Breaking

မိုက်ချက်ကတော့ ကမ်းကုန်ပဲ

၂၀၂၆ ၊ ဇွန် ၂၆

    ခုတလော မြန်မာဗီဒီယိုကား အဟောင်းလေးတွေကို YouTube ကနေ ရှာဖွေကြည့်ရှုဖြစ်နေသည်။ ထူးမြတ်တို့ ကလေးဘဝက ခုခေတ်လို ဖုန်းတစ်လုံးရှိရုံဖြင့် လူမှုကွန်ရက်ပလက်ဖောင်းတွေကနေ ဖျော်ဖြေရေးကဏ္ဍစုံကို ကြည့်ခွင့်ရဖို့ဆိုတာက အိပ်မက်တောင် မမက်ဖူးချေ။ ဒီတော့ ငယ်ဘဝအိပ်မက်က ရပ်ကွက်တစ်ခုမှာ တစ်ရုံလောက်ရှိသည့် ဗီဒီယိုရုံများပင် ဖြစ်သည်။ထိုကာလက ရုပ်ရှင်ရုံဆိုတာကလည်း တစ်လမှာနှစ်ကြိမ်လောက် ကားသစ်လဲလို့ မိဘတွေလိုက်ပြမှသာ ကြည့်ရတာမျိုး ဖြစ်သည်။ ဒီတော့ ငယ်ဘ၀ အနီးစပ်ဆုံးက ဗီဒီယိုရုံများပင် ဖြစ်သည်။ စီဒီအချပ်တွေ မပေါ်ခင် တိတ်ခွေကြီးတွေနဲ့ ပြသကြတဲ့ ဗီဒီယိုခေတ်ဦးကို မီခဲ့ကြသည့်အတွက် ထူးမြတ်တို့အတွက် ယနေ့ခေတ် ရုပ်ရှင်ဇာတ်ကားတွေက ဆားမပါသောဟင်းလို ပေါ့ပျက်ပျက်နိုင်လှသည်။ ဒါကလည်း ခုခေတ် အနုပညာရှင်တွေကို စော်ကား မော်ကားတာမျိုးမဟုတ် ခေတ်ကိုဆိုလိုခြင်းဖြစ်သည်။ ထူးမြတ်တို့ငယ်စဉ်က ရုံတင်ကားမဟုတ်သည့် ဗီဒီယိုဇာတ်ကားတစ်ကားပင် ကြာချိန်နှစ်နာရီမျှရှိသည်။ ရိုက်ကွင်းတွေကလည်း ယနေ့ခေတ်လို ဖန်တစ်ရာတေနေ တာမျိုးမဟုတ်ဘဲ နယ်ရိုက်ကွင်းတွေဆီ တကူးတက အကုန်အကျခံကာ သွားရိုက်ကြသည်။ ဇာတ်လမ်းဇာတ် ကွက်တွေကလည်း အချိတ်အဆက် မိတာကြောင့် ယနေ့အချိန်ထိ ထိုဗီဒီယိုဇာတ်ကားများက ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးအီမသွားချေ။ ထိုဇာတ်ကားတွေကို ကြည့်လာရသည့် ထူးမြတ် တို့လို အသက်အရွယ်တန်းတွေက ယနေ့ခေတ် ရုပ်ရှင်ကားတွေကို ကြည့်ရတာ အဆင်မပြေသလို ဖြစ်နေသည်။ ဒါကလည်း ခေတ်ရေစီးကြောင်းဆိုတော့လည်း အပြစ်တော့ မဟုတ်ချေ။
    ဒီတစ်ပတ်နားရက် YouTube ကနေ ရဟန်းဘဝဖြင့် ပျံလွန်တော်သွားရှာပြီဖြစ်သော မင်းသားကြီး ဦးကျော်ဟိန်း ဦးဆောင်ပါဝင်သည့် 'မိုက်ချက်ကတော့ ကမ်းကုန်ပဲ'ဆိုသည့် အမည်ရ ဗီဒီယိုဇာတ်ကားလေးကြည့်ဖြစ်သည်။ ယနေ့ခေတ် ရုပ်ထွက်နှင့်ယှဉ်လျှင် ရုပ်သံကြည်လင်ပြတ်သားမှုက များစွာ ကွာခြားလှသည်။ စာဖတ်သူများ ထိုဗီဒီယိုဇာတ်ကားလေးကို ကြည့်ဖူးသူလည်း ရှိနိုင်သလို၊ မကြည့်ဖူးသူလည်း ရှိနိုင်သည်။ ကြည့်ရှုချင်သူတွေအတွက် YouTube မှာအလွယ်တကူ သွားရောက်ကြည့်နိုင်သည်။ ထိုရုပ်ရှင်ဇာတ်ကားကို မင်းသားကြီး ဦးကျော်ဟိန်းက ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားပြီး ညီအစ်ကိုတွေအဖြစ် ဦးကျော်ဟိန်းနှင့်  ရုပ်ချင်းခပ်ဆင်ဆင်ဖြစ်သော ချစ်ဖွယ်၊ ရှိုင်းအောင်၊ ဒွေး တို့က ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းအစကတော့ ဖခင်ဖြစ်သူ၏ အသုဘအခမ်းအနားဖြင့် စဖွင့်ထားသည်။ ဆိုးပေ့မိုက်ပေ့ သားလေးယောက်နဲ့ မိခင်အိုကြီးက ဖခင်ကြီး၏ အခေါင်းကိုထမ်းကာ သင်္ချိုင်းကုန်းသို့သွားတဲ့ ဇာတ်ဝင်ခန်းဖြစ်သည်။ သားဖြစ်သူတွေက ဖခင်အခေါင်းကိုထမ်းပြီး အိမ်ခြံဝင်းကအထွက် တတ်သိနားလည်သည့် လူကြီးများက အသုဘချတဲ့အခါ အခေါင်းကို 'ခြေထောက်ဘက်က ထုတ်ရ တယ်'ဟု ပြောသည်။ ဒီတော့ သားလေးယောက်က 'ကျုပ်တို့အဖေ အသုဘ ကျုပ်တို့ထုတ်ချင်သလို ထုတ်မယ်၊ ခင်ဗျားအသု ဘကျမှ ခင်ဗျားစီစဉ်တဲ့အတိုင်း ထုတ်ပေးမယ်'ဟု ပြန်ပြောသည်။ ထိုဇာတ်ဝင် ခန်းက ကြည့်ရှုရသူအဖို့  ရယ်ရွှင်ဖွယ်ရာ ကောင်းလှပြီး ဇာတ်လမ်းစဖွင့်ကတည်းက ညီအစ်ကိုတစ်သိုက် ရပ်ရွာကလူတွေနဲ့မတည့်မှုကို တစ် ခန်းတည်းဖြင့် အနုပညာမြောက်စွာ ပြသနိုင်ခဲ့သည်။
    အမယ်အိုကြီးမှာတော့ တစ်ယောက်တစ်ပေါက်နဲ့ ဆိုးသွမ်းနေသော သားတွေကို ထိန်းကျောင်းရင်း ခင်ပွန်းဖြစ်သူ အလောင်းမြေကျရေး မျက်ရည်စက်လက်ဖြင့် သရုပ်ဆောင်ချက်က သနားဖို့ကောင်း လှသည်။ တစ်ဖက်တွင်လည်း ဒီအမယ်အိုကြီး မုဆိုးမဘဝဖြင့် သားဆိုးတွေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုပြီး စိတ်ဝင်စားကြသည်။ သားတွေကလည်း တစ်ယောက်တစ်မျိုး ဖြစ်သည်။ အကြီးဆုံးသားကြီးကလည်း အရက် သမားဖြစ်သည်။ အရက်သောက်စရာမရှိလျှင် ဘုရားစင်ပေါ်က ကြေးပန်းအိုးကြီးယူပြီး အရက်နဲ့လဲ သောက်တဲ့အထိ ဖြစ်သည်။ နောက်တစ်ယောက်ကြပြန်တော့လည်း ဇာတ်မင်း သားရူးဖြစ်သည်။ မိဘကို လုပ်ကျွေးဖို့ထက် ရပ်ထဲရွာထဲ ကလေးတွေစုပြီး မင်းသားကçကပြ၊ ဇာတ်ဆရာထံ အပူကပ် မင်းသား ဖြစ်ရေး မင်းသားရူး ရူးနေသူဖြစ်သည်။ နောက်ထပ်သားတစ်ယောက်ကတော့ 'ဘူကြီး'နာမည်နဲ့ လိုက်အောင်လောင်းကစားဝါသနာပါသူ ဖြစ်သည်။ အဖေဖြစ်သူ ရက်လည်အတွက် ရပ်ရွာကူညီသည့် ငွေကို ပင် မိခင်ထံမှ မရမက တောင်းယူပြီး ဖဲရိုက်ပြီး လောင်းကစားလုပ်သူဖြစ်သည်။ အငယ်ဆုံးသားဖြစ်သူက ကျောင်းတက်သော်လည်း ရန်ပွဲများတွင် မကြာခဏ ပါဝင်ပတ်သတ်သူ ဖြစ် သည်။ ဒီလို သားဆိုးတွေကို ပိုင်ဆိုင်ထားသော မိခင်ကြီးဘဝက သနားစရာပင် ဖြစ်သည်။
    သရုပ်ဆောင်ကောင်းပေ့ဆိုသည့် မင်းသားကြီး ဦးဆောင်သည့် ဇာတ်ကားဆိုတော့လည်း သရုပ်ဆောင်ချက်က အပိုအလိုမရှိ ကွက်တိဖြစ်သည်။ ဖခင်ကြီး ရက်လည်အတွက် ဆရာတော်ကိုလှူဒါန်းသည့် ကန်တော့ပွဲကိုပင် ဘုန်းကြီးကျောင်းမှာ အုန်းငှက်ပျောတွေ ပေါလို့ဆိုပြီး အိမ်ပြန်သယ်လာသည့် ဇာတ်ဝင်ခန်းကလည်း သဘာဝကျလှသည်။ ရန်ဖြစ်ပြန်တော့လည်း ညီအစ်ကိုတွေ တစ်သိုက်ကြီး ပါကြတာဆိုတော့ ရဲကလည်း ညီအစ်ကိုလေးယောက်လုံးကို လက်ထိပ်ခတ် အချုပ်ထဲထည့်သည်။
    ဒီတော့ အမေအိုကြီးမှာ လက်အုပ်လေး တစ်ချီချီဖြင့် စခန်းမှူးကြီးကို သွားတောင်းပန်ရ၊ စခန်းမှူး ကြီးကလည်း အမေအိုကြီးကို သနားတာနဲ့ ပြန်လွှတ်ပေး  ဒီလိုနဲ့ အချုပ်နဲ့အိမ် အိမ်ဦးနှင့်ကြမ်းပြင်ဆိုသလို ဖြစ်နေကြသည်။ မိခင်ကြီး မကြာခဏ ဆူပူလေ့ရှိသည့် ဒိုင်ယာလော့ဒ်က "မအေမျက်နှာကို ဘယ်လို အိုးမည်းသုတ်ရမလဲဆိုပြီး ရွာလည်ပြီး ပြဿနာရှာနေတဲ့ ကောင်တွေ"ဆိုတဲ့စကားလုံးဖြစ်သည်။ ဇာတ်ကားတစ်ကားလုံး သားဆိုးမအေဖြစ်သူ အမေအိုကြီး မျက်ရည်လည်ရွှဲနှင့် သရုပ်ဆောင်တာကိုမြင်ပြီး သနားမိသည်။
    ဒီလိုဇာတ်ကားမျိုးကို ခုလို အသက်အရွယ်တစ်ခုရလာပြီး ပြန်ကြည့်မိသည့်အချိန်တွင် တွေးတောမှုက ဇာတ်ကားသည် အလွန်အကျူး ပုံဖော်ထားခြင်းလား၊ ယခုကဲ့သို့ ပုံစံတူဖြစ်စဉ်မျိုး ပြင်ပတွင် ရှိနိုင်သလားဟု တွေးမိသည်။ ရှိနိုင်သည်။ ဘုရားစင်ပေါ်က ကြေးပန်းအိုးကြီး ယူရောင်းပြီး အရက်သောက်သည့် သားဆိုးမျိုးနဲ့ ပုံစံတူ ပြင်ပတွင်လည်း အမေ့အင်္ကျီချွေးခံ၊ ထီး၊ ဖိနပ်ပါ မချန် ရောင်းစားပြီး ဆိုးကြ မိုက်ကြသူတွေလည်း ရှိသည်။ အမေအိုကြီးကို ခုတုံးလုပ်ပြီး စီးပွားဖြစ်နေကြသူတွေကလည်း ဒုနေဒေး ဆိုတော့ မိုက်ချက်ကတော့  ကမ်းကုန်ပဲဆိုတဲ့ ဇာတ်ကားထက်တောင် သာနေကြပြန်တာ တွေ့ရသည်။
    တချို့ဆိုရင် ချစ်လိုက်တာ အမေရယ်ဆိုပြီး ထွက်ပြေးသွားလိုက်ကြတာ အမြီးတောင် မတွေ့ရတော့ချေ။ ချစ်လှပါချည်ရဲ့ဆိုပြီး တစ်ယောက်မှ အနီးကပ်နေတာမျိုး မတွေ့ရတော့လည်း အမေအိုကြီး သိရင် စိတ်ကောင်းမှာ မဟုတ်ချေ။ ဗီဒီယိုဇာတ်ကားထဲက သရုပ်ဆောင် ဘူကြီးလို ဖဲရိုက်ရဖို့အရေး အမေ့ချွေးခံထဲက ငွေတစ်ရာ မရမက တောင်းယူကြသူမျိုးတွေလည်း ရှိသည်။ တချို့တွေများ အမယ်အိုကြီးလက် ထက်က အမယ်အိုကြီး မျက်နှာဖြင့် ပြည်သူပိုင်ငွေတွေကို ချေးငှားယူငင်ပြီး ထွက်ပြေးသွား လိုက်ကြတာ ခုဆိုရင် ပြည်ပမှာ သာသာယာယာ ဖြစ်နေကြသည်။ ဒီလိုကိစ္စတွေများ သိရင် အမယ်အို ကြီးတစ်ယောက် "မအေ့မျက်နှာကို ဘယ်လို အိုးမည်းသုတ်ရမလဲဆိုပြီး ကမ္ဘာလည်ပြီး ပြဿနာရှာနေတဲ့ ကောင်တွေ"ဆိုပြီး ပြောမှာ သေချာသည်။
    ဇာတ်ကားထဲက အမယ်အိုကြီး၏ သားဆိုးများကဲ့သို့သော သားဆိုးများက ပြင်ပလောကတွင် ဒုနဲ့ဒေးရှိကြသည်။ အကောင်းပကတိ ကျန်း မာချမ်းသာစွာရှိကြောင်း သတင်းစကားပါးသော်လည်း 'သက် သေပြ' ဆိုတာမျိုးအထိ အော်ဟစ်နေကြသည်။ တချို့ကလည်း အနေအစားချောင်ဖို့ တစ်နှစ်ပတ်လုံး ဖေ့စ်ဘုတ် မသုံးသော်လည်း အမယ်ကြီးမွေးနေ့ရောက်ရင် 'ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လန်းဖြာပါစေ' ဆိုပြီး ပိုစ့်တင်ကာ အရမ်းချစ်ကြောင်း ပြောကြဆိုကြ ရေးကြသားကြသည်။ တချို့ကလည်း ဖေ့စ်ဘုတ်တွေ၊ လူမှုကွန်ရက်တွေမှာ ပရိုဖိုင်တွေ ချိန်းကြသည်။ တချို့ကလည်း ရောက်ရှိအသက်လေးကို ကောက်ကာ နှစ်လုံးလေးတောင် ကံစမ်းလိုက်ကြသေးသည်။ တချို့သားသမီးတွေများ တစ်နှစ်ပတ်လုံး မူးရူးနေပြီး မွေးနေ့ရောက်တော့မှ နှင်းဆီပန်းရင်ဘတ် ထိုးကာ 'ဟက်ပီး ဘတ်ဒေး'ဆိုပြီး ထအော်ကြသည်။ တချို့တွေများ တစ်ရက်တာ အစာငတ်ခံပြီး ဟက်ပီးဘတ် ဒေးကြပြန်သည်။ တချို့ကလည်း အမယ်အိုကြီးနဲ့အသက် မတိမ်းမယိမ်း ဖြစ်သော်လည်း သားကြီးများသဖွယ် အမယ်အိုကြီးကို ဆက်လက်တိုက်ပွဲဝင်ဖို့ မြှောက်ပေးကြပြန်သည်။ ဒီလိုတွေ မြင်ရတွေ့ရတော့လည်း 'မိုက်ချက်ကတော့ ကမ်းကုန်ပဲ' ဟု ရေရွတ်မိပြန်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 128

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63860

© 2022 - 2026 News. All Rights Reserved.