၂၀၂၆ ၊ ဧပြီ ၂
ချင်းပြည်က PDF လူသစ်စုနေသည့် ပြဿနာ
ချင်းပြည်နယ် တီးတိန်ဘက်တွင် PDF-Zoland အဖွဲ့က ဇိုမီး အမျိုးသားအမျိုးသမီးများကို အတင်းအဓမ္မ လူသစ်စုဆောင်းနေသည့် ပြဿနာတစ်ခု ကြီးကြီးမားမား ဖြစ်ပွားနေခဲ့သည်။ သည်အခြေအနေကို ချင်းပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက သူတို့ဒေသတွင် ကြုံတွေ့နေရသည့် ပြဿနာကို ရင်ဖွင့်လာခဲ့လေသည်။ ဤကဲ့သို့ ပြဿနာကို ရင်ဖွင့်ရခြင်းတွင် သူမအနေနှင့် အသက်အန္တရာယ်အား ဖြင့် မည်မျှကြီးမားကြောင်းကို သိရှိနေသော်လည်း မပြောမပြီး မတီးမမြည် ဆိုသည့်အတိုင်း ပြောမှသိမည့် အခြေအနေဖြစ်သော ကြောင့် အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ပြောပြရခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး "တီးတိန် ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ PDF-Zoland တွေက ရွာတွေကိုဝင်ပြီး တစ်အိမ်တက်ဆင်းသွားပြီး PDF တပ်သားသစ်တွေ မတော်မတရား အတင်းအဓမ္မ ဖမ်းဆီးနေတယ်။ အခုလောလောဆယ် ရွာတွေမှာ လူငယ်တွေအားလုံး ကြောက်လန့်ပြီး မနေရဲဘူး။ တချို့မိသားစုတွေဆိုရင် မိအိုဖအိုတွေပဲ အိမ်မှာကျန်ခဲ့တယ်။ သူတို့က ဘယ်လောက်ဆိုးလဲဆိုရင် "ငါတို့ ဇိုမီးတွေက လူနည်းတယ်ဆိုတော့ အားလုံး စစ်သားအဖြစ် ဖမ်းမယ်တဲ့၊ အမျိုးသားပဲ၊ ယောက်ျားလေးတွေကြီးပဲ လူမလောက်လို့ အမျိုးသမီးတွေပါ ဖမ်းဖို့ အစီအစဉ်ရှိတယ်"ဟု ရင်ဖွင့်ရှာလေသည်။ PDF-Zoland က တီးတိန်တွင် ရာခိုင်နှုန်း ၄၀ ခန့်သာရှိပြီး ကျေးလက်ဒေသ ရာခိုင်နှုန်း ၉၀ ခန့် ထိန်းချုပ်ထားကြောင်း ပြည်ပြေးမီဒီယာများတွင် ဖော်ပြလေ့ရှိသည်ဟုလည်း သိရသည်။ ယင်းသို့ ပြည်ပြေးမီဒီယာများက ရာခိုင် နှုန်း ၄၀ ခန့်ရှိသည်ဟု ဆိုသော်လည်း မြေပြင် အခြေအနေတွင် PDF-Zoland သည် ရာခိုင်နှုန်း ၃၀ ခန့်သာရှိ ကြောင်း၊ ယင်းအခြေအနေနှင့် ပတ်သက်ပြီး "ကျွန်မတို့ တီးတိန်ဘက်မှာ PDF-Zoland ကိုထောက်ခံတဲ့ ဇိုမီးဆိုတာက အများဆုံးရှိမှ ရာခိုင်နှုန်း ၃၀ ပဲ။ အခုလုပ်ရပ်တွေကြောင့် ထောက်ခံတဲ့သူတွေ ပိုနည်းနည်းလာပြီ။ ဒီလိုမျိုးဖြစ်နေတာကို တော်လှန်ရေးမီဒီယာတွေက ဘာလို့မဖော်ပြကြတာလဲ။ တစ်ခုတလေ တောင် ရေးခြင်းမရှိဘူး။ အဲဒါကြောင့်မို့ ကျွန်မတို့က တော်လှန်ရေးကို တဖြည်းဖြည်း ရွံရှာလာပြီ"လတ်တ လောကြုံတွေ့နေရသည့် အခြေအနေများကို ပြောပြလေသည်။ PDF-Zoland အနေဖြင့် လက်နက်အား ကိုးဖြင့် ဇိုမီးလူမျိုးများကို အတင်းအဓမ္မ လူသစ်စုဆောင်းကာ ကျဆုံးနေသည့် တော်လှန်ရေးကို အရှိန်မြှင့် ရန် လုပ်ဆောင်နေသော်လည်း လက်ရှိတွင် ပြည်သူက သူတို့ဘက်တွင် မရှိတော့ဘဲ တော်လှန်ရေးကို ရွံရှာမုန်းတီးနေကြပြီဟု ပွင့်ပွင့်လင်းလင်းပင် ရင်ဖွင့်လေသည်။
"အခုဆိုရင် ရန်ကုန်၊ မန္တလေးမှာ လူတွေက တော်လှန်ရေးကိုတောင် မေ့ပြီးပျော်နေကြပြီ။ ငါတို့ချင်းတောင်မှာ လူတွေဖမ်းဆီးပြီးတော့ ဘာလုပ်ကြမှာလဲ"ဟု ဆိုလေသည်။ လက်ရှိလူသစ်စုနေခြင်း၏ ရည်ရွယ်ချက်တွင် ကျဆုံးနေသော တော်လှန်ရေးကိုအဖတ်ဆယ်ခြင်းထက် ၎င်းတို့အတွက် အကျိုးအမြတ်တစ်စုံတစ်ခုအတွက် လက်နက်အားကိုးဖြင့် လုပ်ဆောင်နေခြင်းဖြစ် နိုင်ကြောင်းကို "ခုလို လူသစ်စု ပြီး ဘယ်သူ့ကို သွားတိုက်မှာလဲ။ ဘယ်သူက ကိုယ့်သားသမီးကို အဲဒီလို အစာရေစာ ရှားပါးပြီး သူတို့ဟာ သူတို့တောင် ထောက်ပံ့ငွေမရတော့တဲ့ အခြေအနေမျိုးမှာ ဘယ်သူက ထားချင်မှာလဲ။ ဘာဖြစ်လို့ ဒီလိုအ ခြေအနေမျိုးမှာ ကိုယ့်အချင်းချင်းကိုယ် မတော်မတရား ဖမ်းဆီးနေကြတာလဲ။ ပိုက်ဆံရှိတဲ့သူ ဆိုရင်သိန်း ၆၀၊ သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေပါတယ်။ သူတို့ ငွေရှာချင်နေတာလား။ ရောင်းစားချင်နေတာလား။ လက်နက်နဲ့ လဲချင်နေတာလား။ နိုင်ငံခြားငွေအထောက်အပံ့ ပိုက်ဆံရချင်လို့ ဒီလိုမျိုး အကွက်ဆင်နေတာလား"ဟူ၍လည်း လူသစ်စုဆောင်းနေသည့် PDF-Zoland အဖွဲ့ကို မေးခွန်းထုတ်ထားလေသည်။ ချင်းပြည် နယ်တီး တိန်မြို့တွင် တော်လှန်ရေးဘက်အခြမ်းတွင် PDF လက်နက်ကိုင်များ ရွာပျက်နေကြောင်း သည် အမျိုးသမီးလေးက တစ်စိတ်တစ်ပိုင်း ဖွင့်ဟ၍ ပြောပြနေခြင်းဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။
ဖျက်ဆီးခြင်းနှင့် ဘဝဆုံးသွားကြရသူများ
စစ်ကိုင်းတိုင်းနယ်ဘက်တွင်ရှိသည့် မိတ်ဆွေတစ်ဦးက ဖုန်းဆက်၍ လှမ်းပြောလေသည်။ သဖန်းဆိပ်ဆည်ကို တပ်မတော်က အပြည့်အ၀ ပြန်လည်ထိန်းချုပ် နိုင်ပြီဆိုသည့် အကြောင်းအရာပင် ဖြစ်သည်။ သဖန်းဆိပ်ဆည်ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၏ စပါးကျီဟု ခေါ်ဆိုရလောက်အောင် စစ်ကိုင်းအတွက် အားကိုးအားထားရာ ဖြစ်သော်လည်း တော်လှန်ရေးသမားတို့အတွက်မူ ကိုယ်ကျိုးစီးပွားအတွက် ရွှေရှာဖွေရန်သာ သတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်နေလေသည်။ ဆည်အတွင်း ရွှေရှာသည်ဆိုသည်မှာ စက်ယန္တရားကြီးများ အလွန်အကျွံအသုံးပြုပြီး ဆည်ရေကို အမှီပြု၍ စိုက်ပျိုးရေးဖြင့် အသက်မွေးသူများအတွက်လည်း ထည့်သွင်းစဉ်းစားခြင်းမရှိ။ ဆည်မှထွက်ရှိသည့် လျှပ်စစ်ဓာတ်အား မပေးနိုင်လည်း ဂရုမစိုက်၊ ကိုယ်ကျိုးတစ်ခုအတွက်သာ ကြည့်ခဲ့ကြောင်း အားလုံးအသိပင် ဖြစ်သည်။ ထို့ကြောင့် သည်နှစ် ဆည်ရေမပေးဝေနိုင်ခြင်းကြောင့် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာများ နွေစပါး မစိုက်ပျိုးနိုင်ခဲ့တော့ပေ။
ထို့အပြင် ဆည်ရေမပေးနိုင်ခြင်းထက် သဖန်းဆိပ်ဆည်အတွင်း တပ်မတော်က ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာသည့်အခါ PDF တို့က ဆည်အတွင်းရှိ ရေပေးဝေရေး အရေးကြီးပစ္စည်းများကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံတို့ကိုလည်း မိုင်းခွဲ မီးရှို့ဖျက်ဆီးခဲ့လေသည်။ သဖန်းဆိပ်ဆည်ကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ခြင်းနှင့် ပတ်သက်၍ "စက်လတ် သုံးလက်၊ ငါးကြင်းမြီးသုံးလက်နဲ့ PDF ခုနစ်လောင်းရတယ်"ဟုဆိုလေသည်။ "စက်လတ် သုံးလက်ဆို တွက်တာကြည့် အထိုင်နဲ့ထားထားတာ။ လက်နက် ကောင်းကောင်းနဲ့ လူနည်းနည်းနဲ့ ထိုင်ထားတာဗျ"ဟု ဆိုလေသည်။ PDF တို့ဆုတ်ခွာသွားချိန်တွင် လူအနည်းငယ်နှင့် လက်နက်ကောင်းကောင်း ချန်ထားခဲ့ခြင်းဆို သည်မှာလည်း ချန်ထားခံရသူတို့သည် အသေခံသက်သက်နှင့် ဖျက်ဆီးရန်အတွက်သာ ချန်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်၍ပြောလေသည်။ တော်လှန်ရေးဆိုသည့် ခေါင်းစဉ်တပ်ထားပြီး လူငယ်လူရွယ်တို့၏ အသက်ကို ဈေးပေါပေါဖြင့် ဖျက်ဆီးရေးကိုသာ လုပ်ဆောင်နေကြောင်း လက်နက်ကိုင်ထားသည့် လူငယ်တို့ကို အဓိက သိစေချင်သည်ဟုလည်း သူ၏အမြင်ကို ပြောပြလေသည်။ PDF လက်နက်ကိုင်တို့က အချိန်ကာလ အနည်းငယ်ထိန်းချုပ်ထားသည်ဟု ဆိုသော်လည်း ၎င်းတို့ ထိန်းချုပ်ထားစဉ်ကာလတွင် ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများထက် အဖျက်အမှောင့်များကိုသာ ဦးစားပေးလုပ် ဆောင်သွားပြီး ၎င်းတို့ဖျက်ဆီး သွားသည့်လုပ်ရပ်များကို အစိုးရက ပုံမှန်အခြေအနေ ရောက်စေရန် အချိန်ယူ ငွေကြေးအကုန်အကျခံကာ ပြန်လည် ပြုပြင်ခြင်းများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။
NUG အတိုက်ခိုက်ခံလိုက်ရသည့် မုန်တိုင်း
NUG ပြိုကွဲရခြင်း၏ နိဒါန်းပိုင်း သို့မဟုတ် NUG ကို တိုက်ခိုက်ခဲ့သည့် မုန်တိုင်းဆိုသည်မှာ NUG အတွက် ကိုယ်ဖော်သည့်ဆေး ကိုယ်စားသုံးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ NUG အတွက် တိုက်ခိုက်ခဲ့သော မုန်တိုင်းဆိုသည်မှာ NUG အတွက် အကျိုးစီးပွား ပြဿနာက အခြေခံခဲ့သော်လည်း အကျိုးစီးပွားနောက်ကို လိုက်ရင်းဖြင့် တစ်စစီကျိုးပဲ့ ကြေမွသွားမည်ကို NUG က မသိခဲ့ဘဲ ထိုမုန်တိုင်းကို ကိုယ်တိုင်စတင်ခဲ့ခြင်း ဖြစ်သည်ကို ယခုတော့ NUG နှင့် နောက်လိုက်အပေါင်းအပါတို့ ကောင်းကောင်း ကြီး သဘောပေါက်လာခဲ့သည် ဖြစ်သည်။
သည်ရက်ပိုင်း အစိုးရထံ PDF လက်နက်ကိုင်များ အလုံးအရင်းဖြင့် အလင်းဝင်ရောက်လာကြခြင်း၊ BNRA အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းခြင်း စသည်တို့ကို NUG ပြိုကွဲခြင်း၏အစဟု ကနဦးက ထင်မြင်ခဲ့သော်လည်း NUG အတွင်း ထို့ထက်စောစွာ မုန်တိုင်းထန်နေသည်ကို တော်လှန်ရေးဘက်အခြမ်းနှင့် ပြည်သူအ ပေါင်းတို့က ရေရေလည်လည် မသိရှိကြသေးပေ။ ထိုကဲ့သို့ PDF လက်နက်ကိုင်များ အလင်းဝင်ခြင်း၊ BNRA ကို တိုက်ခိုက်ခြင်း မစတင်မီကတည်းက NUG တွင် အတွင်းလှိုက်စား၍ ပြိုကွဲနေသည်ကို ယနေ့အချိန် အခါရောက်မှ ကောင်းကောင်းကြီး သဘောပေါက်လာကြပြီ ဖြစ်သည်။ သည်ပြဿနာများ၏ အရင်း အမြစ်အစက NUG သည် အကျိုးစီးပွားရှေ့တန်းတင်ခြင်းနှင့် TLNA အကြမ်းဖက်များ မိုးကုတ်မြို့ကို စွန့်ခွာသည့်အချိန်က စတင်ခဲ့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာရတော့သည်။ သည်အကြောင်း နှင့်ပတ်သက်၍ ပြောရလျှင် မိုးကုတ်မြို့ကို မန္တလေး PDF နှင့် TLNA တို့ ထိန်းချုပ်ထားစဉ် အကျိုးစီးပွား အားပြိုင်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကျိုးစီးပွား အားပြိုင်မှုထဲတွင် မန္တလေး PDF ထဲ၌ စစ်ရေးဖော်ဆောင် နေသည့် MDY-PDF စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ မုန်တိုင်းဆိုသူနှင့် ဒုစစ်ဦးစီးအရာရှိချုပ်ဆိုသူ စိုးသူရဇော် တို့၏ ပြဿနာက အရင်းခံခဲ့ကြောင်း သိရှိလာခဲ့ရလေသည်။
ထိုအကြောင်းအရာများကို ပြန်လည်ဖောက် သည်ချလာသူက မုန်တိုင်းဆိုသူ၏တပည့် ရဲဘော် ထူးခြားပင် ဖြစ်သည်။ NUG ၏အတွင်းလှိုက် ပြိုပျက်ရခြင်းနှင့် မန္တလေး PDF အကွဲအပြဲကို ရဲဘော်ထူးခြား ပြောပြသည်များထဲက ကောက်နုတ်၍ဖော်ပြရလျှင် သည်ဇာတ်လမ်းကို ကောင်းကောင်းသိနိုင်မည်ဟု ယုံကြည်ပါသည်။
မန္တလေး PDF အကွဲအပြဲဇာတ်လမ်းတွင် မိုးကုတ်-မတ္တရာ-စဉ့်ကူးတိုက်ပွဲများတွင် ရွှေတူးဖော်သည့် ဇာတ်လမ်းက စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုရွှေ ပြဿနာများထဲတွင် မန္တလေး PDF ထိပ်ပိုင်းခေါင်းဆောင် ဒေါက်တာစိုးသူရဇော်တို့နှင့် ဒေါက်တာ တေဇာစန်းတို့ ကတစ်ဖက် စစ်ရေးဖော်ဆောင်လိုသည့် မုန်တိုင်းတို့က တစ်ဖက်နှင့် အတွင်းကျိတ် အာဏာလွန်ဆွဲပွဲက စတင်နေပြီဖြစ်သည်။ ထိုအာဏာလွန်ဆွဲပွဲ နှင့်ပတ်သက်၍ "ရွှေပြဿနာနဲ့ MOD အောက် ဝင်ရေး၊ မဝင်ရေး ပြဿနာ ဖြစ်တာပါ။ NUG တို့၊ MOD တို့ တိုက်ပြီး သိမ်းထားတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ မန္တလေး PDF သိမ်းခဲ့တာပဲရှိတာပါ။ ကျွန်တော် တို့က စ.က.စ ကိုမကြောက်ရဘဲ NUG ကို ပြန်ကြောက်နေရတာ။ ကျွန်တော်တို့ဟာ NUG ရဲ့ MOD လက်အောက်ခံအဖွဲ့ဝင်ဆိုပြီး NUG က နာမည်ရတာပါ"ဟု ရဲဘော်ထူးခြားက ဆိုလေသည်။
ရဲဘော် ထူးခြားဆိုသူက မန္တလေး PDF ထဲသို့ ၂၀၂၂ ဒီဇင်ဘာလပိုင်းမှာ စဝင်ရောက်ခဲ့သူဖြစ်ပြီး သူ၏အထက်အရာရှိ ဆရာဖြစ်သူက ဗိုလ်မုန်တိုင်း ဆိုသူဖြစ်သည်။ "ကျွန်တော်က ဌာနချုပ်ဆေးခန်းမှာ တာဝန်ထမ်း ဆောင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံက ကိုမုန်တိုင်း ဖြစ်ပါတယ်။ ကျွန်တော်က ဆေးတပ်သားအဖြစ်နဲ့ရော၊ စာရင်းကိုင် အနေနဲ့ရော အနီးကပ်နေခဲ့ပါတယ်"ဟု ကိုမုန်တိုင်းနှင့် သူ၏ဆက်စပ် ပတ်သက်ခဲ့မှုကို ပြောပြသည်။ ဗိုလ်မုန်တိုင်းသည် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်နေချိန် လူမှုရေးဖောက်ပြန်မှုအချို့ ရှိခဲ့သော်လည်း တော်လှန်ရေးကို ထိခိုက်စေလောက်သည့် အပြုအမူမျိုးမရှိကြောင်း သူ၏ဆရာဘက်မှနေ၍ ဖာဖာထေးထေးလည်း ပြောထားလေသည်။ ထို ဗိုလ်မုန် တိုင်းကို ဒေါက်တာစိုးသူရဇော်တို့၏ အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြင့် NUG ပြိုကွဲမည့်လမ်းစနှင့် မန္တလေး PDF ဇာတ်ခေါင်းကွဲသည့်အကြောင်းကို "ကိုမုန်တိုင်းကို ဖမ်းဆီးဖို့က အစောကတည်းက အစီအစဉ် ချထားပါ တယ်။ အချိန်တစ်လလောက် ကြိုတင်ယူပြီးတော့ ပြင်ဆင်ထားတာပါ။ စဖမ်းတဲ့နေ့က ၂၀၂၅ ခုနှစ် ၁၁ လပိုင်း ၁၅ ရက် နံနက် ၄ နာရီမှာ ကျွန်တော်တို့နေတဲ့နေရာကို တပ်ရင်းတစ်ရင်းလောက်က ဝင်စီးတာပါ။ ရဲဘော်တွေ နေတဲ့နေရာကို အရင်ဆုံး ဝင်စီးလိုက်ပြီး ရဲဘော်တွေအနေနဲ့ အိပ်နေတဲ့ အချိန်ဆိုတော့ ဘာမှ မသိလိုက်ရဘဲနဲ့ လက်နက်ကောက်ကိုင်ချိန် မရလိုက်ဘူး။ သူတို့မှာ ပစ်မိန့်ပါတယ်။ ပြန်ခုခံရင် ပစ်ရလိမ့်မယ်ဆိုပြီး ပြောတာ တွေရှိပါတယ်။ ကိုမုန်တိုင်းဘေးမှာ ရဲဘော်အယောက် ၂၀ ရှိတာပါ။ ကျွန်တော်တို့ကို ကြိုးတုပ်ပြီးမှ ကျွန်တော်တို့ကို မုန်တိုင်းဘယ်နေရာရှိလဲဆိုပြီး သူ့အခန်းကို ပြခိုင်းတာ။ ကိုမုန်တိုင်းက ရဲဘော်အချင်းချင်း ဒီလိုမလုပ်ပါနဲ့ဆိုပြီး ပြောနေသံကြားပါတယ်။ လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားပါ တယ်"ဟု ကိုမုန်တိုင်းကို စတင်ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည့် ဖြစ်စဉ်ကို ပြောပြလေသည်။
မုန်တိုင်းကို ဖမ်းဆီးရန် အမိန့်ပေးသူများအ ကြောင်းနှင့်ပတ်သက်ပြီး "ဥက္ကဋ္ဌအမိန့်ရယ်၊ ကိုစိုးသူရဇော် အမိန့်လို့သိရပါတယ်"ဟု ရဲဘော်ထူးခြားကဆိုသည်။မုန်တိုင်းနှင့်အတူ ရဲဘော် ၂၀ အဖမ်းခံရပြီး ၁၄ ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။ သူတို့၏ အထက်အမိန့်အရ "မုန်တိုင်းလူမှန် သမျှဖမ်း။ ကိုမုန်တိုင်း အဖမ်းခံလိုက်ရချိန်ကစပြီး မန္တလေး PDF တွေ နယ်မြေတွေ ဆုံးရှုံးကုန်တယ်"ဟု ဖြစ်စဉ်များကို ရဲဘော်ထူးခြားက ပြောပြသည်။ ကိုမုန်တိုင်းကို ဖမ်းဆီးပြီးချိန်မှစပြီး မန္တလေး PDF များ အတွင်း အချင်းချင်း စိတ်ဝမ်း ကွဲခြင်းများ၊ မယုံကြည်ချင်းများ ဖြစ်ကုန်ကြပြီး PDF အများအပြား အလင်းဝင်ကုန်ကြရသည်ဟု ရဲဘော်ထူးခြား ကိုယ်တိုင်က ပြည်ပအခြေစိုက် မီဒီယာတစ်ခုနှင့် မေးမြန်း ခန်းတွင် ဖွင့်ဟသွားခဲ့သည်။
လက်ရှိ မန္တလေး PDF များ၏ အခြေအနေနှင့်ပတ်သက်၍ "အခုအချိန်မှာ ကျွန်တော်တို့တပ်ဖွဲ့မှာ PDF တွေ ဖုန်းသိမ်းခံထားရတယ်။ သတင်းအမှောင် ချထားတယ်။ တပ်ဖွဲ့က ထွက်ချင်တယ်ဆိုလည်း ထွက်ခွင့်မပေးတာတွေ ဖြစ်နေတယ်။ မန်း PDF ထိပ်ပိုင်းခေါင်း ဆောင်တွေတောင်ပါတယ်။ ကိုမုန်တိုင်း အဖမ်းခံရပြီးကတည်းကပါ"ဟု ဆိုလေသည်။ ထိုဖွင့်ဟဝန်ခံချက်တွင် မန္တလေး PDF ၃၀၀ ကျော် အနည်းဆုံး အလင်းဝင်သွား သည်ကိုလည်း ရဲဘော်ထူးခြားက ဝန်ခံပြောကြားသွားလေသည်။ သည်အကြောင်းကို အဘယ့်ကြောင့် ပြောရသနည်းဟုဆိုလျှင် တော်လှန်ရေးဘက်ခြမ်းတွင် လက်နက်ချ အလင်း ဝင်သွားသူများသည် တပ်မတော်က လုပ်ကြံလီဆယ်ကြောင်း သတင်း အမှားများဖြင့် ဖုံးကွယ်နေခြင်း ကြောင့် တော်လှန်ရေးဘက်အခြမ်းက ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူကိုယ်တိုင် ဖွင့်ဟပြောပြထားသည်များ ကို ပြန်၍ တင်ပြရခြင်းဖြစ်ပါသည်။
အဓိကမန္တလေး PDF မှ မုန်တိုင်းကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ "မန္တလေး PDF က ကိုမုန်တိုင်း လက်အောက် အပြည့်အ၀ ရောက်သွားတယ်။ ကိုမုန်တိုင်းရဲ့ လုပ်ဆောင်ချက်ကို NUG ၊ MOD က ထိန်းလို့ မရတော့ဘူး။ လူမှုရေးကိစ္စအချို့မှာ မှားတာရှိရင်ရှိမယ်"ဟု ဆိုလေသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ကိုမုန်တိုင်းကို MDY-PDF ခေါင်းဆောင်ပိုင်း ဒေါက်တာ စိုးသူရဇော်တို့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကိုမုန်တိုင်းဆိုသူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ အလုံးစုံ ပျောက်ကွယ်နေခဲ့သည်။
"ဘယ်မှာ ဖမ်းထားတယ်၊ ဘာတွေ ဖြစ်နေတယ် မသိရလို့ စိတ်ပူနေတာပါ။ PDF ၃၀၀ လောက် ထွက်သွားတယ်လို့ ကြားရတာက မှန်ပါတယ်။ တော်လှန်ရေး ဘာကြောင့်မပြီးလဲလို့မေးရင် NUG ကို စွဲချက်တင်ရမှာပါ"ဟု ရဲဘော်ထူးခြားက လက်ရှိဖြစ်ပျက်နေသောအကြောင်းအရာများကို ခြုံငုံ၍ ပြောပြ သွားလေသည်။ မန္တလေး PDF မှ စစ်ဆင်ရေးခေါင်းဆောင် မုန်တိုင်းဆိုသူကို ဖမ်းဆီးခြင်းသည် NUG အတွက် ဟာရီကိန်းမုန်တိုင်း အတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟုပင် ဆိုရပါတော့မည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )