မရွှေဥ ကျားကိုက်တဲ့ တော်လှန်ရေး

    'ဂလောင်'
    အင်တာနက်လေးဖွင့်ပြီး ဖေ့စ်ဘုတ်ကနေ သတင်းလေး၊ ပုလင်းလေးဖတ်ဖို့ ဖွင့်လိုက်ရာ ထူးထူးဆန်းဆန်း နိုတီသံကို ကြားလိုက်ရသဖြင့် ဆြာထူးတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ဒီလိုနိုတီသံမျိုး မကြားဖူးတာကြောင့် တစ်လုံးတည်းသော ဖုန်းလေးပျက်သွားပြီလားဟု စိတ်ပူသွားသည်။ 'ဂလောင်'ဟူသော နိုတီတက်ရာ ဖေ့စ်ဘုတ်စာမျက်နှာကို ဖွင့်ကြည့်လိုက်တော့ ထူးမြတ်တို့ အင်မတန် လေးစားရသော တော်လှန်ရေးခေါင်းဆောင်ကြီး၏ အင်မတန်တည်ကြည်ခံ့ညားသော ယမကာရုပ်ရည် ကြီး ပေါ်ထွက်လာပြီး ခေါင်းစဉ်ကတော့ 'တော်လှန်ရေး အဆုံးအဖြတ်နှစ်ကို ရောက်လာကြပြီ ထပ်လှူကြ ဦး'ဆိုတာဖြစ်သည်။ 
    ဒါကြောင့် နိုတီက ခွက်ခေါက်သံကြီး ဖြစ်နေတာဟု သဘောပေါက်မိသည်။ သတင်းကို ဆက်ဖတ်ကြည့်တော့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ၏ အင်မတန်တိကျသော ငွေစာရင်းရှင်းတမ်းကြီးကို ရေးထားပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ဘယ်လိုသုံးလိုက် ကြောင်း တော်လှန်ရေးက အဆုံးအဖြတ်နှစ် ရောက်လာပြီဆိုတော့ လှူကြတန်းကြဦးဆိုပြီး ရေးသားထားသည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ဘဝကလည်း အတော်သနားစရာ ကောင်းလှသည်။ တော်လှန်ရေးလုပ်ဖို့ အလှူခံလိုက်၊ လပေါင်းများစွာ လိုင်းပေါ်ကပျောက်သွားလိုက်၊ ပြန်တက်လာလိုက် အလှူခံလိုက်ဖြင့် သံသရာလည်နေသည်။ တော်လှန်ရေးကြီးက တစ်နှစ်လည်း မပြီး၊ နှစ်နှစ်လည်း မပြီး၊ လေး၊ ငါး၊ ခြောက်နှစ် ရောက်တာတောင် တော်လှန်ရောင်နီ မသမ်းသေးတာကြောင့် တော်လှန်ရေး ခေါင်းဆောင်ကြီးတွေလည်း မျက်နှာပူလာကြပြီ ထင်သည်။ နီမြန်းမြန်း မျက်နှာကြီးဖြင့် အဆုံးအဖြတ်နှစ်လို့ ပြောပြီး အလှူခံတာတောင် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။
    တော်လှန်ရေးကြီးက တဖြည်းဖြည်းနဲ့ မရွှေဥကျားကိုက်တဲ့ဇာတ်ကို တောင်ပေါ်ဒေသ ရွာလေးတစ်ရွာမှာ သွားကတဲ့ ပုံပြင်နဲ့တောင် ခပ်ဆင်ဆင် တူလေတော့သည်။ တစ်ခါက မတင်ရွှေနဲ့သားများဆိုတဲ့ ဇာတ်သဘင်တစ်ဖွဲ့ရှိလေသည်။ ဇာတ်ကလည်း အရပ်ပြဇာတ်သာသာဆိုတော့ မြို့မှာက သူတို့ ဇာတ်ထက်သာတဲ့ ဇာတ်သဘင်တွေများတော့ မြို့ပွဲတွေမရဘဲ တောတွေ၊ ရွာတွေမှာ လိုက်ကရတာများ သည်။ တစ်နေ့တော့ တောင်ပေါ်ဒေသက ရွာတစ်ရွာက ဘုန်းကြီးပျံပွဲတစ်ပွဲကဖို့ သူတို့ဇာတ်ကို လာငှားကြသည်။ ရွာကလည်း ပွဲငတ်နေတော့ ရတဲ့ဇာတ်ကိုငှားရင်း မတင်ရွှေနဲ့သားများ ဇာတ်အဖွဲ့ကလည်း သုံးညမိုးအလင်းကပြဖို့ အကြောင်းဖန်လာသည်။ ဇာတ်တွေရဲ့ထုံးစံအတိုင်း အပျိုတော်ယိမ်း၊ စတိတ်ရှိုး၊ တစ်ခန်းရပ်ပြဇာတ်တွေကပြီး နောက်ပိုင်းဇာတ်ကိုတော့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ဇာတ်ကို ကပြ ဖျော်ဖြေသည်။ ဒီဇာတ်ထုတ်မှာက မရွှေဥကျားချီတဲ့ အခန်းက အဓိကကျသည်။ ထုံးစံအတိုင်း ယောကျ်ားဖြစ် သူကိုရင်မောင်က သစ်ဖောင်သွားချတော့ အိမ်မှာ တစ်ယောက်တည်း ကျန်တဲ့ မရွှေဥတစ်ယောက် ရက်ကန်းလေးရက်နေသည်။ ထိုအချိန် ဖျဉ်းကြီးဖျဉ်းလေး  ညီနောင်ထန်းရည်လေး ခပ်ထွေထွေဖြင့် ရောက် လာပြီး ချစ်ရေးဆိုသည်။ မရွှေဥကလည်း အပျိုမဟုတ်ကြောင်း သူ့ယောကျ်ား သစ်ဖောင်ချသွားနေကြောင်း အဆိုအငိုနဲ့ ရှင်းပြသည်။ ဟိုညီနောင်နှစ်ဖော်ကလည်း မရွှေဥပျိုသည်အိုသည် ကိစ္စမရှိ ဇွတ်တွေ ဖြစ်နေသည်။ မရွှေဥကလည်း ထန်းရည်သမား ညီနောင်နှစ်ယောက်ကို ခုခေတ်စကားနဲ့ပြောရရင် "ဟဲ့အကောင်တွေ ငါ့လင်ခရီး သွားနေတုန်း ကြာကူလီလာမကျနဲ့ ရုပ်တွေကို ကျက်သရေမရှိဘူး"ဆိုပြီး နှင်လွှတ်လေသည်။
    ဒီတော့ ဖျဉ်းကြီးဖျဉ်းလေး ညီနောင်နှစ် ယောက် ဒေါသူပုန်တွေထပြီး ငါတို့လို ပုဂံပြည့်ရှင်မင်းကြီးရဲ့ မြေးတော်တွေကို ငြင်းရအောင် ညည်းက ဘာကောင် မမို့လို့လည်းဆိုပြီး စီးတော်ကျားနဲ့ တိုက်သတ်ဖို့ အကြောင်းဖြစ်လာသည်။ ဇာတ်ပွဲကြည့်နေတဲ့ရွာသူရွာသား တွေကလည်း ဒေါသတွေထွက် မရွှေဥကလည်း ဇာတ်ခုံပေါ်မှာ ရက်ကန်းစင်ကြီးကို ပတ်ပြေး၊ နောက်က ကျားဝတ်စုံဝတ်ထားတဲ့ ကျားကလည်း လိုက်၊ နောက်ကဆိုင်းကလည်း ဗိန်းဗောင်းတွေတီးဆိုတော့ ဘာပြောကောင်းမလဲ ဇာတ်နဲ့ပရိသတ် ထပ်တူကျသွားသည်။ နောက်ဆုံတော့ မရွှေဥ ပြေးမလွတ်တော့ ကျားက ကိုက်သတ်လိုက်သည်။ သွေးအိုင်ထဲမှာ သေအံ့ဆဲဆဲ မရွှေဥကလည်း လင်တော်မောင်ကို တလိုက်၊ ငိုလိုက်၊ ဆိုလိုက်နဲ့ဆိုတော့ ပရိသတ်တွေမှာလည်း မျက်ရည်စတွေနဲ့ ဖြစ်ကုန်သည်။ ဒီလိုအခြေအနေမှာ ဇာတ်ဆရာက လူရွှင်တော်တစ်ဦးကို အလှူခံဖလားကြီးကိုင်ပြီး ပရိသတ်ထဲဆင်းစေသည်။ လူရွှင်တော်ကလည်း 'မရွှေဥက ခင်ဗျားတို့ရွာရောက်မှ  ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာပါဗျာ။ ဒီတော့ အရုဏ်တက်ရင် ဘုန်းကြီးငါးပါးပင့်ပြီး မရွှေဥ ဘဝကူးကောင်းအောင် သက်ပျောက်ဆွမ်းကပ်မှာမို လှူကြတန်းကြဦး'ဆိုပြီး အလှူခံလေသည်။ ပရိသတ်တွေကလည်း "ရွှေဥလေး သနားပါတယ်။ တို့ရွာဘုန်းကြီးပျံပွဲလာရင်း ကျားကိုက် သေရတာဟဲ့" ဆိုပြီး ဝိုင်းလှူလိုက်ကြတာ ဖလားကြီးပြည့် လျှံသွားလေသည်။
    ကားလိပ်ချပြီး ဇာတ်ဆရာ အလှူငွေတွေ ရေတွက်ပြီး ပျော်မဆုံးဖြစ်လေသည်။ မပျော်ဘဲနေ မလား အလှူခံလို့ရတဲ့ငွေက ဇာတ်ငှားတဲ့ ပိုက်ဆံထက် နှစ်ဆပိုရသည်။ ဒီတော့ မရွှေဥနေရာမှာကတဲ့ မင်းသမီးကို ပွဲခင်းထဲသွားမလည်ဖို့ ပြောရဆိုရသည်။ တော်ကြာရွာ သားတွေမှတ်မိသွားရင် မရွှေဥကြီး ပြန်ရှင်လာတယ်ဆိုပြီး အလှူငွေလျော့သွားမှာ စိုးရိမ်တာကြောင့် ဖြစ်သည်။ ဒီလိုနှင့် ဒုတိယည ရောက် လာပြန်တော့လည်း ဝင်ငွေကောင်းတဲ့ ဖျဉ်းကြီးဖျဉ်းလေးဇာတ်ကို ထပ်ကပြသည်။ ထုံးစံအတိုင်း မရွှေဥ ရက်ကန်းစင် ပတ်ပြေး၊ ကျားကြီးကကိုက်သတ်၊ လူရွှင်တော်က ဖလားတစ်လုံးနဲ့ မရွှေဥ သက်ပျောက် ဆွမ်းကပ်ဖို့အလှူခံ၊ ပရိသတ်တွေက ဝိုင်းလှူ၊ ဇာတ်ဆရာပျော်မဆုံး ဖြစ်ရသည်။ ဒီလိုဝင်ငွေ ကောင်းနေ တော့ တတိယညလည်း ဖျဉ်းကြီးဖျဉ်းလေး ဇာတ်ပဲထပ်ကလေသည်။ မရွှေဥကို ညီနောင်နှစ်ကောင်က မေတ္တာရှိကြောင်း ပြော၊ မရွှေဥက ကာမပိုင်ရှိကြောင်း ပြန်ငြင်း၊ ပြောမရတဲ့အဆုံး စီးတော်ကျားနဲ့တိုက်၊ မရွှေဥကလည်း ရက်ကန်းစင်ကြီး ပတ်ပြေးလေသည်။ တတိယညဆိုတော့ ပရိသတ်တွေလည်း ပိုက်ဆံ ကုန်သလောက် ဖြစ်နေကြသည်။ ဒီတော့မှ မရွှေဥက ပတ်ပြေးနေတဲ့အချိန် ပရိသတ်တွေက "ရွှေဥရေ လွတ်အောင်ပြေးဟ နင် သေလို့မဖြစ်ဘူး။ ငါတို့လည်း ပိုက်ဆံမရှိတော့ဘူးဟ"ဆိုပြီး ဝိုင်းအော်ကြလေတော့သည်။
    တော်လှန်ရေးခေါင်းဆောင်ကြီး အလှူခံပုံကလည်း မရွှေဥ သက်ပျောက်ဆွမ်းကပ်ဖို့အလှူခံသလိုကြီး ဖြစ်နေသည်။ တော်လှန်ရေးစ ကတည်းက အလှူခံလာ လိုက်တာ ငါးနှစ်ကျော်တဲ့အထိ အလှူခံတာ မပြီးသေးတာကြောင့် ပြည်သူတွေခမျာလည်း "ခေါင်းဆောင်ကြီးတို့ရယ် မရွှေဥကိုလည်း လွတ်အောင် ပြေးခိုင်းကြပါတော့၊ တော်လှန်ရောင်နီကိုလည်း အမြန်သမ်းပြလိုက်ကြပါတော့၊ ကျွန်တော်တို့မှာလည်း သက်ပျောက်ဆွမ်း ဆက်လှူဖို့ ပိုက်ဆံမရှိတော့ပါဘူး"ဟု ဇာတ်ခုံအောက်ကနေ ဝိုင်းအော်ရတော့မလို ဖြစ်နေကြရသည်။ ခေါင်းဆောင်ကြီးများကတော့ အဆုံးအဖြတ်နှစ်များကို အထပ်ထပ် တိုးရင်း 'ဂလောင်' ဆိုသည့် ခွက်ခေါက်သံနိုတီဖြင့် သံသရာလည်နေဆဲပင် ဖြစ်သည်။ ပြည်သူများမှာမူ ဖုန်းမျက်နှာပြင် ပေါ်တွင် 'ဂလောင်'ဆိုတဲ့အသံဖြင့် နိုတီတက်လာတိုင်း တော်လှန်မရွှေဥအတွက် စိုးရိမ်ရမလိုလို၊ မိမိတို့၏ အိတ်ကပ်ကိုပဲ အမြန်ဇစ်ဆွဲပိတ်ထားရမလိုလိုဖြင့် ရင်တထိတ်ထိတ် ဖြစ်နေရတော့သည်။ တော်လှန်ရေး ဇာတ်ဆရာကြီးတွေကတော့ ဇာတ်ငှားခထက်ပိုတဲ့ အလှူငွေတွေပိုက်ပြီး ဇာတ်ခုံနောက်မှာ ပြုံးပြုံးကြီးဖြစ်နေမှာ မြင်ယောင်မိတော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.