်း အလဲနောက်ကွယ်မှာ စီးပွားရေးအရ ရေနံလုပ်ကွက်တွေအထိပါ အပြောင်း အလဲ ကြီးကြီးမားမား ရှိခဲ့တာ မျိုး၊ တရုတ်နိုင်ငံက ကျင်းပတဲ့ Xiangshan ဖိုရမ်မှာ တရုတ်နိုင်ငံနဲ့ Global South တွေကလည်း ကိုယ်ပိုင်နိုင်ငံရေး ပလက်ဖောင်းတွေ တည်ဆောက်နေကြတာမျိုး စသဖြင့် တွေ့လာရတယ်။ လက်ရှိ မြန်မာ နိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းမှာလည်း ကုလသမဂ္ဂ စင်မြင့်ထက်မှာ နိုင်ငံကိုယ်စားပြုခွင့်ရဖို့အတွက် ပြည်တွင်းနိုင်ငံရေး ကဏ္ဍအပြင် အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံဝန်း ရံမှုပါ လိုအပ်နေတာမျိုးက ကမ္ဘာ့နိုင်ငံရေးစနစ်က ဘယ်လောက်တောင် ပုံစံပြောင်းလာသလဲဆိုတာ ထင်ထင်ရှားရှားကြီး ထောက်ပြနေခဲ့တယ်။ အဓိကကတော့ အချုပ်အခြာအာဏာကို Strategic Space က ဘယ်လောက် ထိန်းချုပ်နိုင်သလဲဆိုတာ ပိုအရေးကြီးလာသလိုမျိုး မြင်နေရတယ်။ လက်ရှိ ကာလကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာကိုယ်စားပြုခွင့်၊ Great-Power Competition? Global South diplomacy နဲ့ ၂၀၂၆ နောက်ပိုင်း မြန်မာ့ နိုင်ငံခြားရေးမူဝါဒအနေနဲ့ ဘယ်လိုတည်ဆောက်မလဲဆိုတာကို တစ်ပြိုင်နက်တည်း စမ်းသပ်နေတဲ့ Strategic Contest လို့ပဲ သုံးသပ်မိတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးစည်းမျဉ်းနဲ့ GreatPower Competition ကြားမှာ မြန်မာ့နိုင်ငံခြားရေးကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းကျောင်းမလဲ၊ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေကြားမှာ အချုပ်အခြာမထိပါးအောင် ဘယ်လိုပေါင်း သင်းဆက်ဆံကြ မလဲဆိုတာ အရေးကြီးတဲ့ စမ်းသပ်ချက် အဖြစ်နဲ့ ရှုမြင်ဖို့နဲ့ ပြည်တွင်းညီညွတ်ရေးအားနဲ့ တွန်းလှန်ဖို့ မဖြစ်မနေ လိုအပ်လာပြီလို့ပဲ တိုက်တွန်းချင်မိပါတယ်။
နရီမိုး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )