မရေရာသော နိုင်ငံရေးမျှော်မှန်းချက်နှင့် NUG ၏ ကလေးစစ်သား အသုံးချနေမှုများ

၂၀၂၆ ၊ မေ ၂၉


ဆုံးရှုံးသွားသော ပညာသင်နှစ်များ
    "ဒီနှစ် ကျောင်းဖွင့်နိုင်မယ်၊ မဖွင့်နိုင်ဘူး အတိအကျပြောဖို့ ခက်ပါသေးတယ်"ဟု ခြောက်နှစ် ကျော်ခန့် ကျောင်းမဖွင့်နိုင်သေးသည့် ရွာလေးတစ်ရွာ၏ဒေသခံတစ်ဦးက ပြောသည်။ ထိုရွာလေးသည် မုံရွာမြို့နှင့် အလှမ်းမဝေးသည့် နေရာတွင် ရှိနေပြီး ပဋိပက္ခဖြစ်စဉ်များထဲတွင်လည်းမပါ၊ စစ်ပွဲများနှင့်လည်း ထိစပ်မှုမရှိ လက်ရှိအရေးပေါ် ကြေညာထားသည့် မြို့နယ်နိမိတ်အထဲတွင်လည်း မပါဝင်၊ ရွေးကောက်ပွဲလုပ်စဉ်ကလည်း မပါဝင်ခဲ့သည့် ဒေသလေး ဖြစ်နေလေသည်။ ထို့ကြောင့် သည်နှစ် ပညာသင်နှစ်အတွက် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ပြီး အများသဘောတူညီချက်ကို ရယူရဦးမည်ဟု ဆိုလေသည်။
    ကျောင်း မဖွင့်လှစ်နိုင်သည်မှာ ၂၀၁၉ ခုနှစ်မှ စ၍ ယမန်နှစ် ပညာသင်နှစ်အထိဆိုလျှင် ခြောက်နှစ်ဝန်းကျင်အထိ ရှိလာနေပြီး ထိုဒေသမှ ကလေးငယ်များ၏ ပညာသင်ကြားခွင့်လည်း ဆုံးရှုံးနေခဲ့ရသည်။ ထိုခြောက် နှစ်ဝန်းကျင်အတွင်း ကျောင်းတံခါးများ မဖွင့်လှစ်နိုင်ဘဲ ထားရှိခဲ့ရာမှ လက်ရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရချိန်တွင် အခက်အခဲပေါင်းများစွာက ဆီးကြိုနေလေသည်။ ပထမဦးဆုံး အခက်အခဲက ကျောင်းတံခါး ပိတ်ထားသည်မှာ ကြာပြီဖြစ်သည့် သစ်သားကျောင်းဆောင်ကြီး၏ ကြမ်းပြင်များမှာ ခြများကိုက်သွားခြင်းကြောင့် ကျောင်းဆောင်၏ ထက်ဝက်နီးပါး ပျက်စီးသွားခြင်း ဖြစ်သည်။ ထိုကျောင်းဆောင်၏ သစ်သားကြမ်းခင်းမှာ ဗြက်အကျယ် ခြောက်လက်မခန့်၊ အထူ နှစ်လက်မခန့် သစ်သားများဖြင့် ခင်းထားသည့် ကြမ်းပြင်ဖြစ်ပြီး ကျောင်းမဖွင့်ဖြစ်သည့် ခြောက်နှစ်ဝန်း ကျင်အတွင်း ခြများကိုက်သွား၍ ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ထိုသစ်သားကြမ်းခင်းများသာမက RC အဆောက်အအုံအတွင်းက ကျောင်းသားထိုင်သည့် ခုံများသည်လည်း ခြများ ကိုက်သွားသဖြင့် အားလုံးနီးပါး ပျက်စီးသည့်အခြေကို ဆိုက်ရောက်နေလေသည်ဟု ဆိုလေသည်။
    လွန်ခဲ့သည့် ရက်အနည်းငယ်က ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများ စုပေါင်း၍  ကျောင်းတွင်းသန့်ရှင်းရေး လုပ်ချိန်ရောက်မှ ထိုကဲ့သို့ဖြစ် ပျက်ကုန်မှန်း သိခဲ့ရခြင်းဖြစ်သည်။ ရွာသူရွာ သားများ၏လုပ်အားနှင့် ကျောင်းတွင်းသန့်ရှင်းရေးများ လုပ်ကိုင်ပြီး သော်လည်း တစ်ရွာလုံး၏ ဆန္ဒသဘောနှင့်အညီ ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရဦးမည် ဖြစ်သည်။တစ်ရွာလုံး၏ ဆန္ဒသဘော အရဟုဆိုရာတွင် ရွာလေး၏ပတ်ဝန်းကျင် မနီးမဝေးရွာများက မငြိမ်းချမ်း၍ကျောင်း မဖွင့်လှစ်နိုင်သည်ကို သည်ရွာက ကျောင်းဖွင့်လှစ်လျှင် လက်နက် ကိုင်များ၏ အငြိုးအတေးကိုလည်း ကြောက်၍ ကျောင်းမဖွင့်ရဲဆိုသည့် သဘောထား ရှိသူများလည်း ရှိကြသည်။ ကျောင်းဖွင့်လှစ်လျှင်လည်း ယနေ့အချိန် အထိ CDM မလုပ်သည့် ဆရာဆရာမများလည်း ကျေးရွာတွင် ရှိနေသေးသည် ဖြစ်သော်လည်း လုံလောက် သည့် ဆရာ၊ ဆရာမအင်အား အပြည့်ရှိချင်မှ ရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျောင်းဖွင့်လှစ်နိုင်မည် ဆိုပါက CDM မလုပ်သည့် ဆရာဆရာမအပြင် ရပ်ရွာအခြေပြု ကျောင်းအဖြစ် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးရဦးမည်ဟု ဆိုသည်။ အကယ်၍ ထိုအချက်များ အဆင်ပြေ၍ ကျောင်းဖွင့်လှစ်နိုင်လျှင် နိုင်ငံတော်ဘက်မှ မြို့နယ်ဒုပညာရေးမှူး လာရောက်ကြည့်ရှုပြီး ပညာရေးအထောက်အပံ့ ရရှိမည်က သေချာသည်ဟု ဆိုလေသည်။ မည်သည့်အခက်အခဲပင် ရှိစေကာမူ ထိုရွာလေးသည် သည်ပညာသင် နှစ်တွင် ကျောင်းဖွင့် လှစ်ရန် အလေးသာနေသည်ဟု ဆိုလေသည်။
    ငါးနှစ်ကျော်၊ ခြောက်နှစ် ပညာမသင်ကြားခဲ့ရ ခြင်း၏ဆိုးကျိုးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး သည် နေ့သည်ကာလတွင် ယခင်နှစ်များစွာထက် အေးချမ်းလာ သည်ကို တွေ့မြင်နေရပြီး ကျောင်းဖွင့်လို သည့်ဘက်က  အင်အားများနေခြင်း ဖြစ်သည်ဟုဆိုသည်။ လွန်ခဲ့သည့် နှစ်များက ပညာမသင်ကြားခဲ့ရ သော ကလေးများ၏ဆိုးကျိုးနှင့်ပတ်သက်၍ ကျောင်းပြင်ပသို့ ရောက်ရှိသွားသည့် ကလေးသူငယ်အများ အပြားသည် ဖရိုဖရဲဖြစ်ကုန်ကြပြီဟု ဆိုလေသည်။ ထိုကလေးငယ်များနှင့် သက်တူရွယ်တူ ပညာသင် ကြားနေသည့် ကလေးများက သူ့အရွယ်နှင့်သူ ပညာသင်ကြားနေချိန် ပြင်ပသို့ နေနေရသည့် ကလေးငယ်များသည် ထွားကျိုင်းမှု မြန်ဆန်ခြင်း၊ လူကြီးအသွင် ဖြစ်လာခြင်းနှင့် အရပ်သူအရပ်သားများကဲ့သို့ ဖြစ်နေကြသည်ဟု ဆိုလေသည်။ ကျောင်းစာသင် ရမည့်အချိန်၊ ကစားရမည့်အချိန်များတွင် အရပ်ထဲက လူကြီး သူမများနှင့် အနေများပြီး လူကြီးစိတ် ဝင်သွားကြသူများပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသူများ၊ လုပ်ငန်းခွင် ဝင်ရောက်သွားသူများပင် ရှိကြသည်ဟု ဆိုလေသည်။ 
    ထိုအချက်များက ပညာသင်ကြားချိန်တွင် ပညာသင်ကြားခွင့် ဆုံးရှုံးသွားသည့် ကလေးငယ်များ၏ လက်ရှိကြုံတွေ့နေရသော အဖြစ်အပျက်ပင်ဖြစ်ပြီး လာမည့်မျိုးဆက်အတွက် ထိုကလေးများကဲ့သို့ မဖြစ်စေလို၍ သည်ပညာသင်နှစ်ကို ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုလေသည်။ တော်လှန်ရေးခေါင်းစဉ်တပ်၍ ပညာရေးကို တိုက်ခိုက်ခဲ့သောလုပ်ရပ်ကြောင့် လွန်ခဲ့သည့် ငါးနှစ်ကျော်ခန့်က ကလေးသူငယ်ပေါင်းများစွာ ပညာသင်ခွင့် ဆုံးရှုံးခဲ့ရပြီး ထိုကလေးငယ်များ၏ အနာဂတ်သည်လည်း ဘာမျှ ရေရေရာရာ မရှိသေးဟု ဆိုလေသည်။ သည်နှစ် ကျောင်းဖွင့်ရာသီတွင် မည်သူ့ကိုပဲ မေတ္တာရပ်ခံ ရပါစေ ကျောင်းဖွင့်မည့်အရေးကို မပိတ်ပင်ကြပါနှင့်ဟု မငြိမ်းချမ်းသည့်အရပ်က ကျောင်း သားမိဘများ က သူတို့၏ လိုလားချက်ကို ရင်ဖွင့်သွား လေသည်။

ကလေးစစ်သား စုဆောင်းနေသည့် NUG နှင့် PDF များ
    စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သည့် အကြမ်းဖက်များ ကြီးစိုးရာဒေသများတွင် NUG လက်အောက်ခံ PDF အဖွဲ့အစည်းများက  အသက်မပြည့်သေးသည့် ကလေးသူငယ်များကို စစ်ရေးလှုပ်ရှားမှုအတွက်  စစ်သားစုဆောင်းနေသည့် သတင်းများ ခပ်စိတ်စိတ် ထွက်ပေါ်နေခဲ့သည်။ စစ်ရေးအင်အား တောင့်တင်းပါသည်ဆိုသည့် မန္တလေး PDF ကဲ့သို့နေရာဒေသက လက်နက်ကိုင်အဖွဲ့များက တပ်မတော်ထံ အလင်းဝင်ရောက်မှု များပြားလာချိန်တွင် ထိုကဲ့သို့ သတင်းများ ခပ်စိတ်စိတ် ထွက်ပေါ်နေခြင်းဖြစ်သည်။ အထူးသဖြင့် အကြမ်းဖက် ကြီးစိုးရာဒေသများတွင် လူကြီးမိဘကိုယ်တိုင်က လက်နက်ကိုင်ပြီး အသက်မပြည့်သည့် ကလေးသူငယ်များကိုလည်း စစ်ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဇာတ်သွင်းနေသည့် ပုံရိပ်များဖြင့် တော်လှန်ရေးတွင် မျိုးဆက်လူ ငယ်များပါ တက်တက်ကြွကြွ ပါဝင်နေသည့် အသွင်သဏ္ဌာန်လုပ်ဆောင်လာကြသည်။ ထိုကဲ့သို့ ကလေးသူ ငယ်များကို အသုံးချနေမှုများနှင့်ပတ်သက်၍ 'လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ၊ မိဘက အသိပညာမဲ့တော့ သားသမီးကပါ လမ်းမှား ရောက်ရတယ်"ဟု ၅၅၀ ဆရာတော်ဦးဝါသဝက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 
    အကြောင်းက အညာဒေသတွင် NLD အလံ ကြီးနောက်မှာထားကာ နိုင်ငံရေးတရားများ အစဉ်ဟောနေသည့် အသက်ကြီးကြီးလူတစ်ဦးက သူ၏သားငယ် အသက်(၇)နှစ်ခန့် ကလေးငယ်ကို လက်နက်ကိုင် စစ်သားပုံစံများဖြင့် ဓာတ်ပုံများ၊ ရုပ်သံများ ရိုက်ကူးကာ လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေခြင်းအတွက် ပြောခဲ့ခြင်း ဖြစ်သည်။ အညာဒေသတွင် စာသင်ကျောင်းများ မဖွင့် လှစ်နိုင်ခြင်း၊ တိုက်ပွဲများတွင် PDF အကျအဆုံးများပြားခြင်း၊ PDF က အထောက်အပံ့မပေးဘဲ စစ်တိုက်ခိုင်းခြင်းနှင့်အတူ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်ပြီး တပ်မတော်ထံ အလင်းဝင်ရောက်လာသူ များပြားလာခြင်းကြောင့် ထိုကဲ့သို့ ကလေးသူငယ်များကို အသုံးချ၍ စစ်သားသစ်စုဆောင်ခြင်းများ အဓမ္မလုပ်ဆောင်လာခြင်း ဖြစ်သည်ဟု သိရသည်။
    PDF များအနေဖြင့် ကလေးသူငယ်လက်နက် ကိုင်အင်အားများကို မစုဆောင်း၍ မရသည့်အခြေအနေဆိုက်လာရသည့် အကြောင်းအရင်းများထဲတွင် တပ်မတော်ထံ အလင်းဝင်ရောက်သွားသူ များပြားသည့် အချက်လည်း ပါဝင်သည်။ NUG နှင့် PDF တို့က အလင်းဝင်သူမရှိသကဲ့သို့ ငြင်းဆိုနေကြသော်လည်း ၎င်းတို့ကိုယ်တိုင်က အလင်းဝင်ရောက်သွားသူများကို အပြစ်သားများကဲ့သို့ ကြေညာချက်များလည်း ထုတ်ပြန်နေသည်။ အလင်းဝင်ရောက်သွားသူများထဲတွင် PDF ထိပ်ပိုင်းခေါင်းဆောင်များပင် ပါဝင်ကြောင်း မေ ၂၃ ရက်က NUG ၏ မန္တလေး PDF ထုတ်ပြန်ချက်ကို ကြည့်လျှင် သိနိုင်သည်။ ထိုကြေညာချက်ထဲတွင် မန္တလေး အထူး လှုပ်ရှားတပ်မရှိ ဒု-နည်းဗျူဟာမှူးအဆင့်ရှိသူတစ်ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော်လေးဦး နှင့် ရဲဘော်ငါးဦး လက်နက်ချသွားသဖြင့် အမည်ပျက်စာရင်းသွင်း မျက်ကွယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ PDF ခေါင်းဆောင်ပိုင်းများပါ အလင်းဝင်မှု များပြားနေသဖြင့် PDF တပ်သားလိုအပ်ချက်အတွက် ကလေးသူငယ်များကိုပါ လက်နက်ကိုင်ခိုင်းရန် PDF များက အတင်းအဓမ္မ လူသစ်စုဆောင်းနေကြခြင်းလည်း ဖြစ်သည်။

ကလေးစစ်သား အသုံးပြုကြောင်း ဝန်ခံနေသည့် PDF
    ထိုကဲ့သို့ ကလေးစစ်သားအသုံးပြုမှုနှင့်အတူ  တပ်မတော်ထံ အလင်းဝင်ရောက်မှု များပြားနေကြောင်းကို လက်နက်ကိုင်ထားသည့် PDF တစ်ဦးကိုယ်တိုင်က ရင်ဖွင့်ထားလေသည်။ ထို PDF က " PDF တွေ အလင်းဝင်နေတယ်လို့ ပြောနေတာ သိပါတယ်။ အလင်းဝင်တာ မှန်တယ်၊ ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီ ရဲဘော်တွေကို မေးကြည့်လိုက် KIA, KNU မှာ သင်တန်းဆင်းခဲ့ဖူးလား။ PDF က (၁၈)နှစ်ပြည့်မှသာ ရဲဘော်လို့သတ်မှတ်တယ်။ ရွာလေးတွေ သင်တန်းလေးတွေဆင်း ၁၅ ရက်လိုလို၊ ၁၀ ရက်လိုလိုဆင်းပြီး PDF ထဲဝင်လာတာ ဂုဏ်ဆာနေကြတာ။ အဲဒီလို ဂုဏ်ဆာနေတာ သိပ်တော့မဟုတ်ချင်ဘူး။ ဗိုလ်မိုက်ခဲထဲက၊ ဗိုလ်ဇီးရိုးကြီးအထဲက အလင်းဝင် လာပါတယ်။ ကိုစိုးအောင်တို့ အလင်း ဝင်တော့လို့ ပြောနေကြတာ" ဟု ရင်ဖွင့်ထားလေသည်။ ထို PDF ဆိုလိုသည်က တိုင်းရင်းသားလက်နက်ကိုင်များထံ သင်တန်းသွား၍ မတက်ဖူးဘူးဘဲ အချင်းချင်း သင်တန်းပြန်လည် ဆင့်ပွားပေးသူများက အလင်းဝင်ရောက်ကြောင်း  ပြောထားခြင်း ဖြစ်သည်။ သူဆိုလိုချင်သည်က PDF သန္ဓေစစ်စစ်က အလင်းဝင်ခြင်း မဟုတ်ဘဲ ထပ်ဆင့်ပွား သူကသာ အလင်းဝင်သည်ဟု အလင်းဝင်ရောက်မှုများ ပြားနေခြင်းကို ဖုံးကွယ်လို ဟန်ဖြင့် ပြောနေခြင်း ဖြစ်သည်။
    အမှန်တကယ် လက်ရှိတွင် PDF ပြုန်းတီးမှု များအပြင် အလင်းဝင်ရောက်မှုများခြင်းကြောင့်  PDF တပ်ရင်းတပ်ဖွဲ့တိုင်းက PDF စစ်သားသစ်များခေါ်ယူနေကြောင်း ရုပ်သံများရိုက်ကူး၍ အပြိုင်အဆိုင်ခေါ် ယူနေကြပြီး ဝင်ရောက်သူ နည်းပါးသည့် အခြေအနေများတွင် ကလေးသူငယ် အသက်မပြည့်သူများကိုပင် PDF စစ်သားသစ်စုဆောင်းနေသည်ဟု သူတို့အချင်းချင်း ဖွင့်ဟပြောကြားချက်များအရ သိရသည်။
    PDF တစ်ဦးက အလင်းဝင်ရောက်သွားခြင်း များနှင့်ပတ်သက်၍ " PDF ထဲကနေ တပ်ထဲကို အလင်း ဝင်သွားတဲ့သူတွေ မင်းတို့တွေ လိပ်ပြာလုံရဲ့လား။ မင်းတို့ တပ်ထဲဝင်သွားပြီး တပ်နဲ့ပေါင်းသွားတာ မင်းတို့ ကိုယ်မင်းတို့ လိပ်ပြာလုံရဲ့လား။ ရှင်းရှင်းလေးရယ်၊ ငါ့သူငယ်ချင်းဖြစ်ရင်တောင် ငါကိုယ်တိုင် သတ်မှာ။ အခုမင်းတို့သာတယ် လုပ်ထား။ ငါတို့အလှည့်ကျရင် တစ်ချက်လေး မတွန့်ဘူးနော်။ အခုမင်းတို့ အလင်း ဝင်သွားတယ်။ အဲဒီလို ဝင်သွားတော့ မလိုလားအပ်တဲ့ ပြဿနာတွေ တက်တယ်။ တိုက်ပွဲတစ်ခု တိုက် တော့မယ်ဆိုရင် အဲဒီ သတင်းက တပ်ဆီကို အလိုလို ရောက်သွားတယ်"ဟု ဆိုထားပြန်သည်။ ထို PDF ပဲ ကနဦးပြောစဉ်က PDF စစ်စစ်များက အလင်းမဝင်ဟု ပြောခဲ့သော်လည်း နောက်ထပ်ပြောသည့်စကားက PDF များ အလင်းဝင် ရောက်သွားကြသဖြင့် သူတို့၏ အခက်အခဲကို ပြောပြထားလေသည်။ PDF များအနေဖြင့် လက်နက်ချအလင်း ဝင်သူများကို ပို၍ အငြိုးအတေး ထားကြောင်းကိုလည်း ထို PDF ပြောသည့်စကားအရ သိရသည်။ အသိဉာဏ် ပြည့်ဝသူတို့က အလင်းဝင်ရောက်ချိန် အင်အားနည်းသွားသော PDF တို့သည် အသက်မပြည့်သေးသည့် ကလေးသူငယ်များကို  ပစ်မှတ်ထားကာ စစ်သားသစ်များ စုဆောင်းနေကြောင်း ၎င်းတို့၏ အချင်းချင်း ပြောဆိုနေသည့်စကားများအရ သိရှိရသည်။
    PDF များက အလင်းဝင်သွားသူများကို ကြိမ်းဝါးနေသကဲ့သို့ ထပ်မံ၍ အလင်းဝင်မည်သူ့များ အလင်းမဝင်ရောက်စေနိုင်ရန်အတွက် လက်ရှိလက်နက်ကိုင် PDF များကို တင်းကျပ်သည့် စည်းကမ်းများနှင့် ဖုန်းအသုံးပြုခွင့်များကိုပါ ကန့်သတ်ထားရကြောင်း ဇီးရိုးပြောက် ကျားတပ်ဖွဲ့ဝင်အချင်းချင်း လူမှုကွန်ရက်တွင် ပြောဆိုထားလေသည်။ တပ်မတော်ထံ အလင်းဝင်ရောက်သူ များထဲတွင်လည်း ဇီးရိုးပြောက် ကျားအဖွဲ့က PDF များလည်း ပါဝင်နေရာ ထပ်မံအလင်းဝင်မည် စိုးရိမ်၍ ထိုကဲ့သို့ တင်းကျပ်နေရကြောင်း 'မတတ်သာလို့ မလုပ်ချင်ဘဲ လုပ်ရတာ'ဟု ဇီးရိုးပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင်သက်ကြီးဆိုသူက ရင်ဖွင့်ထားလေသည်။
    လက်ရှိပြည်သူ့သားကောင်း စစ်မှုထမ်းတာဝန် အပတ်စဉ်(၂) တာဝန်ထမ်းဆောင်ပြီး၍ အိမ်ပြန် ရောက်နေသူများကို ကြိုဆိုနေသည့် ရုပ်သံများအောက်တွင် သူတို့သည် တာဝန်ပြီး၍ ပြန်မည့်ရက် ရှိသော်လည်း PDF များအတွက် ပြန်လမ်းမဲ့နေကြောင်း NUG ထောက်ခံ သူများက ဝေဖန်နေကြလေသည်။ အင်အားပြုန်းတီးနေသော PDF များ၏ နေရာကို အစားထိုးရန် အဓိက ကလေးသူငယ် စစ်သားစုဆောင်း နေသည့် နေရာများတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းများတွင် ပိုမို လုပ်ဆောင်နေကြကြောင်း ဒေသခံများကိုယ်တိုင်က ဖွင့်ဟ၍ လာနေကြပြီဖြစ်သည်။
    "ရွှေမျောမှာ လစာကောင်းကောင်းနဲ့ လူငယ်တွေကို ခေါ်တယ်ဆိုပြီး မလာကြပါနဲ့၊ ဒီရောက်ရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့လူသစ်အတွက် ခေါ်နေတာ" စစ်ကိုင်း အထက်ပိုင်းတွင်နေသည့် အမျိုးသမီးတစ်ဦးက သတိပေးထားလေသည်။ NUG ၏ မရေရာသော အနာ ဂတ်ခရီးတွင် လူငယ်လူရွယ် များကို အတင်းအဓမ္မ အသုံးချနေမှုများပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62510

© 2022 - 2026 News. All Rights Reserved.