၂၀၂၅ ၊ ဒီဇင်ဘာ ၁၃
ခုရက်ပိုင်း တော်လှန်ရေးခေါင်းဆောင်ပေါက် စတစ်ယောက်ပြည်သူကို အကျိုးပြုလိုက်ပုံများ မျက်ရည်နဲ့မျက်ခွက် ဖြစ်ကုန်ကြသည်။ မန်းရွှေမြို့တော်ကြီးက လူစည်ကားရာ ပျံကျဈေးတစ်ခုမှာ တရုတ်အသုဘချသလို စာရွက်တွေ ဖြန့်ကြဲပြီး ဆန္ဒပြသွားလေသည်။ လက်သုံးချောင်း ကပျာကယာထောင် ပါးစပ်ကလည်း ပြောချင်ရာတွေပြောပြီး ဆန္ဒပြသွားကြောင်း မီဒီယာစာမျက်ခွက်တွေအပေါ် ရောက်သွားလေသည်။ တော် လှန်ရေး ခေါင်းဆောင်ပေါက်စလေး ဘာရည်ရွယ်ချက်နဲ့ လုပ်သွားသည်တော့ မသိသော်လည်း နောင်များ ဆန္ဒလာပြရင် ကျယ်ကျယ်ဝန်းဝန်းပြနိုင်အောင် မန်းစည်ပင်က လမ်းဘေးဈေးသည်တွေကို ရှင်းပေးလိုက်သည်။ ဒီတော့ တော်လှန်ရေးလုပ်တာ အစိုးရကိုမလုပ်ဘဲ လမ်းဘေး ဈေး သည်တွေကိုများ တော်လှန်သွားသလား ထင်ရအောင် ဈေးသည်တွေမှာ နေ့ချင်းညချင်း ဘုံပျောက်သွားလေသည်။ ဆန္ဒပြလို့ အစိုးရက အလုံးအရပ် မလျော့သွားသော်လည်း အခြေခံလူတန်းစားတွေမှာတော့ မျက်ရည်မျက်ခွက် ဖြစ်ရလေတော့သည်။ ဤမျှလောက် ပြည်သူကို အကျိုးပေးသော တော်လှန်ရေးကြီးပင် ဖြစ်သည်။ခုတော့ ပျံကျဈေးလေးဖြင့် စည်ကားခဲ့သော ပြည်သူပိုင်လမ်းကြီးက လမ်းကျယ် ကြီး ဖြစ်သွားလေသည်။ စည်ပင်သာယာက ပြည်သူပိုင်လမ်းပေါ် တက်ရောင်းသည့် လမ်းဘေးဈေးသည် ရှင်းလင်းရေးစီမံချက်ကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေသာ စွမ်းဆောင်နိုင်သည်ကို ပြသလိုက်သည့် အတွက် ပြည်သူများကိုယ်စား ဝမ်းတောင် သာမိသေးသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေများ ငြိမ်နေရာကနေ ရွေးကောက်ပွဲလည်းနီးရော ဘာသပိတ်၊ ညာသပိတ်အသံတွေဖြင့် ခေါင်းထောင်ထလာလေသည်။ပြည်သူတွေကတော့ သပိတ်အသံကြားရင် တွန့်လာကြပြီဖြစ်သည်။ တွန့်ဆို နွေဦးကာလမြူထကတည်းက အသံတိတ်သပိတ်၊ အသံထွက်သပိတ်၊ ပန်းသပိတ်၊ သနပ်ခါး သပိတ်စသဖြင့် သပိတ်ပေါင်းစုံမှာ ပါဝင်ဖို့ မြှောက်ပင့်ပေးခဲ့ကြသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့ တတိယနိုင်ငံတွေ၊ စတုတ္ထတောထဲတွေကနေ ဆန္ဒပြ သပိတ်မှောက်တာ ကိစ္စမရှိသော်လည်း တော်လှန်ရေးဘက်တော်သားတွေက ပြည်တွင်းမှာ လိုက်လုပ်ကြတော့ နရသိန်က ထမင်းစားဖိတ်တာ ခံလိုက်ရသည်။ ခုလည်း အသံတိတ်သပိတ်လုပ်မည်ဟု မြှောက်ပေးလာကြပြန်သည်။ သပိတ်လုပ်တဲ့နေ့ကြရင် ပြည်သူတွေ အပြင်မထွက်ကြဖို့၊ တိတ်တိတ်နေကြဖို့ တော်လှန်ရေးခေါင်းဆောင် ကြီးတွေကို တိုက်တွန်းထားသည်။ ပြည်သူတွေကလည်း လိုက် နာကြဖို့ ပြင်ဆင်နေကြသည်။ သပိတ်လုပ်တဲ့ရက်က ဒီဇင်ဘာ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် တချို့ကလည်း ပုဂံမှာ သပိတ်မှောက်ကြမည်။ တချို့ကလည်း ငွေဆောင်၊ ချောင်းသာဘက်သွားပြီး သပိတ်မှောက်ကြမည်။တချို့ကလည်း ကျိုက်ထီးရိုး ဘုရားသွားပြီး သပိတ်မှောက်ကြမည်ဟု ကြိုသတင်းရထားသည်။ အိမ်တွေပိတ်ပြီး မိသားစုလိုက်တွေ ခရီးထွက်ကြမှာဆိုတော့ အသံတိတ်သပိတ်ကြီးက အောင်မြင်မှာ သေချာသည်။
ရွေးကောက်ပွဲ နီးလာပြန်တော့ ရွေးကောက်ပွဲဝင်တဲ့ သူတွေကို ထောင်သုံးနှစ်ကနေ ငါးနှစ်အထိချလို့ ရသည့်ဥပဒေကို တော်လှန်အဆိုးရကြီးက ပြဋ္ဌာန်းလိုက်သည့်သတင်းကို အားရကျေနပ်ဖွယ် ကြားလိုက်ရသည်။ ပြဋ္ဌာန်းလိုက်သည့် ဥပဒေတော်ကြီးက ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေဆိုတော့ မဲဆန္ဒရှင် ပြည်သူတွေပါမချန် ထောင်ချနိုင်သလို ငွေဒဏ်တွေပါ ပါသေးသည်။ ကမ္ဘာပေါ်မှာ မျက်နှာအပြောင်ဆုံး တော်လှန်အဆိုးရကြီး ၏ဥပဒေကြီးက ကြောက်ခမန်းလိလိပင်ဖြစ်သည်။ ထုတ်ထားတဲ့ဥပဒေကြီးကိုက ရွေးကောက်ပွဲကို တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်တဲ့လူတွေကို အရေးယူမယ်ဆိုတော့ မဲစာရင်းပါ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူတွေပါ အခန့်မသင့်ရင် ဆွဲစိမယ့်သဘော ရှိသည်။ ကိုယ် စားလှယ်လောင်းတွေရော၊ မဲဆန္ဒရှင် ပြည်သူတွေပါမချန် ထောင်ချမည်ဆိုတော့ ရွေးကောက်ပွဲများပြီးရင် မြန်မာနိုင်ငံကြီးကို အပြင်က ခြံစည်းရိုးကာပြီး ထောင်ချလိုက်ကြောင်း ကြေညာရင်ဖြင့် မောင်ထူးမြတ်တို့ ပြေးပေါက်မှားပြီဖြစ်သည်။ ဒါမှမဟုတ် တော်လှန်အဆိုးရခေါင်းဆောင်ကြီးတွေနေသည့် အမေရိကားတို့၊ သြဇီတို့ကိုဖမ်းခေါ်သွားပြီး ထောင်ချလိုက်ရင် သူများနိုင်ငံမှ မျက်စိသူငယ်၊ နားသူငယ် ဖြစ်နေမည့် မြန်မာနိုင်ငံသားတွေအဖြစ်က မတွေးရဲစရာပင် ဖြစ်သည်။
ခုတလော အမေရိကန်နိုင်ငံတော်ကြီးလည်း မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေသည်။ အကြောင်းအရင်းက ထရမ့် ဦးဆောင်သော အမေရိကားအစိုးရကို မြန်မာစင်တာဟူသော အမေရိကားရောက် မြန်မာတွေ စုဖွဲ့ထားသော အသင်းကြီးက တရားစွဲတော့မည့် သတင်းကြောင့် ပင်ဖြစ် သည်။ ထရမ့်ကလည်း တရားစွဲချင်စရာပင် ဖြစ်သည်။ သူ့ရှေ့က နောင်တော်သမ္မတကြီးတွေက မြန်မာနိုင်ငံက လူယဉ်ကျေးလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အမေရိကားကို ခေါ်ယူစောင့်ရှောက်ထားသည်။ ထရမ့်အစိုးရလည်း တက် လာရော အမေရိကန်ရောက် မြန်မာတွေကို နေ့လား၊ ညလား ပြန်လွှတ်ဖို့ အသံမျိုးစုံတွေ လွှင့်လာသည်။ ဒါကလည်း တစ်ခုခုဆိုရင် အလံတွေ၊ ဗွီနိုင်းတွေကိုင်ကာ အိမ်ဖြူတော်ရှေ့သွားသွားပြီး မတ် တတ်ရပ်တဲ့ အဖွဲ့တွေကို မျက်မုန်းကျိုးတာလည်း ဖြစ်နိုင်သည်။ ဒီတော့ မင်းတို့တွေ ငါ့နိုင်ငံကနေ ပြန်ကြတော့ဆိုပြီး အပေါ်စီးကနေပြောတာ ဖြစ်သည်။
တော်လှန်အဆိုးရကြီးကတော့ အမေရိကားမှာ နိုင်ငံတစ်နိုင်ငံတည်း အစိုးရနှစ်ရပ်ရှိနေတာကြောင့် ထရမ့်ကိုမချစ်သော်လည်း အောင့်ကာနမ်းနေရပုံရသည်။ ဒီတော့ တော်လှန်အဆိုးရအဖွဲ့က ပုဂ္ဂိုလ်တွေကိုယ်စား ထရမ့်ကို တရားစွဲဖို့ မြန်မာစင်တာဟူသော အဖွဲ့ကြီး ဘွားခနဲပေါ်လာသည်။ ထူးမြတ်ကတော့ ထိုအဖွဲ့၏ ထရမ့် တရားစွဲဆိုရေး ဆောင်ရွက်မှုကို သဘောကျမိသည်။ မြန်မာတွေကို ခိုလှုံခွင့် မပေးတော့သောကြောင့်၊ ခိုလှုံနေသူတွေလည်း ခိုးလိုးခုလုဖြစ်အောင် မောက်မာနေသူ မောင်ထရမ့်ကို မှတ်လောက်သားလောက်အောင် တရားစွဲပေးရမည်။ လိုအပ်ရင် နိုင်ငံတကာတရားရုံးအထိ တရားစွဲပေးရမည်။ တရားစွဲ ခံရပြီဆိုရင် မြောက်ကြွ မြောက်ကြွ လုပ်နေသော ထရမ့်တစ်ယောက် မြန်မာ ဆိုတာကို အနည်းငယ်တော့ ဖြုံသွားနိုင်သည်။ မြန်မာဆိုတာ သူတို့နိုင်ငံက အစိုးရကိုတော်လှန်ရုံနဲ့ အားမရဘဲ အမေရိကန်အစိုးရကိုပါ တော်လှန်ရဲတဲ့ သတ္တိကိုလည်း ကမ္ဘာကို ချပြရာ ရောက်ပေမည်။ တရားတွေစွဲ၊ ထရမ့် တစ်ယောက်ရုံးချိန်းတွေတက် နောက်ဆုံး ပြစ်မှုထင်ရှား ရင် ထရမ့်အစိုးရကြီးတောင် ပြုတ်ကျသွားနိုင်သည်။ ဒီလိုဆိုရင် အိမ်ရှင်အစိုးရကို ဧည့်နိုင်ငံသားတွေက တရားစွဲလို့ အစိုးရတစ်ရပ် ပြုတ်ကျသွားခြင်းက သမိုင်း တွင်ကျန်ရစ်မည့် ကိစ္စရပ်ပင် ဖြစ်သည်။
အမေရိကားရောက် မြန်မာတွေလည်း သွေးအေးလို့ မနေသင့်တော့ပေ။ အမေရိကား လမ်းမပေါ်တွေမှာ တရုတ်အသုဘချသလို စာရွက်တွေဖြန့်ကြဲပြီး ထရမ့်အစိုးရကို မလိုလားကြောင်း ဆန္ဒတွေ ထွက်ပြသင့်သည်။ အမေရိကန်နိုင်ငံက အတိုက်အခံ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး ထရမ့်အစိုးရ ပြုတ်ကျရေး အင်တိုက်အားတိုက် ဆောင်ရွက်သင့်သည်။ ဒီလိုမှ မလုပ်ရင် အမေရိကားက ကိုရွှေမြန်မာတို့ အထုပ်ပိုက်ပြီး ပြန် လာရတော့မှာ ဖြစ်သည်။
အမေရိကားရောက် တော်လှန်အဆိုးရကြီးနဲ့ ထရမ့်အစိုးရ အားပြိုင်မှာကတော့ ကြည့်ကောင်းတော့မည်ဖြစ်သည်။ ထူးမြတ်တို့ကတော့ တော်လှန်အဆိုးရ ကြီးဘက်က ရပ်တည်ထားသည်။ ထရမ့်နေ ထိုင်ရာ အိမ်ဖြူတော်ရှေ့မှာ 'တရားတဲ့သူ နိုင်ကြေး'ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲပြီး ဆန္ဒပြရမည်။ လိုအပ်ရင် အမေရိကားမှလည်း အသံတိတ်သပိတ်တွေ၊ သနပ်ခါးသပိတ်တွေ၊ ပန်းသပိတ်တွေ လုပ်သင့်ရင် လုပ်ရမည်။ အမေရိကန်က ဝန်ထမ်းတွေကိုလည်း 'ရုံးမတက်နဲ့ ရုန်းထွက်'ဆိုပြီး မြှောက်ပေးရမည်။ ဒီလိုဆိုရင် ထရမ့်အစိုးရ တစ်လလောက်အတွင်း ပြုတ်ကျမည် ဖြစ် သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )