ဘဝခြားလေပြီ မမနုကြည်

၂၀၂၆ ၊ ဇန်နဝါရီ ၃

    ထူးမြတ်တို့လို့ အသက် (၄၀)တန်းတွေ မှတ်မိနေသည့် အင်္ဂလိပ်ဇာတ်ကားတစ်ကားအကြောင်း ပြောချင်သည်။ Ghost ဟု အမည်ရသော ၁၉၉၀ ပြည့်နှစ်က ကမ္ဘာကျော်ရုပ်ရှင်ကား ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဝက်ဝက်ကွဲ အောင်မြင်သော ဇာတ်ကားတစ်ကား ဖြစ်သည်။ ထိုခေတ်ကာလက ခုလို ခေတ်မမီတော့ အင်္ဂလိပ်ရုံတင်ကားတွေဆိုတာက မြန်မာစာတန်းထိုးတွေ၊ ဘာတွေနဲ့ ပြတာမဟုတ်ချေ။ ဒါကြောင့်လည်း 'အင်္ဂလိပ်ရုပ်ရှင်ကြည့်ပြီး နားလည်သလို ဟန်နဲ့ကွာ။ သူများရယ်ရင် လိုက်ရယ်လည်း ရတာပဲပေါ့'ဆိုတဲ့ သီချင်းစာသားလေး ပေါ်လာတာ ဖြစ်သည်။ ဒီလိုဘာသာစကား အခက်အခဲရှိသော် လည်း သရုပ်ဆောင်မှုကောင်းသော နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ မြန်မာပြည်တွင် လူကြိုက်များခဲ့ကြသည်။
    ထိုအထဲတွင် ၉၀ ပြည့်နှစ်ဝန်းကျင်က လူကြိုက်များခဲ့သော
 Ghost  ရုပ်ရှင်ဇာတ်ကားကတော့ ဇာတ်အေးဖြစ်သော်လည်း ဝိညာဉ်၊ သရဲ၊ တစ္ဆေတွေ စိတ်ဝင်စားလေ့ရှိသော မြန်မာရုပ်ရှင်ချစ် ပရိသတ်ကို ဖမ်းစားခဲ့သည်။
    ထိုဇာတ်ကားတွင် မှတ်မှတ်ထင်ထင်ရှိသော ဇာတ်ဝင်ခန်းအချို့ကို ပြန်ပြောရရင် ထူးမြတ်ကတော့ မင်းသမီးနဲ့မင်းသား ရွှံ့မြေအိုးလေးလုပ်သည့်အခန်း ဖြစ်သည်။ မင်းသမီးနောက်ကနေ မင်းသားက ဖက်ပြီး ရွှံ့သားတွေကို မြေအိုးလေးဖြစ်အောင် ပုံဖော်နေသည့် အခန်းက လူငယ်တွေ အကြိုက်တွေ့သည်။ တိုက်တန်း နစ်ကားဆိုရင်လည်း ပန်းချီဆွဲသည့်အခန်းကို အကြိုက်ဆုံး ဖြစ်သည်။ ထားပါတော့။ Ghost ရုပ်ရှင်ဇာတ်လမ်း အကျဉ်းကတော့ မင်းသမီးနှင့်မင်းသားစုံတွဲ ချစ်စကြင်စမှာပင် မင်းသားတစ်ယောက် မာလကီးယားသွားရာ ချစ်သူကို စိတ်မချနိုင်ဘဲ ဝိညာဉ်ဘဝဖြင့် လိုက်စောင့်ရှောက်ရသည်။ သူပြောတာ ကို သူ့ချစ်သူကောင်မလေးကမကြား။ မကြားတော့ အဖက်မလုပ်၊ ထိတွေ့ကိုင်တွယ်လို့မရတော့ မင်းသားတစ်ယောက် ဝါရင့်သရဲကြီးတွေဆီကတစ်ဆင့်  ထိတွေ့ကိုင်တွယ်လို့ရအောင် ပညာတွေသင်ကြားရတော့ သည်။ ဒီလိုဇာတ်ဝင်ခန်းတွေမှာ မင်းသားကလည်းသရုပ် ဆောင်ကောင်း၊ ရုပ်ရှင်ကြည့် ပရိသတ်တွေကလည်း အားမလို အားမရဖြစ်ပြီး မင်းသားကို ဝိုင်းသနားကြသေးသည်။
    ခုလည်း ထိုမင်းသားအဖြစ်နဲ့ ဆင်တူသော အဖွဲ့တစ်ဖွဲ့ရှိသည်။ ထိုအဖွဲ့က အခြားမဟုတ်၊ အချစ်တော် နုကြည်အဆိုးရ အဖွဲ့ကြီးပင်ဖြစ်သည်။ လေးနှစ်ကျော် ငါးနှစ်နီးပါး တော်လှန်လာလိုက်တာ တော်လှန်ရေးကြီးက အီလည်လည်ဖြစ်ပြီး နိုင်ငံရေးသေသွားသော ဝိညာဉ်များသဖွယ် ဖြစ်ကုန်ကြတော့သည်။ ဝိညာဉ်ဘ၀ ရောက်သွားပုံက သနားစဖွယ် ကောင်းလှသည်။ အရင် အသက်ရှိနေတုန်းကတော့ သူတို့ဘာ ပြောပြော တော်လှန်ရေး အားပေးထောက်ခံကြသူတွေ လိုက်လုပ်ရတာ အမောဖြစ်သည်။ တစ်ခုခုဆိုရင် နုကြည်အဆိုးရကြီး ငြိုငြင်မှာ စိုးကြသည်။ ခုလိုခရီးသွားရာသီဆိုရင် ပိုတောင်ဆိုးသေးသည်။ နုကြည် အဆိုးရကြီး စိတ်ကွက်သွားမှာစိုးလို ခရီးမသွားရဲ၊ မလာရဲဖြစ်ကြရသေးသည်။ ဒါတင်မကသေး ဟိုသပိတ် လေး လုပ်ကြပါဦး၊ ဒီသပိတ်လေး နွှဲကြပါဦးဆိုရင် ကျေနပ်အောင် လိုက်လုပ်ရသေးသည်။ ဒါမှလည်း တော်လှန်ရေး ပါဝင်နေသယောင် သရုပ်ဆောင် ပီပြင်မှာဖြစ်သည်။ နုကြည်အဆိုးရကလည်း နှစ်ကုန်ရင် တော်လှန်ရေးကြီး ပြီးတော့မယောင်၊ နောင်နှစ်ကျရင် အိမ်ပြန်လာတော့မယောင် သရုပ်ဆောင်ကောင်းတာကြောင့် ဟုတ်နိုးနိုး မျှော်လင့်ခဲ့ကြသည်။ ဒီလိုနဲ့ ရက်ကိုလစား၊ လကို နှစ်စားဖြင့် တော်လှန်လာ လိုက်တာ ခုဆိုရင် နုကြည်အဆိုးရကြီး နိုင်ငံရေးအရ မာလကီးယား သွားလေတော့သည်။
    ခုမှ ၂၀၂၅ နုကြည် Ghost ရုပ်ရှင်ဇာတ်ကားကြီးက ပီပြင်လာတာ ဖြစ်သည်။ အရင်က သူတို့ဘာ ပြောပြောနားထောင်ပြီး လိုက်လုပ်ကြသူများ ခုဆိုရင် နုကြည်တို့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင် မထင်ကြတော့ပေ။ နုကြည်တို့ ဘာပြောပြော ဘဝခြားနေသလို ဖြစ်ကုန်ကြတော့သည်။ ဒီနှစ်ခရီးသွား ရာသီဆိုရင် ပိုတောင်သိသာသေးသည်။ နုကြည်တို့က နောက်ဆုံးအသက်မထွက်ခင် အသံတိတ်သပိတ် ဆိုတာလုပ်ဖို့ ဆော်သြသွားကြသည်။ ပြည်သူတွေ အသံမတိတ်သည့်အပြင် ပွဲလမ်းသဘင်တွေမှာ ပျော်ပါးနေကြသေးသည်။ ဒါတင်မကသေး ပြင်ဦး လွင် ပန်းပွဲတော်မှာလည်း ပန်းတွေက နည်းနည်း၊ လူပြပွဲ ကြီးအလား ထင်မှတ်မှားကြသည်။ ပန်းပွဲတော်မတိုင်ခင် မိုးနဲ့လေနဲ့ တန်ဆောင်တိုင်ပွဲကြီးကလည်း လူပင်လယ်ကြီး ဖြစ်ခဲ့ကြသည်။ နောက် ဒီဇင်ဘာကျောင်းပိတ်ရက် ကမ်းခြေတွေမှာ ခြေချစရာ မရှိအောင် စည်ကားခဲ့ကြ သည်။ အရင်က တစ်ခုခုဆိုရင် ပြည်သူတွေရှိတယ်ဆိုပြီး ပြည်သူဆိုသည့် စကားလုံးနှင့် ကိုင်ပေါက်ခဲ့ကြသော နုကြည်အဆိုးရကြီးမှာ ခုတော့ဖြင့် ပြည်သူကလည်း သူတို့ကို အသက်ရှိတယ် တောင် မထင်တော့ဘဲ ပျော်စရာရှိရင် ပျော်ကြ၊ သွားစရာရှိရင် သွားကြနဲ့ တစ်နိုင်ငံလုံး ပြင်ဦးလွင်နဲ့ ငွေဆောင်၊ ချောင်းသာတို့မှာ ချိန်းတွေ့ကြသလား ထင်ရအောင် စည်ကားလှပေသည်။
    ဒါတင်ပဲလားဆိုတော့ Ghost ကြီးနုကြည်တို့အဖြစ်က သနားစရာပိုတောင်ကောင်းသေးသည်။ အရင်က ဘာလေးပဲဖြစ်ဖြစ် ပရောဂျက်ဆွဲအလှူခံရင် သပိတ်ဝင်အိတ်ဝင် ငွေတွေရသည်။ ခုတော့ နုကြည်တို့ အလှူခံတာတောင် ဘယ်ပြည်သူကမှ အရေးမလုပ်တော့ချေ။ဟိုဇာတ်မင်းသားလေး တစ်ည တစ်ည ဇာတ်ကရင် မင်းသားဝတ်စုံမှာ ဆုကြေးငွေတွေ တသီကြီးချိတ်ဆွဲဆုချ ကြတာ မြင်ရတော့ ပြည်သူတွေ တောထဲမှာ ငတ်နေတဲ့ သကောင့်သားတွေကို လှည့်တောင်မကြည့်ချင်ကြတော့အထိ ဖြစ်ကုန်ကြသည်။ ဒီကြားထဲ နုကြည်အဆိုးရကြီးက သူတို့ဘက်ကို အာရုံများ ရောက်မလားဆိုပြီး အတုအ ယောင်ရွေးကောက်ပွဲဆိုပြီး အော်ကြဟစ်ကြသေးသည်။ မောတာပဲ အဖတ်တင်ကုန်ကြသည်။ ပြည်ပနိုင်ငံ အသီးက မြန်မာလူမျိုးများ၏ ကြိုတင်မဲပုံးကြီးက ကော်မရှင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ဤမျှလောက် နုကြည်ဝိညာဉ်များ၏ အသံကို ပြည်သူများ အဖက်မလုပ်ကြတော့ သနားတောင်သနားမိ သေးသည်။ ဒါလောက်ပဲ သနားစရာကောင်းတာလား ဆိုတော့ ပိုတောင်သနားစရာ ကောင်းနေသေး သည်။ နုကြည်အဆိုးရကြီးက နိုင်ငံတော်အစိုးရ တာဝန်ရှိသူတွေကို ဝရမ်းပင် ထုတ်လိုက်သေးသည်။ နိုင်ငံ ရေး ဝိညာဉ်ကြီးတွေ ဘာပြောပြော၊ ဘာလုပ်လုပ် ဘယ်သူကမှ အဖက် မလုပ်ကြတော့ချေ။
    မြန်မာပြည်သူတွေပဲ အဖက်မလုပ်ကြတာ လားဆိုတော့ နိုင်ငံတကာကပါ သေစာရင်း သွင်းလိုက်ကြသည်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ လိပ်ခေါင်းထွက်အောင် နုကြည်တို့ အော်ကြသော်လည်း နိုင်ငံတကာနှင့် နုကြည်တို့ ဘဝခြားသွားခဲ့ပြီဖြစ်ရာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့များပင် စေလွှတ်လိုက်သေးသည်။ နုကြည်တို့အဖွဲ့တွေမှာ ဘာကိစ္စ လေးပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မည် ဟုအော်အော် ဘဝခြားသွားလေတော့ နိုင်ငံတကာလည်း မကြားနိုင်၊ မမြင်နိုင် ကြတော့ချေ။ ခုမှပဲ Ghost ရုပ်ရှင် ဇာတ်ကားထဲက သရုပ်ဆောင်မင်းသားအဖြစ်နဲ့ နုကြည်တို့အဖြစ်က ဆင်တူသွားလေသည်။ ချစ်လှစွာသော ချစ်သူကို ဘေးနားက စကားထိုင်ပြောနေသော်လည်း မကြားနိုင်၊ မမြင်နိုင်၊ ထိတွေ့ကိုင်တွယ်ချင်သော်လည်း မရ ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေသော သရုပ်ဆောင်မင်း သားလိုပင် နုကြည်အဆိုးရအဖွဲ့ကြီးမှာလည်း ချစ်လှစွာသော တော်လှန်ပြည်သူတွေရဲ့ အာရုံစိုက်ခံချင် သော်လည်း ဘဝချင်းက မတူတော့တာကြောင့် မကြားနိုင်၊ မမြင်နိုင် ဖြစ်ကုန်ကြတော့သည်။ ထိတွေ့ ကိုင်တွယ်၍ မရတော့သည့်ဘုံဘ၀ ရောက်နေပြီး နုကြည်တို့ဘာပဲ လုပ်ခိုင်းလုပ်ခိုင်း လိုက်မလုပ်ကြတော့ သဖြင့် ဝမ်းနည်းနေကြပေတော့မည် ဖြစ်သည်။ ကူရာမဲ့ကယ်ရမဲ့၊ နုကြည် Ghost တို့ဘဝက ရွေးကောက် ပွဲအပြီး ပြည်သူတွေ အမျှဝေရင်ဖြင့် မြင်နိုင်ကြားနိုင်သော ဘုံဘဝများရောက်ဖို့သာ ဆုတောင်းကြရ ပေတော့မည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 87

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59680

© 2022 - 2026 News. All Rights Reserved.