ရက် ၂၀၀၀ အဆိုးရ

    နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ ဟန်းနီးမွန်းကာလကတော့ ပြီးဆုံးခဲ့ပြီ ဖြစ်လေသည်။ ရက် ၁၀၀ ပြီးသွားတော့ အစိုးရရဲ့ ရက် ၁၀၀ ကာလမှာဘာတွေ လုပ်ခဲ့သလဲဆိုတာတွေက ပြောစရာဖြစ်လာသည်။ ဒီတော့လည်း ပြည်တွင်းသတင်းမီဒီယာတွေက အစိုးရရဲ့ ရက် ၁၀၀ မှာ ဘာတွေကတော့ တိုးတက်လာသည်။ ဘယ်ကိစ္စကတော့ နှောင့်နှေးနေသည်။ ဘယ်ဝန်ကြီးဌာနကတော့ ဘယ်လိုအလုပ်တွေလုပ်တယ်၊ မလုပ်ဘူးစသဖြင့် ထောက်ပြပြောဆိုကြသည်။ သမ္မတကြီး ကိုယ်တိုင်ကလည်း ရက် ၁၀၀ အတွင်းမှာ ဦးဆောင်တဲ့အစိုးရရဲ့ ဆောင် ရွက်ချက်တွေ၊ ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ပြောပြလေသည်။ ဒီတော့ ပြည်ပမီဒီယာတွေက ထုံးစံအတိုင်း အစိုးရရဲ့ ရက် ၁၀၀ ကာလမှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အာချောင်ကြတာပေါ့လေ။ ဒါကလည်း သူတို့အ လုပ်ပင်ဖြစ်သည်။ တချို့ကလည်း ကြက်ဥတစ်လုံး ၇၀၀ ကို အကြောင်းပြုပြီး သတင်းတွေ လုပ်ရေးကြတာများ တစ်နိုင်ငံလုံးက ပြည်သူတွေ ကြက်ဥပဲ နေ့စဉ်ထိုင်စားနေကြသလိုကို ရေးကြသည်။ သမ္မတကြီးက ဂြိုဟ်တု လွှတ်ဖို့ကိစ္စ ပြောရင်လည်း ကြက်ဥဈေးနဲ့ ချိတ်ရေးကြသည်။ ကုန်းဈေးနှုန်းကြီးရတဲ့ အကြောင်းအရင်းကို သမ္မတကြီးက ပြောဆိုထားပြီး ဖြစ်သော်လည်း  ပြည်တွင်းမှာ ကြက်ဥဈေးတက်တာကို ပြည်ပမီဒီယာကြီးတွေ   ထိတ်ထိတ်ပျာပျာနဲ့ သတင်းရေးကြလေသည်။ တချို့ကလည်း အမေရိကားမှာ ကြက်ဥဈေးတွေ သက်သာကြောင်း Tiktok မှာ ဈေးကွက်အခြေအနေတွေ တင်ကြသည်။ အမေရိကားမှာ ကြက်ဥဈေးသက်သာ ကြောင်းပြောတော့ ထူးမြတ်တို့တောင် အမေရိကားသွားပြီး ကြက်ဥသွားဝယ်စားရမလိုပင် ဖြစ်သည်။ သေချာစဉ်း စားကြည့်တော့လည်း အမေရိကားသွားဖို့ လေယာဉ်လက်မှတ်ဖိုးနဲ့ တွက်ကြည့်ရင် တွက်ခြေ မကိုက်ချေ။
    သမ္မတကြီးကတော့ ကုန်ဈေးနှုန်းတွေကြီးတာကိုလည်း သိသည်။ သားငါးတွေ မဖူလုံတာကို လည်း သိသည်။ လူငယ်တွေ အလုပ်မရှိတာကိုလည်း သိသည်။ ပြည်သူတွေ ကျန်းမာရေးဂရုမထား ဆီစားနှုန်းများတာကိုလည်း သိသည်။ ပြည်သူတွေ စုံ၊ မကိစ္စကို မကျေလည် တာလည်းသိသည်။ စက်သုံးဆီ ကန့်သတ်လိုက်တာကြောင့် နိုင်ငံခြားငွေတွေ သက်သာသွားတာလည်း သိသည်။ ပညာရေး လိုအပ်ချက်၊ ကျန်းမာရေးလိုအပ်ချက်တွေကိုလည်း သိသည်။ သိပေမပေါ့ သမ္မတကြီးကနိုင်ငံ ဦးဆောင်သူ ဖြစ်သည်။ ဒါကြောင့်လည်း တာဝန်ယူတဲ့ အစိုးရလက်ထက်မှာ နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးအတွက် အချိန်ယူရမည့် နှစ်အကန့်အသတ်တွေကို ထုတ်ဖော်ပြောတာ ဖြစ်သည်။ တိုင်းပြည်တည်ဆောက် ရေးဆိုတာက နေ့ချင်းညချင်း လုပ်လို့မရတာ ပြည်သူတွေလည်း သိကြသည်။ ဒါကြောင့် ရက် ၁၀၀ ကာလနဲ့ အလုံးစုံ မပြေလည်နိုင်တာကိုလည်း နားလည်ပေးကြသည်။ သမ္မတကြီးနဲ့ အစိုးရ ရက် ၁၀၀ ကာလမှာ ထိုက်သင့်သလောက် ပြည်သူအတွက် အကျိုးတော်ဆောင်ပေးခဲ့ပြီး လက်ကျန်သက်တမ်းမှာတော့ တိုင်းပြည်ကို ဘယ်လိုပြုပြင် တည်ဆောက်ကြမည်ဆိုတာကို ထူးမြတ် တို့တွေ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။ပြည်ပသတင်းဌာနကြီးတွေကတော့ ရက် ၁၀၀ ကို ပြဿနာရှာရင်း ဘယ်လို မအောင်မြင်ဘူး၊ ဘယ်လိုဖြစ် တယ်ဆိုတာမျိုး သတင်းတွေ ထုတ်လွှင့်ကြသည်။ ရက် ၁၀၀ ကာလကို အကြောင်းပြုပြီး သတင်းတွေရေးကြ၊ သားကြတာကြည့်ရင်း နည်းနည်းတော့ အသဲယားမိသည်။
    ဒီလိုနဲ့ သမ္မတကြီးရဲ့ ရက် ၁၀၀ အကြောင်းစဉ်းစားမိရင်း  ရက် ၂၀၀၀ သန်းမကြီးတွေအကြောင်း ရေးချင်လာမိသည်။ ၂၀၂၁ ခုနှစ်ကတည်းက စတင်ရေ တွက်ကြည့်လျှင် ငါးနှစ်နဲ့ ရှစ်လကြာပြီဖြစ်သည့် တော်လှန်ရေးအဆိုးရကြီး၏ သန်းမကြီးအကြောင်းပြောချင်တာဖြစ်သည်။ ထိုသန်းမကြီးဆိုရင် ရက် ပေါင်း ၂၀၆၅ ရက် သက်တမ်းကြာမြင့်ပြီ ဖြစ်သည်။ တော်လှန်ရေး အဆိုးရကြီးမှာ ယာယီသန်းမကြီးနှင့် အတည်သန်းမကြီးဆိုပြီး နှစ်ဦးရှိသည်။ ယာယီသန်းမကြီးက ပြည်ပမှာနေပြီး အတည်သန်းမကြီးက ပြည်တွင်းမှာနေသည်။ ဘယ်သန်း မကြီးက တော်လှန်ရေးအဆိုးရကြီးကို အုပ်ချုပ်သည် မသိသော်လည်း ခုထက်ထိ ရက်တွေ ရေတွက်ကြည့်ရင် ရက် ၂၀၀၀ သန်းမကြီးများနှင့် ရက် ၂၀၀၀ အဆိုးရ အဖွဲ့ကြီးကို ထူးမြတ်တို့ လူ့သက်တမ်းမှာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ အစိုးရတစ်ရပ်ကို တော် လှန်ဖို့ ပြည်ပမှာ အဆိုးရဖွဲ့ပြီး ထိုင်တော်လှန်ကြသည့် ကမ္ဘာ့အံ့ဖွယ် ဖြစ်ရပ်ဆန်းကြီးကိုလည်း ထူးမြတ်တို့ လူ့ သက်တမ်းမှာ တစ်ကြိမ် မြင်ဖူးတွေဖူးသည်က အင်မတန် ကံကောင်းလှသည်။ သန်းမကြီးနှစ်ဦး ရှိပြီး ဘယ်သူက သန်းမကြီးအစစ်ဖြစ်သည်ကို ရေရေရာရာ မသိရသည့် အဆိုးရတစ်ရပ်ကိုလည်း နဖူးတွေ့ ဒူးတွေ့ ကြုံကြိုက်ရသည်ကလည်း ကမ္ဘာ့ဂရင်းနစ်စံချိန်ချိုးကာ စကြဝဠာအထိတောင် အံ့သြကုန်နိုင်ဖွယ် ရာပင် ဖြစ်သည်။
    ဒီတော့ ရက် ၂၀၀၀ အဆိုးရနှင့် ရက် ၂၀၀၀ သန်းမကြီးတို့ ဘာများလုပ်နေသလဲဆိုတာကို လေ့လာမိသည်။ သန်းမကြီးတို့ အဆိုးရတစ်ဖွဲ့လုံး ပြည်ပထွက်သွား ပြီးကတည်းက ပြည်သူတွေမှာ တစ်နေ့ ပြန်လာနိုးနိုး မျှော်လိုက်ကြရတာ ယနေ့ချိန်ထိ မျိုးကြီးသီချင်းလို အိမ်ပြန်လမ်းဝေး နေကြဆဲဖြစ်သည်။ တော်လှန်ရေးကြီးက နှစ်ကုန်ရင် ပြီးတော့မှာဆိုလို့ သန်းမကြီးနဲ့ အဆိုးရအဖွဲ့ကြီး ပြန်လာရင်ကြိုဖို့ သပြေပင်တွေစိုက်ထားတာလည်း ခုဆိုရင် အသက်အရွယ်ကြီးလို့ သပြေသီးတောင် ကောက်လို့ရနေပြီ ဖြစ်သည်။ ရက် ၂၀၀၀ သန်းမကြီးတွေများ တစ်နှစ်တစ်ခါလောက်မှ အွန်လိုင်းပေါ်ရောက်လာပြီး တော်လှန်ရေးကြီး အရှိန်မြှင့်ပေးရတာကလွဲပြီး ကျန်တဲ့အချိန် ပျင်းနေရှာမှာ သေချာသည်။ တော်လှန် အဆိုးရကြီးမှာ တာဝန်ယူထားတဲ့ ဝန်ကြီးတွေ၊ ဝန်က လေးတွေဆိုတာကလည်း ဇွန်းမီတင်ရှိတဲ့အခါမျိုး လိုင်း ပေါ်တက်လာကြပြီး ကျန်တဲ့အချိန် ဖုန်းဘေလ်ထည့်ဖို့ မေ့နေသလားတောင် ထင်ရသည်။ ရက် ၂၀၀၀ သန်းမ ကြီးနဲ့ အဆိုးရအဖွဲ့ရဲ့ တော်လှန်ရေးအပြီးမှာ ကျောင်း တက်ဖို့စောင့်နေတဲ့ အသက် ၁၀ နှစ်အရွယ်ကောင်လေး တစ်ယောက်ဆိုရင်  လူတစ်လုံးသူတစ်လုံးဖြစ်ပြီး လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး နေရလေသည်။ ရက် ၂၀၀၀ အဆိုးရအဖွဲ့ကြီးက ရေရှည်စီမံချက်နဲ့ လူငယ်တွေကို အလုပ်အကိုင်ဖန်တီး ပေးထားခဲ့ပုံများ လေးစားစရာပင် ကောင်းလှသည်။ တချို့ဆိုရင်တောထဲမှာ သေနတ်က လေးကိုင်ပြီး အလှူခံစားတာ အတော်လေး အလုပ်ဖြစ်နေကြသည်။ တချို့လူငယ်တွေဆိုရင် ရပ်ထဲရွာထဲ ဆက်ကြေး လေးကောက်လိုက်၊ လမ်းကြုံရင် ဓားပြလေးတိုက်လိုက်နဲ့ စားဝတ်နေရေး ဖြေရှင်းတတ်နေကြသည်။ တချို့လူငယ်တွေဆိုရင် အချင်းချင်း သေနတ်ကျည်လေးမတော် တဆထွက်ပြီး ဘဝကူး ကောင်းကုန်ကြ သည်။ တချို့လူငယ်တွေဆိုရင် တော်လှန်ရေးအဆိုးရကြီးကိုတောင် ခြေရာတိုင်းကြသည်အထိ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်နေပြီ ဖြစ်သည်။
    ရက်ပေါင်း ၂၀၀၀ အဆိုးရကြီးရဲ့ ဝယ်ပေးမယ့် လေယာဉ်ပစ်လက်နက်ကြီး မျှော်နေကြရင်း တချို့ လူငယ်တွေက မစောင့်နိုင်ကြတော့ဘဲ အလင်းဝင်တဲ့သူတွေက ဝင်ကုန်ကြပြီဖြစ်သည်။ တချို့တွေကြ တော့လည်း ရက် ၂၀၀၀ အဆိုးရကြီးဆီက ဝယ်ထားတဲ့ နွေဦးကွန်ဒိုတွေမှာ ဘယ်နေ့များ နေရတော့ မလဲဆိုပြီး မျှော်နေကြပြီဖြစ်သည်။ တချို့ကလည်း ရက် ၂၀၀၀ အဆိုးရကြီး ရောင်းထားတဲ့ တော်လှန်ရေး မြေကွက်တွေ ဂရန်ချပေးမယ့်ရက်ကို လက်ချိုးရေတွက်နေကြသည်။ တချို့ကလည်း ရက် ၂၀၀၀ အဆိုးရ ကြီးရဲ့ တော်လှန်ဘဏ်မှာ စုထားတဲ့ငွေတွေ ဘဏ်တိုးရဖို့၊ ငွေတိုက်စာချုပ်စက္ကူ စုတ်တွေကို ဘယ်မှာပြန် ရောင်းရင်ရမလဲဆိုပြီး လူသိရှင်ကြား မမေးရဲတဲ့ဘဝတွေ ရောက်ကုန်ကြပြီ ဖြစ်သည်။ တချို့ကလည်း ရက် ၂၀၀၀ အဆိုးရကြီး ရုံးစိုက်ရာ အမေရိကားကို လိုက်သွားပြီး အလှူငွေနှင့်ရန်ဗုန်းငွေတွေ စာရင်း မရှင်းသေးဘူးလားလို့ လိုက်မေးချင်ကြသည်။ အတော်နေနိုင်သည့် အဆိုးရကြီးပင်ဖြစ်သည်။ အမေရိကားမှာ ကြက်ဥတွေ ဒီလောက်ပေါတာ လေယာဉ်လေးနဲ့ ပြည်သူတွေ စားလို့ရအောင် လူကြုံလေးတောင် ထည့်မပေးနိုင်တာကိုတွေးရင်း စိတ်တောင်ဆိုးမိသေးသည်။
    ရက်၂၀၀၀ သန်းမကြီးတွေများ ပြည်သူကို ပစ်ထားတာ အချိန်ကြာပြီဖြစ်သည်။ အမေရိကန်အခြေ ပြအဆိုးရ မိန့်ခွန်းလေးတွေများ ထွက်ပြောမလားဆိုပြီး လိုင်းပေါ်တက်ကြည့်ရတာ ခဏခဏပင်ဖြစ်သည်။ ရက် ၂၀၀၀ သန်းမကြီးရဲ့ အဆိုးရအဖွဲ့ကြီး ကြိုးပမ်းချက်တွေကြောင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ကြီးတွေတောင် တော်လှန်ထုတ်ကုန်ဆိုပြီး ဆပ်ပြာထုတ်ရောင်းတဲ့အဖွဲ့က ရောင်း၊ တီရှပ်ထုတ် ရောင်းတဲ့အဖွဲ့တွေကရောင်းနဲ့ ရက် ၂၀၀၀ အတွင်းမှာ အွန်လိုင်းရှော့ပင်းပဒက် အဖွဲ့တွေ ဖြစ်ကုန်ကြသည်။ ယခုဆိုရင် ရွှေပြည်ကြီးက အစိုးရအဖွဲ့ကတော့ မကြာမီ မြန်မာပိုင်ဂြိုဟ်တုတစ်လုံးကို အာကာသသို့ လွှတ်တင်တော့မည် ဖြစ်သည်။ ဒီတစ်ချက်ကတော့ ရက် ၂၀၀၀ သန်းမကြီးတို့ အဆိုးရအဖွဲ့ကို နောက်ကောက်ချလိုက်တာ ဖြစ်သည်။ ရက် ၂၀၀၀ သန်းမကြီးတို့လည်း အားကျမခံ အမေရိကားအာကာသ အေဂျင်စီ နာဆာကို အကူအညီတောင်းပြီး ကိုယ်ပိုင် ခွက်ကလေး တစ်လုံးလောက် နိုင်ငံတကာအာကာသ စခန်းကိုပို့ပြီး ကိုယ်ပိုင်ဂြိုဟ်တုလေးလွှတ်တင်ဖို့ အလှူခံ စေလိုသည်။ ဒါမှ ရွှေပြည်ကြီးက အစိုးရ ဘာလုပ်လုပ် လိုက်လုပ်တတ်တဲ့ ရက် ၂၀၀၀ အဆိုးရကြီး သိက္ခာမကျမှာ ဖြစ်သည်။ 
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 66

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64433

© 2022 - 2026 News. All Rights Reserved.