မရည်ရွယ်ဘဲ ကျင်းပဖြစ်သွားသည့် ရွှေဘိုမြု့ိထောင့်စေတီ ဘုရားပွဲတော်နှင့် မင်္ဂလာနိမိတ်များ

မင်္ဂလာနိမိတ်
    သဘင်သည်၊ သူရူးနှင့် ကလေးသူငယ်တို့ ပြောသည့်စကားက မှန်တတ်သည်ဟု ဆိုရိုးပင်ရှိပါသည်။ ယခုလည်း ကလေးသူငယ်တို့၏ တက်ညီလက်ညီ ဆော့ကစားခြင်းကြောင့် လူမှုကွန်ရက်တွင် အတိတ်ကောင်းနိမိတ်ကောင်းအဖြစ် မှတ်ယူနေကြသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အကြောင်းက ကျေးရွာတစ်ရွာရှိ ကလေးသူငယ်အားလုံးနီးပါး ပျောက်ဆုံးနေသဖြင့် လူကြီးများက စိတ်ပူပြီး ကလေးများကို ဝိုင်း၍ ရှာဖွေကြလေသည်။ ထိုသို့ ရှာဖွေကြချိန်တွင် ပျောက်နေသည့် ကလေးငယ်များက ရွာအပြင် တစ်နေရာတွင် ကလေးငယ်အားလုံး စုပေါင်းပြီး ရှင်လောင်းလှည့်တမ်း ကစားနေကြသည်ကို လူကြီးများက အံ့သြဖွယ် တွေ့လိုက်ရခြင်း ပင်ဖြစ်သည်။
    မြင်ကွင်းက မောင်ရှင်လောင်းကို ထမ်းသူကထမ်း၊ ကွမ်းတောင်ကိုင်သူကကိုင် တကယ့်အလှူပွဲကြီး ရှင်လောင်းလှည့်သကဲ့သို့ ကလေးများက ရှင်လောင်းလှည့်တမ်း ကစားနေကြသည်။ ကလေးများ ရွာအတွင်းပျောက်၍ စိတ်ပူနေသော မိဘများက သူတို့ကလေးများသည် ရွာအပြင်တစ်နေရာတွင် စုပေါင်း၍ ရှင်လောင်းလှည့်တမ်းကစားနေသည်ကို တွေ့မြင်လိုက်ရပြီး ယခင်က စိတ်ပူနေသည့် သောကများ ပြေပျောက်သွားပြီ ကလေးသူငယ်များ ညီညီညာညာ ရှင်လောင်းလှည့်တမ်း ကစားနေကြသည်များကို ရုပ်သံများ ရိုက်၍ လူမှုကွန်ရက်တွင် တင်ဆက်ထားကြသည်။
    ထိုအကြောင်းအရာကို လူမှုကွန်ရက်တွင် တင်ထားခြင်းကြောင့် တွေ့မြင်ရသူတိုင်းသည် မင်္ဂလာရှိသည့် အပေါင်းလက္ခဏာဆောင်သည့် မှတ်ချက်မျိုးများသာ တွေ့မြင်ရပြီး ယနေ့ခေတ်ကာလတွင် အကြောင်းအရာတစ်ခုကို အကောင်းမြင်စိတ်၊ အကောင်းပြောစိတ်ကို တစုတစည်းတည်း တွေ့မြင်နိုင်ဖို့သည် အလွန်ခဲယဉ်းသည့်ကိစ္စဟု ဆိုနိုင်ပါသည်။ ထိုကလေးများ ရှင်လောင်းလှည့်သည့် ရုပ်သံတွင်မူ အကောင်းပြောသည့်သူများသာ တွေ့ရပြီး အတိတ်ကောင်း၊ နိမိတ်ကောင်းအဖြစ် မှတ် ယူသူများပြားပြီး ကလေးငယ်များကို ချစ်စဖွယ် ချီးကျူးနေကြလေသည်။ "တက်ညီလက်ညီနဲ့ အတိုင်အဖောက် အတော်ညီလိုက်ကြတာ၊ တကယ့်အတိတ်နိမိတ် ကောင်းပါတယ်။ တကယ်အံ့သြမိတာက သူတို့တစ်တွေ တစ် ယောက်နဲ့တစ်ယောက် ဒီလိုပွဲ ဖြစ်မြောက်အောင် တိုင်ပင်ဆွေးနွေးကြသလဲနော်၊ ညီညွတ်နေလိုက်ကြ တာများဗျာ၊ ကိုယ်တွေငယ်ငယ်က သေနတ်ပစ်တမ်းသာ ကစားကြတာ၊ အခု တကယ်လည်း အဲဒီအခြေ အနေကို ရောက်တာပဲ"ဆိုသည့် ကလေးများ ကစားသည့် အခြေအနေကနေ လက်တွေ့ကြုံရသည့် ဖြစ်စဉ်ကိုနှိုင်းယှဉ်ကာ အတိတ်ကောင်း ဆောင်ကြောင်း မှတ်ချက်ပြုထားသည်။
    "အောင်ပြီကလေးတို့ရေ၊ တိုင်းပြည်မှာ လူငယ်တွေ၊ ကလေးတွေအတွက် စိုးရိမ်ပူပန်မှုတွေ ပပျောက်သွားမယ်ဆိုတဲ့ နိမိတ်ကောင်းတစ်ခုပဲ၊ ကလေးတွေ စစ်တိုက်တမ်းကစားတတ်တဲ့ မကောင်းတဲ့ အလေ့အကျင့်ကို ဖောက်ထွက်သွားကြပြီး သာသနာ့အမွေအနှစ်ကောင်းအတွက် ပုဗ္ဗနိမိတ်ပြနေပါပြီ" ဆိုပြီး ထင်ရှားကျော်ကြား သူတစ်ဦး၏ မှတ်ချက်ကိုလည်း တွေ့မြင်ခဲ့ရသည်။
    "ဒီလိုကလေးအုပ်စုကို တစ်စိတ်တည်း တစ်ဝမ်းတည်း ကစားနည်းတစ်ခုတည်းကို ကစားစေဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ကျရာနေရာမှာ ပါဝင်ကစားနိုင်ဖို့ စီမံပေးတတ်တဲ့လူဟာ သူတို့ထဲက ကလေး တစ်ယောက်သာဆိုရင် အနာဂတ်အတွက် တကယ့်ကောင်းမွန်တဲ့လူ ကြီးတစ်ဦး ဖြစ်လာနိုင်ပါတယ်"ဟု ချီးမွမ်းသူ၏မှတ်ချက်ကိုပင် Like ပေးသူ အများအပြား ရနေလေသည်။ "အဲဒီနိမိတ်က တိုင်းပြည်အေးချမ်း မယ်၊ အလှူအတန်းပေါ များမယ်၊ ဆန်ရေစပါး ကြွယ်ဝလိမ့်မယ်၊ တိုင်းသူပြည်သားတွေ ပျော်ရွှင်အေးချမ်း စွာ နေရလိမ့်မယ်"ဆိုသည့် မှတ်ချက်မျိုးလည်း အများဆုံး တွေ့ရသည်။ ထိုကဲ့သို့ ကောင်းမွန်သည့် မှတ် ချက်အများအပြား ကြားထဲတွင်လည်း "ကျွန်မတို့ရွာက ကလေးတွေလည်း သူတို့ဟာသူတို့ မဏ္ဍပ်ထိုးလိုက်၊ ရှင်လောင်းလှည့်လိုက်နဲ့ ဆော့ကစားနေကြတာ နိမိတ်ကောင်းတစ်ခုပဲ"ဆိုသည့် ကလေးများက အလှူအတန်းနှင့်ပတ်သက်သည့် ကစားနည်းကို ကစားနေကြခြင်း သူတို့ရွာတွင် ပြုလုပ်နေသည့်အကြောင်းကို ပြောပြထားလေသည်။ "အတိတ်တဘောင် နိမိတ်ဆောင်၊ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း၊ သြဘာနိမိတ်ထွန်း"ဆိုသည့် ဗုဒ္ဓဘာသာထွန်းကားရာ ဤမြန်မာနိုင်ငံသည် သဘင်သည်၊ သူရူးနှင့် ကလေးတို့ပြောသည့် စကားအတိုင်း အမှန်တကယ် ငြိမ်းချမ်းသာယာတော့မည်ဟု မင်္ဂလာရှိစွာယုံကြည် မိပါသည်ဟု ဆိုချင်ပါသည်။

အစီအစဉ်မရှိဘဲ ကြက်ပျံမကျ စည်ကားသွားသည့် ပွဲတော်
    "ပြည်သူလူထု ဘယ်လောက် သနားစရာ ကောင်းလဲဆိုဗျာ၊ ရွှေဘိုမြို့ထောင့်စေတီပွဲတော် ကျင်းပဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမဲ့ ဘုရားပွဲတော်ရက်လည်း ရောက်ရော အိုး...လူပင်လယ်ကြီးကိုဖြစ်သွားအောင် စည်ကားသွားတာဗျာ"ဟု ရွှေဘိုက မိတ်ဆွေတစ်ဦးက လတ်တလော အဖြစ်အပျက်ကို ပြောပြလေသည်။ ရွှေဘိုမြို့ထောင့်စေတီပွဲတော်ဆိုသည်မှာ အထက်အညာ ဒေသတစ်ဝန်းတွင် အလွန်ထင်ရှား ကျော်ကြား သည့် ပွဲတော်ထဲက တစ်ပွဲအပါအဝင် ဖြစ်သည်။ ထိုကဲ့သို့ ထင်ရှားကျော်ကြားသော ပွဲတော်သည် ကိုဗစ်ကာလမှစ၍ မကျင်းပဖြစ်သည်မှာ ခုနစ်နှစ်ဝန်းကျင်ပင် ရှိလာခဲ့ပြီဖြစ်သည်။ ရွှေဘိုမြို့ထောင့်စေတီသည် အလောင်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီလည်း ဖြစ်သည်။တည်ထားကိုးကွယ်ခဲ့စဉ်က 'မော်ဓောမြင်သာစေတီတော်'ဟု ဘွဲ့အမည် ပေးထားခဲ့သော်လည်း နောက်ပိုင်းတွင်  မြို့ထောင့်စေတီဟု သာ အမည်တွင်သွားခဲ့သည်။ မြို့ထောင့်စေတီသည် ရွှေဘိုမြို့၏ အရှေ့မြောက်ထောင့် တွင်ရှိပြီး ရွှေဘို သမိုင်းတွင်အရေးပါလှသည့် စေတီလည်းဖြစ်ကာ ပွဲတော်ရက်များတွင်လည်း လူအလွန်စည်ကား လေ့ရှိသည်။ ယခင်က ဘုရားပွဲတော်တွင် ခြင်းအလှခတ် ပြပွဲများ၊ လှေလှော်ပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပလေ့ ရှိသည်။
    ရွှေဘိုမြို့ထောင့်စေတီပွဲတော်သည် ၁၂ ပွဲဈေးသည်တို့ အားထား၍ လာရောက် ရောင်းချသည့်ပွဲ တော်ထဲတွင် ပါဝင်သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၇ ရက်မှ သီတင်းကျွတ် လဆန်း ၁ ရက်အထိ ၁၀ရက်တိုင်တိုင် ကျင်းပလေ့ရှိကာအလွန် စည်ကားလေ့ရှိသည်။ ၁၂ ပွဲဈေးသည်များ အားထားသကဲ့သို့ ကြည့်ချင်ပွဲ၊ ဗလာဇာတ်၊ မျက်လှည့်ပွဲ၊ တုတ်ထိုးရုပ် သေးပွဲ၊ ချား၊ ရဟတ်ပင်လယ် ဓားပြ စသည်တို့ပါ ပါဝင်လေ့ရှိသည်။ ရွှေဘိုဒေသခံများသည်လည်း ထိုဘုရားပွဲရောက်မှ တစ်နှစ်စာ လယ်ယာလုပ်ငန်းသုံးပစ္စည်းမှစပြီး ဆေးရွက်ကြီး၊ ခြင်း၊ တောင်း၊ ဆန်ကော၊ ဆန်ခါ ကစ၍ ဝယ်ယူကြသည်။ လုပ်ငန်းခွင်သုံးပစ္စည်းများကို အားထားဝယ်ယူကြသည်များ ရှိသကဲ့သို့ ကလေးများအတွက် ကစားစရာအရုပ်၊ လူပျိုအပျိုတို့အတွက် အဝတ်အထည်များပါ အားထားဝယ်ယူကြသည့် ပွဲတော်ဖြစ်ကာ  ရောင်းသူဝယ်သူများဖြင့် အလွန်ပင် စည်ကားလေ့ရှိ သည်။
    ထိုကဲ့သို့ စည်ကားလေ့ရှိသော ပွဲတော်ကြီးသည် ကိုဗစ်ကာလမှစ၍ နိုင်ငံရေးအလှည့်အပြောင်း များကြောင့် မကျင်းပဖြစ်သည်မှာ ဆိုခဲ့သည့်အတိုင်း ခုနစ်နှစ်နီးပါး ရှိလာခဲ့ခြင်းဖြစ်သည်။ သည်ကြားထဲ ဒေသမတည်ငြိမ်မှုများကြောင့် အများပြည်သူက စိုးရိမ်စိတ်ကြီးစွာဖြင့် သည်ပွဲတော်ကြီး ကျင်းပဖြစ်မည်ဟု ထင်မှတ်မထားကြပေ။ သို့သော်လည်း ပွဲတော်ရက်နီးလာသည်နှင့်  သည်နှစ်ပွဲတော် ကျင်းပဖြစ်သည်၊ မကျင်းပဖြစ်သည်ဆိုသည့် ကောလာဟလ ပျံ့နှံ့နေခဲ့သည်။ ထိုကဲ့သို့ကောလာဟလ ပျံ့နှံ့လာသည် နှင့်အတူ ၁၂ ပွဲ ဈေးသည်တို့သည်လည်း ပွဲတော်ဖြစ်မြောက်သည်၊ မဖြစ်မြောက်သည်မသိဘဲ တစ်ယောက်စကား တစ်ယောက်နားနှင့် လာရောက် ခင်းကျင်းရောင်းချကြလေသည်။ ပွဲတော်စတင်သည့် ရက်တွင် စိုးရိမ်စိတ်ဖြင့် စည်စည်ကားကား မရှိနိုင်ဟု ထင်ကြသူများနှင့် အန္တရာယ်ရှိနိုင်၊ မရှိနိုင် နားစွင့် နေရင်း တစ်ရက်ပြီးတစ်ရက် အေးချမ်းနေသဖြင့် နှစ်ပေါင်းများ စွာဝေးကွာနေသော ပွဲတော်သို့ အရဲစွန့် လာရောက်ရာမှ ကြက်ပျံမကျ စည်ကားသည့်ပွဲတော်ကြီး ပြန်လည်ဖြစ် မြောက်သွားရခြင်း ဖြစ်သည်ဟု ရွှေဘိုကမိတ်ဆွေက အားရဝမ်းသာစွာဖြင့် ပြောပြသည်။
    "ထင်ကိုမထင်ထားဘူးဗျာ၊ ပွဲတော်ဖြစ်မယ် မထင်ထားလို့ လာမယ့်သူလည်း မစည်ကားဘူး ထင်ကြတာပေါ့။ အိုးတကယ့်ပွဲတော်ရက်တွေလည်း ရောက်ရော အရင်လို ပွဲတော်ကြီးပြန်ဖြစ်ပြီး အရင်ကပွဲ တော်ရဲ့အငွေ့ အသက်ကို ပြန်ရလိုက်တာဗျာ"ဟုဆိုလေသည်။ မည်သူ ထင်ကြမည်နည်း။ ပွဲတော်ဖြစ် မြောက်မည်ဟု ကြေညာထားခြင်းမရှိ၊ ဒေသဝန်းကျင်တွင် တည်ငြိမ်မှုနည်းနေချိန် ပွဲတော် လာရောက်ကြ မည့် သူများသည်လည်း စိုးတထိတ်ထိတ်ဖြင့် ရှိနေကြလေသည်။ သို့သော်လည်း တစ်ယောက်စကား တစ်ယောက်နားနှင့် ယခင်က ရွှေဘိုမြို့ ထောင့်စေတီပွဲတော်ကဲ့သို့ စည်ကားနေကြောင်း သတင်းစကားကြောင့် ပွဲငတ်နေသည့်၊ အပျော်ရှားပါးနေသည့်၊ ပျော်ချင်နေသည့် လူထုက တားမနိုင်ဆီးမရ လာရောက် လည်ပတ်ကြရင်း အလွန်ကို စည်ကားသွားခဲ့ခြင်း ဖြစ်သည်။
    မှတ်မှတ်ရရ ရွှေဘိုမြို့နှင့်ပတ်သက်၍ ညမ ထွက်ရအမိန့် ရုပ်သိမ်းချိန်တုန်းကလည်း ရွှေဘိုဒေသခံများသည် ည ၇ နာရီလောက်ကို မြို့ထဲသို့အလည်အပတ် ထွက်လာကြရာ ပွဲတော်ကြီးကဲ့သို့ ဖြစ်သွားဖူးခဲ့သည်။ ညခင်းလည်ပတ်မှုကို မခံစားရသည်မှာ ကြာပြီဖြစ်သည့် ဒေသခံတို့က မြို့တွင်း ညဘက်လည်ပတ်ကာ ရုပ်သံများရိုက်ကူး၍ လူမှုကွန်ရက်တွင်တင်ကာ သူတို့ ပျော်ရွှင်နေကြောင်း တင်ဆက်နေကြရာ မြင်ရသူအပေါင်းပင်အပျော် ကူးဆက်ကြရပါသည်။ ယခုလည်း သမိုင်းကြောင်းအစဉ် အလာကြီးမားသည့် ရွှေဘို မြို့ထောင့်စေတီပွဲတော်ကြီးသည် အစဉ်အလာဓလေ့ထုံးတမ်းများအတိုင်း ပြန်လည်လည်ပတ် စည်ကားလာသဖြင့် ဒေသခံများမှာ သူတို့၏ပျော်ရွှင်မှုကို လူမှုကွန်ရက်ကတစ်ဆင့် တင်ထားကြရာ  အပျော်များ ထပ်မံကူးစက်ရပါသည်။ မိုးအကုန်ဆောင်း အကူးတွင် ကျင်းပသည့်ပွဲတော်ဖြစ်ရာ ရွှေဘိုမြို့ ထောင့် စေတီပွဲတော်ပြီးလျှင် အညာက တောက်လျှောက်ပွဲတော်များ ဆက်၍ ကျင်းပသွားလေ့ရှိသည်။ ရွှေဘိုမြို့ထောင့် စေတီဘုရားပွဲပြီးလျှင် မုံရွာရွှေစည်းခုံဘုရားပွဲသည်လည်း သီတင်းကျွတ်လဆန်း ၇ ရက်ခန့်မှ လပြည့်နေ့အထိ အလွန်စည်ကားသည့် ပွဲတော်ဆက်၍ ကျင်းပသည်။ ထို့ကြောင့် ၁၂ ပွဲဈေး သည်တို့သည် ရွှေဘိုမြို့ထောင့်စေတီ ပွဲပြီးလျှင် မုံရွာရွှေစည်းခုံဘုရားပွဲသို့ ပွဲကူးသွားကြပြီး ထို မုံရွာ ဘုရားပွဲတော် ကျင်းပပြီးလျင် အညာတစ်လျှောက် ပွဲတော်များ ဆက်၍ဆက်၍ ကျင်းပသွားသည်မှာ တပေါင်းတန်ခူးအထိပင် ဖြစ်သည်။ ထိုယဉ်ကျေးမှုဓလေ့သည် ကွယ်ပျောက်လုနီးပါးဖြစ်နေပြီလားဟု စိုးရိမ်စိတ် များရှိနေကြသော်လည်း ယခုနှစ် မုံရွာရွှေစည်းခုံစေတီ ဘုရားပွဲလည်း ကျင်းပမည်ဟုသိရသဖြင့် ယခင်က ကဲ့သို့ စည်ကားဦးမည် ဖြစ်သည်။ ရွှေဘိုမြို့ထောင့်စေတီပွဲတော် စည်ကားခြင်းနှင့်ပတ်သက်၍ ပြည်ပရောက်ရွှေဘိုဒေသ ခံများက ပွဲတော်စည်ကားနေသည့် မြင်ကွင်းများကိုမြင် တွေ့ရပြီး သူတို့ဒေသကို သူတို့လွမ်းဆွတ်ကြောင်းတမ်း တမ်းတတ ပြောနေကြသည်။ "(၁၀) နှစ်သားကလေးဆိုရင် အခုအချိန်အထိ ဘုရားပွဲမှာ ဇာတ်ပွဲမကြည့်ရသေးလောက်ဘူး၊ ငါတို့တုန်းက မိုးကြိုးငှက်ငယ်ကြည့်လိုက်၊ လက်ဝှေ့ပွဲကြည့်လိုက်၊ ဦးမောင်မောင် ဆပ်ကပ်ပွဲကြည့်လိုက်၊ ညဘက်ဆို နိုင်ငံကျော်အဆိုတော်တွေ၊ ရုပ်ရှင်မင်း သားမင်းသမီးတွေ ကြည့်လိုက်နဲ့ အဆင်ကို ပြေနေရော"ဟု ငယ်ဘဝ၏ လွမ်းမောဖွယ်ရာများကို မှတ်ချက်ပြုထားလေသည်။ မရည်ရွယ်ဘဲ ကျင်းပဖြစ်သည့် ရွှေဘိုမြို့ ထောင့်စေတီပွဲတော်စည်ကား နေမှုများကို မြင်ရတွေ့ရ သူများက ပြည်သူများ၏ အေးချမ်းချင်သည့်စိတ်ကြောင့် ငြိမ်းချမ်းခြင်း သင်္ကေတများကို မြင်တွေ့နေရပြီ ဖြစ်ကြောင်းကို မှတ်ချက်ပြုနေကြလေသည်။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67100

© 2022 - 2026 News. All Rights Reserved.