၂၀၂၆ ၊ မေ ၂
ပြည်သူကို ဝင်ရောက် ရိုက်နှက် ဖမ်းဆီးသွားသည့် ချောက် PDF
လူငယ်လူရွယ်တို့ နှစ်သစ်ကူးသင်္ကြန်တွင် ကခုန်ပျော်ပါးနေကြသည်။ မြန်မာတို့၏ နှစ်သစ်ကူး သင်္ကြန်ကို လူငယ်လူရွယ်နှင့် ပျော်တတ်သူတို့ ပျော်ရွှင်မြူးထူး ကခုန်နေသည်ဆိုသည့်ကိစ္စသည် ဘာမျှထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။ ထိုအကြောင်းအရာက မထူးဆန်းဟု ကျွန်တော်တို့နှင့် အများပြည်သူက ရှုမြင်ထားသော်လည်း သည်အရာက မဖြစ်သင့်ဟု ဆုံးဖြတ်ထားသူတို့ကလည်း ရှိနေပြန်လေသည်။ သင်္ကြန်တွင်း ကခုန်မြူးထူး ပျော်ပါးခြင်းကို ရန်သူကြီးသဖွယ် သတ်မှတ်နေသူတို့က အခြားဟုတ်ရိုးလား၊ တော်လှန်ရေးဘက်အခြမ်းက လူတို့၏ ရှုမြင်ပုံက လူ့လောက၏ အမှိုက်သရိုက်သဖွယ် ဖြစ်နေပြီး မျက်စိ စပါးမွေးစူးနေလေသည်။ သို့မို့ကြောင့် ရှည်ရှည်ဝေးဝေး တွေးတောမနေဘဲ ကခုန်နေသူများကို ဤကဲ့သို့ ဝင်၍ လုပ်လိုက်ကြကြောင်း သတင်းတစ်ပုဒ်ကို သာရှုစားကြည့်တော်မူပါဟု ဆိုပါရစေ။
"မကွေးတိုင်း ချောက်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် သင်္ကြန်ရေကစားရာမှတစ်ဆင့် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF)တို့ အကြား အငြင်းပွားခိုက် ရန်ဖြစ်မှုတွင် ရွာခံအချို့ ဒဏ်ရာရပြီး လူ ၄၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ နှစ်ဖက်ဖြစ်စဉ်တွင် တော်လှန်ရေး တပ်များဘက်မှ အင်အားသုံး ဖြေရှင်းမှုများကြောင့် ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် လူ ၄၀ တွင် ၁၁ ဦး ကနဦးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် ၂၉ ဦးသည် ယမန်နေ့ (ဧပြီလ ၂၃ ရက်)တွင် ပြန်လည်လွတ်မြောက်လာသည်ဟု စုံစမ်းသိရှိရသည်။
ယခုဖြစ်စဉ်သည် ဧပြီလ ၁၅ နှင့် ၁၆ ရက် (သင်္ကြန်ကာလ)အတွင်း နရွဲတော၊ ကူဖြူ၊ ကံတိုင် (မြောက်)နှင့် ပုပ္ပကန်ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဒေသခံများကို၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ "ဘာမှပြောခွင့်မရဘဲ ဝင်ရိုက်သွားတယ်"ဟု ဒဏ်ရာကြောင့် ကုသမှုခံ ယူရသူတစ်ဦးက ပြောသည်။
ဒေသခံများအဆိုအရ ပ.က.ဖ အဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ပြီး ရွာသားများ ကို လက်နက်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း ဆိုသော်လည်း၊ တပ်ခွဲမှူး ကိုပေတိုးက သေနတ်ပစ်ဖောက်မှုရှိသည်ကို ဝန်ခံပြီး ခြိမ်းခြောက်မှုမရှိကြောင်းနှင့် သေနတ်ပစ်ဖောက်သူအား အရေးယူပြီးဖြစ်ကြောင်း ပြောသော်လည်း မည်ကဲ့သို့ အရေးယူထားသည်ကိုမူ ၎င်းက တိတိကျကျ ဖြေကြားခြင်း မရှိပေ။
တစ်နေ့တည်းတွင် ကူဖြူကျေးရွာ၌ ရေကစား နေစဉ် ဒေသခံများနှင့် PDF အဖွဲ့ဝင်များအကြား ခိုက် ရန်ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၅ ရက် ည ၁၁ နာရီခန့်တွင် မကွေးခရိုင် တပ်ရင်း(၂) မှ လက်နက်ကိုင် အင်အားဖြင့် ရွာအတွင်း ဝင်ရောက်လာကာ လူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ သည်။
ဒေသခံများအဆိုအရ ဖမ်းဆီးခံရသူများအား ထိန်းသိမ်းထားစဉ် ရိုက်နှက်မှုများ ရှိသည့်အပြင် နောက်နေ့တွင် လူ ၁၁ ဦးကိုသာ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ငွေကျပ် ငါးသိန်းစီ ပေးဆောင်ရကြောင်း ဆိုသည်။
ဧပြီ ၁၆ ရက်တွင် ကံတိုင်(မြောက်) ရွာ၌လည်း အလားတူ ခိုက်ရန်ဖြစ်ပွားပြီး ချောက် ပ.က.ဖ အဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ပြီး ဒေသခံလူငယ်များကို ရိုက်နှက်ခဲ့ကြောင်း၊ အတင်းအကျပ် တောင်း ပန်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပုပ္ပကန်ကျေးရွာတွင်လည်း ချောက် ပ.က.ဖ အဖွဲ့ဝင်များ၏ မော်တော်ဆိုင်ကယ် အရှိန်မြှင့် မောင်း နှင်မှုကို သတိပေးရာမှ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထို့နောက် ချောက် ပ.က.ဖ အဖွဲ့ဝင်များက ရွာထဲ ပြန်လည်ဝင်ရောက်၍ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
နောက်တစ်နေ့တွင် တာဝန်ရှိသူများ လာရောက် တောင်းပန်ခဲ့သော်လည်း ပျက်စီးသည့်ပစ္စည်းအတွက် လျော်ကြေးကို အပြည့်အ၀ မပေးလိုကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများနှင့် နီးစပ်သူများကလည်း "NUG ၏ မြေပြင်ထိန်းချုပ်မှု အားနည်းမှုကြောင့် အောက်ခြေ တပ်ဖွဲ့များအပေါ် ထိန်းချုပ်နိုင်မှု မလုံလောက်ကြောင်း ထောက်ပြကြသည်"ဟု ပြည်ပရောက် သတင်းဌာနများတွင် ဖော်ပြထားလေသည်။ စာအရှည်ကြီးရေး၍ ရှင်းပြရမည်ဆိုခြင်းထက် တိုတိုရှင်းပြရလျှင် ပျော်ပွဲရွှင်ပွဲလုပ်နေသည့် ပြည်သူလူထုကို လက်နက်အားကိုးဖြင့် ဝင်၍ရိုက်နှက်ဖမ်းဆီးသွားခြင်းပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဖမ်းဆီးသွားသည် ဆိုရာတွင်လည်း အသာတကြည် ပြန်မလွှတ်ဘဲ တစ်ဦးလျှင် ငွေကျပ်ငါးသိန်းပေးမှ ပြန်လွှတ်သည်ဟု ဆိုသဖြင့် လက်နက်ကလေး လက်ထဲ ရောက်လာသောအခါ ပြည်သူကို မည်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်ရမလဲ ဆိုသည့်လုပ်ရပ်က ဖုံးမရ၊ ဖိမရ ပေါ်လွင်လာခဲ့သည်။ ဤကဲ့သို့ ပြည်သူ့အပေါ် လက်နက်အား ကိုးဖြင့် ညှဉ်းပန်းနှိပ်စက်မှုအတွက် PDF များက နောင်တရနေမည်ဟု ထင်နေသလားဟုမေးလျှင် သူတို့လုပ်ရပ် မှန်ကန်ကြောင်း အောက်တွင် ဖော်ပြမည့်စာက သူတို့၏သဘောထားကို ထင်ဟပ်နေပါလိမ့်မည်။
ချောက် PDF များ၏ ဖွင့်ဟဝန်ခံချက်
ယခုစာကို ချောက်မြို့က PDF တစ်ဦးက ရေးသား ဖြန့်ဝေထားခြင်းဖြစ်ပြီး လက်နက်ကိုင် PDF တို့၏ သဘောထားအမြင်များကို ဆဝါးမိနိုင်ပါလိမ့်မည်။
သင်္ကြန်ကဲ့သို့ မြင်ကွင်းမျိုးကို သူတို့ မမြင်လို၊ မခံစားလို မရှုဆိတ်နိုင်၊ လုံး၀ မခံစားနိုင် ဖြစ်နေရသည်။ ဖြစ်နိုင်ပါက မိမိတို့တပ်ရင်းတပ်ဖွဲ့တွင် ရှိသမျှ လက်နက်အကုန်၊ လက်နက်အစုံ ပုံအော၍ ထိုမြင်ကွင်းမျိုးကို ဖန်တီးသူ၊ စီးမျောသူများကို ပစ်ခတ်ဖောက်ခွဲလိုက်ချင်၏။ အကြောင်းက တစ်တိုင်းတစ်ပြည်လုံး နှစ်သစ်ကူးအခါသမယ သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ပျော်ပါးကခုန်နေသည့် မြင်ကွင်းမျိုးကို လက်နက်ကိုင် PDF တို့က လုံး၀ကြည့်မရ ဖြစ်နေလေသည်။ ထိုသို့ ကြည့်မရဖြစ်နေခြင်း ကြောင့် တော်လှန်ရေးတွင် အသုံးပြုမည့် လက်နက်ကြီး၊ လက်နက်ငယ်တို့အပြင်၊ ဗုံးသီး၊ ရှော့ခ်တိုက်ဒုံးများပါမကျန် ထိုသင်္ကြန်ပွဲတော် ကခုန်နေ သူများထံ ပစ်လွှတ်ချင်စိတ်ကို မနည်းထိန်းချုပ်နေကြရ လေသည်။ ဤကဲ့သို့ မြူးထူး ကခုန်နေသည်ကို သည်အတိုင်း အသာတကြည် ကြည့်ရှုနေခြင်းမှာ မခံစားနိုင် တစ်ခုခုလုပ်မှရမည်ဟု ဆုံးဖြတ်လိုက်ကြပုံရသည်။ အထက်ပါ အကြောင်းအရာများသည် ချောက်မြို့ PDF တို့၏ ခံစားချက်များဖြင့် ပွင့်အန်လာသော သူတို့၏ ရင်ထဲက ဒေါသသံများ ဖြစ်ကြလေသည်။
သူတို့၏ ဒေါသသံကို တိတိပပ သိရှိနိုင်ရန် သူတို့ဖွင့်ဟသမျှထဲမှ အနည်းငယ် မြည်းစမ်းကြည့် တော်မူပါ။
"နေကလည်း ချစ်ချစ်တောက်၊ ရင်ထဲမှာလည်းပူလောင် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည်ကြီးကတော့ ကမ္ဘာနှစ်ခုလို ခြားနေခဲ့ပြီ။ ဒီရက်ပိုင်း မြင်ကွင်းတွေက ရင်ကို အပ်နဲ့ထိုးသလို နာကျင်ရပါတယ်။ တစ်ဖက်မှာ သင်္ကြန်တေးသံတွေနဲ့ ကခုန်နေကြချိန်မှာ နောက်တစ်ဖက်မှာတော့ သေနတ်သံ၊ ဗုံးသံတွေနဲ့အတူ အသက်လုပြေးနေရတဲ့ မိဘပြည်သူတွေ ရှိနေပါတယ်"ဟု သူတို့၏ဒေါသကို ဖွင့်ဟထားလေသည်။ ထိုလက်နက်ကိုင် PDF တို့ ဆိုလိုသည်က အေးချမ်းသည့်အရပ်က ပြည်သူများသည် မြူးထူးပျော်ပါးပြီး အခြားတစ်ဖက်တွင် ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေကြောင်းဆိုလိုခြင်း ဖြစ်၏။
သို့သော်လည်း ထိုချောက်မြို့က PDF တို့ ေ၀ဖန်ပိုင်းခြားနိုင်စွမ်း မရှိသည်က မြန်မာနိုင်ငံသည် နေရာအနှံ့အပြား စစ်အတွင်း စစ်ဒဏ်ကို ခံစားနေကြရခြင်း မဟုတ်ဘဲ ၎င်းတို့ PDF လက်နက်ကိုင်များ ရှိသည့်နေရာများတွင်သာ ပြည်သူတို့ မငြိမ်းချမ်းခြင်းကို ခံစားနေရ ခြင်း ဖြစ်သည်ဆိုသည်ကို ယခုအထိ သဘောမပေါက်သေးဟုဆိုရမည်ဖြစ်သည်။
သင်္ကြန်ပျော်မြူးနေသည့် မြင်ကွင်းမျိုးကိုမြင်ပြီး သူတို့ရင်ကို အပ်နှင့်ထိုးသကဲ့သို့ ခံစားနေရသော ချောက် PDF များ၏ အတွေးအမြင်သည် အပျော်မှန်သမျှ ဖျက်ဆီးရန်သာ အတွေးပွားနေတော့သည့်ပုံ ရှိ၏။
"သူတို့အတွက် သင်္ကြန်ဆိုတာ အေးမြတဲ့ ရေစက်တွေမဟုတ်ဘဲ ပူလောင်တဲ့ မျက်ရည်စက်တွေသာ ဖြစ်ခဲ့ရပါတယ်။ နောက်တစ်ဖက် ကမ္ဘာမှာတော့ မီးခိုးနံ့တွေကို မေ့ထားပြီး ရေမွှေးနံ့တွေကြားမှာ ပျော်နေကြတယ်။ ငိုသံတွေကို နားပိတ်ထားပြီး စည်းချက်သံတွေကြားမှာ ကခုန်နေကြတယ်။ ဘဝတွေ ပျက်စီးနေတာကို မျက်ကွယ်ပြုပြီး ခဏတာ အပျော်တွေနောက်ကို လိုက်နေကြတယ်။ 'တော်လှန်ရေးက ကြာလာလို့ စိတ်ဓာတ်တွေ ပေါ့လျော့သွားတာလား၊ ဒါမှမဟုတ် လူသားချင်း စာနာမှု (Empathy) တွေပဲ ပျောက်ဆုံးကုန်တာလား'။ ပျော်ခြင်း၊ မပျော်ခြင်းက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ် နိုင်ပေမယ့် 'လူဖြစ်ရတဲ့ တန်ဖိုး'ကိုတော့ မမေ့လျော့ကြပါနဲ့။ မိမိတို့ ပျော်နေတဲ့အချိန်မှာ မြေပြင်မှာ တကယ်ခံစားနေရသူတွေရဲ့ဒုက္ခကို အားနာတတ်ဖို့ လိုပါတယ်။မြန်မာပြည်ကြီး နှစ်ခြမ်းကွဲနေသလို ခံစားနေရတဲ့ ဒီအချိန်မှာ ကျွန်တော်တို့ လိုအပ်နေတာ 'ရေစို အဝတ်အစားတွေ' မဟုတ်ဘဲ 'နွေးထွေးတဲ့ ကိုယ်ချင်းစာ တရားတွေ'သာ ဖြစ်ပါတယ်"ဟု ဆိုကာ သူတို့၏ တော်လှန်ရေးဘက်အခြမ်းတွင် လူသူထောက်ခံမှု နည်းပါးသွားမှုအတွက် သနားစဖွယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားလေသည်။
သူတို့ကို ထောက်ခံသူ နည်းပါးလာလေ၊ ပြည်သူများ ပျော်ရွှင်မြူးထူးနေလေ သူတို့ရင်ကို အပ်နှင့် မွှန်းသကဲ့သို့ ဖြစ်နေသောကြောင့် အကြောင်း မယ်မယ်ရရ မရှိဘဲ ပျော်နေသည့် လူအုပ်ကို လက်နက်အား ကိုးဖြင့် ဝင်၍ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းပင် ဖြစ်သည်။
သူတို့ ရေးသားထားသည့်စာအရ အကြောင်း မသိလျှင်တော့ 'တယ်လည်း သနားစရာကောင်းတဲ့ဘ၀ တွေပါလား'ဟု ချက်ချင်းပင် အထင်ရောက်နိုင်ဖွယ်ရာရှိ တော့သည်။ အကြောင်းသိလျှင်တော့ 'ဘယ်ကလာ ဒီလို ဟုတ်ရလိမ့်မလဲ'ဟု သူတို့၏ လုပ်ရပ်ကို တစ်ခုချင်း ပြန်ပြောပြဖြစ်မည်မှာ အသေ အချာပင် ဖြစ်သည်။ တော် လှန်ရေးသမားတို့ ကြွေးကြော်နေကြသည့် တရားသည့် သူသာ နိုင်ကြေးဆို သည့်စကားအရ တော်တော်တရားသည့် လုပ်ရပ်ဟုပင် ပြောရတော့မည် ဖြစ်သည်။
ကြည်ပြာတောင်ကြာပြီ
သင်္ကြန်အတွင်း ချောက်မြို့နယ် ကျေးရွာ အချို့က ပြည်သူများကို PDF လက်နက်ကိုင်များက ဝင်ရောက် ရိုက်နှက်ဖမ်းဆီးမှုများကြောင့် ဒေသခံများစွာ ဖရိုဖရဲ ဖြစ်ကုန်ကြရသည်။ ထိပ်ပေါက်ခေါင်းကွဲ၊ နဖူးပြဲ၊ ဒူးကွဲနှင့် အလဲလဲအပြိုပြို ဖြစ်ကုန်ကြရသည်။ ပြောရလျှင် ထိုဒေသက လူများသည်လည်း အကြမ်းဖက်တို့ကြီးစိုးရာ ဖြစ်နေသောကြောင့် ဤကဲ့သို့ မတရားမှုကို လည်စင်းခံခဲ့ကြရသည်။ ခံခဲ့ရသူ များကလည်း ခေသူများ မဟုတ်ကြဟု ဆိုရမည်ဖြစ်သည်။ A4 စာရွက်ပေါ် လက်ရေးမူဖြင့်ရေးသားကာ NUG ထံ တိုင်ချက်ဖွင့်လိုက်လေသည်။ ထိုတိုင်ချက်ဖွင့်ခြင်းနှင့်ပတ်သက်၍ NUG ၏အားနည်းချက်များကို အစဉ်ဖော်ထုတ်နေသော သက္ကမိုးညိုဆိုသူ၏ စကားကို ကိုးကားချင်ပါသည်။ "မကြည်ပြာ အရေးယူဖို့ ကျန်သေးတယ်ဆိုပြီး စာထွက်လား၊ မထွက်ဘူး၊ အမေ့ စောင့်နေတာ။ NUG Reform က Phase-1 ပဲ ရှိသေး တယ်ဆိုပြီး ဆက်လုပ်လား၊ မလုပ်ဘူး၊ အမေ့စောင့်နေတာ။ ယင်းမာပင် မုဒိမ်းမှုကျူးလွန်သူ အရေး ယူမယ်ဆိုပြီး ယူလား၊ မယူဘူး၊ အမေ့စောင့်နေတာ"ဟု သည့်ထက်မက ကြီးမားကျယ်ပြန့်သည့် တစ်တိုင်း တစ်ပြည်လုံးသိသည့် ကိစ္စများကိုပင် အရေးမယူဘဲ အမေ့စောင့်နေလေရာ သည်ကိစ္စသည်လည်း ဟို အကြားပင် ညှပ်မည်မဟုတ်ဟု ဝမ်းသာရအောင် တစ်ခါတည်းပြော လိုက်ပါရစေ။ သူတပ်ဖွဲ့များကို အရေးယူဖို့နေနေသာသာ သူကိုယ်တိုင်ပင်လျှင် တပ်ပျက်ပြီး မည်သည့်နေရာ ခိုရ၊ ကပ်ရမည် မသိသည့် အချိန် ဆိုက်ရောက်နေသော ကြောင့်ပင်ဖြစ်သည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )